(အရံဇာတ်ကောင်လေးဖြစ်ဖို့ငြင်းပယ်တယ်)
လင်းရှောင်မျက်လုံးတို့ ပြူးကျယ်သွားသည်။
ဒါကေရာ ကံကောင်းတာလား ကံဆိုးတာလားပဲ
'ကောင်းရော သူအခုဘာလုပ်ရမလဲ
စာကိုဒီအတိုင်းဝှတ်ထားလိုက်ရမလား
ဒါမှမဟုတ် ဒီအတိုင်း ထုတ်ပေးလိုက်ရမှာလား...
သူကံကြမ္မာကိုကျိန်ဆဲလိုက်မိသည်။
လင်းရှောင် သုံးစက္ကန့်ကြာ အူတူတူဖြစ်နေခဲ့ပြီးနောက်
အံ့ကိုကြိတ်ကာ ဘ၀အတွက်အရေးကြီးသော ဆုံးဖြတ်ချက်ကိုချလိုက်ရလေသည်။
သူကရှေ့သို့လှည့်ကာ ဒူးထောက်ချလိုက်ပြီး
လက်နှစ်ဘက်ဖြင့် စာကိုကမ်းပေးကာ ခေါင်းကို ငုံ့ထားလိုက်မိသည်။
"အရှင်မင်းကြီးကို ဒီနိမ့်ကျတဲ့ငယ်သားက တင်ပြစရာရှိပါတယ်"
တုံ့ပြန်မှုမရှိပဲပါတ်၀န်းကျင်မှာအလွန်တိတ်ဆိတ်နေသည်။
သို့သော်လင်းရှောင်မှာ ခေါင်းကိုမော့၍ မင်းကြီး၏မျက်နှာကို အကဲမခတ်ဝံ့ပေ။သူ၏အမြင်အာရုံတွင် ရွှေရောင်အနားကွပ်ထားသော ၀တ်ရုံအဖျားနှင့်
အလွန်ချောမွေ့ကာ အထက်တန်းကျလှသော အနက်ရောင် ဘွတ်ဖိနပ်တစ်စုံကိုသာရှိနေသည်။
ရုတ်တရက်သူ၏လက်မှစာကို တစ်စုံတစ်ဦးက ဆွဲယူလိုက်သည်။ သူကဗလာဖြစ်သွားသော လက်ကိုပြန်ချလိုက်ရင်း အပေါ်သို့ တစ်ချက်လေး ခိုးမကြည့်ပဲမနေနိုင်ပေ။သူ၏လက်ထဲမှစာကိုယူသွားသူမှာ
အနီရောင်တိမ်ပုံများပါသော ၀တ်ရုံကို၀တ်ဆင်ထားသည့် ကုန်းကုန်းတစ်ဦးဖြစ်ပြီး သူမှတ်မိသလောက်တော့ ထိုကုန်းကုန်းမှာ မင်းကြီး၏ယုံကြည်ရသော အထိန်းတော်တစ်ဦးဖြစ်လေသည်။
ထိုကုန်းကုန်းလက်ထဲတွင် ခိုဖြူကိုတွေ့လိုက်ရ၍ လင်းရှောင်သည်ဇောချွေးများပျံသွားမိသည်။
အစောနားလေးတင် သူနဲ့ လီယွမ်အချေအတင်ဖြစ်နေစဉ် လွတ်သွားသောခိုက အရှင်မင်းကြီးဆီကိုမှတည့်တည့်ပျံသွား လိမ့်မည်ဟု မည်သူထင်မည်နည်း။
မင်းကြီးသည် အထိန်းတော်ရှု မှတဆင့်ကမ်းပေးသော စာကိုယူလိုက်ပြီး လင်းရှောင်ထံသို့ တချက်မျှကြည့်လိုက်သေးသည်။
ဤတွင်လင်းရှောင်၏ထိုးထိုးထောင်ထောင်ခေါင်းက တခါတည်းပြန်ငုံ့သွားပြီး ပြန်ထောင်မလာတော့ပေ။
မင်းကြီးကစာကိုဖွင့်ကာဖတ်လိုက်သည်။ ထို့နောက်တွင် ပါတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လင်းရှောင်သည်မိမိနောက်ကျောတွင် ချွေးအေးများ စိုရွှဲလာသလိုခံစားလိုက်ရသည်။ သူ၏အတိတ်ဘ၀မှတ်ဉာဏ်များအရ မင်းကြီးမှာ ခက်ထန်ပြီး အလွန်တင်းကြပ်သူတစ်ဦးဖြစ်သည်။ ဤကဲ့သို့ကိစ္စများကို
သည်အတိုင်းလွှတ်ပေးလိမ့်မည်မဟုတ်။
ဒါပေမယ့် ဘာလို့အရမ်းတိတ်ဆိတ်နေတာလဲ!
သို့နှင့် လင်းရှောင်အတွက် ရာစုနှစ်တစ်ခုစာ ကြာသော တိတ်ဆိတ်မှုအပြီးတွင် အဆိုပါ နက်ရှိုင်းပြီး ဩဇာရှိသော အသံကိုနောက်တစ်ကြိမ်ပြန်ကြားရရှာလေသည်။
"အသုံးမ၀င်တဲ့ ကုန်းကုန်းကိုရှင်းပစ်လိုက်"
ထိုရိုးရှင်း၍တိုတောင်းသောစကားလေးတစ်ခွန်းက လင်းရှောင်ကိုပို၍ဖြူဖျော့သွားစေလေသည်။
ဆိုတော့ကာ လီယွမ်ကသေတော့မယ်ဆိုရင် သူကရော...
လင်းရှောင်သည် အထိန်းတော်ရှုက မင်းကြီးကို အရိုအသေပေးလိုက်သည်နှင့် သူ့ထံသို့ မျက်လုံးထောင့်လေးမှတဆင့် တချက်ကြည့်လာသည်ကိုလည်း တွေ့ဖြစ်အောင်တွေ့လိုက်ရသေးသည်။
ထို့နောက်တွင် လီယွမ်၏ ညှာတာပေးရန်တောင်းဆိုသံနှင့်
အော်ဟစ်သံတစ်ခုကိုသာကြားလိုက်ရလေသည်။
ပြီးတော့ရော...
ပြီးတော့ နောက်ထပ်ဘာအသံမှထွက်မလာတော့ချေ...
လင်းရှောင်ကား မြေပြင်နှင့်နဖူးတိုက်သည်အထိ ခေါင်းကို အသေငုံ့ထားပြီး နည်းနည်းလေးမှမလှုပ်ဝံ့ချေ။
သူကမင်းကြီး၏၀တ်ရုံအနားစကိုပင် ခိုးကြည့်ဖို့ သတ္တိမရှိတော့ပေ။ ရိုကျိုးစွာဖြင့်မလှုပ်မယှက်ငုံ့နေပြီး အလွန်နာခံသည့်ပုံပေါ်လေသည်။
သို့သော်.
အကြာကြီးနေတဲ့အထိ နောက်ထပ်ဘာသံမှ ထပ်ထွက်မလာတော့ပေ
လင်းရှောင်ကတစ်စုံတစ်ခုထူးဆန်းနေသည်ဟု ခံစားလိုက်မိပြီး ခေါင်းကိုမော့ရန်ပြင်လိုက်စဉ်တွင်
အရေးကြောင်းများပြည့်နေသည့် ဇောက်ထိုးမျက်နှာကြီးတစ်ခုကို မြင်လိုက်ရပြီး အာခေါင်ခြစ်အော်ကာ နောက်သို့လန်ကျသွားရှာလေသည်။
အထိန်းတော်ရှုကရယ်မောလိုက်ပြီး
"ဘာလဲ အရမ်းကြောက်သွားတာလား? "
လင်းရှောင်ကား သူ့ရင်ဘတ်ကိုသူဖိကာ ကုန်းပေါ်ကငါးသဖွယ် အသက်ကို သနားစဖွယ်အမောတကောရှူလိုက်ရသည်။
သူကဘေးဘီဝဲယာကို ပြူးတူးပြဲတဲကြည့်လိုက်လျှင် သူနဲ့ အထိန်းတော်ရှုနှစ်ဦးတည်းသာ ကျန်ခဲ့ကြောင်း သိလိုက်ရလေသည်။ အရှင်မင်းကြီးမှာ ထွက်သွားနှင့်ပြီဖြစ်သည်။
"ရှာမနေနဲ့တော့ အရှင်မင်းကြီးကထွက်သွားပြီ"
အထိန်းတော်ကသူ့ကိုကြည့်ရင်းပြောလိုက်သည်။
"သွားပြီ..." လင်းရှောင်က ကြောင်တောင်တောင်ဖြစ်နေဆဲ။
အထိန်းတော်ရှုက ခေါင်းငြိမ့်လိုက်ပြီး သူ့၏သနားစဖွယ်မျက်နှာကိုကြည့်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"ဘာလို့လဲ မင်းကြီးကိုမသွားစေချင်ဘူးလား..."
လင်းရှောင်သည်ကား ခေါင်းကိုအသည်းအသန်ခါယမ်းလိုက်ပြီး အထိန်းတော်ရှုကသူ့ကိုကြည့်ပြီးရယ်မောလိုက်သည်။
"ကြည့်ရတာ မင်းကဉာဏ်ကောင်းပုံပဲ။ မင်းကအသစ်လေးနော်... ဟုတ်တယ်ဟုတ်...
အခုမှရောက်တဲ့အသစ်လေးကတောင် ငါနဲ့ အရှင်မင်းကြီးကို သိနေတာပဲ တကယ့်ကို ထက်မြက်တဲ့လူငယ်လေးပဲ
ငါပြောမယ် ဘာမှစိတ်ပူမနေနဲ့ ဒီတစ်ခေါက်ကိစ္စမှာ မင်းရဲ့ကောင်းမွန်တဲ့ဦးနှောက်ကိုပဲကျေးဇူးတင်လိုက်"
"အရှင်မင်းကြီးက သူ့ဆီကနေ တစ်ခုခုကိုလျှို့ဝှတ်ထားတဲ့ လူတွေကိုအမုန်းဆုံးပဲ။ မင်းအဲဒီစာကို အရှင်မင်းကြီးကိုပေးလိုက်တာ ကောင်းတယ်။ သိပ်ကောင်းတဲ့ ရွေးချယ်မှုပဲ"
ထို့နောက်တွင် အထိန်းတော်ရှုက လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။
"ငါပြောရဲတယ်။ အကယ်၍မင်းသာစာကို ဖွက်ထားဖို့ ရွေးချယ်ခဲ့ရင် အခုနားကသေသွားတဲ့လူက
လီယွမ်တစ်ယောက်တည်းဖြစ်မှာမဟုတ်ဘူး"
"........" လင်းရှောင် အထိန်းတော်ကြီးအားကြည့်ပြီး
ချွေးအေးများထပ်စိုလာသလိုခံစားလိုက်ရသည်။
အရင်ဘ၀ကိုပဲကျေးဇူးတင်ရမှာပေါ့
အရင်ဘ၀တုန်းက သူကမင်းကြီးအကြောင်းကိုကောင်းကောင်းသိခဲ့ရတာမို့
မင်းကြီးက သူ့ကိုလိမ်တာအမုန်းဆုံးဆိုတာကို နားလည်သည်။ ထို့ကြောင့် စာကိုထုတ်ပေးဖို့ရွေးချယ်လိုက်မိခြင်းဖြစ်သည်။
အထိန်းတော်ကြီးက လင်းရှောင်၏ပုခုံးကို ပုတ်လိုက်သည်။
"အဲကောင်လေး (လီယွမ်) က နန်းတွင်းမှာ နေလာတာ ဒီလောက်တောင်ကြာပြီကို မင်းလောက်တောင် မပါးနပ်ဘူး။ အဲဒါကြောင့်သေသွားတာမဆန်းပါဘူး"
ပြောရင်းဆိုရင်းနဲ့ အထိန်းတော်ရှုက ထရပ်လိုက်သည်။
"အရှင်မင်းကြီးက မင်းကို ငဲ့ညှာပေးလိုက်တယ် ဆိုပေမယ့် မင်းဂရုစိုက်ရမယ် နားလည်တယ်မလား...
မင်းကြီးက မင်းကိုဘာမှမပြောခဲ့ဘူးဆိုတာ ဘာကိုဆိုလိုတယ် ဆိုတာလေ"
လင်းရှောင်ကမျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
အရှင်မင်းကြီးကဘာမှမပြောဘူးဆိုတာက သူဒီကိစ္စကိုမပေါက်ကြားရဘူးလို့ပြောချင်တာလား...
ဒါပေမယ့် ဘာလို့လဲ...
မင်းကြီးက ဒီကိစ္စကိုဒီတိုင်းထားလိုက်တယ်ပေါ့...
ဘာလို့ အတိတ်ကအရှင်မင်းကြီးလုပ်ပုံနဲ့ ကွဲပြားနေရတာလဲ...
သူ့စိတ်ထဲမှာသံသယတွေရှိနေဆဲပေမယ့်
သူကကောင်းမွန်စွာပြန်ဖြေလိုက်သည်။
"ဒီနိမ့်ကျတဲ့ငယ်သား နားလည်ပါပြီ"
အထိန်းတော်ကြီးက ကျေနပ်မှုဖြင့် ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်သည်။
"တကယ့်ကို ပါးနပ်တဲ့လူငယ်လေးပဲ"
ထို့နောက်တွင် လင်းရှောင်ကိုတစ်ချက်ကြည့်ကာ လက်ဖဝါးရှိဖုန်များကိုခါထုတ်လိုက်ပြီးထွက်သွားလေတော့သည်။
လင်းရှောင်သည်ကား မြေပြင်ပေါ် ဒုတိယံမိပြန်ထိုင်ကျသွားပြီး သူ၏မမြင်ရသော ချွေးတွေကိုပွတ်သုတ်လိုက်ရသည်။
ခဏမျှ ဘေးပတ်လည်ကို သေချာရှိုးလိုက်မိအပြီးတွင် နားလည်သွားရသည်က ယခုမိမိရောက်ရှိနေသောနေရာသည်
တော်၀င်ဥယျာဉ်ပင်ဖြစ်လေသည်။ ဥယျာဉ်နှင့်အနီးဆုံးနန်းဆောင်မှာလည်း ဧကရာဇ်နန်းဆောင်ဖြစ်သည်။အရှင်မင်းကြီးနှင့်တည့်တည့်တိုးမိသည်မှာ အံ့ဩစရာမရှိပေ။
လင်းရှောင်ကား ကျောက်တုံးကိုထောက်ကာ အားယူ၍ထရပ်လိုက်သည်။ သူ၏ခြေထောက်များမှာ အလွန်အမင်းပျော့ခွေနေရသည်။ အရှင်မင်းကြီးမှာ သူ၏မှတ်ဉာဏ်များနှင့်အတော်လေးကွာခြားနေလေသည်။
အရှိန်အဝါနှင့် ကြိုက်နှစ်သက်သည့်အရာများမှာ အတူတူသာဖြစ်သော်ငြား ဆုံးဖြတ်ချက်ချပုံက အတော်လေးကွဲပြားနေသည်။
လင်းရှောင်သည် အတွေးစကိုရပ်လိုက်ပြီး သူ၏ယိုင်နဲ့နဲ့ခြေလှမ်းများနှင့် ချူရှိုးနန်းဆောင်သို့ ပြန်သွားရန်ကြိုးစားလိုက်သည်။
သို့သော် ချူရှိုးနန်းဆောင်သို့အ၀င်တွင် စူးရှပြီး ရန်လိုသောအသံတစ်ခုကိုကြားလိုက်ရပြန်၏။
"နင့်မှာဒီလိုမျက်နှာလေးရှိတာနဲ့ပဲ, အကုန်လုံးက နင့်ကိုမျက်နှာသာပေးလိမ့်မယ်လို့ထင်နေတာလား..."
"နင့်ကိုယ်နင်ဘာအဆင့်ရှိလဲ သိရဲ့လား
နောက်ခံမရှိပဲ ရောက်လာတဲ့ တောသူမကများ
နင်ရှိနေတာ ချူရှိုးဆောင်ကို ညစ်ပါတ်စေတယ်ဟဲ့!"
လင်းရှောင်သည် ကြားဖူးနေသော အသံကြောင့် ခဏကြောင်သွားရပြန်သည်။
"နင်..နင်..နင့်မိသားစုက ချမ်းသာပြီး အာဏာရှိတာနဲ့ပဲ လူတွေကိုအနိုင်ကျင့်လို့ရတယ်ထင်နေတာလား..."
လင်းရှောင်မျက်မှောင်ကျုံ့သွားမိသည်။
တစ်ကိုယ်လုံးပန်းရောင်၀တ်ထားသည့်မိုရွီနှင့်
အတော်အသင့်လှပပြီး ရွှေဝါရောင်၀တ်ထားသောမိန်းမပျိုတစ်ဦးက အပြန်အလှန်ရန်ဖြစ်နေကြသည်။
ရွှေဝါရောင်၀တ်မိန်းကလေး၏မျက်နှာတွင် ရွံရှာမှု အထင်သေးမှုတွေရှိနေပြီး မိုရွီမှာမူ ထုံးစံအတိုင်း သနားစဖွယ် မျက်ရည်လေးတစမ်းစမ်းနှင့်ဖြစ်၏။
ဤအခြေအနေကိုမြင်လိုက်ရသောမည်သူမဆို ထိုရွှေဝါရောင်အမျိုးသမီးက မိုရွီကို အနိုင်ကျင့်နေသည်ဟု
သာထင်ကြလိမ့်မည်။
လင်းရှောင်သာလျှင်နားလည်သည်။ အမှန်တကယ်တမ်း ပြဿနာစရှာသူမှာ မိုရွီဖြစ်တာကိုပေါ့။
မိုရွီကအရင်လမ်းကိုမြောက်ကြွမြောက်ကြွနဲ့
ကောင်းကောင်းမသွားပဲ
ထိုမိန်းကလေးကို၀င်တိုက်ခြင်းဖြစ်ပြီး
သူကမတောင်းပန်လိုပေ။
ထို့ကြောင့်ဤရန်ပွဲ ဖြစ်ပေါ်လာရခြင်းဖြစ်၏။
ပြီးလျှင် မိုရွီ၏မိမိရုပ်ရည်အပေါ် အလွန်ယုံကြည်မှုရှိသော အမူအယာက တဖက်မိန်းကလေးကို လွန်စွာဒေါသထွက်စေသည်။
အတိတ်ဘ၀၌လည်း အလားတူကိစ္စက ဖြစ်ပျက်ခဲ့သည်။
ထိုရွှေဝါရောင်၀တ်အမျိုးသမီး၏ မိသားစု အမည်မှာ 'ဟယ်'ဖြစ်သည်။သူမ၏မိသားစုမှာ ချမ်းသာလှပြီး ၄င်းတို့၏ဆွေမျိုးအချို့မှာလည်း အရာရှိငယ်များအဖြစ် နန်းတွင်းတွင် အမှုထမ်းလျက်ရှိသည်။
မိန်းကလေး၏အမူအကျင့်ကမညင်သာသော်လည်း အရမ်းလည်းမဆိုးလှပါ။ သူက မိုရွီ၏မျက်နှာကိုတော့ မနာလိုဖြစ်လေသည်။သို့သော် ထိုမျက်နှာတစ်ခုသာရှိသော မိုရွီထက် မိသားစုနောက်ခံရှိသောသူမက ပိုသာသည်ဟု မှတ်ယူထားသည်။
အတိတ်ဘ၀၌လည်း မိုရွီက ဤကဲ့သို့ချူရှိုးနန်းဆောင်မှအရွေးချယ်ခံမိန်းကလေးတိုင်းနှင့် ပြဿနာဖြစ်လေ့ရှိသည်။
ထိုသို့ပြဿနာရှာလာပြီးတိုင်း လင်းရှောင်ထံ မျက်ရည်လည်ရွှဲနှင့်ပြေးလာပြီး လင်းရှောင်ကလည်း သူပြောသမျှယုံကာ ထိုမိန်းကလေးများကို လက်တုံ့ပြန်ဖို့ အမြဲကူညီပေးခဲ့သည်။
အတိတ်ဘ၀မှမှတ်ဉာဏ်များပြန်ပေါ်လာပြီးနောက်
လင်းရှောင်က ဤကိစ္စတွင်မပါတ်သတ်ချင်ပေ။
ထို့အပြင်ကို သူကလောလောလတ်လတ် မင်းကြီးနဲ့တိုးလာခြင်းဖြစ်ပြီး ခြေထောက်တွေတောင် ကောင်းကောင်းမရပ်နိုင်သေး
သို့်နှင့်လင်းရှောင်မှာ ဤပြဇာတ်ကိုကြည့်ဖို့ပင်အားမရှိပေ။
သို့သော် မိုရွီကမူ လင်းရှောင်ကို မြင်ဖြစ်အောင်မြင်သွားလေသည်။ မိုရွီက သူ့ရှေ့မှ မိန်းကလေးကို မုန်းတီးစွာစိုက်ကြည့်လိုက်ပြီး လင်းရှောင်ထံသို့ ပြေးလာလေသည်။
လင်းရှောင်လည်း ထိုသည်ကိုမြင်သော် မျက်မှောင်ကျုံ့ကာ
ခြေလှမ်းကိုအရှိန်တင်လိုက်သည်။
မိုရွီက အမောတကောပြေးလိုက်လာတာမို့ လင်းရှောင်ကရုတ်တရက်ရပ်လိုက်သည်။ မိုရွီမှာ ဒေါသထွက်နေသော်လည်း သူမ၏မျက်နှာကို မျက်ရည်အရွှဲသားနှင့် သနားစဖွယ်ပုံ ပြောင်းလိုက်ပြန်သည်။
"လင်းရှောင်..ငါအနိုင်ကျင့်ခံနေရတယ် ဟင့်."