အပိုင်း၁၄၂
Viewers 28k

Chapter 142



မုထျန်းဟန် ညနက်သည်အထိ နက်ရှိုင်းစွာလုပ်ဆောင်နေခဲ့သည်။

တတိယအချီပြီးချိန်တွင် မုထျန်းဟန်က သတိလစ်လုနီးပါးဖြစ်နေသည့် မော့တိကို ရေချိုးခန်းဆီသို့သယ်သွားကာ အလွန်သိမ်မွေ့ငြင်သာစွာဖြင့် ဆေးကြောပေးလိုက်ပြီးနောက် ညအိပ်ဝတ်စုံလဲလှယ်ပေးလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ ပြန်သယ်သွားကာ သူ၏လက်မောင်းတွင်း ထားလိုက်လေသည်။

ယခုအချိန်မှစ၍…

မော့တိမှာသူ၏အပိုင်သာဖြစ်သည်။

မော့တိ၏အရာရာတိုင်းမှာ သူ့အပိုင်ဖြစ်သည်။

သူ မော့တိ၏စိုထိုင်းနေသည့်ဆံနွယ်လေးများအား ငြင်သာစွာ နမ်းရှိုက်လိုက်သည်။ ထို့နောက် မော့တိ၏နီမြန်းနေသည့်ပါးပြင်၊နားရွက်နှင့်နှုတ်ခမ်းပါးတို့အပြင် သူတို့ရင်းနှီးဆက်ဆံခဲ့ကြစဉ်က ငိုကြွေးခဲ့ရသဖြင့် ပန်းရောင်သမ်းနေသော မျက်လုံးထောင့်လေးများကို စိုက်ကြည့်နေမိသည်။

မုထျန်းဟန် မော့တိ၏ပိတ်ထားသောမျက်ခွံပေါ်သို့ နမ်းလိုက်ပြန်သည်။

လိုင်သယ်စစ်၏စကားမှာ အမှန်ဖြစ်သည်။ သူဟာတကယ့်ကို သားရဲအိုကြီးပင်။

သို့သော်လည်း သာမာန်လူတစ်ယောက်ဖြစ်ရခြင်း၏ အဓိပ္ပါယ်မှာ မည်သို့ဖြစ်သည်နည်း။

မော့တိ၏ရှေ့တွင် သူသည်အမြဲလို နှစ်လိုဖွယ်ရှိကာ နူးညံ့ငြင်သာပြီး ထိန်းထိန်းသိမ်းသိမ်းဖြင့် စဉ်းစားဉာဏ်ရှိခဲ့သည်။ မော့တိမှာ မည်သည့်အချိန်ကမှ သံသယဝင်ခဲ့ခြင်းမရှိသော်လည်း မုထျန်းဟန်က သူ့ကိုယ့်သူ ပုံပန်းသွင်ပြင်ဖြင့် အကဲဖြတ်၍ရသူမဟုတ်ကြောင်း သိနေခဲ့သည်။

သူက ကြီးမားသောပိုင်ဆိုင်လိုမှုနှင့် စိတ်ဆန္ဒများကို ဖိနှိပ်ကာ ချုပ်ထိန်းထားရုံမျှသာဖြစ်သည်။

ထိုမှတ်စုတိုမှာ သူမြုပ်နှံသိမ်းဆည်းထား‌သည့် မှောင်မိုက်သောစိတ်ဆန္ဒများကို မောင်းခလုတ်ဖြုတ်လိုက်သကဲ့သို့ဖြစ်သွားခဲ့သည်။

လာမည့်မနက်ခင်းတွင် သူ၏ကောင်ငယ်လေးမှ ကြောက်လန့်သွားလျှင် မည်သို့လုပ်ရမည်နည်း။

သေချာပေါက်ကိုပင် မဖြစ်နိုင်ပေ။ သူ၏ကလေးလေးမှာ အိပ်ရာခင်းများအောက်မှ ရုန်းကန်နေရင်းကပင် သူ့ကိုသာ အကြိုက်ဆုံးဖြစ်သည်ကို ပြောကြားနေခဲ့သည်။

ထို့ကြောင့် သူမည်သည့်အမှားမှ မလုပ်ခဲ့ချေ။

ထိုမှတ်စုတိုအတွက်မှာမူ..


မော့တိ ထိုအရာကို အသိစိတ်မကပ်သေးမီက ရေးသားခဲ့သည်မှာ ဖြစ်နိုင်ပေမည်။ မည်သို့ပင်ဖြစ်စေ မုထျန်းဟန် ထိုအရာကို မရေးဖူး မမြင်တွေ့ဖူးသလိုသာနေသွားရန် ဆုံးဖြတ်လိုက်သည်။

မော့တိ သူ့ထံသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ချည်းကပ်လာသည် မလာသည်ကို ဂရုမစိုက်တော့ချေ။ ယခုအချိန်တွင် သူ့အပေါ်ရိုးသားနေသ၍ ဤသည်ကပင် လုံလောက်နေလေပြီ။

ထို့အပြင် ဤသို့မဟုတ်ခဲ့လျှင်ပင် သူမော့တိကို လွှတ်ပေးမည်မဟုတ်ချေ။

ထိုကလေးလေးမှာ သူ့ကိုအသုံးချရန်ဆုံးဖြတ်လိုက်စဉ်ကတည်းက သူ၏ဘဝတစ်သက်တာလုံးနှင့် ပြန်လည်ပေးဆပ်ရမည်ကို ပြင်ဆင်ထားသင့်သည်။

အချိန်တစ်ချို့ကြာသွားပြီးနောက် အဆုံးတွင် မော့တိနိုးလာခဲ့သည်။ သူနိုးလာသည်နှင့် ပြင်းထန်သောခေါင်းကိုက်ဝေဒနာနှင့်အတူ ခြောက်သွေ့နာကျင်နေသောလည်ချောင်းနာခြင်းကို ခံစားလိုက်ရသည်။

မော့တိ မျက်မှောင်ကြုတ်ကာ ထရန်ကြိုးပမ်းလိုက်သော်လည်း ခါးနောက်မှ ရုတ်တရက်နာကျင်မှုက သူ့ကိုလုံးလုံးပင် ငြိမ်သက်သွားစေသည်။

နေရောင်ကို ထူထဲသောလိုက်ကာဖြင့် ကာဆီးထားသော်လည်း ကြည့်လိုက်ရုံနှင့်ပင် ယခုအချိန်မှာ မနက်ခုနစ်နာရီ ရှစ်နာရီမဟုတ်သည်ကို သိနိုင်ပေသည်။

ယမန်နေ့ညမှ မှတ်ဉာဏ်များပြန်လည်ဝင်ရောက်လာသည့်အတွက် မော့တိ၏မျက်နှာမှာ ချက်ချင်းဆိုသလို နီမြန်းသွားခဲ့သည်။

သူ သူ သူနှင့်မုထျန်းဟန်တို့ မနေ့ညကအတူအိပ်ခဲ့ကြသည်လား…

ပြီးတော့….

သူတို့အကြိမ်ရေအများကြီးတောင်လုပ်ခဲ့ကြသေးတယ်…

အလယ်ပိုင်းလောက်တွင် သူထိုအရာမှာ သက်တောင့်သက်သာရှိသည်ဟုပြောခဲ့သော်လည်း ပြီးနောက်တွင် သူထပ်၍ပင်မငိုနိုင်တော့ချေ…

အားးးး သူမူးနေစဉ် လျို့ဝှက်ချက်များထွက်ကျလာနိုင်သည်ကို သိနေသော်လည်း ထိုမျှအထိ ထကြွလာမည်ကိုမူ မသိခဲ့မိပေ…

မော့တိ သူ၏စိတ်တွင်းမှ အော်ဟစ်နေစဉ်မှာပင် အိပ်ခန်းတံခါးပွင့်လာကာ အနက်ရောင်ညအိပ်ဝတ်စုံဖြင့် မုထျန်းဟန်ပေါ်လာသည်။

မော့တိ နိုးနေသည်ကို မြင်လိုက်ပြီးနောက် အလျင်အမြန်ပြေးလာကာ သူ၏လက်မောင်းများကြားထား၍ ပွေ့ဖက်လိုက်လေသည်။

" မင်းနိုးပြီလား…ဘယ်နားမှာ မသက်မသာဖြစ်နေသေးလဲ… ကိုယ်မင်းကို ပျားရည်တစ်ခွက်သွားယူပေးမယ်နော်…"

မော့တိ၏မျက်နှာတစ်ခု‌လုံးလောင်ကျွမ်းမတတ်ပူလောင်နေသော်လည်း သူအံ့ကြိတ်ကာ ခေါင်းငြိမ့်ပြလိုက်သည် ။

" ကောင်းပါပြီ…"

မုထျန်းဟန်သည် မော့တိ၏အသံမှာ အနည်းငယ်အက်ရှနေသည်ကို ကြားလိုက်ရချိန်တွင် အပြစ်ရှိသလိုခံစားလိုက်ရသဖြင့် မော့တိ၏ဆံပင်နှင့်နားရွက်များကို နမ်းရှုံ့လိုက်ကာ

" တောင်းပန်ပါတယ်.. ကိုယ်မနေ့ညက အတော်လေးကြမ်းမိသွားတာ… ဘယ်လိုလျော့ရမယ်ဆိုတာကိုလည်း မသိဘူးလေ…ကိုကို့အပြစ်တွေပါကွာ…"

မော့တိ၏မျက်နှာမှာ ပို၍ပင် နီရဲလာကာ သူ၏နှလုံးသားမှာလည်း ပေါက်ကွဲထွက်မတတ် ခုန်ပေါက်လာသည် ။

" အဲ.. အဲဒါက အဆင်ပြေပါတယ်…"

မော့တိ ငုံးပေါက်ကလေးကဲ့သို့ ရှက်နေသည်ကို မြင်လိုက်ရချိန်တွင် မုထျန်းဟန်မနေနိုင်ဘဲ တမင်တကာပင် စနောက်လိုက်လေသည် ။

" အိုး.. ဒါဆိုလည်း ကိုယ် ဒီလိုပဲဆက်သွားလိုက်မယ်လေ.. ရတယ်မလား..ကိုယ့်ကို မထိန်းထားလို့ဆိုပြီး အပြစ်မတင်ရဘူးနော်…"

မော့တိ၏ခေါင်းထဲတွင် အသံများမြည်ဟီးလာကာ မီးခိုးပင်ထွက်လာတော့မလို ဖြစ်သွားရလေသည်။ မုထျန်းဟန်၏ ယ‌မန်နေ့ညမှ ရင်းနှီးနေသည့်အမူအယာမှာ သူ၏ခေါင်းထဲတွင် ပြန်ပေါ်လာကာ မော့တိရှက်ရွံ့မှုကြောင့် စကားပင် မပြောနိုင်တော့ချေ။

သူ၏အသိစိတ်များအားလုံးမှာ မုထျန်းဟန် ထိခဲ့သောနေရာများတွင်သာ ရှိနေခဲ့သည်။

ထို့အတူ မုထျန်းဟန်သည်လည်း တမင်တကာပင် မသိချင်ယောင်ဆောင်ကာ ဆက်လက်စနောက်နေခဲ့သည်။

" မနေ့တုန်းက ကိုယ့်အတွက်လည်းပထမဆုံးအကြိမ်ပဲလေ..အဲ့ဒါကြောင့် အတွေ့အကြုံအများကြီးမရှိခဲ့တာ… နောက်အခေါက်တွေကြရင်တော့ ကိုကိုပိုပြီး ငြင်ငြင်သာသာနဲ့ကလေးကိုကျေနပ်စေဖို့ ကြိုးစားပါ့မယ်…"

" ကိုကို…"

မော့တိ အလွန်ရှက်နေမိသော်လည်း သူ၏သတ္တိကြောင့် ထုံကျဉ်သွားကာ မုထျန်းဟန်ကို မော့ကြည့်လိုက်ပြီး မကျေမချမ်းဆိုလိုသည်။

" ကိုကိုက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတာပဲ…"


သူ၏ငုံးပေါက်ကလေးမှ ရုတ်တရက်ရဲရင့်လာသဖြင့် မုထျန်းဟန် ရယ်ချလိုက်ကာ မော့တိ၏နဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်သည်။

" ကိုယ်လုပ်ခဲ့တယ်ဆိုတာက မင်းလေးကအရမ်းချစ်ဖို့ကောင်းပြီး နာခံနေလို့လေ… ကိုယ်လုပ်ချင်သမျှကို ပေးလုပ်နေတာကိုးး … မဟုတ်ရင် ကိုယ်ဘာလုပ်နိုင်မှာမို့လဲ…"

" ကျွန်.. ကျွန်တော် ဘယ်တုန်းကမှ ကိုကိုလုပ်ချင်တာလုပ်လို့ရတယ်လို့ မပြောဖူးပါဘူး…"

မော့တိ မဝံ့မရဲဖြင့် တုန်လှုပ်သွားခဲ့သည်။

" ဒါပေမယ့် ကလေးပဲပြောတာလေ ကိုကို့ကိုပဲ‌သဘောအကျဆုံးဆိုပြီးတော့… ပြီးတော့ မင်းလေးအတွက် ကိုကိုကအရေးအကြီးဆုံးလူဆို… ဒီတော့ ကိုယ်လုပ်ချင်တာလုပ်လို့ရသွားတာပေါ့…"

မော့တိ မုထျန်းဟန် အဘယ့်ကြောင့် ယခင်ပုံစံနှင့် မတူညီတော့သည်နည်းဟု သံသယမျက်လုံးဖြင့် ကြည့်လာသည်။ ထိုသူမှာ ယခင်အချိန်က ယခုကဲ့သို့ သားရဲတစ်ကောင်မဟုတ်ခဲ့ပေ။

" ကောင်းပြီ ကောင်းပြီ ကိုယ်မင်းကိုဆက်မစတော့ဘူး…"

မော့တိ သူ့ကိုကြည့်နေသည်ကို မြင်လိုက်သဖြင့် ပြုံးလျက်

" ကိုယ်မင်းအတွက် ပျားရည်ရောထားတဲ့ရေနဲ့ ဆေးဘဲဥဆန်ပြုတ်လုပ်ပေးထားတယ်…ကိုကိုသွားယူလိုက်ဦးမယ်နော်… လှဲပြီးစောင့်နေချည် ဟုတ်ပြီလား…"

" ကောင်းပါပြီ…"

မော့တိ နာရီကိုကြည့်လိုက်ပြီးနောက် နာနာခံခံဖြင့် သဘောတူလိုက်သည်။

အချိန်မှာ ညနေသုံးနာရီကျော်လွန်နေပြီဖြစ်ကာ မည်သို့ပင်ဖြစ်စေ ယနေ့အချိန်သည်လည်း အလကားဖြစ်မည် ဖြစ်သောကြောင့် သူအခြေစိုက်စခန်းသို့ မပြန်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး အိပ်ရာပေါ်တွင်သာ အချိန်အနည်းငယ်ကြာ ထပ်မံလှဲနေလိုက်သည်။

မုထျန်းဟန် မထွက်သွားမှီ မော့တိ၏နှုတ်ခမ်းပေါ်သို့ အသာအယာတို့ထိသွားလေသည်။

မော့တိ မုထျန်းဟန်၏နောက်ကျောကို ပျော်ရွှင်မှုနှင့် ရှက်ရွံ့နေမှုတို့ပါဝင်သော အကြည့်ဖြင့်ကြည့်နေခဲ့ပြီး သူ၏ရှက်သွေးဖြာနေသည့်မျက်နှာကို ပွတ်သပ်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ၏နှလုံးမှာ အသက်ပင်ကောင်းစွာ မရှုနိုင်သည်အထိ ခုန်ပေါက်နေခဲ့သည်။

မော့တိ သူ၏နောက်ကျောတွင် ခေါင်းအုံးကိုခုကာ မှီချလိုက်လေသည်။

သူယမန်နေ့ညတွင် အရာတိုင်းမှာ ထိုအခြေအနေထိတိုးတက်သွားမည်ဟု မထင်ထားမိခဲ့ပေ။ အမူးလွန်နေခြင်းကသာ အရာအားလုံးကို ဖြစ်ပျက်စေခဲ့လေသည်။

မော့တိ မုထျန်းဟန်၏ယမန်နေ့ညမှ အလွန်ငြင်သာသော်လည်း သည်းမခံနိုင်စေသည့်အပြုအမူကို ပြန်တွေးမိသွား‌သောအခါ ထပ်မံ၍ရှက်သွေးဖြာသွားလေသည်။ သူအလွန်ရှက်ရွံ့နေစေကာမူ ထိုအရာမှာ ကောင်းမွန်ခဲ့သည်ပင်။

သူ၏အတွေးများအား မယုံကြည်နိုင်ဖြစ်သွားရကာ မော့တိ ခေါင်းအုံးများအကြား မျက်နှာကိုသာ မြုပ်နှံထားမိလေသည်။

ပြန်တွေးကြည့်ရပါလျှင် မုထျန်းဟန်သူ့ကို မေးခွန်းများစွာ မေးခဲ့သည့်ပုံပင်။ အချို့မှာ အိပ်ရာပေါ်မှမေးခွန်းများသာဖြစ်ကြသော်လည်း သေသေချာချာတွေးကြည့်ပါက ၎င်းတို့မှာ အနည်းငယ်ထူးဆန်းနေခဲ့သည်။

မုထျန်းဟန် သူ့ကိုသူစိတ်မချဖြစ်နေကာ မော့တိအား သူ့ကိုစိတ်တိုင်းကျသည်လားဟု အကြိမ်ပေါင်းများစွာမေးခဲ့သည်ကို တွေးမိသွားလေသည်။

ဟားဟားဟား

မော့တိ တစ်ယောက်တည်းခိုးရယ်နေမိသည်

တင်... တင်... တင်...

ရုတ်တရက် မော့တိ၏ဖုန်းမြည်လာသဖြင့် လိုက်လံရှာဖွေလိုက်ရာ မုထျန်းဟန်ကုတင်ဘေးရှိခုံပေါ်တွင် သပ်ရပ်စွာတင်ထားသည်ကို မြင်လိုက်ရသည်။

သူ၏စိတ်ထဲတွင်ကြည်နူးမှုများပြည့်နှက်နေပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်နှင့် မော့တိ၏မျက်နှာတွင် ရူးမိုက်မိုက်ပုံစံတစ်ခုပေါ်ပေါက်လာခဲ့သည်။

" ဟယ်လို…"

" ရှောင်တိ အသံကြားရတာ ပျော်နေပုံပဲ… တစ်ခုခုကောင်းတာဖြစ်ခဲ့လို့လား…"

တစ်ဖက်မှ စုန့်ယွီ၏အသံထွက်ပေါ်လာသည်။

" ဦးလေးစုန့်…"

မော့တိ ကြို့ထိုးမိသွားခဲ့သည်။

" ဘာမှမဖြစ်ပါဘူး ဦးလေးစုန့် ကျွန်တော့်ဆီဘာလို့ခေါ်တာလဲ…အစ်ကိုလိုင်သယ်စစ်များ ထပ်ပြီးနှောင့်ယှက်နေလို့လား…"

စုန့်ယွီ ခေတ္တခဏမျှ ငုတ်တုတ်မေ့သွားခဲ့ရသည်။ သူထိုအရေးကြောင့် အနည်းငယ်ရှက်သွားကာ တမင်တကာပင် စကား‌လမ်းကြောင်းလွှဲလိုက်လေသည်။

" ငါမင်းဆီကိစ္စရှိမှဖုန်းဆက်ရမှာလား... ဒီတိုင်းအလာပသလာပ ပြောလို့မရဘူးလား…"

ထို့နောက် စုန့်ယွီမှ ဆက်ပြောလာသည်။

" ဘာလို့မင်းအသံကအဲ့လောက်အားနည်းနေရတာလဲ… အအေးများမိခဲ့လို့လား…."

" မဟုတ် မဟုတ်ပါဘူး…"

မော့တိ၏နားရွက်များနီမြန်းလာခဲ့သည် ။

" ကျွန်တော်မနေ့တုန်းကသီချင်းအများကြီးဆိုလိုက်မိလို့ပါ.. အဲ့ဒါကြောင့် လည်ချောင်းနည်းနည်းခြောက်နေတာ…"

" ဒါဆိုလည်း လည်ချောင်းအတွက် ပျားရည်သောက်ဖို့မမေ့နဲ့ဦးနော်…"

စုန့်ယွီ ပြုံးကာ မေးလာခဲ့သည် ။

" ရှောင်တိ မင်းဘယ်မှာလဲ ဒီနေ့အိမ်ပြန်တာလား…"

" ဟုတ်တယ်… ဦးလေးစုန့် ကျွန်တော်နဲ့ဒီနေ့လျှောက်လည်မလားဟင်…"

မော့တိပြန်ဖြေလိုက်သည်။

" ငါမင်းနဲ့တကယ့်ကို စကားထိုင်ပြောချင်နေပေမဲ့လည်း ဒီရက်ပိုင်းအတွင်း လူနာတွေပုံနေတာ…"

စုန့်ယွီနောင်တရနေသည့်အသံဖြင့်

" ရှောင်ကျောင်းက ငါ့ဆီအခုပဲဖုန်းခေါ်လာတာ မင်း‌ကိုနေ့လည်ခင်းတုန်းကခေါ်ပေမယ့် ဖုန်းမကိုင်လို့တဲ့…အဲ့ဒါကြောင့် မင်းအဆင်ပြေရဲ့လားဆိုပြီး ဖုန်းခေါ်လိုက်တာပဲ… အခုတော့ အဆင်ပြေသွားတာကိုသိရလို့ ငါစိတ်ချသွားပြီ… ငါအတွေးလွန်မိသွားတာပဲနေမှာပါလေ…"

" အန်…"

မော့တိ သိချင်သွားကာ

" ဘာကိုအတွေးလွန်သွားတာမလို့လဲ…"

" အဲ့ဒါ လိုင်သယ်စစ်ရဲ့အပြစ်တွေပဲ ငါသူ့ကိုမယုံလိုက်သင့်ဘူး…"

" ဘာဖြစ်လို့လဲဟင်…"

မော့တိ ပို၍ပင်ရှုပ်ထွေးသွားရကာ

" ဦးလေးစုန့် အစ်ကိုလိုင်က ဘာဖြစ်လို့လဲ သူတစ်ခုခုပြောလို့လား…"

" သူ…" စုန့်ယွီ သက်ပြင်းတစ်ချက်ချကာ

" သူ့စကားတွေက မယုံရဘူး…"

" ဒါပေမယ့် ဦးလေးစုန့်နဲ့ပတ်သက်လာရင်တော့ အစ်ကိုလိုင်က တကယ်အားကိုးရပါတယ်နော်…"

မော့တိ လိုင်သယ်စစ် စုန့်ယွီအား အချိန်ကြာမြင့်စွာ ချစ်မြတ်နိုးနေခဲ့သည်ကို သိနေသောကြောင့် သူ့အတွက် စကားကောင်းအနည်းငယ်ပြောပေးလိုက်သည်။ သူ စုန့်ယွီအတွက်လည်း သူ့အပေါ်အမှန်တကယ်ချစ်မြတ်နိုးပေးမည့်သူနှင့် ဆုံစည်းနိုင်ရန် မျှော်လင့်မိသည်လေ။

" မင်းကဘယ်လိုတောင် သူ့ဘက်မှာနေသေးတာလဲ…"

စုန့်ယွီ မပြောခင် အနည်းငယ်တုန့်ဆိုင်းနေပြီးမှ

" သူငါ့ကိုမနေ့ကဘာပြောခဲ့လဲသိလား…"

" ဘာတဲ့လဲ…"

" သူ့ရဲ့အတင်းပြောတတ်တဲ့ပါးစပ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ရှောင်ကျောင်းပြောတာနဲ့ ငါမင်းကိုစိတ်ပူနေမိမှာမဟုတ်ဘူး…"

" ဟမ်… လိုင်သယ်စစ်က တကယ်ပဲဘာတွေပြောခဲ့လို့လဲ…"

" သူပြောခဲ့တာက မင်းဖုန်းထဲကမှတ်စုတိုကို မုထျန်းဟန်ရှာတွေ့သွားတယ်တဲ့…အဲ့ဒါက မင်းတခြားတစ်ယောက်ကို သဘောကျနေတုန်းက ရေးခဲ့တာလို့ပြောတယ်… မုထျန်းဟန်ကအရမ်းစိတ်တိုနေပြီးတော့ မင်းကိုသင်ခန်းစာပေးတော့မှာတဲ့… အဲ့ဒါနဲ့ လိုင်သယ်စစ်က အိမ်တွင်းအကြမ်းဖက်မှာကို ကြောက်ပြီး ပြန်မလာတော့တာပဲ…သူငါ့ကိုတောင် အဲ့ကိစ္စအတွက် ဖြောင်းဖြပေးဖို့ စစ်ကူခေါ်နေသေးတယ်…"

" အိုက်ယားး…"

စုန့်ယွီဆက်ပြောလာခဲ့သည် ။

" ငါသာ သူနောက်နေတာကို သိခဲ့မယ်ဆိုရင် မင်းကိုအဆက်အသွယ်မရထဲက အရမ်းစိုးရိမ်နေပြီး ဖုန်းဆက်နေမိမှာမဟုတ်ဘူး…ကြည့်ရတာ ငါဘာမှမဟုတ်ဘဲ စိတ်ပူမိသွားတာပဲ…"

စုန့်ယွီ စကားဆုံးသွားသော်လည်း မော့တိထံမှ စကားပြန်သံမကြားရသဖြင့် သူ့ထံတွင် မကောင်းသည့်ခံစားချက်ပေါ်လာလေသည်။

" ရှောင်တိ…"

" ဦးလေးစုန့် လိုင်သယ်စစ်က တကယ့်လူနောက်ပဲ…"

မော့တိ၏အသံမှာ အချိန်အတန်ကြာပြီးမှ ထွက်ပေါ်လာသည်။

" သူမှတ်စုတိုနဲ့ပတ်သက်ပြီး ဘာပြောခဲ့တာလဲ…ဦးလေးစုန့် ကျွန့်တော်ကိုအဲ့အကြောင်းပြောပြပေးလို့ရမလား…"


Xxxxxxxx