(မိုရွှီရဲ့မျက်နှာကိုရိုက်နှက်ခြင်း-၁)
"လင်းရှောင် ငါအနိုင်ကျင့်ခံနေရတယ်..."
လင်းရှောင် မိုရွီ၏မျက်နှာကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။
မိုရွီ၏မျက်နှာလှလှလေးက မျက်ရည်ဥလေးတို့ တွဲခိုနေသည်မှာ သနားစဖွယ်။ သို့သော် လင်းရှောင်၏မျက်နှာသေကြီးမှာမူထူးခြားမလာခဲ့ပေ။
"အဲဒီ ဟယ့်မိသားစုက တစ်ယောက်က သူ့မိသားစုနောက်ခံကြီးမားတာနဲ့ပဲ ငါ့..ငါ့ကိုသက်သက်အထင်သေးနေတာ ဟင့်...လင်းရှောင် တကယ်ကငါတို့ကမှ
သူ့ထက်ပိုအသာကြီးလေနော်... ငါတို့က21ရာစုကနေလာတာ
သူ့လိုရှေးခေတ်ကမိန်းမက ငါတို့ကိုအထင်သေးစရာ အကြောင်းမရှိဘူးနော်..."
လင်းရှောင်က ခေါင်းငုံ့ကာ မျက်ရည်များဖြင့် စိုရွှဲနေသည့် ရွံစရာမျက်နှာကိုကြည့်လိုက်သည်။
"လင်းရှောင် တစ်ခုခုပြောဦးလေ
သူကငါ့ကိုအနိုင်ကျင့်နေတယ်လို့ "
လင်းရှောင်ကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ
"အဲဒါငါနဲ့ဘာဆိုင်လဲ..."
"လင်းရှောင် နင်ဘာလို့ဒီလိုပြောရတာလဲ..."
မိုရွီရဲ့မျက်နှာက ညှိုးငယ်သွားသည်။
"နင်အခုထိစိတ်ဆိုးနေတုန်းလား...
ဒါပေမယ့် ဘယ်လောက်ကြာကြာစိတ်ဆိုးနေဦးမှာလဲ..."
ပြီးနောက် မိုရွီက အသံလေးကိုနှိမ့်လိုက်ကာ..
"အခု အကြီးအကဲလင်းကလည်း နင့်အတွက် နေရာတစ်ခုစီစဉ်ပေးပြီးပြီ...အခုနင်ငါ့အနားမှာနေလို့ရပြီလေ မကောင်းဘူးလား..."
"ငါတို့ကတူညီတဲ့နေရာကနေ လာခဲ့တာ။
အဲဒါကြောင့် ငါတို့အတူရှိနေသင့်တယ်..."
မိုရွီက ဒါကိုလုံးဝြဖစ်သင့်တဲ့အရာတစ်ခုလို့ အခိုင်အမာပြောလိုက်သည်။ ဒါကိုမြင်တော့ လင်းရှောင်၏အမူအယာကပို၍မဲမှောင်လာခဲ့သည်။
အတိတ်ကသူဒီလို မြွေဟောက်မကို ကြိုက်ခဲ့တာ ယုံတောင်မယုံနိုင်ပေ။ ဒီမိန်းမကစကားလှလှလေးတွေသုံးပြီး သူတို့က အတူရှိနေသင့်တဲ့သူတွေလိုအမြဲပြောသည်။
အဲလောက်အတူရှိချင်နေရင် သူ(မိုရွီ)ကရောဘာလို့ သူ့နောက်လိုက်မနေပဲ သူကပဲဘာလို့ ဒီမိန်းမနား ခွေးတစ်ကောင်လိုတစ်ကောက်ကောက် လိုက်နေရမှာလဲ။
လင်းရှောင်ရဲ့ရင်တွင်းမှာ ဒီမိန်းမကိုအရှင်လတ်လတ်မီးကင်ပစ်နေပေမယ့် သူရဲ့မျက်နှာကတော့ဘာအမူအယာမှမဖော်ပြပေ။
အခု လီယွမ်(ကုန်းကုန်းလေး) ကလည်းသေသွားပြီ။
အကြီးအကဲလင်းကလည်း အမတ်ကြီးရဲ့လူဆိုတော့ ဘာမှသိပ်၀င်စွတ်ဖက်မှာမဟုတ်ပေ။ ဒီတော့ကြည့်ရရင်
မိုရွီကို အမှုန့်ခြေပစ်ဖို့ဆိုတာ အခုလွယ်လွယ်လေးပဲ။
သူအခွင့်ကောင်းတစ်ခုကိုပဲစောင့်ဖို့လိုတယ်...
ဒီမိန်းမကြောင့် သူ့ကိုသူပြဿနာထဲတော့ အကျမခံနိုင်ဘူး။
ထိုသို့ စဉ်းစားမိပြီး လင်းရှောင်က သူ့မျက်လုံးထဲကလျှံထွက်နေတဲ့ အမုန်းတွေကို တိတ်တဆိတ်ပြန်ဖုံးထားလိုက်သည်။
မိုရွီကအလိုလိုက်ခံထားရတဲ့ ကလေးလိုမျိုး လင်းရှောင်ရဲ့လက်ကောက်၀တ်က၀တ်ရုံစကို ဆွဲခါယမ်းနေသည်။
လင်းရှောင်က နောက်ကိုတစ်လှမ်းဆုတ်ကာမိုရွီအား ဖုန်မှုန့်ကဲ့သို့ခါထုတ်လိုက်သည်။
မိုရွီကစိတ်တိုလွန်း၍ အံကိုတင်းတင်းကြိတ်လိုက်သည်။ သို့သော်အမူအယာမပျက်စေပဲ...
"လင်းရှောင်.. စိတ်မဆိုးပါနဲ့တော့နော်..
နော်လို့.."
ထို့နောက်တွင် ဆွဲဆောင်လိုသော ချိုအီအီအသံဖြင့်
"နင်ကငါ့ကို အရမ်းချစ်တယ်မဟုတ်ဘူးလား..
ပြီးတော့ ငါနင့်ကို အညစ်အကြေးသန့်စင်တဲ့အခန်း(ဝှေးသင်းတဲ့အခန်း) ထဲကနေလွတ်အောင်ကယ်ပေးခဲ့တာပဲလေ..
ငါအဲတုန်းက အရမ်းစိတ်ပူခဲ့ရတာ"
လင်းရှောင်ကတောင့်တောင့်ကြီးရပ်နေဆဲဖြစ်ပြီး...
မိုရွီကသူ့မျက်လုံးလေးတွေမှေးစင်းကာ လင်းရှောင်ကိုကြည့်လိုက်သည်။
"ငါနင့်ကိုဘယ်လိုလုပ် ကုန်းကုန်းဖြစ်စေချင်မှာလဲ
ငါ..ငါနင့်ကိုတကယ်အသင်းမခံရစေချင်ပါဘူး..
နင်ငါ့ကိုနားမလည်ဘူးလား.. ဟင်"
သူမအသံက ညှို့ငင်မှုတွေပြည့်နှက်နေသည်။
ဒါကြီးက မြူဆွယ်နေတာအသိသာကြီးကို
လင်းရှောင်ကတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ ထသည်အထိ အော်ဂလီဆန်သွားရသည်။
မိုရွီကလက်မလျှော့ပဲဆက်၍ပြောသည်။
"ငါကဒီနန်းတွင်းမှာ နင့်ကိုငါ့အနားမှာရှိနေစေချင်လို့ပါ
ငါ့မှာတခြားယုံကြည်ရမယ့်သူမရှိဘူးလေ။
ပြီးတော့ငါအထီးကျန်နေမှာ
၀မ်းနည်းနေမှာ နင်မဖြစ်စေချင်ဘူးမဟုတ်ဘူးလား..."
မိုရွီက မျက်ရည်များကိုထပ်၍ညှစ်ထုတ်လိုက်ကာ
နှုတ်ခမ်းကိုအားမလိုအားမလိုကိုက်လိုက်ပြီး
"နင်ကြည့်ငါအခုတောင် အဲဒီ ဟယ့်မျိုးနွယ်ဆီက အနိုင်ကျင့်ခံနေရပြီ။ငါ့မှာနင်သာမရှိရင်ငါဘယ်သူ့ကိုမှီခိုရမှာလဲ ဟင့်..."
မိုရွီကမျက်ရည်များကိုသုတ်ဟန်ဖြင့် လင်းရှောင်ကိုတစ်ချက်ခိုးကြည့်လိုက်သည်။
လင်းရှောင်က အခုထိဘာမှမပြောသောကြောင့် သူမ မျက်မှောင်ကြုတ်ကာအံကိုလည်းကြိတ်လိုက်မိသည်။
"ဒါပေမယ့် ငါမကြောက်ဘူး။ ငါ့မှာနင်ရှိတာပဲလေ လင်းရှောင်..ဟုတ်တယ်မလားဟင် ငါအနိုင်ကျင့်ခံရရင်
နင်ငါ့ကိုအမြဲကူညီပေးမှာပဲ နင်ငါ့အတွက်လက်စားချေပေးမှာပဲ.. "
ဒီလိုစကားတွေပြောဖို့ အဲဒီအရည်ထူတဲ့မျက်နှာက ဘယ်ကရလာတာလဲ... လင်းရှောင်ကစိတ်မရှည်စွာ တွေးလိုက်သည်။
အတိတ်မှာတုန်းက သူသည် မိုရွီ ထိုမိန်းကလေးကိုလက်စားချေဖို့ကူညီပေးမှာဖြစ်သည်။
ထိုအချိန်တုန်းက ဟယ့်မိသားစုမှ ထိုအပျိုတော်မိန်းကလေးကို အကြီးအကဲလင်းထံမှ အသိအမှတ်ပြုမခံရအောင် လုပ်ပြီး
ဧကရာဇ်ထံမှအရွေးချယ်မခံရအောင်လုပ်ပေးခဲ့သည်။
သို့ဖြင့်ထို ဟယ့်အမျိုးသမီးကို ချူရှိုးနန်းဆောင်မှ ထွက်ခွာရအောင်လုပ်ပြီး မိုရွီအားစိတ်ကျေနပ်စေခဲ့သည်။
သို့သော်ထိုသည်ကား အတိတ်မျှသာ။
သူကအတိတ်မှာလို့ ဤမိန်းမကို လိုလိုလားလားကူညီပေးဦးမည်ထင်ပါသလား။
အတိတ်တုန်းကဆိုလျှင် မိုရွီကသူ့ဆီကို မျက်ရည်လည်ရွှဲနှင့် ရောက်လာလျှင် လာသမျှဘေးပြေးတွေ့ဖို့ အဆင်သင့်ဖြစ်နေခဲ့လိမ့်မည်။ သို့သော်ထိုစဉ်ကမိုရွီမှာ သူ့ထံဤကဲ့သို့ပွင့်ပွင့်လင်းလင်း တိုက်ရိုက် အကူအညီမတောင်းဖူးပေ။
ယခုမှာမူ လင်းရှောင်မှ သူမအပေါ်မကြည်ဖြစ်နေမှန်းသိ၍
တမင်လှည့်ကွက်သုံးခြင်းဖြစ်လိမ့်မည်။
သို့သော် လင်းရှောင်ကမူ ထိုမိန်းမကိုပို၍သာ ရွံရှာသွားရသည်။
သူကသူ့အကြိုက်အပေါ်တွင်တောင် သံသယဖြစ်မိသည်။
ဒီလိုမိန်းမမျိုးကိုသူကြိုက်ခဲ့တာလား...
တွေးလေတွေးလေ မိုရွီအပေါ်မနှစ်မြို့ဖြစ်လာလေဖြစ်ပြီး
သူ၏အမုန်းများမှာ ဖုန်းကွယ်မထားနိုင်တော့ပေ။
မိုရွီက လင်းရှောင်၏မျက်လုံးအကြည့်များမှတဆင့်
ထိုမနှစ်မြို့မှုများကို ခံစားမိလိုက်သော် မျက်မှောင်ကျုံ့သွားလေသည်။ သူမကလည်း သူမစိတ်ထဲမှ မကျေမနပ်ဖြစ်မှုများကို ချုပ်တည်းထားလျက်
"လင်းရှောင်. နင်ပြောင်းလဲသွားပြီ၊ နင်သိပ်ကို တကိုယ်ကောင်းဆန်တယ်"
သူမကစိတ်မကောင်းဟန် အသံကိုနှိမ့်လိုက်ကာ
"အဲဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ နင်ဘယ်လောက်တောင် အငြိုးထားနေဦးမှာလဲ၊
နင်က ကုန်းကုန်း တကယ်ဖြစ်သွားတာလည်းမဟုတ်ဘူး!"
ယောက်ျားတစ်ယောက်ရဲ့ အသက်သွေးကြော ပစ္စည်းကိုဖြတ်ထုတ်ပစ်မတက်ဖြစ်သွားတာက ကိစ္စသေးသေးလေး...
လူတစ်ယောက်ကို စိတ်ကြိုက်အသုံးချပြီး နောက်ဆုံးကျ အဆိပ်ခတ်သတ်ပြီးပစ်ထုတ်လိုက်တာ ကိစ္စသေးသေးလေး...
လင်းရှောင် က အေးစက်စွာ နှစ်ကြိမ်ရယ်လိုက်သည်။
မိုရွီ အံကိုတင်းတင်းကြိတ်လိုက်ပြီး
လင်းရှောင်မှ သူမကိုအမှန်တကယ်ကူညီလိုစိတ်မရှိသည်ကို မြင်လျှင် ခြေကိုဆောင့်လိုက်မိလေသည်။
သူမစိတ်ထဲတွင်မူ လင်းရှောင်အား အလွန်ခါးခါးသီးသီးဖြစ်လျက် ပြေးထွက်သွားခဲ့သည်။
ဒီလူကို သူမနဲ့အတူ နန်းတွင်းကိုခေါ်လာခဲ့တာ အခုဘာအသုံးကျလဲ... ဒီလူကဉာဏ်မဆိုစလောက်လေး ကောင်းလို့နန်းတွင်းမှာအကူအညီရမလားလို့ ခေါ်ခဲ့တာကို...
ရလဒ်ကတော့ ဒီလူကသူမကို မကူညီချင်ဘူးပဲ
သူမကူညီတော့ဘာဖြစ်လဲ ။ မကူညီတော့ ဘာဂရုစိုက်ရမလဲ။
သူမမှာ လန်ဝေ့ရှိသေးတာပဲ ။ လန်ဝေ့လွှတ်ထားတဲ့လူကိုရှာပြီး လန်ဝေ့ဆီစာပို့လိုက်ရုံပဲ။
လန်ဝေ့သာဆို သူမကိုကူညီပေးမှာ။
မိုရွီရဲ့အတွေးကိုဖောက်မြင်နေရတဲ့ လင်းရှောင်က လှောင်ပြုံးသာပြုံးနေလိုက်သည်။
လီယွမ်ကိုနေရာချထားတဲ့ စားဖိုဆောင်လေးကို သွားရှာပေမယ့် မိုရွှီကထိုလူကိုမတွေ့ရပေ။
သူမကစားဖိုဆောင်မှတခြားသူများကိုမေးချင်သော်လည်း
မာနကြီးစွာ မတူမတန်သလိုမေးမြန်းလေသည်။
ပထမဆုံးအကြိမ် မိုရွီက လန်ဝေ့လွှတ်ထားသော ထိုကုန်းကုန်းငယ်လေးမှာ အပြင်ထွက်သွားသည်ဟုသာ ထင်၍ စိတ်ထဲမထားခဲ့ပေ။ သို့သော် နောက်တစ်ကြိမ်သွားရှာသော်လည်းမတွေ့ရပေ။
မိုရွီ တစ်ခုခုမှားနေသည်ကို ရိပ်မိလိုက်သည်။
သူမကတခြားသူများကို မေးသော်လည်း မည်သူမှ စိတ်ပါလက်ပါမဖြေကြတော့ပေ။
ထို့အပြင် ထိုကုန်းကုန်းငယ်လေး ၏ရာထူးမှာ အခြားသူတစ်ယောက်အစားထိုးပြီးဖြစ်နေသည်။
မိုရွီက တစ်စုံတစ်ခုကိုခန့်မှန်းမိပြီး အလွန်အမင်းထိတ်လန့်သွားမိသည်။
ထိုအချိန်တွင် မိန်းမစိုးလင်းမှ အပြင်ထွက်လာသည်နှင့် ကြုံပြီးသူမကိုမြင်လျှင် လှောင်ပြုံးသာပြုံးလိုက်သည်။
သို့သော် အရူးလိုပြုမူနေသော မိုရွီအား သနားသောအားဖြင့် အခန်းသို့ခေါ်ကာ ထိုကုန်းကုန်းငယ်လေးလီယွမ် သေပြီဖြစ်ကြောင်းပြောလိုက်သည်။
မိုရွီက ပို၍ပင်ထိတ်လန့်သွားကာ
"အဲ..အဲဒါက ကျွန်မနဲ့ လန်ဝေ့ကို စာပို့ဖို့ကူညီပေးနေတာကြောင့်တော့မဟုတ်ဘူးမလား...ကျွန်မတို့အပြန်အလှန်စာပို့နေတာကို တစ်ယောက်ယောက်မိသွားတာလား..."
မိန်းမစိုးလင်းက မိုရွီကိုကြည့်လိုက်သည်။
"ဘယ်သူမှ လီယွမ်ဘယ်လိုသေသွားလဲဆိုတာကိုမသိဘူး...အထိန်းတော်ရှုပြောတာကတော့ လီယွမ်ကမင်းကြီးကို အပြစ်ပြုမိလို့ သေဒဏ်ပေးခံရတာပဲ...
ဒီကိစ္စကို လင်းရှောင်လည်းသိတယ်... ငါလည်းသိတယ်... သခင်လေးလန်ဝေ့နဲ့ အမတ်ကြီးလည်း သိတယ်...
ဒီပြဿနာကိုဖန်တီးတဲ့ နင်ကိုယ်တိုင်ပဲမသိတာ... ကိုယ်အမှားကိုကိုယ်ပြန်မဆင်ခြင်သေးဘူးလား...အမတ်ကြီးအိမ်တော်ကို ပြဿနာတွေသယ်မလာနဲ့..."
မိန်းမစိုးလင်းက တင်းမာစွာဆိုလိုက်သည်။
မိုရွီကစိတ်မကြည်မသာဖြစ်နေဟန်ဖြင့်
"ကျွန်မဘာမှမလုပ်မိသေးပါဘူး"
မိန်းမစိုးလင်းက အလွန်အမင်းစိတ်တိုနေသော်လည်း ပြုံးလျက်ပင်ထပ်ပြောလိုက်သည်
" နင်ဘာမှမလုပ်ရသေးတာကတောင်
အမတ်ကြီးအိမ်တော်တစ်ခုလုံးနီးပါး အပြတ်ရှင်းခံရဖို့လုံလောက်နေပြီ...အမတ်ကြီးအိမ်တော်နဲ့ ပါတ်သတ်နေတဲ့ ငါ ပြီးတော့လင်းရှောင် သေရဖို့လုံလောက်နေပြီလို့ နားလည်လား..."
မိန်းမစိုးလင်းမှာ ဒေါသဖြင့် လက်ညှိုးငေါက်ငေါက်ထိုးရင်း
"အမတ်ကြီးက နင့်လိုမဆီလျော်တဲ့မိန်းကလေးကို နန်းတွင်းဘာလို့ပို့လိုက်လဲဆိုတာ ငါလုံး၀နားမလည်ဘူး..."
မိုရွီကမျက်လုံးကိုလှန်လိုက်သည်။
ဘာကြောင့်ရမှာလဲ...အဲဒီအမတ်အိုကြီးက သူမကိုမှ သူ့သားနဲ့မပါတ်သတ်စေချင်တာ ကျိန်းသေပေါက် နန်းတွင်းကိုကြည်ကြည်ဖြူဖြူပို့တာပေါ့။
ပြီးတော့သူမမှာက လှပတဲ့ရုပ်ရည်လေးရှိတော့ မင်းကြီးသာသဘောကျပြီးရွေးချယ်ခံရရင် အမတ်ကြီးအိမ်တော်ကို မေ့မထားဖို့ကတိပေးခဲ့ရတာပေါ့ အဲဒီလောဘကြီးတဲ့အမတ်အိုကြီးက ဘာထပ်တွေးနိုင်မှာလဲ...
"အမတ်ကြီးက လီယွမ်သေသွားတဲ့ကိစ္စ မရိုးရှင်းဘူးလို့ခံစားနေရတယ်
အဲဒါကြောင့် လန်ဝေ့ကိုလည်း နောက်ထပ်နန်းတွင်းကို လူတွေလွှတ်ဖို့ခွင့်ပြုမှာမဟုတ်ဘူး... ဒီတော့ မင်းလည်း လန်ဝေ့ရဲ့အကာအကွယ် ထပ်ရမယ်မမျှော်လင့်နဲ့
ကိုယ့်ဘာကိုယ်ဆင်ခြင်ပြီးနေ..."
ပြောပြီးနောက်
မိန်းမစိုးလင်းက မိုရွီအားမကျေမနပ်ကြည့်ကာ အခန်းမှကန်ထုတ်လိုက်သည်။
မိုရွီ၏မျက်နှာကမဲမှောင်ကာ အလွန်မပျော်မရွှင်ဖြစ်နေဟန် အထင်းသားပော်လွင်နေသည်။
"သူကသာမာန်မိန်းမစိုးလေးတစ်ယောက်ပဲမဟုတ်ဘူးလား ကြီးကျယ်လိုက်တာ..."
သူမဘာသာမကျေမနပ် ရေရွတ်လိုက်သည်။
"အနာဂါတ်မှာ ငါမိဖုရားခေါင်ဖြစ်လာတာနဲ့ ငါ့ကိုအထင်သေးတဲ့သူတွေ အနိုင်ကျင့်တဲ့သူတွေကို ဘယ်လိုတုန့်ပြန်မလဲ စောင့်ကြည့်နေလိုက်..."
မိုရွီက အလွန်မုန်းတီးစွာဆိုလိုက်သည့်အချိန် ရယ်မောသံတစ်ခုကိုရုတ်ချည်းကြားလိုက်ရသည်။
မိုရွှီ ထိတ်လန့်သွားပြီး...
"အဲဒီမှာဘယ်သူလဲ...ထွက်လာခဲ့..."