အပိုင်း ၁၄၅
Viewers 28k

Chapter 145



မော့တိမှာ ဆေးရုံများကို မုန်းသည့်အတွက် မုထျန်းဟန် လွန်ခဲ့သောခြောက်လကပင် သီးသန့်ဆေးဝန်ထမ်းများကို ငှားရမ်းခဲ့ပြီးဖြစ်ပြီး ဗီလာတွင်လည်း ဆရာဝန်များဆေးစစ်ပေးရာတွင် လိုအပ်သောဆေးပစ္စည်းများကို တပ်ဆင်ထားပြီးဖြစ်သည်။ သို့သော်လည်း မော့တိ၏လက္ခဏာများကို စစ်ဆေးအပြီးတွင် ဆရာဝန်ထံမှ ခြောက်ခြားဖွယ်သတင်းတစ်ခုကို ယူဆောင်လာခဲ့သည်။

မော့တိမှာ အလွန်မူမမှန်သောအစားအစာများ အကျွေးခံခဲ့ရကာ အချို့သောအကြောင်းပြချက်တို့ဖြင့် သူ၏အစာအိမ်ကို ကြီးမားသည့်ပျက်စီးမှုဖြစ်စေခဲ့ကာ ထိုနေရာတွင် ဒဏ်ရာ‌ဖြစ်နေပြီး အစာအိမ်ကင်ဆာဟု သံသယရှိသည်ဟူ၍ပင်။ သို့သော်လည်း အသေးစိတ်မ‌စစ်ဆေးရသေးသည့်အတွက် ကင်ဆာ၏အဆင့်မှာမူ မသိရသေးပေ။

ထိုအချိန်၌ မုထျန်းဟန် သူ၏ကောင်းကင်တစ်ခုလုံးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

အရူးလေးမော့တိမှာမူ အကိုက်အခဲပျောက်ဆေးများသောက်ပြီးနောက်တွင် မနာကျင်တော့သဖြင့် ထရပ်ကာ အခြားသူများကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးနောက် မုထျန်းဟန်ဆီသို့ တဖြည်းဖြည်းချင်းသွားကာ လက်ကိုဆွဲကိုင်လိုက်သည်။

" ကိုကို ဗိုက်ဆာတယ်…"

မုထျန်းဟန် ကြောင်အနေရာမှ ခုန်ထွက်လိုက်ပြီး ခေါင်းကို ငုံ့ကာ မော့တိကို ကြည့်နေစဉ်မှာပင် သူ၏မျက်လုံးများအနည်းငယ် နီမြန်းနေခဲ့သည်။

" ဒီနေ့ ကိုကိုက စားသောက်ပွဲအကြီးကြီးလုပ်ပေးမယ်နော်…ဒါပေမယ့် ကလေးလေးကအရင်တော့စောင့်ပါဦး... ဘာလို့ ဟိုနားမှာ သွားမဆော့တာလဲနော်… ကိုကိုဒီလူတွေနဲ့စကားခဏပြောလိုက်ဦးမယ်…"

" မလိုချင်…"

မမျှော်လင့်ပါဘဲနှင့် မော့တိ ဤတစ်ကြိမ်တွင် ခေါင်းမာနေခဲ့ကာ မုထျန်းဟန်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။

" အထဲမှာအကြာကြီးနေတာက ရှောင်တိကို မ‌ပျော်ရွှင်စေဘူးလား…"

မုထျန်းဟန် မော့တိကို နူးညံ့ပြီးကြေကွဲနေသောမျက်လုံးများဖြင့် ငေးမောနေမိသည်။

ယခုအကြိမ်မှာ တစ်နှစ်အတွင်း ဆရာဝန်နှင့် အချိန်အကြာဆုံး ထိတွေ့ဆက်ဆံခြင်းဖြစ်ပေရာ အမှန်တကယ်တော့ မော့တိမှာ ချီးကျူးခံသင့်သည်။ ထိုအကြောင်းပြချက်ကြောင့်ပင် မော့တိ မုထျန်းဟန်၏အနားမှာ ထွက်သွားရန် ငြင်းဆန်နေခြင်းဖြစ်သည်။

အကယ်၍သာ ဆေးစစ်ချက်မှာ သာမန်ရောဂါသာဖြစ်နေခဲ့ပါက သူတို့ဂုဏ်ပြုပွဲပင် ‌ကျင်း‌ပနေပြီဖြစ်သည်။

" ကိုကို ဗိုက်ဆာတယ်…"

ယခုအချိန်၌ မော့တိ မုထျန်းဟန်၏စိတ်အခြေအနေကို နားလည်နိုင်ခြင်းမရှိသဖြင့် သူ၏ဗိုက်ကိုပွတ်ကာ

" ကိုကို ရှောင်တိဗိုက်ဆာတယ်လို့…"

မုထျန်းဟန် မော့တိ၏ဆံပင်ကို ပွတ်သပ်ပေးကာ တတ်နိုင်သမျှ အနူးညံ့ဆုံးပြုံးပြလိုက်ပြီး

" ကိုကို ခဏနေကြရင် ရှောင်တိကိုစားကောင်းတာတွေလုပ်ပေးမယ်နော်…အခုတော့ ခဏလေးပဲစောင့်လိုက် ကိုကို ဒီလူတွေနဲ့စကားပြောရမယ်လေ ဟုတ်ပြီလား…"

မော့တိ ခေါင်းကိုစောင်းကာ မုထျန်းဟန်ကို ကြည့်နေခဲ့သည်။ သူနာခံချင်သော်လည်း အနည်းငယ်ရှုပ်ထွေးနေကာ ဝန်လေးနေသယောင်ပုံစံမျိုးကို ပြသနေလိုက်သည်။

ဤသည်မှာ ယခင်အချိန်များတွင်သာ ဖြစ်ပျက်ခဲ့ပါက မုထျန်းဟန် မော့တိ၏သာမန်လူကဲ့သို့ အမူအယာကို မြင်ရချိန်တွင် အပျော်လွန်ကာ အကြိမ်အနည်းငယ်မျှ ပွေ့ဖက်မိမည်ဖြစ်သော်လည်း ယခုမှာမူ သူ၏မျက်လုံးထဲမှ နီရဲနေသည်ကိုသာ ကြိုးစား၍ထိန်းချုပ်နေရလေသည်။

ခံစားချက်များ တိုးလာသည်နှင့်အမျှ ‌မုထျန်းဟန် သူ၏နှလုံးသားထဲတွင် ဝှက်ထားသောစကားလုံးများကို ဖွင့်ထုတ်လိုက်ချင်မိသည်။

" ကိုကိုတွေးကြည့်မိတော့ ကိုကို့ဘဝမှာအကောင်းဆုံးလိုချင်တဲ့အရာက ရှောင်တိလေးနေကောင်းလာဖို့အတွက်ပဲတဲ့… အဲ့ဒါကြောင့် ရှောင်တိကို ကိုကိုကအများကြီးချစ်တယ်ဆိုတာ သိထားရမယ်နော်…ကိုကို့ကို ပြန်ချစ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့လေ…အဲ့ဒါကြောင့်လားမသိ ဘုရားက ကိုကို့ကို လောဘကြီးခဲ့မိလို့ အပြစ်ပေးတာဖြစ်ရမယ်…ဒါပေမယ့်ကွာ ဒီပြစ်ဒဏ်ကြီးကလည်း…"

" ကိုကို့ကိုချစ်တယ်…" မော့တိ ရုတ်တရက်ထပြောလာခဲ့သည်။

" ဘယ်လို…" မုထျန်းဟန် တောင့်ခဲသွားကာ မော့တိကို ကြည့်လိုက်ပြီး

" ရှောင်တိအခုဘာပြောလိုက်တာ.."

" ကိုကို့ကိုချစ်တယ်လို့…"

မော့တိမှာ သူပြောနေသည့်စကားလုံးကို သေချာသိပုံမရသော်လည်း သူ၏မျက်လုံးများမှာ ၎င်းတို့ကို နားလည်နိုင်သကဲ့သို့ ကြည်လင်ပြတ်သားနေခဲ့သည်။

" ကိုကိုက ရှောင်တိကို ချစ်တယ်လေ… ရှောင်တိကလည်း ကိုကို့ကိုချစ်တယ်…"

မုထျန်းဟန် အံ့အားသင့်သွားရကာ သူ၏နားထဲတွင် ထင်ယောင်ထင်မှားပင်ကြားနေသည်ဟု ထင်မိသွားသည်။ သူမော့တိကို နီရဲနေသောမျက်လုံးများဖြင့် ကြည့်ကာ အနည်းငယ်အက်ရှနေသည့်အသံဖြင့်

" ကိုကို့ကို ချစ်တယ်လား… ဘယ်နေရာက ကိုကို့ကို ချစ်တာလဲ…"

မော့တိ မုထျန်းဟန်ပြောသည်ကို နားမလည်သဖြင့် ခေါင်းစောင်းကာတွေးနေပြီး ခဏအကြာတွင် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသောကြောင့် လက်ခုပ်ထတီးလိုက်ကာ ပြုံးလျက်

" လက်တွေက ကိုကို့ကိုချစ်တာ…"

မုထျန်းဟန်ကြောင်အသွားခဲ့ရသည်။ သူ၏မျက်လုံးများမှာ ကြေကွဲနေမှုကြောင့် ဖောင်းအစ်နေပြီး အပြုံးမှာ ပို၍ပင် နူးညံ့လာကာ

" လိမ္မာတဲ့ကလေးလေး တခြားဘယ်နေရာကကော ကိုကို့ကိုချစ်သေးလဲ…"

မော့တိ ဂုဏ်ယူမှုကို ခံစားလိုက်ရပြီး သူ၏ဗိုက်ကိုပုတ်ကာ

" ဗိုက်လေးကလည်း ကိုကို့ကိုချစ်တယ်တဲ့…"

မုထျန်းဟန်၏မျက်လုံးများ စိုစွတ်နေသော်လည်း ပြုံးလျက်သာ မေးလိုက်သည်။

" တခြားကော…"

မော့တိ နှလုံးခုန်နေသောနေရာကိုညွှန်ပြပြီးနောက် ရင်ဘတ်ကိုပုတ်ကာ

" ဒီမှာ… ဒီနားကလည်း ကိုကို့ကိုချစ်တယ်တဲ့…"

မုထျန်းဟန်၏မျက်လုံးများ ချက်ချင်းဆိုသလို နီရဲသွားကာ လက်ကိုဆန့်လိုက်ပြီး မော့တိကို သူ၏လက်မောင်းများကြားဆွဲသွင်းလိုက်ပြီး မော့တိ၏လက်ကို ခုန်ပေါက်နေသည့် သူ၏ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။

" ကိုကိုကလည်း ရှောင်တိကို ဒီနားလေးကချစ်တယ်တဲ့…"

မော့တိ၏မျက်လုံးများတွန့်ကွေးသွားကာ ကျယ်ပြန့်သောအပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ သို့သော်လည်း ခဏအကြာတွင် မျက်မှောင်ကြုတ်လာပြီး မုထျန်းဟန်၏အင်္ကျီကိုကိုင်လျက်

" နံတယ်… ကိုကိုကနံတယ်…"

" တောင်းပန်ပါတယ်နော်… ကိုကိုအဝတ်သွားလဲလိုက်မယ်..ရှောင်တိလေးကိုယ့်ကို မနှစ်သက်ခွင့်မပြုနိုင်ဘူး…"

မုထျန်းဟန်၏မျက်လုံးများမှာ အဆုံးစွန်အထိ နီရဲနေခဲ့သည်။ သူ မော့တိ၏ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်ပြီးနောက် အချိန်ခဏမျှ ကိုယ့်ဘာသာ ကစားရန်လွှတ်ပေးလိုက်သည်။ ထိုအချိန်၌ သူ၏ဆေးရည်များဖြင့် ပြန့်ကြဲနေသောအဝတ်အစားများကို လဲလှယ်ရန်ထွက်သွားလိုက်သည်။

မော့တိမှာ အရင်လိုပင် ခေါင်းသာငြိမ့်ပြနေသည်။ အဆုံး၌ အချိန်အများစုတွင် သူသည် အလွန်နာခံတတ်သောကောင်လေးတစ်ယောက်သာဖြစ်နေခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ မုထျန်းဟန် အင်္ကျီအသစ်ဖြင့် ပြန်လာချိန်၌ မော့တိမှာပျောက်ဆုံးနေခဲ့သည်။ သူ့ကို ဆေးအဖွဲ့မှ အမျိုးသမီးဆရာဝန်တစ်ဦးလာခေါ်သွားကာ သူတို့နှစ်ဦးလုံးပျောက်ဆုံးသွားခဲ့သည်။

မုထျန်းဟန် ချက်ချင်းဆိုသလို ကြောက်လန့်တုန်လှုပ်ကာ ဒေါသထွက်သွားခဲ့ပြီး သူသုံးနိုင်သမျှ နည်းလမ်းအားလုံးကိုအသုံးပြုကာ ယခင်နှစ်သုံးဆယ်ကျော်အတွင်း ထားရှိခဲ့သော သူ၏ကိုယ်ပိုင်စည်းမျဉ်းအားလုံးကို ဖောက်ဖျက်ပစ်ခဲ့သည်။ သူသာမော့တိကို ရှာတွေ့နိုင်မည်ဆိုပါက မည်သည့်အရာမှ အရေးပါတော့မည် မဟုတ်ချေ။

နှစ်ရက်ကြာပြီးနောက် မော့တိ၏တည်နေရာကိုရှာတွေ့သွားခဲ့ပြီး သူဟွာရှားသို့ပြန်လာချိန်တွင် မော့တိမှာ ယခင်တစ်‌ခေါက်ကနှင့်မတူညီသော‌ စိတ်ကျန်းမာရေးဆေးရုံတွင်ရှိနေ‌သည်ကို သိလိုက်ရသည်။

သို့သော်လည်း

သူ၏ကောင်ငယ်လေးမှာ သေဆုံးသွားခဲ့လေပြီ။

သူလေး အရူးထောင်အတွင်းဖြစ်ပွားသော အတွင်းလူနာဌာနပုန်ကြွမှုအတွင်း၌ သေဆုံးခဲ့ရလေသည်။

မော့တိကွယ်လွန်ပြီးနောက် ဒုတိယမြောက်နေ့တွင် မော့မိသားစုမှ သူ၏အလောင်းကို မီးသဂြိုလ်ရန်လူလွှတ်လိုက်သည်။

သို့သော်လည်း မော့မိသားစုဝင်တစ်ဦးမျှရောက်မလာခဲ့ဘဲ မော့ဝုဟန်တစ်ဦးတည်းသည်သာ အလွန်ရွံရှာမုန်းတီးနေပုံဖြင့် မီးသဂြိုလ်စက်မှ ဝန်ထမ်းကို မော့တိ၏ပြာများအား အမှိုက်ပုံတွင်သွား၍ ကြဲချလိုက်ရန် မှာကြားလိုက်ကာ မည်သူမျှ လာရောက်ကောက်ယူမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

အကယ်၍ မုထျန်းဟန်သာ အချိန်မီရောက်မလာနိုင်ခဲ့ပါက မော့တိ၏ပြာများမှာ ရွံ့နွံများဖြင့် ရောထွေးနေလောက်ပြီပင်။

မုထျန်းဟန် မော့တိ၏အရိုးပြာများကို ရှာတွေ့ချိန်၌ ကောင်းကင်တစ်ခုလုံး မှောင်မိုက်နေကာ လေနီကြမ်းများတိုက်ခိုက်နေခဲ့သည်။

မုထျန်းဟန် ပြာအိုးကို ပွေ့ဖက်ကာ သူ၏ကုတ်အင်္ကျီနှင့်ကာ၍ ယူဆောင်ခဲ့ရသည်။

သူ၏ဘဝတစ်ခုလုံးတွင် ထိုကဲ့သို့သော အမုန်းတရားနှင့်ကြေကွဲမှုကို မုထျန်းဟန်မကြုံတွေ့ခဲ့ရဖူးပေ။

အကယ်၍သာ လိုင်သယ်စစ်၏အလွန်အမင်းအားထုတ်ခဲ့ရသော ဆွေးနွေးမှုများသည်သာ သူ့ကိုဆွဲမထားနိုင်ခဲ့ပါက မုထျန်းဟန် ဥပဒေနှင့်မလွတ်ကင်းသောအရာများကိုပင် လုပ်မိသွားနိုင်သည်။

သို့သော်လည်း မုထျန်းဟန်မှာ သာမန်လူမဟုတ်ပေ။ သူ၏စိတ်မှာအလွန်သန်မာရုံသာမက စတီးဖြင့်ပြုလုပ်ထားသကဲ့သို့ သန်မာလှသည့်စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်ရှည်မှုတို့လည်းရှိသူဖြစ်သည်။

ထို့ကြောင့် သူ၏ခံစားချက်များကို ချိုးနှိမ်ကာ မော့တိ၏အရိုးပြာအိုးကိုပိုက်၍ အမေရိကားသို့ ပြန်လာခဲ့လိုက်သည်။

ထို့နောက်တွင်…

သူ၏လက်စားချေမည့်အစီအစဉ်ကို စတင်ခဲ့လေသည်။

မုထျန်းဟန်မှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူများတွင်းမှ တစ်ဦးဖြစ်သူဖြစ်ရာ သူနှင့်မိတ်ဖွဲ့ရန်အခွင့်အရေးကို လက်လွတ်ခံမည့်သူဟူ၍ ရှိမည်မဟုတ်ချေ။ ဤသို့ဖြင့် ငါးနှစ်မျှသောအချိန်အတွင်း မုထျန်းဟန် ဟွာရှား၏ဈေးကွက်ကိုသိမ်းပိုက်နိုင်မည့် သူ၏အစီအစဉ်အတွင်း အသုံးဝင်သူမှန်သမျှကို မိတ်ဖွဲ့ကာ သူ၏လွှမ်းမိုးမှုနယ်ပယ်ကို ဖြန့်ကျက်ခဲ့သည်။

ထို့အပြင် ထောင်ချီသောအနားမရသည့်နေ့ညများအတွင်း မော့နှင့်ချင်မိသားစုတို့၏ခြေရာများကို စုံစမ်းရင်းအချိန်ကုန်ခဲ့ရကာ ရလဒ်အနေဖြင့် ထိုမိသားစုနှစ်ခု၏တရားမဝင်လုပ်ရပ်များကို တဖြည်းဖြည်းနှင့် အမြောက်အများတူးဖော်နိုင်ခဲ့ကာ ယဲ့မိသားစုသည်ပင် သူ၏မှန်ပြောင်းအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုမိသားစုသုံးခုထဲတွင် ချင်မိသားစုသည် ကိုင်တွယ်ရန်အခက်ခဲဆုံးဖြစ်လေသည်။ သူတို့ထံတွင် အောက်ခြေစည်းဟူ၍မရှိဘဲ ပြစ်မှုအားလုံးမှာ ဥပဒေကင်းမဲ့ကာ သူတို့ကိုအကြိမ်တစ်ထောင်မကဖျက်ဆီးပစ်ရန်အတွက်ပင် လုံလောက်နေသေးသည်။

သို့သော်လည်း ထပ်မံ၍ တာဝန်ရှိသူများထံ သူတို့ဆက်သထားသည့် လာဘ်ပေးလာဘ်ယူမှုများမှလည်း သူတို့အား သံတံတိုင်းသဖွယ် ကာကွယ်ပေးနိုင်နေသည်။

သို့ဖြစ်ရာ သူစိတ်ရှည်ရှည်ထား၍ သူ၏အစီအစဉ်ကို တစ်လှမ်းခြင်းစတင်ရပေလိမ့်မည်။

မုထျန်းဟန် သူ၏အမှောင်ဘက်ခြမ်းကို မထိန်းချုပ်နိုင်သည့်အချိန်သို့ ရောက်ချိန်တိုင်း မော့တိ၏အရိုးပြာအိုးဆီသို့ သွားလည်ကာ သူ၏အရူးလေးနှင့် စကားစမြည်ပြော၍ သူ့ကိုအချိန်အနည်းမျှ ထပ်မံတောင့်ခံပြီး စောင့်ဆိုင်းပေးရန်အတွက် တောင်းဆိုခဲ့လေသည်။

သို့သော်လည်း အေးစက်မှောင်မိုက်နေသည့်ပြာများမှာ မည်ကဲ့သို့ဖြေကြားနိုင်ပေမည်နည်း။

လိုင်သယ်စစ် မုထျန်းဟန်ဆီသို့ လာရောက်လည်ပတ်သည့်အချိန်တိုင်းလိုပင် သူဝိုင်တစ်ပုလင်းဆွဲကာ ရောက်လာတတ်ပြီး မုထျန်းဟန်ကို " စိတ်မြန်လက်မြန်မလုပ်ရန် " နှင့် " အကောင်းဘက်ကတွေးရန် " ကဲ့သို့သော အကြံများပေးတတ်သည်။

မော့တိကွယ်လွန်ပြီးနောက် ခုနစ်နှစ်မြောက် သူတို့နှစ်ဦးလုံး အသက်လေးဆယ်အတွင်းရောက်ရှိနေချိန်တွင် ပုံမှန်လိုပင် လိုင်သယ်စစ် ဝိုင်တစ်ပုလင်းဖြင့်ရောက်လာခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ခေါင်းမှာအောက်သို့စိုက်ကျနေကာ ယခင်အချိန်များကဲ့သို့ အကြံပေးခြင်းများမပြုလုပ်ဘဲ မျက်ရည်များဖြင့်သာ နစ်မြုပ်နေခဲ့သည်။

" ဘာဖြစ်လာလည်းပဲ ပြောချည်… ဒီအသက်ဒီအရွယ်ရောက်မှတော့ မင်းချစ်တဲ့တစ်ယောက်ယောက်သေသွားလို့ပဲဖြစ်ရမယ်…"

လိုင်သယ်စစ်၏ရွှေရောင်ဆံပင်များကြား ‌‌ငွေမှင်ရောင်ရောစွက်နေခဲ့သည်။ သူ၏မျက်လုံးများမှာ ငိုကြွေးခဲ့မှုကြောင့် နီမြန်းနေပြီး

" သူဆုံးပြီတဲ့.. သူဆုံးသွားပြီ .. ငါဒီလောက်နှစ်ပေါင်းများစွာ စိတ်ထဲရှိနေခဲ့ရတဲ့သူက အဲ့ဒီနှလုံးသားမရှိတဲ့ကောင်ကို သွားတွေ့တဲ့လမ်းမှာ ဆုံးပြီတဲ့…"

" မု.. ပြောစမ်းပါ ငါဘာလို့ဒီလောက်နောက်ကျမှ ဒါကိုသိခဲ့ရတာလဲကွာ…ဒီလောက်အချိန်တွေကြာမှ အဲ့ခွေးမသားက မော့မိသားစုက မော့စန်းကျစ်ဆိုတာသိခဲ့ရတယ်…အဲ့ကောင်က စုန့်ယွီကိုသူရဲ့မြွေလိုလျှာနဲ့ နှစ်ပေါင်းများစွာ လိမ်ထားပြီးတော့ သူတောင်မသိလိုက်ဘဲနဲ့ လျှို့ဝှက်ချစ်သူအဖြစ်တောင်ထားလိုက်သေးတယ်…သူ့လိင်စိတ်တိမ်းညွှတ်မှု ဒါမှမဟုတ် စုန့်ယွီက ယောင်္ကျားတစ်ယောက်ဖြစ်တယ်ဆိုတာကိုတောင် ဘယ်သူမှမပြောပြရဲခဲ့တဲ့ကောင်လေ… ချီးလိုပဲကွာ ငါသူ့ကိုသောက်ရမ်းကို သတ်ချင်နေတယ်…."

" အဲ့‌တိရစ္ဆာန်ကောင်က လူကောင်းလိုတောင် လုပ်နေသေးတယ်…စုန့်ယွီက သူ့ကိုတွေ့ဖို့လာရင်းနဲ့သေခဲ့ရတာတောင် အီးတောင်လှည့်မပေါက်ရဲခဲ့တာကိုများ…သူ့ကိုတရားဝင်နေရာမပြောနဲ့ သူ့ရဲ့လိင်အမျိုးအစားကို မပြောပေးခဲ့ဘူး… သူ့ကိုယ်သူကြ တစ်လောကလုံးရဲ့ သစ္စာရှိချစ်သူလိုလုပ်နေတာ.. ကောင်မလေးတွေအများကြီးကတောင် အဲ့အတွက်ကြွေကျနေကြပြီးတော့ အရူးတစ်သိုက်ဆို စုန့်ယွီကသူနဲ့တွဲခဲ့ရလို့ ကံကောင်းတယ်ဆိုပြီးပြောနေကြသေးတယ်… ဖီးး…သောက်ချီးလိုပဲ အဲ့လိုခွေးကောင်တွေက ငရဲပဲသွားသင့်တာ…"

လိုင်သယ်စစ် ငိုကြွေးကာ ဆဲဆိုနေသော်လည်း မုထျန်းဟန် သူ့ကို များစွာအာရုံစိုက်နေခြင်းမရှိပေ။ သူ၏လက်ထဲမှ အနက်ရောင်ပြာအိုးကိုသာ ကြည့်နေခဲ့သဖြင့် လိုင်သယ်စစ်လေတစ်ချက်တက်လိုက်ပြီးနောက် ပြောလာခဲ့သည်။

" မင်းလည်း ဒီလောက်နှစ်တွေအကြာကြီး ဒီပြာအိုးနဲ့ပဲအတူအိပ်အတူစားနေတာ မပင်ပန်းသေးဘူးလားကွာ.. ဟမ်..တော်သေးတာက ငါမင်းနဲ့ထမင်းလာလာစားပေးနေပြီး ဒါကြီးသယ်လာတာကို စိတ်ထဲမထားလို့ပေါ့…တခြားသူသာဆို သူတို့မင်းအရူးထနေတာကို အတင်းမပြောဘဲနေမယ်မထင်ဘူး…"

မုထျန်းဟန် ချိစ်ကိတ်တစ်ပိုင်းကို ပြာအိုးရှေ့သို့ချပေးလိုက်ကာ လိုင်သယ်စစ်ကိုပင် မကြည့်ဘဲ ပြောလိုက်သည် ။

" ပြောရဲတဲ့သတ္တိရှိနေတဲ့ ဘယ်သူမဆို ငါ့တည်ရှိမှုကိုသိအောင်လုပ်ပေးလိုက်မယ်လေ…"

" အို.. သူတို့ထုတ်မပြောရဲတောင် ခေါင်းထဲတော့ တွေးနေကြမှာပဲ…"

လိုင်သယ်စစ် ဝိုင်ပုလင်းကိုကိုင်ကာ သူ့အတွက် တစ်ခွက်ထပ်လောင်းထည့်လိုက်သည်။

ပြတင်းပေါက်မှ ကျဆင်းနေသည့် လိမ္မော်ရောင်ညနေဆည်းဆာမှာ မုထျန်းဟန်၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေခဲ့သည်။

‌မော့တိ၏အရိုးပြာအိုးကို ကြည့်ကာ မိန်းမောနေရင်းမှ လိုင်သယ်စစ်ကိုမေးလိုက်လေသည် ။

" မင်းမှာလည်း အဲ့ဒီစုန့်ရဲ့အရိုးပြာတွေသိမ်းထားဖို့ အခွင့်အရေးရှိမယ်ဆိုရင် ငါ့လိုပဲလုပ်မှာမဟုတ်ဘူးလား…"

" ငါ…" လိုင်သယ်စစ် တုန့်ဆိုင်းနေခဲ့ပြီးနောက် သူ၏မျက်ရည်များမှာ ပို၍ပင်သည်းထန်စွာ ကျဆင်းလာခဲ့သည်။

" ငါလည်းမသိတော့ဘူး … စုန့်ယွီကငါ့ကိုမသိဘူးဆိုတော့ သူ့ရဲ့အကြွင်းအကျန်တွေကိုသိမ်းထားမယ်ဆိုရင် သူပျော််မယ်မထင်ဘူး…"

" အမှန်ပဲ.. မင်းကငါ့လိုမဟုတ်ဘူး…"

မုထျန်းဟန် အသာအယာပြုံးလိုက်စဉ် သူ၏မျက်လုံးများမှာ နီမြန်းကာ အနည်းငယ်စိုစွတ်နေခဲ့သည်။

" ငါ့ရဲ့သူငယ်ချင်းလေးနဲ့ငါက ချစ်နေကြတာလေ…သူကငါ့ကိုချစ်တယ်လို့ပြောခဲ့တာဆိုတော့ သူ့ကိုငါနဲ့အ‌တူခေါ်သွားပြီးလည်ပတ်ပေးရင် သေချာပေါက်ပျော်နေမှာပဲ…ငါကမင်းနဲ့ကွာတယ်…"

" သောက်ပိုတွေလုပ်မနေနဲ့…"

လိုင်သယ်စစ် မုထျန်းဟန်၏လက်ထဲမှာ အရိုးပြာအိုးကို ကြည့်ကာ နှာမှုတ်လိုက်သည်။

" မင်းရဲ့သူငယ်ချင်းလေးကရူးနေတာလေ သူလား အချစ်ဆိုတာကိုသိမှာ… အိမ်မက်မက်နေတာ ရပ်လိုက်စမ်းပါကွာ.."

" အိုကေ အိုကေ အိုကေ ငါထပ်မပြောတော့ဘူး… မင်းနဲ့ မင်းသူငယ်ချင်းလေးတို့က ချစ်နေကြတာ ဟုတ်ပြီလား…"

မုထျန်းဟန်၏မျက်လုံးတွင်းမှ ဓားများပျံသန်းလာမတတ် စူးရှလာသည်ကို မြင်လိုက်ရသည့်အတွက် လိုင်သယ်စစ် သူ၏အသံကိုပြင်လိုက်ရကာ သူ၏မုတ်ဆိတ်များသို့ပင် စီးဆင်းသွားစေသည်အထိ သောက်နေလိုက်သည်။

" မင်းပြောတာမှန်တယ် မု..မင်းကငါ့ထက်ပိုကံကောင်းတာပဲ.. ဒါပေမယ့်လည်း ဘာဖြစ်လဲ.."

လိုင်သယ်စစ် ပြာအိုးကိုကြည့်လျက် ခါးသီးနေသောအပြုံးဖြင့်

" ဇာတ်သိမ်းကျ ငါတို့နှစ်ယောက်လုံးအတူတူပဲမဟုတ်ဘူးလား.."

" ငါတို့ကမတူဘူး…"

မုထျန်းဟန် သူ၏မျက်လုံးတွင်းမှ တောက်လောင်နေသောခံစားချက်များကို ဖိနှိပ်ကာ ဝိုင်ကိုတစ်ကျိုက်တည်းသောက်ချလိုက်သည်။



Xxxxx,,,