အပိုင်း ၃
Viewers 15k

သွေးကြွေးဆပ်ခြင်းစတင်ပြီ
လင်းရှောင် လမ်းတစ်လျှောက်
တိတ်တဆိတ်တွေးတောလာခဲ့သည်။
ပြန်လည်မွေးဖွားလာခဲ့သော်လည်း သူ ကိစ္စတချို့ကိုလွတ်နေသေးသည်။
ကောင်းပြီလေ ကိစ္စတချို့ဆိုပေမယ့် ခံပြင်းစရာနဲ့ ၀မ်းနည်းစရာတွေလို့ပဲဆိုရမှာပေါ့။
သူဆယ်နှစ်တောင်ချစ်ခဲ့ရပြီး
သူအသည်းအသန်ကာကွယ်ပေးခဲ့ရတဲ့ တစ်စုံတစ်ယောက်ဆီကနေ သစ္စာဖောက်ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးဆိုတာ အလွယ်တကူပြောပြလို့တောင်မရဘူး။
တကယ်ကိုအသည်းနာလွန်းလို့။
ဒီတစ်ခါတော့ အတိတ်ကိုပြန်ရောက်လာခဲ့ပြီ မိုရွှီ့ အသုံးချခံပစ္စည်းထပ်လုပ်ဖြစ်ပေးဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး။
သူကပြန်မွေးဖွားလာခဲ့ပြီ။ ဒါပေမယ်အခုသူပြန်ရောက်လာတဲ့အချိန်ကလည်း သိပ်အကောင်းကြီးတော့မဟုတ်ပြန်။
ဘာလို့ဆိုတော့ သူ့မှာရွေးချယ်စရာမရှိပြန်ဘူး...
'ကောင်းပြီ။ ရွေးချယ်စရာရှိလို့ နန်းတွင်းကနေ လွတ်လွတ်ကျွတ်ကျွတ်ထွက်သွားလို့ရရင်တောင် မသွားနိုင်ပါဘူး။
သူ့အရင်တုန်းကခံစားခဲ့ရတဲ့အကြွေးတွေတောင် ပြန်မယူရသေးပဲ ဒီတိုင်းထွက်သွားလို့ရမတဲ့လား...
ခက်သည်မှာ မိုရွီက နန်းတွင်းမှာနေရာတစ်ခုရှိနှင့်နေပြီဖြစ်သည်။
ထို့ပြင် လန်ဝေ့က မိုရွီအတွက် အဆက်အသွယ်အများကြီးလည်း ဖန်တီးပေးထားသေးသည်။
လတ်တလောတွင် သူကိုယ်တိုင်ကလည်း အနောက်ဆောင်က
နေရာအတည်တကျမရှိသေးတဲ့ ကုန်းကုန်းလေးတစ်ယောက် ဖြစ်နေသည်မို့ ဘယ်အချိန်သေလို့သေမှန်းမသိ သေသွားနိုင်တဲ့သာမာန်ဇာတ်ကောင်လေး သာသာပင်။
သူလက်စားချေချင်လျင်ပင် ယခုကအချိန်ကောင်းမဟုတ်သေးပေ။
သူ့ဘ၀ကိုယ်သူ အခြေခိုင်အောင်လုပ်ရဦးမည်။ ထို့နောက်မှ တခြားအရာများစဉ်းစားရပေမည်။
သူ(လင်းရှောင်)က တခါတလေတွင် ကြောက်ဖို့ကောင်းလောက်ကတည်ငြိမ်သူဖြစ်သည်။
သူက မိုရွီရဲ့လည်ပင်းကိုညှစ်ပစ်ချင်လွန်း၍ လက်ယားနေသော်လည်း သည်းခံနိုင်သေးသည်။ သူ့အတွက် အကျိုးမရှိမယ့်လှုပ်ရှားမှုတွေ လုပ်ဖို့အလျင်လိုမနေပေ။
တကယ်တမ်းတွင် သူကဉာဏ်လည်းအလွန်ကောင်းပြီးကြံရည်ဖန်ရည်ရှိသောလူချောတစ်ဦးပင်မဟုတ်ပါလား။
ထိုမိန်းမဆီတွင်အရူးလုပ်ခံရသည်ဆိုသည်မှာလည်း အသိစိတ်ခဏလွတ်သွားရုံပင်။
အကြီးအကဲ လင်းက အနောက်ဆောင်မှာ သူ့အတွက်စီစဉ်ပေးထားသော နေရာသည် အရင်ဘ၀ကနဲ့အတူတူပင်ဖြစ်သည်။
မိုရွီနားအချိန်တိုင်းကပ်နေလို့ရတဲ့ ရာထူးမျိုး။မည်သူမှမလိုချင်တဲ့ ကုန်းကုန်းကိုမှအဆင့်အနိမ့်ဆုံးရာထူးလေးဖြစ်ချေ၏
ရှင်းရှင်းပြောရလျှင် လက်ယားနေသောမည်သူမဆို စိတ်ပါလျှင် တစ်ချက်စီ၀င်ဆော်သွားလို့ရတဲ့ရာထူးလေးပင်ဖြစ်သည်။
ထိုစဉ်က သူ့ရဲ့ရည်ရွယ်ချက်မှာ မိုရွီနားမှာနေပြီး
မိုရွီကိုကာကွယ်ပေးဖို့သာဖြစ်တာကြောင့် ဤရာထူးကို အလွန်သဘောကျခဲ့သည်။
အခုရော....
သူက မိုရွီကို မုန်းလွန်း၍ မျက်နှာကိုမြင်လျှင် ရွံရှာစိတ်ဖြစ်လာသည်မို့ ဤရာထူးကိုကြိုက်သေးလားဟုမေးစရာမလိုတော့ပြီ။
သို့သော် သူဒါကြီးကိုမကျေနပ်လျင်ပင် လတ်တလောတွင် ဘာမှ လုပ်လို့မရပေ။
အမွှေးတိုင်တစ်ထွန်းစာလောက်ကြာပြီးနောက် နန်းတွင်းကျယ်၍ မပြန်တတ်ဘူးဆိုသည့် မိုရွီက အဆောင်ကို ချောချောမောမောပြန်ရောက်လာခဲ့သည်။
သူမကိုထားခဲ့သော လင်းရှောင်အား မျက်နှာလေးညှိုးပြီး ၀မ်းနည်းနေသော
အကြည့်တွေနှင့်ကြည့်နေလေသည်။
လင်းရှောင်ကမူ လှောင်ပြုံးသာပြုံးနေလိုက်သည်။
အရင်ကလိုသာဆို ချက်ချင်းကိုအပြေးသွားပြီး
မိုရွီကျေနပ်အောင်ဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်ခဲ့လိမ့်မည်။
အခုတော့ထိုမျက်နှာကိုမြင်ရသည်မှာ ရွံစရာကောင်းတာအပြင်တခြားဘာကိုမှ မခံစားမိတော့ပေ။
မိုရွီအပေါ်မှာထားသော သူ့အချစ်များက သေဆုံးသွားခဲ့လေပြီ။
အဲဒီမျက်နှာမျိုးလုပ်လည်း အသုံး၀င်ဦးမယ်လို့ သူမထင်နေတာလား...လာနောက်နေသလိုပဲ။
လင်းရှောင် သူမကိုကျောသာခိုင်းထားလိုက်သည်။
သူ ယခုမှ အရေးကြီးတဲ့ကိစ္စကိုသတိရသည်။
လန်ဝေ့က မိုရွီကိုကာကွယ်ဖို့ အနောက်ဆောင်ထဲမှာ လူတွေအများကြီးစီစဉ်ပေးထားသည်။ အဓိကမှာ ထိုလူများအားလုံးကို သူမှတ်မိနေခြင်းပင်။
ယခု မိုရွီက နန်းတွင်းကို ပထမဆုံးရောက်သောအချိန်လည်း ဖြစ်ပြီး လန်ဝေ့ကလည်းနန်းတွင်းတွင် နောက်ခံအနည်းငယ်သာစုမိသေးသောကြောင့် သူစီစဉ်ပေးနိုင်သောလူမှာလည်း များများစားစားမရှိပေ။
အတိတ်ဘ၀တွင် သူကိုယ်တိုင်ကမိုရွီကိုအများကြီး ကူညီပေးခဲ့ရသည်။ လန်ဝေ့နှင့်အပြန်အလှန်ဆက်သွယ်နိုင်ဖို့လည်းပါသည်။
ထို့အပြင် သူနဲ့အတူပါ၀င်လာသော တခြားကုန်းကုန်းလေးတစ်ယောက်လည်းရှိသေးသည်။
သူကထိုကုန်းကုန်းလေး၏ မျက်နှာ နာမည် နှင့်ရာထူးကအစ အကုန်မှတ်မိနေသေးသည်။
သူသာမိုရွီကိုတစ်ခုခုလုပ်လိုလျှင် လန်ဝေ့တစ်ဦးသာ သူမကိုကာကွယ်နိုင်သည့်အခြေအနေမျိုးမှာ မလုပ်သင့်ဘူးလား...
တခြားလူတွေ မသိလောက်ပေမယ့်
မိုရွီက နန်းတွင်းကိုရောက်လာကတည်းက မှော်အစွမ်းတွေရသွားသလိုမျိုး လူတိုင်းကသူမကို စိတ်၀င်စားကြသည်။ လူတိုင်းကသူမကို ကာကွယ်ချင်ကြသည်။ လူတိုင်းက သူမကိုအမြင့်ကိုတက်ဖို့ ကူညီကြသည်။
ဟုတ်တာပေါ့။ အဲဒီလူတစ်အုပ်ထဲ သူကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့သေးတာပင်။
ကြည့်ရသည်မှာ ထိုအရာက မိုရွီ ခန္ဓာကိုယ်ပိုင်ရှင်မှာရှိနေသော ရွှေလက်ချောင်းအစွမ်းပင် ဖြစ်ပေလိမ့်မည်။
ချူရှိုးနန်းဆောင်သည် တခြားနန်းဆောင်များလောက် မကျော်ကြားသလို သိပ်လည်းမတင်းကြပ်ပေ။ ထို့ကြောင့်သာ
အဆောင်ထဲ လူခိုးသွင်း၍ လွယ်ကူခြင်းဖြစ်သည်။
လင်းရှောင်က လမ်းလျှောက်လာရင်းနှင့် သူသိသော ထိုကုန်းကုန်းလေးကို လန်ဝေ့ဘယ်နေရာတွင်နေရာချထားကြောင်း ပြန်လည်စဉ်းစားလာခဲ့သည်။သူ
ချူရှိုးနန်းဆောင်၏ စားဖိုဆောင်နေရာသို့အရောက်တွင် သတိရသွားလေသည်။
ချူရှိုးအဆောင်တွင် သီးသန့်စားဖိုခန်းလေးရှိသည်။
ပြောရမယ်ဆိုလျှင် အမတ်ကြီးရဲ့သားဖြစ်သူပီပီ လန်ဝေ့က ၀မ်းတွင်းမည်းပါရမီ ပါလာခဲ့သည်။
သူကမိုရွီနှင့်မတွေ့ခင်ကပင် နန်းတွင်းတွင် ကိုယ်ပိုင် သူလျှိုတစ်ဦးရှိလေသည်။ သို့သော် မိုရွီနန်းတွင်းသို့ ၀င်လာပြီးနောက်မှာမူ ထိုသူလျှိုမှာ မိုရွီကိုဂရုစိုက်ပေးရသည့် အထိန်းတော်လုံးလုံးဖြစ်သွားရရှာသည်။
မိုရွီကိုဂရုစိုက်ပေးရသည်ဆိုသည်မှာ အစားကောင်းကောင်းစားရဲ့လား, ကောင်းကောင်းမွန်မွန်နေရရဲ့လား, ပျင်းနေလား, အစရှိသဖြင့် ကိုဆိုလိုသည်။
မိုရွီက အစားအသောက်ကိုခုံမင်သည်။ ထို့ကြောင့် လန်ဝေ့က
စားဖိုဆောင်ကိုအရင်ဆုံးတွေးမိမှာ သံသယ၀င်စရာတောင် မလိုပေ။ လင်းရှောင် အတွေးကမှန်ခဲ့သည်။
တကယ်ပဲ ထိုကုန်းကုန်းလေးရှိလေသည်။
ထိုကုန်းကုန်းလေးနာမည်က လီယွမ်ဖြစ်ပြီး အလွန်လောဘကြီးကာ အလိုရမ္မက်များသူဖြစ်သည်။ သူ့ကိုစည်းရုံးသိမ်းသွင်းဖို့ ရွှေတွေ လက်၀တ်ရတနာတွေအများကြီးပေးခဲ့ရပြီး ထိုကုန်းကုန်းက
သူ့(လင်းရှောင်)အပေါ်လည်း အထင်သေးစွာကြည့်တတ်သေးသည်။
လန်ဝေ့ကထိုကုန်းကုန်းလေးကို သူ့လူဖြစ်ဖို့ အတော်လုပ်ယူလိုက်ရသည်။
မိန်းမစိုး လင်းကမူ အမတ်ကြီး၏လူဖြစ်ပြီး, လန်ဝေ့ထက် အမတ်ကြီး၏ အမိန့်ကိုသာနာခံလိမ့်မည်။
လင်းရှောင်သည် စားဖိုဆောင်အနီးသို့ရောက်သည်နှင့်
လီယွမ်မှာ သူ့ရှေ့ကနေ့လည်စာထမင်းဘူးကိုသယ်၍ ထွက်သွားသည်ကိုတွေ့လိုက်ရလေသည်။
သူလည်း အလျင်အမြန်ပင် ခိုးကြောင်ခိုးဝှတ်လိုက်ဖို့ပြင်ဆင်လိုက်သည်။
ကုန်းကုန်းငယ်လေး(လီယွမ်)က လူများ သူ့ကိုသတိမထားမိစေဖို့ လမ်းကြိုလမ်းကြားလေးများမှ ကွေ့ပတ်ကာသွားလေသည်။
လင်းရှောင်ကလည်း ထိုကုန်းကုန်းလေးအား မျက်ချေမပြတ်စေရပဲ နောက်ကလိုက်သည်။
နောက်ဆုံးတွင် ကုန်းကုန်းလေးက ကျောက်တုံးဥယျာဉ်တစ်ခုသို့ အရောက်တွင် ရပ်တန့်သွားခဲ့ပြီး
ဘေးဘီဝဲယာသို့တစ်ချက်ကြည့်လိုက်သေးသည်။
လင်းရှောင်သည်လည်း အကွယ်တစ်ခုတွင် လျှင်မြန်စွာပုန်းလိုက်သည်။
မည်သူမှမရှိတာ သေချာမှ ကုန်းကုန်းငယ်လေးက နေ့လည်စာထမင်းဘူးကိုဖွင့်လိုက်ရာတွင်
ခိုတစ်ကောင်ထွက်လာသဖြင့် လင်းရှောင်ကမျက်လုံးပြူးသွားလေသည်။
ကံကောင်းချက်ကတော့!
ကုန်းကုန်းငယ်က လန်ဝေ့ထံသို့ ပထမဆုံးစာပို့ဆက်သွယ်ရန် ကြိုးစားနေချိန်နှင့် ကွက်တိလာမိနေသည်။
သူချက်ချင်းထပြီး ထိုကုန်းကုန်းကို ရာဇ၀တ်မှုကျူးလွန်နေကြောင်း ရိုးစွပ်လိုက်လို့ မရေပေဘူးလား...
လင်းရှောင်က ၀မ်းသာအားရနှင့် ထိုကုန်းကုန်းဆီသွားရန်ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကိုတွေးမိပြီး ပြန်ထိုင်ချလိုက်ပြန်သည်
အာ.. ဒီလိုလည်းမဖြစ်သေးဘူး။
အခုချိန်မှာထသွားလိုက်ရင် ခိုဖြူတစ်ကောင်အပြင် ဘာသက်သေမှရမှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ စားဖိုဆောင်မှာနေ့လည်စာချက်ဖို့ ခိုလာဖမ်းတာလို့လည်း ပြန်ငြင်းလို့ရနေတာပဲ မဖြစ်သေးဘူး။
သူက သက်သက်ကြီးစွပ်စွဲပြီးပြဿနာရှာနေသလိုပဲ ဖြစ်သွားလိမ့်မယ်။
လင်းရှောင်ကနှုတ်ခမ်းကိုကိုက်ကာ ဆက်၍ ပုန်းနေလိုက်ပြီး
ခြေသံမထွက်အောင်တဖြည်းဖြည်းလှမ်းကာ
ကျောက်တုံးအကွယ်များမှ တဆင့် ကုန်းကုန်းငယ်လေးအနီးသို့တိုးသွားလိုက်သည်။
ကုန်းကုန်းငယ်လေးက ခိုဖြူကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး
အခြားတစ်ဖက်တော့ ၀တ်ရုံလက်ကြားတွင်ဝှတ်ထားသော စာကိုဆွဲထုတ်ကာ ခိုဖြူ၏ခြေထောက်တွင် ထည့်ရန်ကြိုးစားလိုက်သည်။
လင်းရှောင်က ထိုအချိန်ကိုစောင့်နေခြင်းဖြစ်သည်။
သူကချက်ချင်းကိုပုန်းကွယ်နေရာမှခုန်ထွက်လိုက်ပြီး ကုန်းကုန်းလက်မှ စာကိုဆွဲလုကာ လှောင်ပြုံးဖြင့် ကြည့်လိုက်လေသည်။
ကုန်းကုန်းငယ်က ထိတ်လန့်သွားပြီးအကျယ်ကြီးအော်လိုက်မိလေသည်။
ရုတ်တရက်မို့ခိုဖြူကလည်း လက်မှလွတ်သွားကာ အလျင်စလို ပြန်ပြေးသွားခဲ့သည်။
" မင်း.. မင်း.. ဘာလုပ်တာလဲ!"
လင်းရှောင်က နတ်ဆိုးဆန်စွာပြုံးလိုက်ပြီး
"ဒါက ကုန်းကုန်းလေးကိုမေးသင့်တာမဟုတ်ဘူးလား..."
သူက စာကိုဖွင့်လိုက်ကာ အော်ဖတ်လိုက်ပြီး မျက်ခုံးပင့်၍ ကုန်းကုန်းငယ်လေးကိုကြည့်လိုက်သည်။
"ဟား.. ကုန်းကုန်းလေး မဟုတ်မှလွဲရော အနောက်ဆောင်က အပျိူတော်တစ်ယောက်ကို အပြင်ကတစုံတစ်ယောက်နဲ့ ဆက်သွယ်ပေးနေတာလား..."
"မင်း..မင်း.. မင်းဘာမဟုတ်တာတွေပြောနေတာလဲ..."
ကုန်းကုန်းငယ်က အထိတ်တလန့်ဖြင့်ပင် သူ့လက်ထဲမှစာကို ပြန်ယူဖို့ကြိုးစားလေသည်။
လင်းရှောင်က ရှောင်လိုက်ပြီး အေးစက်စွာရယ်လိုက်သည်။
"သခင်လေးလန်ဝေ့ ဟုတ်စ...
အဲဒါအတိုင်ပင်ခံအမတ်ကြီးရဲ့သားမဟုတ်ဘူးလား...အမတ်ကြီးရဲ့သားတစ်ယောက်က အနောက်ဆောင်ကအရွေးချယ်ခံ အပျိုတော်တစ်ယောက်နဲ့ ဆက်သွယ်နေတယ်
ဒါကပြစ်မှုမြောက်တယ်ဆိုတာမသိဘူးလား... ကျွတ်..ကျွတ်"
"မင်း စိတ်ထင်တိုင်းလျှောက်မပြောနဲ့!"
"ငါကလျှောက်ပြောနေတာလား...သက်သေကဒီမှာရှိတယ်!
ငါဒီစာကို အရှင်မင်ကြီးကို တင်ပြလိုက်ရင် ဘာဖြစ်သွားမလဲသိချင်လား..."
ဒါက သေချာပေါက် သူခြောက်ပြောလိုက်တာပေါ့။
အကယ်၍ ဒီစာကိုဘုရင်ကြီးပို့ပေးလိုက်လို့ ဘုရင်ကြီးကသာ သူ့ကိုကူညီပြီးတကယ်အရေးယူပေးမယ်ဆိုရင် သူကဒီနေရာမှာ ဒီကုန်းကုန်းလေးနဲ့ အခုလို အပြန်အလှန်စကားများနေစရာတောင်မလိုဘူး။
ခက်သည်က သူ့စကားတွေကအရေးမပါတာပင်။ သူကမင်းကြီးကိုတောင်တွေ့ခွင့်မရှိပေ။
လင်းရှောင်က သူ့ဆီကို အခုလိုကံကောင်းခြင်းမျိုး နောက်တစ်ကြိမ်ရောက်လာမည်ဟု မထင်ပေ။
ထို့အပြင့် ဤကိစ္စကို ဘုရင်ကြီးထံတင်ပြခြင်းကလည်း အန္တရာယ်များလှသည်။ပထမအချက်က မင်းကြီးသည် သူ့ကိုယုံကြည်မည်မဟုတ်။ ဒုတိယအချက် အကယ်၍ မင်းကြီးသာ မိုရွီကိုတွေ့ပြီးဖြစ်ပြီး မိုရွီကို သဘောကျသွားပြီးပြီဆိုရင်ရော...
ဒီလိုသာဆို သူလုပ်ခဲ့သမျှအကုန် ကောင်းကျိုးထက် ဆိုးကျိုးပဲဖြစ်ဖို့များလိမ့်မယ်။
မိုရွီရဲ့ ရွှေလက်ချောင်း ဇာတ်လိုက်မရောင်ဝါကြီးကို သူကိုယ်တိုင်ကြုံခဲ့ရပြီးပြီ။အရင်ဘ၀တုန်းကသူမှတ်မိသလောက်ဆိုရလျှင် ဘုရင်ကြီးကတောင် မိုရွီကို မိဖုရားခေါင်ကြီးအဖြစ်တင်မြောက်ချင်ခဲ့တာဖြစ်သည်။
ဘာပဲဖြစ်ဖြစ်လေ အခုလောလောဆည်မှာတော့ သူ့အနောက်ဆောင်က ကိုယ်လုပ်တော်ဖြစ်လာမယ့် မိန်းမတစ်ယောက်ဖြစ်တဲ့မိုရွီက တခြားယောက်ျားတစ်ယောက်နဲ့ တိတ်တခိုးပါတ်သတ်မှုတွေရှိနေတယ်ဆိုပေမယ့်လည်းပေါ့...
ထို အကြောင်းအရာနဲ့ မင်းကြီးရဲ့စိတ်ကိုပြောင်းနိုင်ပါ့မလားမသေချာပေ။
သူကအန္တရာယ်များတာတွေကိုမစွန့်စားလိုပေ။
ထို့အပြင် မိုရွီ၏ ထိုဇာတ်လိုက်မရောင်ဝါကြီးက ေ-ာက်ကျိုးနဲအစွမ်းထက်လွန်းသည်။ အကယ်၍ မိုရွီသာ မင်းကြီးရဲ့နှစ်သက်ခြင်းကိုခံရပြီး မင်းကြီးအရိပ်တွင်သာ ခိုလှုံနိုင်သွားလျှင် သူ့အနေနှင့် လက်စားချေဖို့မပြောနဲ့ အသက်ရှင်ဖို့တောင်ခက်လိမ့်မည်။
ထို့အပြင် မင်းကြီးကလည်း သူလက်စားချေချင်နေတဲ့ လူထဲအပါအ၀င်ပင်။
"မင်း..မင်း ဘာလိုချင်လို့လဲ..."
စာကိုပြန်လုသော်လည်း မအောင်မြင်သောအခါ ကုန်းကုန်းငယ် ဒေါသတကြီးအံကြိတ်ကာမေးလာခဲ့သည်။
"ငါဘာလိုချင်လဲ" လင်းရှောင်က နတ်ဆိုးကဲ့သို့ရယ်မောလိုက်ပြန်သည်။
"မင်း ဘာလိုချင်တာလဲ"
လင်းရှောင်မည်သည့်အရာမှ ဆက်မပြောရသေးခင်
သူ၏နောက်မှ နက်ရှိုင်းကာ ဩဇာအပြည့်ပါသည့် ယောက်ျားတစ်ဦး၏အသံက အရင်ဆုံးထွက်လာခဲ့သည်။
လင်းရှောင် သူ၏ရှေ့မှ တုန်တုန်ရင်ရင်ဖြင့် မြေကြီးပေါ်ဒူးထောက်ကာမှောက်၍အရိုအသေပြုလိုက်သောကုန်းကုန်းငယ်ကို ကြောင်တောင်တောင်ဖြင့်ကြည့်နေမိလေသည်။
"အရှင် မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!"
ဘာ....
အရှင်မင်းကြီး....