အပိုင်း၁၄၇
Viewers 28k

Chapter 147



" ကိုကို ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားလာတယ်ဆိုတာကို ယုံကြည်လား…"

" အဲ့ဒီလူတစ်ယောက်က မွေးကထဲက မိသားစုရဲ့ရွံရှာမုန်းတီးခြင်းကိုခံရပြီးတော့ ဘဝတစ်လျှောက်လုံး အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတယ်ဆိုတာကို ယုံကြည်လား… နောက်ဆုံး သူအရွယ်ရောက်လာပြီးတော့ အိမ်ကထွက်လာခဲ့တာတောင် သူရဲ့အစ်မကသူ့ကိုဆွဲရင်း လဲကျသွားတာလေးကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုအပို့ခံခဲ့ရတယ်ဆိုတာ ယုံလား…"

" ကိုကိုသိလား အဲ့လူကလေ စိတ်ကျန်းမာရေးဆေးရုံရောက်သွားတာတောင် အရိုက်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်၊ နှိပ်စက်ညှင်းပန်းခံရတယ်၊ လျှပ်စစ်ရှော့တိုက်ခံရတယ်၊ ဆေးတွေလည်း ထိုးသွင်းခံရပြီးတော့ ကြမ်းတမ်းတဲ့အရူးတွေနဲ့အတူ အပိတ်ခံထားရသေးတာ…နှိပ်စက်ခြင်းက နေ့စဉ်နေ့တိုင်းဖြစ်ပျက်နေပြီးတော့ နောက်ဆုံးတစ်နေ့မှာ အရူးတစ်ယောက်ဆီက‌ သူအသတ်ခံလိုက်ရတဲ့အထိပဲ…‌သူ့ရဲ့နောက်ဆုံးအချိန်မှာတောင်မှ သူကလူမဟုတ်သလိုမျိုး ထပ်ခါတလဲလဲ နင်းခြေခံခဲ့ရသေးတယ်…"

" အဲ့ဒါနဲ့ပဲ သူကပြန်လည်မွေးဖွားလာပြီးတော့ လက်စားချေချင်တယ်တဲ့ ကိုကိုရဲ့…"

" ကိုကိုသိရဲ့လား…"

" ကိုကိုယုံနိုင်လား…"

မော့တိ၏ စကားတစ်ခွန်းစီတိုင်း တစ်ကြောင်းဆီတိုင်းက မုထျန်းဟန်၏နှလုံးသားထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားစေခဲ့သည်။

အစပိုင်းမှ တုန်လှုပ်မှုအပြီးတွင် သူ့ထံ၌ သံသယဟူ၍ မရှိတော့ဘဲ အသက်ရှုပင်ကြပ်လာသည်အထိ နာကျင်မှုနှင့် ဒေါသသာ ကျန်ရစ်ခဲ့လေသည်။

ထို့အတူ တစ်စုံတစ်ခုလည်း တည်ရှိနေသည်။ သူနှင့်ရင်းနှီးကျွမ်းဝင်သော်လည်း သူ၏နှလုံးသားထဲတွင် မေ့လျော့ခံနေရသော တစ်စုံတစ်ခုရှိနေပြီး သူ့ကို နာကျင်ကိုက်ခဲနေကာ မျက်ရည်များ ကျဆင်းစေသည်။

" သေချာပေါက် ကိုကိုမင်းကိုယုံပါတယ်…"

မုထျန်းဟန် မော့တိကိုကြည့်ကာ ဆွဲခေါ်လိုက်ပြီး သူ၏‌လက်မောင်းများကြားတွင် တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။

" မင်းဆီကထွက်လာတဲ့စကားတွေ ဖြစ်နေသရွေ့ ကိုယ်ယုံကြည်နေမှာပါ…"

မော့တိ၏မျက်လုံးများ နီမြန်းသွားခဲ့သည်။ သူအလျင်အမြန် မျက်ရည်များကို သုတ်ပစ်လိုက်သော်ငြား ၎င်းတို့စီးဆင်းနေခြင်းမှာ ရပ်တန့်မသွားခဲ့ပေ။

အတွင်းနက်နက်ရှိုင်းရှိုင်းထဲတွင် မုထျန်းဟန် ဝမ်းနည်းပူဆွေးမှုများနှင့်ပြည့်နှက်နေသည့်အပြင် ရင်းနှီးသောဗလာဖြစ်နေမှုတစ်ခုလည်း ပါဝင်နေသည်။ ၎င်းမှာ သူ့အတွက်အလွန်အင်မတန်အရေးပါသော အရာတစ်ခုကို မေ့ပျောက်နေမိသည့် ခံစားချက်မျိုးလိုပင်။

" မင်းပြောခဲ့တာ… အဲ့ဒါတွေက မင်းဆီမှာ ဖြစ်ပျက်ခဲ့တာတွေပေါ့…"

လိမ္မော်ရောင် နေဝင်ဆည်းဆာရောင်ခြည်မှာ မုထျန်းဟန်၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေကာ အနီရင့်ရင့်အရောင်ကဲ့သို့ပင် ဖြစ်နေလေသည်။

" ဟုတ်ကဲ့…"

မော့တိ ခေါင်းကိုမော့ကာ ပြတ်ပြတ်သားသားပြန်ဖြေလိုက်သည်။

" အဲ့‌ဒါကြောင့်ပဲ မော့၊ချင်နဲ့ယဲ့မိသားစုက ဘယ်သူဖြစ်ဖြစ် ကျွန်တော့်ဆီမှာ သူတို့နဲ့ပတ်သက်တဲ့မျက်နှာသာပေးမှုဆိုတာ မရှိတာပဲ… ကျွန်တော် သူတို့ကို ကျွန်တော်ခံစားခဲ့ရတာတွေရဲ့ အကြိမ်တစ်ရာမကကို ပြန်ပေးပစ်ချင်တာ…ကိုကို ကျွန်တော်က ကြောက်ဖို့ကောင်းတဲ့သူလို့ ကိုကိုထင်မိလား…ကျွန်တော်ကော အဆိပ်ပြင်းတဲ့သူဖြစ်နေပြီလား…"

" ကိုယ်ကတော့ အကြိမ်တစ်ရာဆိုတာ မလုံလောက်ဘူးလို့ထင်တယ်…"

မုထျန်းဟန် မော့တိ၏မျက်ရည်များကို အသာအယာဖယ်ရှားပေးလိုက်ပြီး

" ကိုယ်တို့ အဲဒီ့ ခွေးတိရစ္ဆာန်တွေကို မင်းခံစားခဲ့ရတာတွေရဲ့ အကြိမ်ထောင်သောင်းမက ပြန်ပေးသင့်တာ…"

မော့တိ ငယ်စဉ်ကတည်းကခံစားလာရသည့်အရာများနှင့် စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ခံရပြီးနောက် ဖြစ်ပျက်လာခဲ့သည့်အကြောင်းကို တွေးမိသွားချိန်တွင် သူ၏ရင်တွင်းမှဖြစ်ပေါ်လာသော ဒေါသကို ထိန်းမထားနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် သူတို့မော့တိ၏ယခင်ဘဝတွင် တွေ့ဆုံခဲ့ကြဖူးသည်လား သို့မဟုတ် သူ မည်သို့မျှ မကူညီနိုင်ခဲ့သည်လားဆိုသည်ကိုလည်း သူသိချင်နေမိသည်။

" အရင်ဘဝတုန်းက ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက်သိကြလား…"

" ဟင့်အင်း .."

မော့တိ ခေါင်းယမ်းလိုက်ပြီး

" အရင်ဘဝတုန်းက ကိုကိုက ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှပါပြီးတော့ အထူးချွန်ဆုံးစီးပွားရေးသမားဆိုတာကိုပဲသိတာ ပြီးတော့ …"

မော့တိ ခဏရပ်လိုက်သည်။

" ပြီးတော့ ဘာလဲ…"

မုထျန်းဟန် မေးလာခဲ့သည်။

" ပြီးတော့ အရင်ဘဝရဲ့ကောလိပ်ဝင်စာမေးပွဲအချိန်အတွင်း ကိုကိုဟွာရှားကိုလာခဲ့ပြီး မတော်တဆမှုတစ်ခုကြုံခဲ့ရတာကြောင့် ကိုကို့ရဲ့ဘယ်ဘက်ခြေထောက်အကြောသေသွားခဲ့တယ်…"

" အဲ့ဒီတော့ကာ…"

မုထျန်းဟန် ပြုံးလျက်

" အဲ့ဒီအချိန်တုန်းက ဆောက်လုပ်ရေးဆိုက်ထဲမှာ မင်းကိုယ့်ကိုကယ်ဖို့ကြိုးစားခဲ့တာပေ့ါ ဟုတ်တယ်မလား…"

" ဟုတ်တယ်… ဒါပေမယ့် အဲ့တုန်းက ကျွန်တော့်မှာ တခြားရည်ရွယ်ချက်တွေလည်းရှိခဲ့သေးတယ်…ဘာမှတော့မဟုတ်ပါဘူး ကိုကိုကျွန်တော့်ကို ကာကွယ်ပေးဖို့ကို မျှော်လင့်ခဲ့တာ.. အနည်း‌ဆုံးတော့ ကောလိပ်ဝင်စာမေးပွဲကို လုံလုံခြုံခြုံလေး ဖြေနိုင်တဲ့အထိပေါ့…"

သူဝန်ခံလိုက်ပြီးတာတောင်မှ မော့တိသူ၏တွက်ချက်မှုများအတွက် ရှက်ရွံနေမိသေးသည်။

" အဲ့ဒါဆိုရင် မင်းကိုယ့်ကိုလာကယ်တာက အဲ့ဒီမတော်တဆမှုကိုရှောင်နိုင်အောင်လို့ပေါ့…ကလေးလေး မင်းကကိုကို့ရဲ့ကံကောင်းတဲ့ကြယ်လေးပဲ…"

မုထျန်းဟန် မော့တိ၏ပါးပြင်ကို နမ်းရှုံ့လိုက်ပြီးနောက် မျက်ခွံပေါ်သို့ ဆက်သွားကာ

" မင်းကိုယ့်ဆီရောက်လာနိုင်ခဲ့တာကို ကိုယ်အရမ်းဝမ်းသာတယ်… ပြီးတော့ အရင်ဘဝတုန်းက မင်းကိုမကာကွယ်ခဲ့နိုင်တာအတွက်လည်း တောင်းပန်ပါတယ်နော်…"

မော့တိ၏မျက်လုံးများ ထပ်မံနီရဲသွားပြန်သည်။

" ဒါဆိုရင် မင်း ကိုကို့ကို ဖြစ်ပျက်ခဲ့သမျှတွေ ပြောနိုင်သလောက် ပြောပြရမယ် ဟုတ်ပြီလား…"

မုထျန်းဟန် မော့တိ၏ကျောကို ငြင်သာစွာ ပုတ်ပေးနေခဲ့သည်။

" ကောင်းပါပြီ…"

မော့တိသဘောတူလိုက်သော်လည်း သူမုထျန်းဟန်ကို ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို ပြောပြမည်မဟုတ်ချေ။ ထိုမှောင်မိုက်ကြမ်းတမ်းခဲ့သည့်နေ့ရက်များကို သူတစ်ယောက်တည်းသာ သိနေလျှင် လုံလောက်နေပြီပင်။ မုထျန်းဟန်အား ထိုအရာများနှင့် နှိပ်စက်နေရန်မလိုပေ။

သို့သော်လည်း မော့တိ အသေးစိတ်အချက်အလက်များအား ဖယ်ချန်ခဲ့သည့်တိုင်အောင် မုထျန်းဟန် ဖြစ်ပျက်ခဲ့သည်အရာများကို သိနေနိုင်ဆဲပင်။

ထိုညတွင် ‌မုထျန်းဟန် သူ၏ယခင်ဘဝအကြောင်းကို အိမ်မက်မက်ခဲ့လေသည်။

သူ အမှိုက်ပုံနားတွင် အရူးတစ်ယောက်အဖြစ် ပြောင်းနေပြီဖြစ်သည့် မော့တိနှင့်ဆုံတွေ့ခဲ့သည်ကို အိမ်မက်မက်ခဲ့သည်။ အိမ်မက်ထဲတွင် သူမော့တိကို ‌စောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ပေးခဲ့ချင်သော်လည်း အဆုံးတွင် သူ့ကိုဖမ်းစားနိုင်ခဲ့ကာ သူ၏ဘေးတွင်သာထားရှိရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သူနှင့်မော့တိတို့ အတူရှိခဲ့သည့် လှပသောနေ့ရက်များအပြင် သူ၏အရူးလေးသည် တစ်ခါတစ်ရံ တက်ကြွနေတတ်သော်လည်း သူ၏စကားကိုနာခံကာ သူ့ကိုအလွန်ပင် မှီခိုတတ်လေသည်။ ထို့နောက် သူနောက်ဆုံးအကြိမ် မော့တိကို ပြန်လည်ရှာတွေ့ချိန်၌ မော့တိ၏ကြွင်းကျန်ရစ်သောပြာများကိုသာ တွေ့ခဲ့ရသည်ကို အိမ်မက်မက်ခဲ့လေသည်။

သူ ထိုအေးစက်နက်မှောင်နေသည့်ပြာများကို တို့ထိလိုက်မိချိန်တွင် မုထျန်းဟန် အိပ်ရာမှာနိုးလာခဲ့သည်။

သူ၏ကျောရိုးတစ်လျောက် ကြက်သီးများထနေကာ ချွေးအေးများ တစ်ကိုယ်လုံးတွင် ရွှဲနစ်နေခဲ့သည်။

သူ၏အိမ်မက်ထဲမှ အရာတိုင်းက မြန်ဆန်စစ်မှန်လွန်းကာ မည်သည့်အရာကိုမျှ အိမ်မက်ဟုယူဆ၍မရပါချေ။

မုထျန်းဟန် ယခုချိန်ထိပင် ဖျက်ဆီးနိုင်စွမ်းရှိသော ဒေါသ၊အမုန်းတရားနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားနေရသေးသည်။

ထို့နောက် သူ၏ရင်ခွင်တွင်းမှ နွေးထွေးမှုလေးကို ခံစားလိုက်ရလေသည်။

မုထျန်းဟန် ‌ငုံ့ကြည့်လိုက်ချိန်၌ မော့တိမှာ သူ၏ရင်ခွင်ထဲတွင် အိပ်ပျော်နေဆဲဖြစ်ကာ ရှုပ်ပွနေသည့်ဆံပင်များမှာ သူလေး၏မျက်နှာတစ်ဝိုက်တွင် ဝဲကျနေခဲ့သည်။

မုထျန်းဟန်၏မျက်လုံးများနီမြန်းသွားကာ သူ၏ရင်ခွင်တွင်းမှ ထိုလူသားလေး၏လုံခြုံမှုမှာ အမှန်တကယ်စစ်မှန် မမှန်ကို စစ်ဆေးရင်း မော့တိ၏ မျက်နှာတစ်ခုလုံးကို တဖွဖွ နမ်းရှိုက်နေလိုက်သည်။

မော့တိ မုထျန်းဟန်၏လှုပ်ရှားမှုများကြောင့် လန့်နိုးသွားရသော်လည်း အိပ်ချင်မူးတူးပင်ဖြစ်နေဆဲပင်။ အဆုံးမှာတော့ ယမန်နေ့မှာ သူနှင့်မုထျန်းဟန်တို့အတွက် အလွန်နေ့တာရှည်လျားခဲ့သည်ဖြစ်ရာ မော့တိအိပ်ငိုက်နေဆဲပင်ဖြစ်သည်။

" ကိုကို ဘာလဲဟင်…"

မော့တိ၏ချွဲပြစ်နေသည့်အသံလေးကို ကြားလိုက်ရပြီးနောက် မုထျန်းဟန်၏ပွေ့ဖက်ထားမှုမှာ ပို၍ပင် တင်းကြပ်လာခဲ့သည်။ ထို့နောက်တွင်မှ သူ၏အိမ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သည်အရာအချို့ကို မေ့ာတိမပြောပြခဲ့သည်ကို သတိရသွားခဲ့သည်။

မုထျန်းဟန် ချိုသာစွာ ပြောလာခဲ့သည်။

" မင်းဂျူနီယာတန်းမှာတုန်းက ဓာတ်မတည့်မှုတချို့ဖြစ်လာခဲ့လို့ ကျောင်းဆင်းပွဲကို မတက်နိုင်ခဲ့ဖူးမလား…မော့လျှိုကွေ့ကအဲ့ကိုသွားပြီးတော့ မင်းအတွက် ပင်လယ်စာဟင်းချိုနဲ့အချိုပွဲတွေယူလာပေးခဲ့တာ ဖြစ်ခဲ့သေးလား…"

မော့တိမှာ အိပ်ချင်နေလွန်းသဖြင့် မုထျန်းဟန်ကို ထိုအကြောင်းမပြောပြရသေးသည်ကိုပင် သတိမရနိုင်ဖြစ်သွားကာ အိပ်ချင်မူးတူးဖြင့် ပြန်ဖြေလိုက်သည် ။

" အမ်.. ဒါပေမယ့် ကျွန်တော်အဲ့ဒါတွေမစားလိုက်ပါဘူး… ပြီးတော့.."

ထို့နောက် သူ မော့မိသားစုထံမှ ကျေးဇူးမသိတတ်သော မျက်လုံးဖြူဝံပုလွေအဖြစ်သတ်မှတ်ခံခဲ့ရလေသည်။ သို့သော်လည်း မုထျန်းဟန်ကို သူဒါပြောပြမည်မဟုတ်ပေ။

" ကိုကို ဘာပြောနေတာလဲ…"

မော့တိ၏ခေါင်းထဲတွင် စတင်ကြည်လင်လာကာ သူမုထျန်းဟန်ကို ထိုအကြောင်းပြောပြခဲ့ဖူးသည်လား ဆိုသည်ကို ပြန်လည်စဉ်းစားနေခဲ့သည်။

" ဘာမှမဟုတ်တော့ဘူး.. ကိုကိုမင်းကိုချစ်တယ်နော်…"

မုထျန်းဟန် မော့တိ၏ဦးခေါင်းထိပ်လေးကို နမ်းရှုံ့လိုက်သည်။

မော့တိ၏မျက်လုံးများ မှေးစင်းသွားကာ မုထျန်းဟန်၏လက်မောင်းများကြားသို့ တိုးဝင်သွားပြီး ချိုမြပျော့ပျောင်းသောအသံဖြင့်

" ကျွန်တော်လည်း ကိုကို့ကို ချစ်တယ်…"

‌မုထျန်းဟန် အိမ်မက်ထဲမှ မြင်ကွင်းတစ်ခုကို ပြန်လည်မြင်ယောင်သွားသဖြင့် သူ၏နှလုံးသားထဲတွင် ချဉ်စူးသွားကာ

" ဘယ်နေရာက ကိုကို့ကိုချစ်တာတဲ့လဲ…"

" နေရာတိုင်းကပဲ…"

မော့တိ မုထျန်းဟန် သူနှင့်ဆော့ကစားနေသည်ဟု ထင်မှတ်သွားသဖြင့် သူအိပ်ချင်နေသော်လည်း အနားသို့ကပ်လာကာ မုထျန်းဟန်၏လက်ကို သူ၏ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်ပြီး

" ဒီနားက ကိုကို့ကိုချစ်တာတဲ့…"

" တခြားနေရာကကော…"

မုထျန်းဟန်၏နှလုံးသားမှာ နာကျင်ကိုက်ခဲလာခဲ့သည်။

" အမ်…" မော့တိ မျက်လုံးကိုဖွင့်လိုက်ချိန်၌ မုထျန်းဟန်သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။ သူတို့၏အနေအထားမှ မိဘနှင့်သားသမီးသဖွယ်‌ဖြစ်နေသည်ဟု တွေးမိသွားသဖြင့် မော့တိ မနေနိုင်ဘဲ ပြုံးလိုက်မိကာ ခေါင်းကိုစောင်းလိုက်ပြီးနော်

" ဗိုက်ကလေးကလည်း ကိုကို့ကိုချစ်တယ်တဲ့…"

" ထပ်မရှိတော့ဘူးလား…"

မုထျန်းဟန်၏အသံမှာ အနည်းငယ်အက်ကွဲနေခဲ့သည်။

မုထျန်းဟန် အဘယ့်ကြောင့် ထိုသို့ထူးဆန်းသည့်မေးခွန်းများမေးနေသည်ကို မော့တိမသိနိုင်တော့ပေ။ မုထျန်းဟန်ထံတွင် အခုထိ ဖုံးကွယ်ထားသည့် ထူးထူးဆန်းဆန်းသဘောကျမှုမျိုး ရှိနေသည်လော။

" ဒီမှာကောပဲ.."

မော့တိ လက်ကိုဆန့်ကာ ချော့မော့ပြောလိုက်သည်။

" ခြေရောလက်ကော နေရာတိုင်းက ကိုကို့ကိုချစ်တယ်တဲ့…ကိုကို့ကို အချစ်ဆုံးပဲ…"

မုထျန်းဟန် မော့တိကို သူ၏လက်မောင်းများကြားဆွဲသွင်းလိုက်ကာ အနည်းငယ်ပင်အသက်ရှုကြပ်လာသည်အထိ သေလုမတတ် ပွေ့ဖက်ထားခဲ့သည်။

မော့တိ ခေါင်းကိုရွှေ့ကာ မုထျန်းဟန်ကို တွန်းဖယ်လိုက်ပြီး

" ကိုကို … ကိုကိုဘာဖြစ်နေတာလဲ…"

" ဘာမှမဟုတ်ပါဘူး… အိပ်ရအောင်လေ.."

မုထျန်းဟန် ခံစားချက်များကို ဖိနှိပ်ကာ မော့တိ၏ဆံနွယ်လေးများအား သူ၏နှုတ်ခမ်းဖြင့် ထိလိုက်သည်။

" လိမ္မာတဲ့ကလေးလေး … အိပ်ပါတော့ကွယ်.. အိပ်တော့နော်…"

နောက်တစ်နေ့ နိုးထလာချိန်တွင် မော့တိ မုထျန်းဟန်၏အလွန်အမင်းချစ်မြတ်နိုးမှုများဖြင့် ‌ပြည့်နှက်နေသည့်မနက်စာကို လက်ခံရရှိလိုက်သည်။

စားသောက်ပြီးနောက် မုထျန်းဟန် လည်စည်းစီးနေခဲ့ပြီး မော့တိအောက်သို့ ငုံရာတွင် အခက်တွေ့နေသည်ကို မြင်သွားကာ ဒူးထောက်ချလျက် မော့တိ၏ဖိနပ်ကြိုးများကို ချည်ပေးလာခဲ့သည်။ ထို့နောက် မော့တိမှာ ပြိုင်ပွဲဝင်ရမည့်နေရာသို့ ပြန်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

လိုင်သယ်စစ် ထိုမြင်ကွင်းကို ဘေးမှရပ်ကြည့်နေရုံနှင့်ပင် ချဉ်စူးလာသကဲ့သို့ ခံစားလိုက်ရသည်။

" တော်ကြပါတော့ ဒီနှစ်ယောက်ရယ်.. မင်းတို့အခုမှစတွဲကြတာလဲမဟုတ်ဘူး… ကော်လိုမျိုးတစ်ယောက်ကို တစ်ယောက်ကပ်နေမှရမှာလားကွ… တကယ်သည်းမခံနိုင်တော့ဘူး…"

မော့တိ ရှက်သွေးဖြာသွားခဲ့သည်။ မုထျန်းဟန် သူ၏ဖိနပ်ကြိုးများကို ချည်ပေးနေစဉ်က သူငြင်းပယ်လိုက်ချင်မိသော်လည်း မုထျန်းဟန်၏ " ငြိမ်ငြိမ်နေ " ဟူသော နူးညံ့သည့်အသံမှာ သူ့အတွက် အလွန်ပင်ခံနိုင်ရည်မရှိဖြစ်စေကာ မနာခံဘဲ မနေနိုင်ခဲ့ချေ။

ယ‌မန်နေ့မှ ဝန်ခံမှုများအပြီးတွင် သူတို့မိသားစုမှ မုထျန်းဟန်သည် သူ့အပေါ် အလွန်ပင်ချိုမြိန်လာကာ ကြွေရုပ်သဖွယ်ဆက်ဆံနေသည်ဟု သူခံစားလိုက်ရလေသည်။

မော့တိ စိတ်ထဲမှာပင် ပြုံးနေမိသော်လည်း သူအနည်းငယ်ကိုယ့်ကိုကိုယ်လှည့်စားမိကာ ရှက်နေသည်ကို ခံစားလိုက်ရသည်။

အိုက်ယားးး မင်းရဲ့ကောင်လေးကို ဖိနပ်ကြိုးချည်ခွင့်ပေးရတယ်ဆိုတာက မင်းအလိုအမင်းအလိုလိုက်ခံနေရတယ်လို့ ဆိုလိုနေတာမလား…

သို့သော်လည်း တစ်စုံတစ်ယောက်ထံမှ အလိုလိုက်ခံသည်မှာ ပျော်ရွှင်ဖွယ်ခံစားချက်တစ်မျိုးပင်ဖြစ်သည်။

မုထျန်းဟန် မော့တိ၏လက်ကိုကိုင်ကာ သူ့အတွက် တံခါး‌ဖွင့်ပေးလိုက်သည်။

ထို့နောက် လိုင်သယ်စစ်ဘက်သို့လှည့်ကာ

" မင်းမှာတွယ်ကပ်ရမဲ့လူမရှိတာ အတော်ဆိုးတာပဲနော်…"

" ဘယ်လိုတောင်…"

လိုင်သယ်စစ် သူ၏ထိုင်ခုံမှပင် ခုန်ထလာတော့မလို ဖြစ်သွားခဲ့ရသည်။ သူအသားညှပ်ပေါင်မုန့်တစ်ခုယူကာ မုထျန်းဟန်နောက်မှလိုက်လာခဲ့ပြီး

" မင်းကတော့ သားရဲ‌တစ်ကောင်ဖြစ်နေပြီး ငါကလူကောင်းပဲ..ငါ့ကို မင်းရဲ့သားရဲဆန်တဲ့အ‌ဆင့်အတန်းတွေနဲ့ မနှိုင်းယှဉ်စမ်းပါနဲ့…"

ထို့နောက် မော့တိကို ကြည့်လာကာ မော့တိကဲ့သို့ လိမ္မာသည့်ကောင်လေးက အဘယ့်ကြောင့်များ အနှီသားရဲကောင်ကြီးကို ကြွေကျသွားရသည်နည်းဟု စဉ်းစားနေလေသည်။

မော့တိ ချောင်းအနည်းငယ်ဆိုးလိုက်ပြီးနောက် စုန့်ယွီယခင်ပြောခဲ့သည့်အရာကို လိုင်သယ်စစ်အားပြောပြလိုက်သည်။

" အစ်ကိုလိုင် ဦးလေးစုန့်ပြောတာတော့ နောက်ရက်ကြရင် ကျွန်တော့်ကို ထမင်းလိုက်ကျွေးမလို့တဲ့…"

" ရှောင်ယွီလာမှာတဲ့လား… ဘယ်တော့လဲ.."

လိုင်သယ်စစ်၏မျက်လုံးများ ပြူးကျယ်သွားကာ မုထျန်းဟန်ကို လုံးလုံးပင် ဘေးသို့ တွန်းဖယ်ပစ်လိုက်သည်။

" မသိဘူးလေ အစ်ကို့ဘာသာမေးကြည့်ပေါ့…ပြီးတော့ ကျွန်တော့်ကိုယ်စား အိမ်ကို ညစာလာစားဖို့ဖိတ်တယ်ဆိုတာလေးပါ ပြောပေးပါဦး…"

" အိုကေ အိုကေ အစ်ကိုမေးလိုက်မယ်…"

လိုင်သယ်စစ် ချက်ချင်းဆိုသလို အသားညှပ်ပေါင်မုန့်ကို ဘေးတွင်ချကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။

မော့တိ ထိုအခွင့်အရေးကိုယူကာ တံခါးကိုလော့ချလိုက်ပြီးနောက် မုထျန်းဟန်ကို လှမ်းပြုံးပြလိုက်သည်။

" ဉာဏ်ကောင်းလိုက်တာ…"

မုထျန်းဟန် သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် ပြန်လည်ပြုံးပြလာခဲ့သည်။

ထို့နောက် မုထျန်းဟန် မော့တိ၏လက်ကိုဆွဲကာခေါ်သွားသဖြင့် မော့တိ သူ၏ခြေလှမ်းကျယ်ကြီးများနောက်သို့ အမှီလိုက်သွားလိုက်ရသည်။ သူတို့ကားအနားသို့ရောက်ချိန်တွင် မော့တိ၏ဖုန်းမှာ မြည်လာခဲ့သည်။

မော့တိ ကားတံခါးကိုဖွင့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဖုန်းကိုပြန်ဖြေလိုက်သည် ။

" ဟယ်လို…"

တစ်ဖက်မှာမူ မည်သည့်အသံမှ ပြန်မလာခဲ့ပေ။

မော့တိကားပေါ်သို့တက်လိုက်ပြီးနောက် ထပ်ပြောလိုက်ပြန်သည်။

" ဟယ်လို…"

တစ်ဖက်မှ အသံမှာကင်းမဲ့နေဆဲပင်။

မော့တိ မျက်မှောင်ကြုတ်ကာ ဖုန်းကိုနားရွက်နားမှခွာလိုက်ပြီးနောက် မျက်နှာပြင်ပေါ်သို့ကြည့်လိုက်ချိန်တွင် သူနှင့်မရင်းနှီးသည့်ဖုန်းနံပါတ်ကိုမြင်လိုက်ရသည်။ သူတွေးတောနေရင်းမှ ဘေးသို့ပွတ်ဆွဲကာ ဖုန်းကိုချပစ်လိုက်လေသည်။

" ဘာတဲ့လဲ…"

မော့တိ မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသဖြင့် မုထျန်းဟန်မှ မေးလာခဲ့သည်။

" နောက်ပြောင်တဲ့ဖုန်းလား…"

" မဟုတ်ဘူး… မရင်းနှီးတဲ့နံပါတ်ပဲ…ကျွန်တော်ကိုင်လိုက်တော့ ဘာမှပြန်ပြောမလာတာနဲ့ ချပစ်လိုက်တာ…"

" မသိတဲ့နံပါတ်လား…"

မုထျန်းဟန်၏သတိထားနေမှုမှာ ယခုအချိန်တွင် မြင့်တက်လာပြီး သူ၏မျက်လုံးများမှာ သတိတကြီးဖြစ်နေကာ

" ကိုယ့်ကိုအဲ့နံပါတ်ကိုပြကြည့်..."

" အန်…" မော့တိ မည်သည့်အတွေးမျှပင် မရှိဘဲ ဖုန်းကိုပေးလိုက်သည်။ ထို့နောက် မုထျန်းဟန်ပြောသည်ကို ကြားလိုက်ရလေသည်။

" ‌ဒါက မော့မိသားစုထဲက လူတစ်ယောက်ရဲ့ဖုန်းနံပါတ်ပဲ..."


Xxxxxx