အပိုင်း ၁၄၄
Viewers 29k

Chapter 144





မုထျန်းဟန် သူ၏ခံစားချက်များကို ဖွင့်ဟပြီးနောက် မော့တိအား မည်သည့်နည်းဖြင့်မဆို သူနှင့်ချည်နှောင်ထားရန် စိတ်ဆုံးဖြတ်ထားသည့်အကြောင်းကိုမူ မပြောလိုက်တော့ပေ။ ထို့အပြင် ယမန်နေ့ညမှကိစ္စများမှာ သူစီစဉ်ထားသည်ဖြစ်ကြောင်းကို မ‌ထုတ်ဖော်ခဲ့ပေ။ ထိုအစား သူ၏နားလည်ပေးနိုင်မှုကို ‌ဖော်ပြနေချိန်တွင် မော့တိမှာ အပြစ်ရှိမှုများနှင့် ထိခိုက်နေခဲ့ရသည်။


အမှန်တကယ်ပင် မော့တိမှာ နောင်တတရားများ၏ရိုက်ခတ်မှုများကြောင့် မျက်ရည်များမထိန်းချုပ်နိုင်အောင် ကျဆင်းနေရသည်။

မော့တိ မုထျန်းဟန်ကို တင်းကြပ်စွာဖက်ကာ မငိုမိရန် ကြိုးပမ်းလိုက်သည်။

" တောင်းပန်ပါတယ် ကိုကို… ကျွန်တော် … အု.. ကျွန်တော်တောင်းပန်ပါတယ်…"

" ဒါပေမယ့်… အု..ဒါပြီးရင်တော့ ကိုကို့ကို ဘယ်တော့မှမလိမ်တော့ပါဘူး…ကျွန်တော့်မွေးနေ့မတိုင်ခင်ထဲက ကိုကို့ကို သဘောကျနေမိခဲ့တာပါ… အခုတော့.. အု.. ကိုကို့တစ်ယောက်တည်းကိုပဲ ကြိုက်တော့တယ်… ကိုကို့ကို အကြိုက်ဆုံးပဲ.. ယုံပေးပါ.. ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပေးပါ.. အု…"

သူ့အချစ်လေး၏မျက်ရည်အပြည့်ဖြင့်ဝန်ခံမှုနှင့် ကြို့ထိုးသံများကို နားထောင်ပြီးနောက် သူသည်လည်း မော့တိ၏နီမြန်းနေသောမျက်လုံးများနှင့် မျက်ရည်များကို ကြည့်ရုံဖြင့်ပင် စိတ်ပင်ပန်းလာခဲ့သည်။ ထို့ကြောင့် မုထျန်းဟန်ခေါင်းငုံ့ကာ မော့တိ၏ပါးပြင်နှင့် မျက်ရည်များကျဆင်းနေသည့် မျက်လုံးလေးကို နမ်းလိုက်လေသည်။

" ကိုယ်မင်းကို အပြစ်မတင်ပါဘူး… တကယ်မတင်တာ…"

" ဒါပေမယ့်…"

မုထျန်းဟန်၏ချစ်တတ်မှုနှင့် ကြင်နာမှုများမှာ သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်သွားသဖြင့် မော့တိ ပို၍ပင်အပြစ်ရှိသလို ခံစားလာရကာ ခံနိုင်ရည်မရှိတော့ချေ။ သူ မုထျန်းဟန်၏ရင်ခွင်တွင်း မြုပ်နှံလျက် ပို၍သည်းထန်စွာ ငိုကြွေးလိုက်မိလေသည်။

သူ၏ကလေးလေးမှ ရင်ခွင်တွင်းပစ်ဝင်ကာ ဆက်တိုက်ငိုကြွေးနေသဖြင့် မုထျန်းဟန်၏နှလုံးသားမှာ ကိုက်ခဲလာရလေသည်။ ထို့ကြောင့် မော့တိ၏ဆံပင်များကို အသာနမ်းလိုက်ကာ အိပ်ရာပေါ်သို့ ပြန်ချပေးလိုက်ပြီး သူလေး၏စိုစွတ်နေသောပါးပြင်များကို နမ်းရှိုက်လိုက်လေသည်။

မော့တိ ပြန်လည်နမ်းရှိုက်မည်ပြုသော်လည်း သူ၏ကြို့ထိုးမှုမှာ ပြန်ရောက်လာခဲ့သည်။

မုထျန်းဟန် ရယ်ချမိလိုက်သည်။ အဆုံးတွင် သူမထိန်းထားတော့ဘဲ မော့တိ၏မေးကို နူးညံ့စွာပင့်ကိုင်ကာ နှုတ်ခမ်းများကို နမ်းလိုက်လေသည်။

မော့တိ၏လည်ပင်းမှာ အမော့ခံထားရပြီး မုထျန်းဟန်ကို ကြည့်လိုက်စဉ်တွင် အမြင်များဝေဝါးနေသော်လည်း သူ၏စိတ်မှာမူ ရှင်းလင်းနေခဲ့သည်။ သူ၏သတ္တိများကိုစုစည်းကာ ရုတ်တရက်ဆိုသလို ပြောချလိုက်သည်။

" ကိုကို ကျွန်တော်… ကျွန်တော် ဝန်ခံစရာတစ်ခုရှိသေးတယ်…"

" ဘာတဲ့လဲ…"

" ကိုကို…"

မော့တိ၏မျက်လုံးများမှာ မုထျန်းဟန်ထံတွင်သာ သော့ခတ်ထားသကဲ့သို့ တွယ်ကပ်နေပြီး

" ကိုကို ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားလာတယ်ဆိုတာကို ယုံကြည်လား…"

" အဲ့ဒီလူတစ်ယောက်က မွေးကထဲက မိသားစုရဲ့ရွံရှာမုန်းတီးခြင်းကိုခံရပြီးတော့ ဘဝတစ်လျှောက်လုံး အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတယ်ဆိုတာကို ယုံကြည်လား… နောက်ဆုံး သူအရွယ်ရောက်လာပြီးတော့ အိမ်ကထွက်လာခဲ့တာတောင် သူရဲ့အစ်မကသူ့ကိုဆွဲရင်း လဲကျသွားတာလေးကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုအပို့ခံခဲ့ရတယ်ဆိုတာ ယုံလား…"

" ကိုကိုသိလား အဲ့လူကလေ စိတ်ကျန်းမာရေးဆေးရုံရောက်သွားတာတောင် အရိုက်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်၊ နှိပ်စက်ညှင်းပန်းခံရတယ်၊ လျှပ်စစ်ရှော့တိုက်ခံရတယ်၊ ဆေးတွေလည်း ထိုးသွင်းခံရပြီးတော့ ကြမ်းတမ်းတဲ့အရူးတွေနဲ့အတူ အပိတ်ခံထားရသေးတာ…နှိပ်စက်ခြင်းက နေ့စဉ်နေ့တိုင်းဖြစ်ပျက်နေပြီးတော့ နောက်ဆုံးတစ်နေ့မှာ အရူးတစ်ယောက်ဆီက‌ သူအသတ်ခံလိုက်ရတဲ့အထိပဲ…‌သူ့ရဲ့နောက်ဆုံးအချိန်မှာတောင်မှ သူကလူမဟုတ်သလိုမျိုး ထပ်ခါတလဲလဲ နင်းခြေခံခဲ့ရသေးတယ်…"

" အဲ့ဒါနဲ့ပဲ သူကပြန်လည်မွေးဖွားလာပြီးတော့ လက်စားချေချင်တယ်တဲ့ ကိုကိုရဲ့…"

" ကိုကိုအဲ့ဒါကိုယုံလားဟင်…"

အမှန်တကယ်တော့ မော့တိ မုထျန်းဟန်နှင့် ယခင်ဘဝက တွေ့ဆုံခဲ့ပြီးသည့်အပြင် ၎င်းမှာလည်း သာမန်ကာလျှံကာ တွေ့ဆုံခဲ့ခြင်းမျိုးမဟုတ်ပေ။

သူ ထိုအကြောင်းကို မေ့နေခဲ့ခြင်းသာဖြစ်သည်။

စိတ်ကျန်းမာရေးဆေးရုံတွင်းမှ နေ့ရက်များမှာ သာမန်ရူးသွပ်နေသည့်လူနာအတွက်ပင် ခက်ခဲလှပေရာ မော့တိကဲ့သို့ အထူးဂရုစိုက်ရန်အမိန့်ပေးထားခြင်း ခံရသူအတွက်မူ ပြောရန်ပင်မလိုချေ။ မော့တိ ‌‌ထိုနေရာတွင် ရိုက်နှက်ခြင်း၊လျှပ်စစ်ရှော့တိုက်ခြင်း၊သူ၏လက်ချောင်းများကိုအပ်နှင့်ထိုးဖောက်ကြခြင်း နှင့် အချိူ့သောဆေးအချို့ထိုးသွင်းခံရခြင်းများကို တစ်နှစ်ကျော်မျှ စိတ်ရောကိုယ်ပါပေါင်း၍ အနိုင်ကျင့်နှိပ်စက်ခံခဲ့ရလေသည်။ ထိုကဲ့သို့ လူမဆန်သည့်ကုသပေးမှုများမှာ ထပ်ခါတလဲလဲဖြစ်ပျက်ခဲ့ပေရာ အဆုံး၌ ‌တစ်နေ့တွင် မော့တိ အမှန်တကယ်ရူးသွပ်သွားခဲ့သည်။

သူစိတ်လွတ်သွားသည့်အချိန်မှ မှတ်ဉာဏ်များမှာ အလိုအလျောက်ပင် လက်လှမ်းမမီနိုင်တော့ပေ။ မော့တိ ဝိဉာဉ်‌မဲ့နေသကဲ့သို့သော အခြေအနေဖြင့် ဆေးရုံတဝိုက်တွင် လှည့်လည်သွားလာနေပြီး ထိုအရာမှာ သုံးနှစ်ကြာပြီးနောက် အကြမ်းဖက်တတ်သည့်လူနာထံမှ သေသည်အထိရိုက်နှက်ခံရသောနေ့တွင် ရုတ်တရက်အသိစိတ်ပြန်ဝင်လာခဲ့သည်။

မော့တိ မသေခင်အသိစိတ်ပြန်ရခဲ့သော်လည်း အချို့သောအကြောင်းပြချက်‌တို့ကြောင့် သူ စိတ်ဗလာဖြစ်နေသည့်အချိန်မှ မှတ်ဉာဏ်များမှာ ပျောက်ဆုံးနေကာ သူရက်စက်စွာ နှိပ်စက်ညှင်းပန်းခံခဲ့ရသောမှတ်ဉာဏ်များသာ ကျန်ရစ်ခဲ့လေသည်။

မော့တိ စိတ်လွတ်နေသည့်ထိုအချိန်၌ မုထျန်းဟန် တွေ့ခဲ့ခြင်း‌ဖြစ်လေသည်။

သူအရူးတစ်ယောက်ဖြစ်ခဲ့ရပြီးနောက် တဖြည်းဖြည်းနှင့် သူ့အားစောင့်ကြည့်မှု နည်းပါးလာချိန်တွင် သူနာပြုမှ သန့်စင်ခန်းသွားသည့်အချိန်ကိုစောင့်ကာ ကော်ရစ်ဒါတစ်လျောက်ပြေးထွက်သွားပြီး အမှိုက်ကား၏နောက်ဘက်တွင် အဆုံးသတ်သွားခဲ့သည်။

ထိုအချိန်၌ ဟွာရှားတွင် ဈေးကွက်လေ့လာရေးလုပ်ရန် လာရောက်ခဲ့သော မုထျန်းဟန်မှာ အိမ်ရာအသေးလေးတစ်ခုကိုဖြတ်သွားချိန်၌ ကံကြမ္မာအရ တစ်ကိုယ်လုံးညစ်ပတ်ပေရေနေသည့် သူ၏အရူးလေးမော့တိနှင့်ဆုံခဲ့ရခြင်းဖြစ်ကာ သူနှင့်ဆုံစဉ်အခါက မော့တိ၏ခေါင်းပေါ်တွင် ငှက်ပျောခွံပင်ရှိနေသေးသည်။

မုထျန်းဟန် သူမည်သို့တွေးမိခဲ့သည်ကို မသိသော်လည်း ထိုအချိန်က အရူးလေးမှာ လမ်းဘေးတွင်ထိုင်ကာ လူများသူတို့၏မနက်စာစားနေကြသည်ကို ကြည့်နေသည့်မြင်ကွင်းကို မြင်လိုက်ရသဖြင့် အလွန်သနားမိသွားသည်လည်း ဖြစ်နိုင်ပေမည်။ သို့မဟုတ် အလွန်အမင်းဆာလောင်နေသည့်တိုင် မည်သူ့ထဲမှ အစားအစာလုပြေးခြင်းမရှိသည့် မော့တိ၏ကောင်းမွန်သောအကျင့်ကြောင့် မုထျန်းဟန် စိတ်လှုပ်ရှားမိသွားသည်လည်း ဖြစ်နိုင်သေးသည်။

မုထျန်းဟန် လိုချင်သည့်အရာမှာ ထိုအရူးလေးကို လူမှုကူညီရေးအဖွဲ့အစည်း သို့မဟုတ် မိဘမဲ့ဂေဟာသို့ မပို့ခင် ရေမိုးချိုးပေးပြီး အဝတ်အစားလဲလှယ်ကာ ကောင်းမွန်သည့်အစားအစာများ ကျွေးမွေးရန်မျှသာ ဖြစ်သော်လည်း မမျှော်လင့်ပါဘဲနှင့် အချို့သောဆက်သွယ်မှုလေးနှင့်ပင် ထိုအရူးလေးမှာ သူ၏အောက်ခြေစည်းကို ထိမိသွားခဲ့သည်။ ထို့နောက် မတတ်နိုင်ပါဘဲ သူ အရူးလေးကို သွားလေရာခေါ်သွားလိုက်ရကာ သူတို့နီးကပ်လာလေလေ မုထျန်းဟန် သူ၏အောက်ခြေစည်းကို ပို၍ချိုးဖောက်မိလေလေ ဖြစ်လာခဲ့သည်။ အဆုံး၌ ထိုအရူးလေးကို သူ၏ဘေးနားတွင်ထားရန် သူဆုံးဖြတ်လိုက်လေသည်။

ထိုအဖြစ်ကြောင့်ပင် လိုင်သယ်စစ်မှာ သူ့ကိုအချိန်အတန်ကြာသည်အထိ စနောက်နေခဲ့ဖူးသည်။

မော့တိမှာ အသိစိတ်လွတ်နေသော်လည်း သူသည် အလွန့်အလွန် နာခံတတ်သော အရူးလေးတစ်ယောက်ဖြစ်သည်။ ထပ်ခါတလဲလဲ နှိပ်စက်ညှင်းပန်းမှုများကြောင့် သူ၏ပုံပန်းသွင်ပြင်မှာ မူမမှန်ဖြစ်နေ‌သည့်တိုင် သူ၏မျက်နှာကျပုံစံမှာ ကြည့်ကောင်းနေဆဲပင်။ အထူးသဖြင့် သူတစ်စုံတစ်ခုကို အာရုံစိုက်နေသည့်အချိန်တွင် သူ၏မျက်လုံးများမှာ တုံးအပုံရသော်လည်း ကြယ်များပြည့်နှက်နေသည့် ညကောင်းကင်ယံကဲ့သို့ တောက်ပနေခဲ့သည်။

မုထျန်းဟန် သူ့ကိုစားသောက်တတ်ရန် သင်ကြားပေးရသည့်အပြင် အရုပ်များလည်း ဝယ်ပေးထားကာ ရုတ်တရက်စိတ်လွတ်သွားသွားချိန် ဗီလာတစ်ဝိုက်တွင် အော်ဟစ်ငိုယိုကု ပြေးလွှားနေပါကလည်း ချော့မော့၍ ပုံပြင်ပြောပြနေရသေးသည်။

သူ ထိုအရူးလေး၏နောက်ခံကို စုံစမ်းကြည့်လိုက်ချိန်မှာတော့ သူလေးထံတွင် ဖြစ်ပျက်ခဲ့သည့်အရာများက ဤအခြေအနေသို့ရောက်သည်အထိ တွန်းပို့ခဲ့ကြကြောင်းကို မုထျန်းဟန် သိရှိသွားခဲ့သည်။

နောက်ဆုံးတော့ သူ့အရူးလေး၏နာမည်ကို သိခဲ့ရလေပြီ။

မော့တိ….


စုံစမ်းစစ်ဆေးထားသည့် ရလဒ်များအပြီးတွင် မုထျန်းဟန် သူ့ဘဝတွင် တစ်ခါမျှပင် မဖြစ်ဖူးသော ဒေါသထွက်လာခြင်းကို ခံစားလိုက်ရသည်။

သူ အဆိုပါတုံးအပြီးနာခံတတ်သော အရူးလေးကို မြင်လိုက်ချိန်တိုင်း မုထျန်းဟန်၏နှလုံးသားမှာ ကိုက်ခဲလာရသည်။

မုထျန်းဟန် မော့တိအတွက် တရားမျှတမှုကို ရှာပေးချင်သော်လည်း သူ၏အခြေအနေမှာ အလွန်ရှင်းလင်းနေခဲ့သည်။

မော့တိကို အန္တရာယ်ဖြစ်စေခဲ့သော မော့မိသားစုမှာ ဟွာရှား၏လူကုံထံမိသားစုကြီးဖြစ်ကာ သူတို့ထံတွင် နာမည်ကောင်းနှင့် အားကောင်းသော စီးပွားရေးအရင်းအမြစ်များရှိနေခဲ့သည်။ ထို့အပြင် မော့လျှိုကွေ့သည်လည်း တစ်ကမ္ဘာလုံးသိသော ပြီးပြည့်စုံမှုနတ်ဘုရားမတစ်ပါးဖြစ်နေခဲ့သည်။ မော့တိမှာမူ သူ၏နာမည်သတင်းမှာ အမြဲလို ဆိုးဝါးခဲ့ပြီး ယခုအချိန်တွင် အရူးတစ်ယောက်ပင် ဖြစ်နေပြီဖြစ်ရာ မော့တိ စိတ်ကျန်းမာရေးဆေးရုံသို့ အတင်းအကြပ်ပို့ဆောင်ခံရသည်နှင့် ပတ်သက်၍ သူတရားမျှတမှု ရယူပေးနိုင်မည်လားဆိုသည်ကို မုထျန်းဟန် မသေချာတော့ပေ။

အရူးထောင်အတွင်းမှ မော့တိ၏နှိပ်စက်ခံရမှုများအတွက်မူ သူ ဟိုဟိုသည်သည် တစ်ပိုင်းတစ်စမျှသာ ရှာဖွေတွေ့ရှိခဲ့သော်လည်း တစ်စုတစ်စည်းတည်း ခိုင်မာသည့်သက်သေအဖြစ်တင်ပြ၍မရပြန်ပေ။ ထိုမျှသာမက မော့မိသားစုကို ထောက်ပံ့နေသူမှာ ဟွာရှားတွင် စီးပွားရေးအရကော နိုင်ငံရေးအရပါ ကြီးမားသောလွှမ်းမိုးမှုရှိသည့် ချင်မိသားစုဖြစ်နေသည်ကို မဆိုထားနှင့်၊ သူ၏အရင်းအမြစ်များမှာ ချင်မိသားစုကို ကျော်နိုင်လျှင်ပင် ဟွာရှားမှ ချင်မိသားစု၏အခြေခိုင်မာမှုမှာ သူ့ထက်ပို၍အားကောင်းနေသည်။

သို့ဖြစ်ရာ သူ၏အရူးလေးအတွက် တရားမျှတမှုရှာပေးမည့်အစီအစဉ်မှာ ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရပေလိမ့်မည်။

မုထျန်းဟန် သူ၏လက်အောက်ငယ်သားအချို့ကို ဟွာရှားတွင် မစ်ရှင်အချို့လုပ်ဆောင်ရန်အတွက် ထားပေးခဲ့ပြီးနောက် သူ၏အရူးလေးကို အတော်ဆုံးစိတ်ရောဂါကုပါရဂူများနှင့်ပြသရန်အတွက် အမေရိကားသို့ခေါ်ဆောင်သွားခဲ့သည်။

ကံ‌မကောင်းစွာဖြင့် သူတို့အားလုံး မအောင်မြင်ခဲ့ကြပေ။

အစပိုင်းတွင် သူ၏အရူးလေးမှာ အဖြူရောင်စမ်းသပ်ခန်းကုတ်အင်္ကျီဝတ်ဆင်ထားသော ဆရာဝန်များကိုမြင်လိုက်သည်နှင့် ရုတ်တရက်ဒေါသပုန်ထကာ သောင်းကျန်းလာခဲ့သည်။ ထိုဆရာဝန်များမှာ ပုံမှန်ဝတ်စုံများကို ပြန်လည်လဲလှယ်လာလျှင်ပင် သူမယုံကြည်နိုင်တော့ပေ။ သူ မုထျန်းဟန်၏နောက်တွင် အင်္ကျီစကိုကိုင်လျက်သာ အော်ဟစ်ငိုယိုပြီး ပစ္စည်းများပစ်ပေါက်ခွဲကာ ပုန်းအောင်းနေမည်ဖြစ်သည်။

ထိုအခြင်းအရာမှာ အကြိမ်မရေမတွက်နိုင်အောင် ဖြစ်ပွားပြီးနောက်တွင် မုထျန်းဟန် ကုသမှုကို ရပ်တန့်လိုက်ရကာ စတင်၍ စိတ်ရောဂါကုပညာရှင်များထံမှ မော့တိကို တည်ငြိမ်အောင်လုပ်ပေးရန်နှင့်ကုသပေးရန် သင်ယူရတော့သည်။

သို့ပါသော်လည်း မကြာခင်မှာပင် မုထျန်းဟန် သူထိုဆရာဝန်များ၏အကူအညီကို မလိုအပ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။ အကြောင်းမှာမူ မော့တိက ရူးသွပ်နေခြင်းမဟုတ်ဘဲ အလွန်အမင်းဖိနှိပ်ခံထားရခြင်းကြောင့်သာ ဖြစ်လေသည်။ သူက မုထျန်းဟန်၏အင်္ကျီစကိုသာ ကိုင်လျက် နောက်ကလိုက်နေမည်ဖြစ်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ တိတ်တဆိတ်သာနေ‌လိမ့်မည်ပင်။ သူစိတ်လွတ်ကာ သောင်းကျန်းလာသည့်အချိန်မျိုးတွင်ပင် မုထျန်းဟန် သူ့ကိုဖက်ထားပြီး စကားပြောကာ ချော့မော့ဖြောင်းဖြပေးလိုက်ရုံမျှပင် သူ့ကိုတည်ငြိမ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဤသို့ဖြင့် မုထျန်းဟန်နှင့်မော့တိတို့ တစ်နှစ်တာလုံး အတူနေထိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင် မော့တိသည်သာ မုထျန်းဟန်ကို တွယ်ကပ်လာရုံသာမက သူတို့အတူရှိစဉ်အချိန်မှစ၍ မုထျန်းဟန်၏နှလုံးသားထဲတွင်လည်း တဖြည်းဖြည်းနှင့် မော့တိမှာ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်‌လာခဲ့သည်။

မုထျန်းဟန် ပျော်ရွှင်မှုကော နှလုံးသားထဲမှ နာကျင်ကိုက်ခဲမှုကိုပါ နှစ်မျိုးလုံးခံစားနေရကာ သူ့ကိုယ်သူ အလွန်အကျုးဖြစ်နေသည့် သားရဲကြီးတစ်ကောင်သဖွယ် ခံစားလိုက်ရသည်။

သိသိသာသာပင် မော့တိမှာ မသိနိုင်သော်လည်း သူလုပ်ဆောင်ခဲ့သည့်အရာမှာ ပြန်ပေးဆွဲသလိုမျိုးသာ ဖြစ်သွားခဲ့သည်။

သို့တိုင်အောင် မုထျန်းဟန် သူ၏ခံစားချက်များကို မဖိနှိပ်နိုင်ခဲ့ပေ။

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြီးပြည့်စုံစွာ အံဝင်ခွင်ကျဖြစ်နေသည် ဟူသည့် အချိန်များစွာရှိခဲ့ဖူးသည်။ မသန်မစွမ်းနှင့် အရူးတို့မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနေသော်လည်း သူတို့တွေ့ဆုံနိုင်ခဲ့သဖြင့် ဤသည်မှာ ရေစက်ပင်ဖြစ်နိုင်ပေမည်။

သို့သော်လည်း မုထျန်းဟန်ထံတွင် ဤသို့သော အတွေးမှာရှိနေပြီးသားဖြစ်သည်။ သူ၏ညာဘက်ခြေထောက်မှာ မသန်မစွမ်းဖြစ်နေသော်လည်း သူသည် အရပ်ရှည်ကာ ရုပ်ရည်ချောမောပြီး ကမ္ဘာ့အချမ်းသာဆုံးလူစာရင်း၏ ထိပ်သီးငါးယောက်ထဲတွင် ပါဝင်နေသူဖြစ်ရာ သူနှင့်အတူရှိချင်သည့် အထက်တန်းလွှာ အမျိုးသားအမျိုးသမီးများစွာ ရှိနေဆဲပင်။

သို့တိုင် သူတွေးမိသည့်တစ်ခုတည်းသောအရာမှာ သူ၏အရူးလေးသည်သာ အကောင်းဆုံးလိုက်ဖက်ညီမှုသာ ဖြစ်သည်ဟူ၍ပင်။

မော့တိ သူ၏ခက်ခက်ခဲခဲရရှိထားသော ငြိမ်းချမ်းသည့်ဘဝလေးတွင် နေထိုင်နေစဉ် မော့မိသားစုမှာ သူ၏ပျောက်ဆုံးနေခြင်းကို သိရှိသွားကြပြီဖြစ်သည်။

တကယ်‌တော့ မော့တိရူးသွပ်သွားစဉ်ကတည်းက ထိုဂရုစိုက်ပေးတတ်သော မော့မိသားစု၏ဆေးရုံသို့လာရောက်လည်ပတ်ခြင်းမှာ ရပ်တန့်သွားပြီဖြစ်သည်။ အများဆုံးလုပ်ဆောင်သည့်အရာမှာ စကားအနည်းငယ်ဖြင့် သူ၏အခြေအနေကို မေးမြန်းရုံမျှသာဖြစ်သည်။ မော့လျှိုကွေ့မှာမူ ကျန်လူများနှင့် ကွာခြားလှသည်။ သူမသည် ကြင်နာကာ ရိုးရှင်း၍ ဉာဏ်အမြော်အမြင်ရှိပြီး သူမ၏လာရောက်လည်ပတ်မှုမှာ နည်းပါးသော်လည်း တစ်နှစ်လျှင် တစ်ကြိမ်မျှ အနည်း‌ဆုံး လာတွေ့နေဆဲပင်။ အထူးသဖြင့် နှစ်သစ်ကူးနှင့်

ဆောင်းဦးရာသီပွဲတော်အချိန်များတွင် သူမ၏ရူးသွပ်နေသောမောင်ငယ်လေးကို လာတွေ့ကာ သူ့ကို‌တွေ့ပြီးနောက် မျက်ရည်အနည်းငယ်ကျပြမည်ဖြစ်ပြီး အလုံးစုံကို သူမ၏အကောင့်တွင် တင်ပြမည်ဖြစ်သည်။ ထို့နောက် သူမကို ချင်ချန်းယီမှ ပွေ့ဖက်ကာ နှစ်သိမ့်ပေးမည်ပင်။

ထို့နောက် နှစ်သိမ့်ပေးခြင်းများမှာ အိပ်ခန်းထဲတွင် ဆက်သွားကာ အိပ်ရာခင်းအောက်တွင် အဆုံးသတ်သွားပေလိမ့်မည်။

ဤသို့ဖြင့် ဆောင်းဦးရာသီပွဲတော်‌တစ်နေ့တွင် မော့လျှိုကွေ့ ရိုက်ကွင်းအပြီး တိုက်ရိုက်ပင် စိတ်ကျန်းမာရေးဆေးရုံသို့ သူမ၏ Chanelဝတ်စုံပြည့်နှင့်ဒေါက်ဖိနပ်ကိုဝတ်ဆင်ကာ အလည်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် မော့တိကို မတွေ့ခဲ့ရဘဲ ထိတ်လန့်နေသည့်ဝန်ထမ်းမှ မော့တိပျောက်ဆုံးနေသည်မှာ လအနည်းငယ်ရှိပြီဖြစ်ကြောင်း ပြောလာသည်ကိုသာ ကြားလိုက်ရသည်။

၎င်းမှာ သတင်းကောင်းဖြစ်သော်လည်း မကြာမီ မော့လျှိုကွေ့၏မိချောင်းမျက်ရည်များကျဆင်းလာကာ အလွန်စိုးရိမ်ပူပန်နေသည့်ပုံဖြင့် သူမ၏အစ်ကိုများ၊ချင်ချန်းယီ၊ယဲ့ချန်းဖုန်နှင့် လူတိုင်းကို မော့တိအား အလျင်အမြန်ရှာဖွေခိုင်းလိုက်သည်။

သူမ၏စကားများသည်ပင် ယခင်ကဲ့သို့ တူညီနေပြန်သည်။

" ရှောင်တိကို အပြင်မှာ မခံစားစေပါနဲ့…"

အချက်အလက်များဖုံးကွယ်ထားသည့်အတွက် အဆိုပါကျန်းမာရေးဝန်ထမ်းကို အပြစ်ပေးပြီးနောက် မော့တိအားရှာရန်ခိုင်းစေလိုက်သော်လည်း တစ်လကျော်ကြာသည်အထိ မော့တိ၏သတင်းကို မကြားရသေးပေ။

တစ်ဖက်တွင်မူ ယဲ့ချန်းဖုန်မှာ မော့တိဟွာရှားတွင် မရှိသောသတင်းအချို့ကို တူးဖော်နိုင်ခဲ့ပြီး မော့လျှိုကွေ့ကို ပြောပြလာခဲ့သည်။ သဘာဝကျစွာပင် မော့လျှိုကွေ့သိပါက ချင်ချန်းယီလည်း သိမည်ဖြစ်ကာ သူ၏ကြီးစိုးနိုင်မှုမှာ နိုင်ငံရပ်ခြားတွင် အလွန်မကြီးမားသော်လည်း သုံးမရသည်အထိ မဖြစ်သေးသည့်အတွက် သူ၏လူယုံများကို နိုင်ငံခြားသို့လွှတ်ကာ မော့တိကို ရှာဖွေခိုင်းလိုက်သည်။

အောက်တိုဘာ ၂၈ရက် သူ၏အရူးလေးကိုခေါ်ဆောင်လာသည့် တစ်နှစ်ပြည့်ရက်တွင် မုထျန်းဟန် သူ၏အရူးလေးနှင့် နှစ်ဦးတည်းစားသောက်ပွဲကြီး ကျင်းပချင်နေခဲ့သည်။

သို့သော်လည်း မော့တိမှာမူ မနက်ခင်းတည်းက အစာအိမ်နာကျင်မှုကို ခံစားနေရလေသည်။


Xxxxxxx