အပိုင်း ၁၄၆
Viewers 28k

Chapter 146



မော့တိ ကွယ်လွန်ပြီးနောက် တစ်ဆယ့်လေးနှစ်အကြာတွင် မော့နှင့်ချင်မိသားစုတို့၏သတင်းများ နိုင်ငံတစ်ဝိုက်တွင်ပေါ်ထွက်လာကာ တဖြည်းဖြည်းနှင့် တစ်ကမ္ဘာလုံးအထိပင် အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားခဲ့သည်။ သူတို့၏သတင်းများကို ကမ္ဘာ့တိုက်ကြီးများ၏အဓိကသတင်းဌာနတိုင်းတွင် နေ့စဉ်နေ့တိုင်းလိုလို ထုတ်လွှင့်နေကြသည်။

ထိုမျှသာမက ချင်၊ယဲ့နှင့်မော့မိသားစုတို့၏ဥပဒေအထက်မှလုပ်ရပ်များသည်လည်း ခိုင်မာသောသက်သေအထောက်အထားများနှင့်အတူ ဖော်ထုတ်ခံလိုက်ရကာ ဟွာရှား၏သတင်းတိုင်းတွင် သူတို့၏အကြောင်းများပါဝင်နေကြသည်။

ထိုအခြေအနေမှာ ကမ္ဘာတစ်ဝှမ်းလုံးကိုပင် ပျံ့နှံ့စေခဲ့သည်။

အဆုံး၌ ချင်မိသားစုသည် ကမ္ဘာ့ထိပ်သီးအင်အားသုံးခုထဲမှ တစ်ခုဖြစ်ပြီး ချင်ချန်းယီမှာ မုထျန်းဟန်ကဲ့သို့သော လူအိုကြီးမှ ထိပ်ဆုံးနေရာကိုသာ မရပ်မနားဆုတ်ကိုင်မထားပါက သူသည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးလူပုဂ္ဂိုလ်ပင်ဖြစ်နေပေလိမ့်မည်။

မော့မိသားစုအတွက်မှာမူ သူတို့သည်ဟွာရှား၏ဂုဏ်သိက္ခာအရှိဆုံး ထိပ်သီးမိသားစုတစ်စုဖြစ်ပြီး အခြားသူများမှ အနားပင်မကပ်နိုင်ခဲ့ကြပေ။ ထို့ထက်ပိုသည်မှာ ချင်ချန်းယီ၏အသည်းအသက်လေးလည်းဖြစ်ပြီး မော့မိသားစု၏အကြီးဆုံးမမလေးလည်းဖြစ်သော မော့လျှိုကွေ့မှာ ကမ္ဘာကျော်မင်းသမီးတစ်လက်ဖြစ်ပြီး ဟွာရှား၏နိုင်ငံ့ရတနာဟုပင် မှတ်ယူနိုင်သူဖြစ်လေသည်။

မော့လျှိုကွေ့မှာ အသက်လေးဆယ်မျှရှိနေသော်လည်း ငယ်ရွယ်စဉ်အချိန်များကဲ့သို့ပင် လှပနေသေးသည်။ သူမမှာ နိုင်ငံ၏ရတနာတစ်ပါးဖြစ်ရုံသာမက ကမ္ဘာ့စံနှုန်းအဆင့်တွင်လည်း ထိပ်ဆုံးမှလူတစ်ယောက်‌ဖြစ်လေသည်။ သူမ၏အလှနှင့်ကြင်နာတတ်ခြင်းတို့ကြောင့် မော့လျှိုကွေ့မှာ လူတိုင်းသူမကိုချစ်ခင်စေနိုင်သူဖြစ်သည်။

သို့သော်လည်း ယခုအချိန်၌ ချင်မိသားစု၏တရားဥပဒေမဲ့လုပ်ရပ်များပေါ်ပေါက်လာသည့်အပြင် မော့မိသားစု၏မရိုးဖြောင့်သောဇာတ်လမ်းများပေါ်လာသည့်အချိန်တွင် မော့လျှိုကွေ့မှာ ထိကိုင်၍မရနိုင်သူမဟုတ်တော့ပေ။ သူမ၏ဂိမ်းကုမ္ပဏီမှာ စစ်ဆေးခံနေရကာ အခွန်ရှောင်ခြင်းနှင့်အချို့သောမသမာသည့်လုပ်ရပ်များကို ဖော်ထုတ်ခံလိုက်ရလေသည်။

ထိုကဲ့သို့ ထုတ်ဖော်ခံရမှုများကြောင့် ကျယ်ပြန့်သောအကျိုးသက်ရောက်မှုများဖြစ်ပွားစေပြီး ချင်နှင့်မော့မိသားစုသာမက လူမသိသူမသိနေထိုင်လေ့ရှိသော ယဲ့မိသားစုကိုပင် ရိုက်ခတ်ခံလိုက်ရသည်။

သက်သေများမှာ အလွန်ခိုင်မာပြီး ဥပဒေအား လက်တစ်လုံးခြားလှည့်ဖြားထားခြင်းမျိုးမရှိပေ။ အကယ်၍သာ ထိုသူများမှာ ကြီးသည့်အမှုကို ငယ်အောင်၊ ငယ်သည့်အမှုကို ပပျောက်အောင်လုပ်ဆောင်ခဲ့ပါက လူထု၏အမြင်တွင် တရားဥပဒေဟူသည်မှာ ပြက်လုံးသဖွယ်ဖြစ်သွားပေလိမ့်မည်မဟုတ်ပါ၏လော။

သို့သော်လည်း လုပ်ဆောင်ရသည့်လုပ်ငန်းဆောင်တာမှာမူ မလွယ်ကူလှပေ။ သက်သေအားလုံးကို အချိန်အတော်ကြာကပင် စုဆောင်းထားခဲ့ပြီးဖြစ်သော်လည်း အချိန်မတန်သေးချေ။ သူ အထက်ပိုင်းသို့ မထိုးဖောက်နိုင်သေးသည့်အပြင် ယုံကြည်ရမည့် လက်အောက်ငယ်အား သို့မဟုတ် အစုအဝေးလည်းမရှိသေးသည်ဖြစ်ရာ မုထျန်းဟန် အံကိုကြိတ်လျက် သက်သေများကိုဆုပ်ကိုင်ထားရုံသာ တတ်နိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူ၏စောင့်ဆိုင်းမှုနှင့်ဆယ်စုနှစ်ကျော်ကြာအထိ အားထုတ်ထားရမှုတို့မှာ အချည်းနှီးမဖြစ်ခဲ့ပေ။ အချိန်ကျလာသည့်အချိန်တွင် မုထျန်းဟန် ဟွာရှား၌ အဆန်းသစ်‌ဆုံးသော နည်းပညာမြင့်တစ်ရပ်ကို မိတ်ဆက်ခဲ့ပြီး အလွန်လျှင်မြန်စွာဖြင့် အမှာစာများတန်းစီနေခဲ့သည်။

ထို့အပြင် အစိုးရမှလည်း အမှုကို အမြန်ဆုံးပိတ်သိမ်းနိုင်ရန် ကတိပေးခဲ့သည်။ သူတို့သည်လည်း ချင်မိသားစု၏ဥပဒေအပေါ်မှ လုပ်ရပ်များကိုစိတ်ကုန်နေပြီး ချင်မိသားစုကို ဖြုတ်ချနိုင်သည့်အခွင့်အရေးမရသေးသောကြောင့်သာ သည်းခံနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ မုထျန်းဟန်နှင့်ပူးပေါင်းခြင်းမှာ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ခဲ့ပြီး လူများအတွက် ကောင်းသောအရာများကို လုပ်ဆောင်ပေးနိုင်မည်။

ဤသို့ဖြင့် အစိုးရ၏ပူးပေါင်းပါဝင်မှုနှင့်အတူ အမှုကို စတင်ပြန့်နှံ့သည့်အချိန်မှနေ၍ တစ်လခွဲခန့်အကြာတွင် ပိတ်သိမ်းနိုင်ခဲ့လေသည်။

ချင်ချန်းယီနှင့်သူ၏ရင်းနှီးသောလက်အောက်ငယ်သားများအားလုံး အဖမ်းခံလိုက်ရပြီး သူ၏စည်းစိမ်ဥစ္စာများကို အစိုးရပိုင်အဖြစ်သိမ်းခံလိုက်ရကာ ကြီးမားသောခွဲတမ်းမှာ မုထျန်းဟန်ကုမ္ပဏီ၏လက်အောက်သို့ရောက်ရှိသွားခဲ့သည်။

ယဲ့မိသားစုတွင်မူ မော့လျှိုကွေ့ကိုအမြဲလိုကာကွယ်တတ်ပြီး သူမ၏ခင်ပွန်းနေရာသို့ ရယူချင်နေမိသည့် မိသားစုခေါင်းဆောင်ယဲ့ချန်းဖုန်မှာ အခွန်ရှောင်ခြင်းနှင့် စာရွက်စာတမ်းအတုလုပ်မှုများအတွက် အဖမ်းခံလိုက်ရလေသည်။ မော့မိသားစုမှာမူ အဓိကခံရသူများဖြစ်ကြလေသည်။

မော့တိကို အရူးထောင်သို့ပို့ခဲ့သူများအပြင် အထူးသဖြင့် နှိပ်စက်ညှင်းပန်းခဲ့ကြသည့် မော့ဝုဟန်နှင့်မော့စစ်လန်တို့မှာ ဇာတ်သိမ်းကောင်းမရရှိခဲ့‌ကြချေ။ မော့မိသားစုကြီးတစ်ခုလုံးသည်လည်း အထက်တန်းစားဘဝမှ ကျဆင်းသွားရလေသည်။

အဆုံး၌ မော့လျှိုကွေ့၏ဂိမ်းကုမ္ပဏီသည်လည်း မော့တိကို အရူးထောင်သို့အတင်းအကြပ်ပို့ဆောင်ခဲ့သည့်အချက်ကို ဖော်ထုတ်ခံလိုက်ရသည်။ ထိုအချက်နှင့်အချို့သောအရာများကြောင့် ရှယ်ယာများအလွန်အမင်းကျဆင်းခဲ့ရကာ ရလဒ်အနေဖြင့် မုထျန်းဟန်၏ဝယ်ယူခြင်းကိုခံလိုက်ရသည်။

အသက်လေးဆယ်သို့ရောက်နေသော်လည်း အပြစ်ကင်းဖြူစင်သောမိန်းမငယ်လေးအဖြစ်ရှိနေသည့် မော့လျှိုကွေ့မှာ ညတွင်းချင်း အိုမင်းသွားခဲ့ရလေသည်။

မည်သို့ပင်ဖြစ်စေ မော့လျှိုကွေ့မှာ တစ်ကမ္ဘာလုံး၏အချစ်တော်လေးဖြစ်နေသည်။ ချင်ချန်းယီ၊ ယဲ့ချန်းဖုန်နှင့်မော့မိသားစုတို့ ထောင်တွင်းရောက်နေလျှင်ပင် သူမအပေါ်သက်ရောက်ခြင်းမရှိခဲ့ချေ။ သူမ၏ပရိသတ်များမှာ ဆက်လက်ထောက်ခံနေကြဆဲဖြစ်ပြီး ဇာတ်ကောင်နေရာများကိုလည်း ကမ်းလှမ်းခံနေရဆဲပင်။

သို့သော်လည်း မုထျန်းဟန် သူမကို အဘယ့်အတွက်ကြောင့် လွှတ်ပေးရမည်နည်း။

ဆယ်နှစ်ကျော်မျှ ခက်ခဲကြမ်းတမ်းစွာ ရှာဖွေခဲ့ရပြီးနောက်တွင် မုထျန်းဟန် သူမ၏အလွန်အမင်းကြာပန်းဖြူယောင်ဆောင်တတ်သည့် အကျင့်စရိုက်ကို ရှင်းရှင်းလင်းလင်းသိနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူမအပေါ်ညှာတာပေးချင်သည့်စိတ်ဟူ၍ တစိုးတစိပင်မရှိနေခဲ့ပေ။

မုထျန်းဟန် သူမအတွက် ယုတ်မာသောအစီအစဉ်တစ်ခုရှိနေခဲ့သည်။

မော့လျှိုကွေ့ကို မတော်တဆအပြစ်ပြုမိခဲ့သည့် အမျိုးသမီးကြယ်ပွင့်တစ်‌ယောက်ရှိခဲ့ပြီး ထို့အတွက်ကြောင့် ချင်ချန်းယီမှ သူ၏လက်အောက်ငယ်သားများကိုလွှတ်ကာ သူမအား အုပ်စုဖွဲ့မုဒိမ်းကျင့်စေခဲ့သည်။

ထိုအမျိုးသမီးကြယ်ပွင့်မှာ လုံးလုံးပင် ပြိုကွဲပျက်စီးသွားကာ အဆုံး၌ သတ်သေသွားခဲ့လေသည်။ သူမ၏အစော်ကားခံရမှုနှင့်သေဆုံးမှုအပြီးတွင် ဖခင်ဖြစ်သူများ အနည်းငယ်စိတ်နောက်သွားခဲ့ရသည်။ တစ်ခါတစ်ရံတွင် သူသည်လူကောင်းအတိုင်းဖြစ်နေသော်လည်း တစ်ခါတစ်ရံတွင်မူ စိတ်လွတ်သွားတတ်လေသည်။

သို့သော်လည်း မည်သူကမှ သတိမပြုမိပါဘဲနှင့် သူက ပုံမှန်ဘဝတွင် နေထိုင်နိုင်ခဲ့လေသည်။

ချင်ချန်းယီ၏ပြစ်မှုများဖော်ထုတ်ခံလိုက်ရပြီး ထိုအကြောင်းမှာ တစ်နိုင်ငံလုံးကို ပျံ့နှံသွားချိန်တွင် သူသည်လည်း ထိုအကြောင်းကို မြင်သွားခဲ့ကာ ထပ်မံ၍ စိတ်လွတ်သွားခဲ့သည်။

ဤသို့ဖြင့် ထိုသူ၏ရူးသွပ်မှုအကြောင်းကို ရှာဖွေတွေ့ရှိသွားပြီးနောက်တွင် အသုံးချရန် မုထျန်းဟန်ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ထိုသူကို မော့လျှိုကွေ့ ရသစုံရှိုးရိုက်ကူးနေသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုနေရာတွင် မော့လျှိုကွေ့မှာ သူမအပြစ်ကင်းကာသနားစဖွယ်ဇာတ်ရုပ်ကို သရုပ်ဆောင်ရန်ပြင်ဆင်နေစဉ်မှာပင် ရိုက်ကွင်းထဲသို့ တစ်နည်းတစ်ဖုံဖြင့် ရောက်လာခဲ့သော အရူးတစ်ယောက်၏တိုက်ခိုက်မှုကို ခံလိုက်ရသည်။

သူမ၏ဗိုက်ကို ဓားထိုးခံလိုက်ရပြီး မျက်လုံးများကန်းသွားခဲ့ရကာ သူမ၏မျက်နှာလည်း ပျက်စီးသွားခဲ့သည်။

သူ့သမီးအုပ်စုဖွဲ့အနိုင်ကျင့်ခံရသည့်ထိုနှစ်မှာပင် သူမ၏မျက်နှာလည်းပျက်စီးသွားခဲ့ရလေရာ ထိုသူအတွက်မူ ရူးနေသည်ဖြစ်စေ ကောင်းနေသည်ဖြစ်စေ မော့လျှိုကွေ့ကို မေ့သွားမည်မဟုတ်ပေ။

မော့လျှိုကွေ့ မျက်နှာဖျက်စီးခံလိုက်ရပြီး ကျောက်ကပ်ကိုဓားထိုးခံထားရကာ မျက်လုံးများလည်း ကန်းသွားခဲ့သည်။ သူမအော်ဟစ်ညည်းညူလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဆေးရုံသို့ပို့ဆောင်ခံလိုက်ရသည်။

ကံမကောင်းစွာဖြင့် မည်သို့ပင် ဆေးရုံမှ ဆရာဝန်များ၏ဆေးပညာမှာကောင်းမွန်နေပါစေ သူမ၏မျက်နှာနှင့် မိချောင်းမျက်ရည်သာကျပြတတ်သည့် မျက်လုံးများကိုမူ အကောင်းပကတိအတိုင်း ပြန်လည်ရရှိအောင် လုပ်ဆောင်ကြမည်မဟုတ်ပေ။

‌မော့မိသားစုမှာ ကျဆင်းသွားရသော်လည်း ပညာရေးတွင် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်နေသေးသော မော့အာ့ချမ်၏ကာကွယ်မှုဖြင့် မော့လျှိုကွေ့ကို အကောင်းဆုံးသောကုသမှုများလုပ်ဆောင်ပေးခြင်းမှာ လွယ်ကူသောတာဝန်ဖြစ်နေသေးသည်။

ခြောက်လကျော်ကုသမှုအပြီးတွင် မျက်လုံးကန်းနေခြင်း၊ မျက်နှာပျက်စီးနေမှုနှင့် အားနည်းနေသောကျောက်ကပ်တစ်ခုမှလွဲ၍ မော့လျှိုကွေ့၏ကျန်းမာရေးမှာ သက်သာလာနေပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူမ၏အားနည်းသည့်ကျောက်ကပ်မှာ တဖြည်းဖြည်းနှင့် နာတာရှည်ကျောက်ကပ်ရောဂါအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

မော့မိသားစုတွင် ကျန်ရစ်ခဲ့သူများမှာ မော့အာ့ချမ်၊မော့စန်းကျစ်၊ ဝမ်းကွဲအဒေါ်နှစ်ဦးတို့အပြင် မော့လျှိုကွေ့၏အမေနှင့်အသက်ဆယ့်‌ခြောက်ဆယ့်ခုနစ်မျှသာရှိသေးသောသမီးတို့သာ ဖြစ်လေသည်။

မော့မိသားစုတွင်းမှ ယောင်္ကျားသားများမှာမူ သူတို့ထဲမှမည်သူကမျှ သူတို့၏နွေဦးကို မရရှိခဲ့ကြပေ။

အဆုံး၌ သူတို့ထဲမှ လမ်းခွဲခဲ့ကြရသူများနှင့် တစ်ဦးတည်းဖြစ်နေသူများမှာ ပြောရန်ပင်မလိုအောင် လိင်တူချစ်သူများဖြစ်ကြသည်။ လက်ရှိတွင် မိသားစုရှိသူမှာ အမျိုးသမီးနာမည်ကျော်တစ်ဦးနှင့်အိပ်မိခဲ့ပြီး မတော်တဆကလေးရသွားသဖြင့် ခြိမ်းခြောက်ကာ လက်ထပ်လိုက်ရသော မော့ဝုဟန်သာဖြစ်ပြီး မော့မိသားစုကျဆင်းသွားအပြီးတွင် ထိုအမျိုးသမီးကြယ်ပွင့်မှာ ကလေးကိုဖျက်ချကာ ထွက်ပြေးသွားခဲ့သည်။

သို့ဖြစ်ရာ မော့လျှိုကွေ့၏ကျောက်ကပ်နှင့်တူညီသူဟူ၍ များများစားစားမကျန်ရစ်တော့ပေ။

အဆုံး၌ မော့လျှိုကွေ့၏အဖိုးတန်သမီးလေးနှင့် မော့စန်းကျစ်တို့သည်သာ သင့်တော်သောအလှုရှင်များဖြစ်ခဲ့ကြသည်။ သို့သော်လည်း မော့လျှိုကွေ့၏သမီးမှာမူ သူမ၏မိခင်ကဲ့သို့ပင် မိသားစု၏ရတနာလေးဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက သင်ပြခံထားရခြင်း သို့မဟုတ် သွေးတည်းကပင်ပါလာသည့်အရာကြောင့် သူမ၏အကျင့်စရိုက်မှာ မိခင်ကဲ့သို့ပင် တစ်ပုံစံတည်းဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမ၏ရိုးသားကာ အလွန်ကြင်နာတတ်စွာဖြင့် သူမ၏မိခင်ဖြစ်သူကို မည်မျှပင်ကယ်တင်ချင်သော်လည်း မျိုးစုံသောအကြောင်းပြချက်တို့ကြောင့် မလုပ်နိုင်ခဲ့ကြောင်း ပြောအပြီးတွင် အဆုံး၌ ကျောက်ကပ်လှုဒါန်းရန်မှာ မော့စန်းကျစ်ဆီသို့သာ ကျရောက်လာခဲ့သည်။

သို့သော်လည်း လက်ရှိ မော့စန်းကျစ်မှာ ယခင်အချိန်ကကဲ့သို့ ညီမလေးတစ်ဦးသာ နှလုံးသားထဲတွင် ထည့်ထားသည့်အစ်ကိုကြီး တစ်ဦးဖြစ်နေသေးသည်လော…

၎င်းမှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ယခုအချိန်တွင်မူ သူ၏ဂုဏ်ယူရသောအချိန်များမရှိတော့ပေ။ အသက်ငါးဆယ်အရွယ်၌ သူ၏မိသားစုမှာပျက်စီးသွားခဲ့ရသည်။ သူ၏သူတော်ကောင်းပုံရိပ်မှာလည်း ပျက်စီးသွားရကာ တစ်စုံတစ်ယောက်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သောကြောင့် မည်သူကမှလည်း သူ့ကို မငှားရမ်းကြချေ။

သူသည် မိသားစုမရှိ၊မိန်းမမရှိ၊ ကလေးမရှိသောလူအိုကြီးတစ်ယောက်သာ ဖြစ်နေပေရာ ယခုအချိန်၌ သူ၏ကျောက်ကပ်ကို မည်သို့အထုတ်ခံချင်ပါမည်နည်း။

အတိတ်အချိန်များတွင် သူ၏စတေးခံဆိတ်ငယ်ကဲ့သို့သောနေရာကိုယူရန် အမြဲလိုတစ်စုံတစ်ဦးရှိနေခဲ့သည်။ သို့သော်လည်း မော့တိမှာသေဆုံးသွားပြီး သူ၏ခယ်မဖြစ်သူ ဝမ်ရူယာလည်းမရှိတော့ပေရာ သူ၏ရာထူး၊အာဏာနှင့် ငွေကြေးတို့လည်း မရှိတော့ပြီဖြစ်သည်။ သူဆက်လက်၍ အစ်ကိုကောင်းအဖြစ်နေရန် မတတ်နိုင်တော့ချေ။


သူမလှုချင်သော်လည်း ထုတ်ပြောရန်အတွက် သတ္တိမရှိခဲ့ပေ။ ထို့ကြောင့် ဆုံးဖြတ်ချက်ချပြီးနောက်တွင် သူထွက်ပြေးရန်ကြံစည်ခဲ့သည်။ သို့သော်လည်း ကြိုတင်သိနေပြီးဖြစ်သော မော့အာ့ချမ်မှ မေ့ဆေးဖြင့်ထိုးကာ ဆေးရုံကုတင်ပေါ်သို့တိုက်ရိုက်ပို့ဆောင်လိုက်ကာ ကျောက်ကပ်ကိုထုတ်၍ မော့လျှိုကွေ့ကိုပေးလိုက်သည်။

ကံမကောင်းစွာဖြင့် ခွဲစိတ်နေစဉ်အတွင်း မတော်တဆမှုတစ်ခုဖြစ်ခဲ့လေရာ မော့လျှိုကွေ့မှာ ကျောက်ကပ်အသစ်ကို အောင်အောင်မြင်မြင်ပေါင်းစည်းနိုင်ခဲ့သော်လည်း မော့စန်းကျစ်မှာမူ ခွဲခန်းကုတင်ပေါ်မှ မထနိုင်ခဲ့ပေ။

ထို့အတွက်ကြောင့် မော့ဒုတိယအဒေါ်မှာ လုံးလုံးပင် ရူးသွပ်သွားခဲ့သည်။

သူမတွင် သားသုံးယောက်သာရှိသော်လည်း အငယ်ဆုံးမှာ ထောင်ကျသွားရပြီး အကြီးဆုံးသားမှာမူ သူ၏ညီငယ်ကိုဖိအားပေးကာ ကျောက်ကပ်ထုတ်ယူ၍ မော့လျှိုကွေ့ကိုပေးခဲ့ခြင်းကြောင့် သူမ၏ဒုတိယသားဖြစ်သူသေဆုံးခဲ့ရသည်။

ဒုတိယအဒေါ်၏အမုန်းတရားများမှာ ပွင့်ထွက်လာခဲ့လေပြီ။ သူမအကြီးဆုံးသား၏ရှင်းရှင်းလင်းလင်းမတွေးတောနိုင်မှုအပေါ် မုန်းမိခဲ့သော်လည်း သူမအမုန်းဆုံးလူမှာ မော့လျှိုကွေ့သာဖြစ်သည်။

မော့လျှိုကွေ့အတွက်သာ မဟုတ်ပါလျှင် သူတို့၏ကြွင်းကျန်ရစ်သော အနည်းငယ်မျှသည့်ပိုက်‌ဆံမှာလုံးလုံး ကုန်ဆုံးသွားမည်မဟုတ်ချေ။ သူတို့သူမကို ကျောက်ကပ်တစ်လုံးဝယ်ပေးလိုက်နိုင်ပြီး သားအငယ်ဆုံးမှာ ထောင်နန်းစံရမည်မဟုတ်သလို ဒုတိယသားသည်လည်း သေဆုံးရမည်မဟုတ်ပေ။

သို့သော်လည်း ထိုလှည့်ဖြားတတ်သော တစ္ဆေမမှာမူ ဟန်ဆောင်ကာ ငိုကြွေးပြနေသေးသည်။

မော့စန်းကျစ်၏အသုဘအပြီးတွင် ဒုတိယအဒေါ်မှာ သူမ၏အမုန်းတရားအားလုံးကိုစုစည်းလိုက်ပြီး နီမြန်း‌နေသည့်မျက်လုံးများဖြင့် အံတင်းတင်းကြိတ်ကာ မော့လျှိုကွေ့၏အခန်းကို မီးရှို့လိုက်ပြီး မတော်တဆသဖွယ်ဖန်တီးကာ သူမ၏သားအတွက် လက်စားချေရန်ဆုံးဖြတ်ခဲ့သည်။

ကံမကောင်းစွာဖြင့် မီးမှာ ထိန်းချုပ်မရနိုင်ခဲ့ပေ။

မီးတောက်များမှာ မော့မိသားစုကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားခဲ့ပြီး မော့မိသားစုမှ ဝမ်းကွဲအဒေါ်တစ်ဦးနှင့် မျက်နှာကိုမီးလောင်သွားခဲ့သော မော့လျှိုကွေ့၏သမီးဖြစ်သူတို့မှလွဲ၍ မော့မိသားစုအမွေခံဟူ၍ မကျန်ရစ်ခဲ့ချေ။

ကြီးမားသော မီးမှာ သတင်းထဲတွင် မတော်တဆမှုအဖြစ်သာ ဖော်ပြခံခဲ့ရသည်။

သို့သော်လည်း မုထျန်းဟန် တစ်ဦးတည်းသည်သာ အဖြစ်မှန်ကိုသိလေသည်။ မီးမှာ ဒုတိယအဒေါ်၏ခက်ခက်ခဲခဲကြိုးစားမှုကြောင့်မဟုတ်ဘဲ သူ၏သေးငယ်သောကူညီမှုကြောင့်လည်းပါဝင်နေသေးသည်။

မော့တိခံစားခဲ့ရသမျှ၏ တစ်ပုံကိုပင် မမှီသောသူတို့၏ဝဠ်လည်ခြင်းကို မကျေနပ်ခဲ့သော်လည်း သူပြောင်မြောက်စွာလက်စားချေနိုင်ခဲ့သည်ဟုဆိုရပေမည်။

သူ၏လက်စားချေမှုအပြီးတွင် မုထျန်းဟန် အမေရိကားသို့ပြန်သွားခဲ့သည်။

သူနှင့်မော့တိတို့အတူနေထိုင်ခဲ့သောဗီလာတွင် တစ်နှစ်နေထိုင်ခဲ့ပြီး မော့တိနှစ်သက်သောပန်းများစိုက်ပျိုးကာ မော့တိစားတတ်သောကိတ်များဖုတ်လျက် မော့တိလိုက်ဖမ်းလေ့ရှိသောပိုးစုန်းကြူးများကို ဖမ်း၍ နေထိုင်ခဲ့လေသည်။

ထို့နောက် မုထျန်းဟန် ပရဟိတအဖွဲ့များစွာကို တည်ထောင်ခဲ့ပြီး မေ့ာတိ၏နာမည်အောက်တွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဆေးရုံများ၊ကျောင်းများနှင့် ပရဟိတအဖွဲ့များစွာကို လှုဒါန်းခဲ့သည်။

ကူညီမှုကိုလက်ခံရရှိသူများ၏ နှလုံးသားထဲမှ မော့တိအတွက်ဆုတောင်းပေးမှုများမှလွဲ၍ မည်သည့်အရာကိုမှ မုထျန်းဟန်ပြန်လည်ရယူရန် မျှော်လင့်မထားခဲ့ပေ။ သို့မှသာ နောင်ဘဝတွင် မော့တိ ငြိမ်းငြိမ်းချမ်းချမ်း ကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နိုင်မည်ဖြစ်သည်။

လူအများမှာမူ မုထျန်းဟန်၏တောင်းဆိုမှုကို နားမလည်ခဲ့ကြကာ သူ့ကိုအလွန်ထူးဆန်းသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း သူ၏အကူအညီကိုရယူခဲ့ရသူတိုင်းက သူ့အတွက်ဆုတောင်းပေးနေကြဆဲပင်။

မုထျန်းဟန် ဤကမ္ဘာပေါ်မှထွက်ခွာရတော့မည်ဟု ထင်နေမိသည့် ထိုနေ့တွင် သူ၏တူကိုခေါ်ကာ သေတမ်းစာကိုပေးလိုက်သည်။ သေတမ်းစာထဲတွင် သူ့အတွက် စည်းစိမ်များထဲမှ ဝေစုချန်ထားပေးကာ ကျန်သည့်အရာအားလုံးကို မော့တိနာမည်နှင့်ပရဟိတဆီသို့ လွှဲပြောင်းပေးခဲ့ပြီး မုထျန်းဟန်ကွယ်လွန်သွားပြီးနောက်တွင် ဆက်လက်ကွပ်ကဲရန်မှာကြားခဲ့သည်။

အရေးကြီးဆုံးအချက်မှာမူ သူ၏အရိုးပြာများကို မော့တိ၏ပြာအိုးထဲတွင်အတူထားကာ သူတို့နှစ်ဦးထာဝရအတူရှိစေရန်ဖြစ်သည်။

အဆုံး၌ မုထျန်းဟန် အသက်ခုနစ်ဆယ့်တစ်နှစ်အရွယ်တွင် သေဆုံးခဲ့သည်။

ထိုနေ့မှာ သူမော့တိကိုရှာတွေ့ခဲ့သည့် လွန်ခဲ့သောအနှစ်သုံးဆယ်မှရက်နှင့် တစ်ရက်တည်းဖြစ်လေသည်။


Xxxxxx