Chapter 148
“မော့မိသားစုက တစ်ယောက်ယောက် ဖြစ်ရမယ်...”
“ကိုကို ဘယ်လိုသိသွားတာလဲ...”
မော့တိ အံ့သြသွားခဲ့ရသည်။ သူကိုယ်၌ပင် မော့မိသားစု၏ နံပါတ်များကို မမှတ်မိချေ။ ထို့အပြင် သူ့အားဆက်သွယ်ချင်လျှင်လည်း တစ်ခါသုံးဖုန်းနံပါတ်များကိုသာ အသုံးပြုကြလိမ့်မည်ဖြစ်သည်။
“အရင်တခါ စုံစမ်းစစ်ဆေးမှုမှာတုန်းက ကိုယ် သူတို့ရဲ့သီးသန့်နံပါတ်တွေကို တွေ့ခဲ့တယ်လေ...အဲဒီ့တုန်းက မှတ်ထားတာ...”
မုထျန်းဟန်က မော့တိအား ဖုန်းပြန်ပေးလိုက်ကာ သူ၏ဆံစလေးများအား ပွတ်သပ်ပေးလိုက်၏။
အမှန်စင်စစ် အဆိုပါနံပါတ်များမှာ အရင်ဘဝက သူ မော့မိသားစုအား စတင်စုံစမ်းခဲ့ချိန်မှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။
“ကိုကိုက အရမ်းတော်တာပဲ...”
မော့တိ၏ မျက်ဝန်းများက သံသယဟူ၍ မြူမှုန်မျှပင်မရှိပဲ တောက်ပလျှက်ရှိသည်။ မုထျန်းဟန်မှာ သူ အယုံကြည်ရဆုံးသော လူသားဖြစ်လေသည်။
“ကိုကို...နံပါတ်အားလုံး မှတ်မိတာလား...”
“ဒါပေါ့...ကိုယ်က မှတ်ဉာဏ်ကောင်းတယ်လေ...”
မူထျန်းဟန်၏ အကြည့်မှာ နူးညံ့နေသော်လည်း အသံကမူ ခက်ထန်လျှက်ရှိသည်။
“ဒီနံပါတ်တွေက မော့မိသားစုနဲ့ သက်ဆိုင်နေမှတော့ သူတို့တစ်ခုခု ကြံစည်နေတာဖြစ်ရမယ့...အခြေစိုက်စခန်းဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် သတိဝီရိယနဲ့ နေရမယ်နော်...မဟုတ်ရင် ပြိုင်ပွဲဆက်ပြိုင်ဖို့ကိုရော ကျောင်းသွားဖို့ကိုပါ ကိုယ်ခွင့်မပြုပဲနေမှာ...”
“...”
မော့တိ ထိတ်လန့်သွားခဲ့ရသည်။
သူက မုထျန်းဟန်အား ဤမျှအထိချုပ်ချယ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“ကိုကို...ကျွန်တော့်ကို စိတ်ပူနေတာလား...တကယ်တော့ ဒါက အဆိုးကြီးမဟုတ်ပါဘူး...သူတို့မှာ ဘာအင်အားမှမရှိတာကြောင့် အရမ်းစိုးရိမ်စရာ မရှိဘူးလေ...ကျွန်တော် လက်ရှိဘဝမှာ အများကြီးပိုကောင်းလာတယ် မဟုတ်လား...”
“ကိုယ်က လာမယ့်အန္တရာယ်ကို ကြိုပြီးရှောင်ချင်တာပါ...”
မုထျန်းဟန်က မော့တိအား အလေးအနက်ကြည့်ကာ ဆိုလာ၏။
“ကိုယ်မင်းကို အိမ်ထဲမှာပဲ တစ်သက်လုံးပိတ်မထားပါဘူး...အဲလိုဆို ကိုယ်ညံ့ဖျင်းရာကျမှာပေါ့...အဲဒီ့လူယုတ်မာတွေ ပြန်ပေးဆပ်စေရဖို့အတွက် ကိုယ့်ကို အလွန်ဆုံးတစ်နှစ်ပဲ အချိန်ပေးပါ...အခုတော့ မင်းပိုဂရုစိုက်ပြီး ကာကွယ်ရမယ်နော်...မဟုတ်ရင်...ကိုယ်မင်းကို ကျောင်းတစ်နှစ်နားခိုင်းမှာ...”
“ကျွန်တော် သိပါပြီ...ကိုကို...စိတ်မပူပါနဲ့...”
မော့တိက မုထျန်းဟန်ကို ပွေ့ဖက်လိုက်ကာ တစ်ဖက်လူ၏လည်တိုင်အား ခေါင်းကလေးဖြင့်ခွေ့လိုက်၏။ ထို့နောက် အပေါ်မော့ကြည့်ကာ ချွဲနွဲ့စွာဆိုလေသည်။
“အရင်ဘဝကတောင် အတော်တောင့်ခံနိုင်ခဲ့တာပဲလေ...ဒီဘဝမှာ ပိုပြီးတော်လာတယ် မဟုတ်လား...ကျွန်တော်တို့က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ထောင်ထဲထည့်ပစ်မှာပဲကို...အဲ့ဒါကြောင့် အရမ်းစိတ်မပူပါနဲ့နော်...”
မုထျန်းဟန်က သူ့အား အပေါ်စီးမှဆက်ဆံသည်ဟု မော့တိမယူဆခဲ့သလို သူ့လွတ်လပ်ခွင့်အား ပိတ်ပင်လာသည်ဟူ၍လည်း မတွေးခဲ့ချေ။ သူက တစ်ဖက်လူအား တင်းတင်းဖက်လိုက်ကာ စိုးရိမ်မှုကို လျော့ကျစေ၏။
မုထျန်းဟန်က မော့တိအား ပြန်လည်ထွေးဖက်လိုက်၏။ ပြန်တွေးကြည့်ကာမှ သူခြယ်လှယ်လွန်းရာကျသွားသည်ကို သဘောပေါက်သွားခဲ့၏။ သို့ရာတွင် အိမ်မက်ထဲ၌ တွေ့ခဲ့ရသော အရင်ဘဝက မော့တိ၏ဖြစ်ရပ်များကြောင့် သူ တည်တည်ငြိမ်ငြိမ်မရှိနိုင်ခဲ့ချေ။ နံပါတ်အား တွေ့လိုက်ရုံကပင် သူ၏ကျောရိုးတစ်လျှောက် အေးစက်သွားစေခဲ့သည်။
အေးစက်နေသော အသက်မဲ့အရိုးပြာအိုးက သူ့အိမ်မက်ဆိုးများ၏ ပြယုဂ်အဖြစ် တည်ရှိနေကာ စိတ်အားငယ်ခြင်းနှင့်အတူ ပြင်းထန်သောအမုန်းတရားများဖြင့် သူ့အားလောင်ကျွမ်းလာစေ၏။
“ဒုတိယအစ်ကို...ဘာလို့ ညီမလေးကို ဖုန်းပြောခွင့်မပေးရတာလဲ...”
မော့လျှိုကွေ့က သူမ၏ဖုန်းကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်ယူလိုက်သည်။
“ဒီလို အဆက်အသွယ်ရဖို့ အရမ်းခက်တာကို...ရှောင်တိက နံပါတ်စိမ်းတွေနဲ့ အိမ်ကဖုန်းတွေကို မကိုင်တော့ဘူး...ဒီတစ်ခါမှ သူကိုင်လောက်မယ့် နံပါတ်တစ်ခုကို ရလာခဲ့တာ...ဒုတိယအစ်ကို...ဘာလို့ ညီမလေးကို ဖုန်းမပြောခိုင်းရတာလဲ...”
“ ရှောင်ကွေ့...စိတ်လျှော့ပါ...”
မော့အာ့ချမ်က စိတ်ရှည်သည်းခံမှု အပြည့်ဖြင့် မော့လျှိုကွေ့ကို ကြည့်လိုက်သည်။ သူ၏ရည်ရွယ်ချက်အား နားမလည်ရကောင်းလားဟူသည့် ဒေါသမြူမှုန်မျှပင် ရှိမနေချေ။
“မင်း အခုပြောနိုင်တယ်ဆိုရင်တောင် သူက ဖုန်းချပစ်ဦးမှာပဲလေ...အဲ့လိုဆို မင်းပဲစိတ်တိုရလိမ့်မယ်...”
“မဖြစ်နိုင်တာ...ရှောင်တိက ညီမလေးရဲ့ဖုန်းကို ချပစ်မှာမဟုတ်ဘူး...မေမေ့အကြောင်း ပြောလိုက်ရင် သူသေချာပေါက် နားထောင်လိမ့်မှာပဲ...”
“ဒီလိုဖြစ်မှာမဟုတ်ဘူး...မော့တိက အရင်လိုမဟုတ်ပဲ မျက်လုံးဖြူဝံပုလွေစစ်စစ်ဖြစ်နေပြီ...ကိုယ် သူ့အကြောင်းပြောပြီး ကိုယ့်ပါးစပ်ကို မညစ်နွမ်းစေချင်ပေမယ့် ပြောမှဖြစ်တော့မယ်...”
မော့အာ့ချမ်က ရွှေရောင်အနားကွပ် မျက်မှန်ကို ပင့်တင်လိုက်ရင်း လူကြီးလူကောင်းတစ်ဦး၏ ပုံရိပ်ကို ထင်ဟပ်စေ၏။
“သူ့သဘာဝကိုက တိရစ္ဆာန်တွေလိုပဲ...တတိယအဒေါ် နေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရတယ်လို့ ညီမလေးကပြောရင်တောင် သူက လျစ်လျူရှုဦးမှာပဲ...”
“မဖြစ်နိုင်တာ...ရှောင်တိက အဲ့လိုမဟုတ်ဘူး...သူက အရမ်းကိုနာခံပြီး ဂရုစိုက်တတ်တဲ့ကလေးပါ...မေမေ နှာတစ်ချက်ချေလိုက်တာနဲ့ အအေးမိပျောက်ဆေးယူပေးတတ်တယ်...သူ လျစ်လျူရှုမှာမဟုတ်ဘူး...”
မော့လျှိုကွေ့၏ မျက်ဝန်းများက စတင်နီရဲလာခဲ့သည်။
“မေမေ ဒီတစ်ခါ အသည်းအသန်ဖျားနေခဲ့တာ...သူ သူမကို လာမကြည့်ပဲ နေနိုင်မှာမဟုတ်ဘူး...သူ....”
“ ရှောင်ကွေ့...အဲ့ဒီ့တုန်းက သူက ကလေးပဲရှိသေးတာလေ...ကလေးတုန်းကလည်း ကောင်းကွက်တစ်ခုမှ မရှိဘူးဆိုပေမယ့် အခုထက်တော့ အဆတစ်ရာလောက် ပိုကောင်းသေးတယ်...အနည်းဆုံးတော့ အဲ့ဒီ့အချိန်က သားသမီးကျင့်ဝတ် သိတတ်ခဲ့သေးတယ်...အခုတော့ သူ့ခေါင်းထဲမှာ တွက်ချက်မှုအပြည့်နဲ့ မိသားစုကိုတောင် အသိအမှတ်မပြုချင်တော့ဘူး...ညီမလေးက သူ့ကို တတိယအဒေါ်ဆီ လာကြည့်စေချင်ပေမယ့် အဲဲ့ဒီ့လိုဖြစ်လာမှာမဟုတ်ဘူး...ကိုကိုပြောတာနားထောင်စမ်းပါ...သူ့ကိုဖုန်းခေါ်မနေနဲ့တော့...သေလူလို့ပဲ သဘောထားလိုက်...”
“ဒါပေမယ့်...ဒါပေမယ့်...”
မော့လျှိုကွေ့ စတင်ထစ်အလာ၏။
“ရှောင်တိက ဘာလို့အခုလိုဖြစ်သွားခဲ့တာလဲ...သူအရင်က ဒီလိုမဟုတ်ပါဘူး...”
မော့အာ့ချမ်က သူမ၏ကျောပြင်ကို ခပ်ဖွဖွပုတ်လိုက်သည်။
“ရှောင်ကွေ့...သူက မင်းရဲ့အလေးပေးမှုနဲ့ မထိုက်တန်ဘူး...”
မော့လျှိုကွေ့က တစ်စုံတစ်ခုအား အမှတ်ရသွားဟန်ဖြင့် ခေါင်းမော့လိုက်သည်။ သူမက မော့အာ့ချမ်အား နီရဲနေသောမျက်ဝန်းများဖြင့် သနားစဖွယ်ငေးကြည့်လိုက်၏။
“ဒုတိယအစ်ကို...ညီမလေးအရင်က မေးခွန်းတစ်ခုမေးခဲ့တာ မှတ်မိလားဟင်...”
“ဘာများလဲ...”
“အဲ့ဒါကလေ...ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်စဥ်က ဦးနှောက်ကို သက်ရောက်မှုရှိနိုင်လား...စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတာမျိုးလေ...”
မော့အာ့ချမ် မျက်မှောင်ကြုတ်လိုက်၏။
“ဒါက ပြောရခက်တယ်...တစ်ဆင့်ချင်းတစ်ဆင့် ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်တဲ့ကိစ္စပဲ...ဘာလို့လဲ ရှောင်ကွေ့...”
“ညီမလေး တွေးမိသွားတာပါ...ရှောင်တိ အရင်ကဒီလိုမျိုးမဟုတ်ဘူး...လွန်ခဲ့တဲ့မေလက ဓာတ်မတည့်မှုကြောင့် ဆေးရုံတက်ရတာကနေ အခုလိုပြောင်းလဲသွားခဲ့တာ...ဖြစ်နိုင်တာ...ဖြစ်နိုင်တာကလေ...အဲ့ဒီ့ဖြစ်စဥ်ကြောင့်များ သူ့ဦးနှောက်တစ်သျှူးတွေ ထိခိုက်သွားခဲ့တာလားဟင်...မဟုတ်ရင် တစ်ယောက်ယောက်ရဲ့ စိတ်သဘောထားက ဘယ်လိုလုပ် ဒီလိုပြောင်းလဲမှာတဲ့လဲ...”
မော့အာ့ချမ်က အတွေးနက်သွားဟန် လက်ချောင်းများဖြင့် သူ့မေးစေ့ကိုပွတ်သပ်လိုက်၏။
“ညီမလေး စိတ်ပူမိတယ်...”
မော့လျှိုကွေ့ ရှိုက်ငိုလိုက်သည်။
“ရှောင်တိရဲ့ အကျင့်စရိုက်တွေတင်မဟုတ်ပဲ ကျန်းမာရေးကိုပါ ထိခိုက်စေမှာကိုလေ...”
“ဒုတိယအစ်ကို...ရှောင်တိကို ကျန်းမာရေးစစ်ဆေးပေးလို့ ရမလားဟင်...ကိုကို စစ်ဆေးပေးမှ ညီမလေးစိတ်အေးနိုင်မှာ...ဒါပေမယ့် အကယ်၍များ ရှောင်တိ နေမကောင်းဘူးဆိုရင် ညီမလေးတို့ သူ့ကိုတတ်နိုင်သမျှမြန်မြန် ကုသပေးကြမယ်နော်...ကုသမှုသာအဆင်ပြေရင် သူအရင်လိုပြန်ဖြစ်သွားပြီးတော့ ညီမလေးတို့မိသားစု ပြန်သင့်မြတ်နိုင်မှာပဲ...”
မော့အာ့ချမ်၏ မျက်နှာထက်တွင် အဓိပ္ပါယ်မပြတ်သားသည့် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
သူက မော့လျှိုကွေ့၏ ဆံနွယ်များကို အသာအယာပွတ်သက်လိုက်ရင်း တည်ငြိမ်စွာပြောလာ၏။
“ရှောင်ကွေ့က တော်လိုက်တာ...ကိုကို အရမ်းလျစ်လျူရှုရာကျသွားတယ်...အကယ်၍ ရှောင်တိသာ တကယ်ပဲနာမကျန်းဖြစ်နေခဲ့တာဆိုရင် ကိုကိုတို့ သူ့ကိုကူညီရမှာပေါ့...တစ်ဦးနဲ့တစ်ဦး မတွေ့ဖြစ်ဖူးဆိုပေမယ့် ကိုကိုတို့က တစ်မိသားစုထဲပဲလေ...သူနေပြန်ကောင်းလာတဲ့ အခါကျရင် အရင်အတိုင်းပြန်ဖြစ်သွားမှာပါ...”
“ဟုတ်တယ်...”
မော့လျှိုကွေ့၏ မျက်ဝန်းများက စက္ကန့်အနည်းငယ် တောက်ပသွားခဲ့ကာ ပြန်၍မျက်မှောင်ကြုတ်သွားပြန်၏။
“ဒါပေမယ့် ရှောင်တိက ညီမလေးတို့ကို အဆက်အသွယ်ဖြတ်ထားတာ...သူက နေမကောင်းဖြစ်နေတာကို ဖုံးကွယ်ဖို့ကြိုးစားပြီး ကုသဖို့ငြင်းဆန်ရင်ရော...”
“မဖြစ်နိုင်ပါဘူး...ယုံကြည်ရတဲ့ဆရာဝန်တစ်ဦးဆီက ကျန်းမာရေးဆေးစစ်ချက်ပဲလေ...သူဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်မှာလဲ...သူ အဲ့လောက်မမိုက်မဲပါဘူး...”
မော့လျှိုကွေ့ ခေါင်းငုံ့ကာ သူမ၏မျက်ဝန်းနီနီများကို ပွတ်သပ်လိုက်၏။
သူက မတုံးဘူးဆိုပေမယ့် ပြန်မွေးဖွားလာတာလေ...သူ့မှာ စိတ်ကျန်းမာရေးစစ်ဆေးတာနဲ့ ပတ်သတ်ပြီးတော့ စိတ်ဒဏ်ရာရှိနေမှာပဲ...ထောင်ချောက်မှန်းတောင် သံသယဝင်သွားနိုင်တယ်...
“အကယ်၍...အကယ်၍များ စစ်ဆေးဖို့ငြင်းရင်ရော...”
မော့လျှိုကွေ့က မော့အာ့ချမ်အား စိုးရိမ်တကြီးကြည့်လိုက်သည်။
“ညီမလေးတို့ သူ့ကိုတွန်းအားပေးလို့ မရပေမယ့် ဒီအတိုင်းဆို အန္တရာယ်ရှိလာနိုင်တယ် မဟုတ်လား...”
“အဆင်ပြေသွားမှာပါ...ဆရာဝန်နဲ့ သူလိုက်မပြချင်ရင်တောင် သူ့စပွန်ဆာ မုထျန်းဟန်က လိုက်ပြရအောင်လုပ်လိမ့်မယ်...သူတို့နှစ်ဦးရဲ့ဆက်ဆံရေးက မြင်ရသလောက် မရိုးရှင်းဘူးလေ...ရှောင်တိက မုထျန်းဟန်ကို မယုံကြည်တာမျိုး ဖြစ်နိုင်တယ်...ကိုကိုတို့သာ ထင်ရှားတဲ့ဆရာဝန်တစ်ယောက်ကို ချိတ်ဆက်ပေးမယ်ဆိုရင် မုထျန်းဟန် သူ့ကို သေချာပေါက်ဆေးရုံခေါ်လာမှာပဲ...”
“ဒါပေမယ့်…”
“ ရှောင်ကွေ့...စိတ်မပူပါနဲ့...”
မော့အာ့ချမ်က မော့လျှိုကွေ့၏ပါးပြင်ကို ညင်သာစွာဖျစ်လိုက်ရင်း သက်ပြင်းချလိုက်သည်။
“မင်းက ဒါကိုကိုင်တွယ်ဖို့ အရမ်းကြင်နာတတ်လွန်းတယ်...ကိုကို့မှာ နည်းလမ်းရှိပါတယ်...ကိုကို့ကိုပဲလွှဲလိုက်နော်...”
မင်းကိုစိတ်ပျက်စေခဲ့လို့ စိတ်မကောင်းပါဘူး...ကိုကို သူ့ကိုကူညီဖို့ ရည်ရွယ်ချက်မရှိဘူး...သူတကယ်ပဲ နေမကောင်းဖြစ်ဖြစ်မဖြစ်ဖြစ် ကုသဆောင်ကိုပို့ပစ်ပြီး ရောဂါခံစားရအောင်လုပ်မှာလေ...
.....
ထိုစဥ် မော့တိက အခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။ သူတို့မခွဲခင် အမြဲတမ်းသတိရှိပါ့မည်ဟူ၍ မုထျန်းဟန်အား ထပ်တလဲလဲကတိပေးခဲ့ရလေသည်။
မော့တိပြန်လာသည်ကို တွေ့သောအခါ ကျန်လူများက စနောက်ကြလေသည်။
“ပံ့ပိုးပေးတဲ့ ဘော့စ်ရှိတော့ ငါတို့နဲ့တခြားစီပဲကွာ...မင်းရဲ့ အားလပ်ရက်တွေတောင်မှ ငါတို့ထက်ပိုများနေတယ်နော်..ရှောင်တိ...ဘယ်သွားခဲ့တာလဲ...ဘော့စ်ကဘယ်ခေါ်သွားတာလဲ မှန်မှန်ပြော...”
မနေ့ညကအဖြစ်အပျက်အား ပြန်လည်စဥ်းစားရင်း မော့တိ၏မျက်နှာကလေး နီရဲလာခဲ့သည်။ သူက ချောင်းအသာဟန့်ကာ ဆို၏။
“မဟုတ်ပါဘူး...ကျွန်တော်တို့မှာ အလုပ်ကိစ္စလေးတွေရှိနေလို့ပါ...အဲ့ဒါက အရမ်းအရေးကြီးတော့... အဟမ်း... အချိန်နည်းနည်းကြာသွားတယ်...”
“ဘာအလုပ်တုန်း...”
လင်ကျွင်းဖုန်က သူတို့နားတိုးလာ၏။
“ပြောပါဦး...”
“ဒါက...အသင်းကိစ္စပါ...”
မော့တိက တည်ငြိမ်စွာဆိုလိုက်သည်။ အဆုံးသတ်၌ သူတို့ညစာစားစဥ်က ဂိမ်းကုမ္မဏီအကြောင်း ပြောခဲ့ကြသေးသည်ပင်။
“အသင်းကိစ္စလား...ဘာများလဲ...”
ဖန်းချန်းလောင်က သိလိိိုစိတ်ပြင်းပျစွာ မေးမြန်းလာသည်။
“ဘော့စ်က ငါတို့ကိုရင်းနှီးမြှုပ်နှံမလို့လား...ဒါမှမဟုတ် သူ့ကုမ္မဏီမှာ အလုပ်ဆင်းခိုင်းမလို့လား...”
“အဲ့လိုဆို...”
ဟန်ချောင်က မနေန်ိုင်ပဲ ထောက်ပြလိုက်သည်။
“ငါတို့အသင်းက ပရိုဂရမ်ရေးတာအပြင် ဘော့စ်ရဲ့လုပ်ငန်းနဲ့ ဘာများသက်ဆိုင်လို့တုန်း...ငါထင်တာ ဘော့စ်က ပြိုင်ပွဲပြီးသွားရင် အသင်းကို တိုးတက်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ရှောင်တိကိုသင်ပေးတာထင်တယ်...”
“ဟုတ်တယ်...ဟုတ်တယ်...မင်းမှန်တယ်...”
ဖန်ချန်းလောင်က အမြန်ဝင်ပြောလိုက်သည်။
သူ၏တုံ့ပြန်မှုကြောင့် ချန်ကျောင်းမျက်လုံးလိမ့်လိုက်မိ၏။ အကယ်၍ ထိုစကားကို ပြောခဲ့သူမှာ သူသာဖြစ်ပါက ဖန်ချန်းလောင် ငြင်းခုံမှာအသေအချာပင်။
ဟူး...
ယောက်ျားတွေများ...အထူးသဖြင့် အချစ်မှာကျဆုံးနေတဲ့အချိန်ပေါ့...
ချန်ကျောင်း စိတ်ထဲကြိတ်ရယ်လိုက်မိသည်။ ထို့နောက် မော့တိဘက်လှည့်လိုက်၏။
“ရှောင်တိ...ငါတို့ကျောင်းက ကျန်းမာရေးစစ်ဆေးချက်လုပ်ပေးမယ် ပြောတယ်...မင်းကြားပြီးပြီလား...”
“ကျွန်တော် ကြားပြီးပြီ...”
မော့တိ ပြုံးကာ ခေါင်းညိတ်လိုက်၏။
ရှန့်ယွီချောင်က ခေါင်းယမ်းကာ ထပ်ပေါင်းပြောလာ၏။
“ဒီတစ်ခါ ငါတို့ကျောင်းက ပထမအဆင့်ဆေးရုံနဲ့ ပူးပေါင်းထားတာကိုတော့ မင်းတို့မသိလောက်သေးဘူး...သူတို့က ခေါင်းအစခြေအဆုံးစစ်ဆေးပေးမှာနော်...ကျောင်းသားအားလုံးအတွက် အခမဲ့တဲ့...”
“ပထမအဆင့်ဆေးရုံနဲ့လား...”
မော့တိ အံ့သြသွားခဲ့သည်။
“ကျွန်တော်တို့ကျောင်းက ကျောင်းသားအားလုံးကို အခမဲ့ဆေးစစ်ပေးဖို့ တတ်နိုင်တယ်လား...”
“ သွေးပြန်လှူရမယ်ထင်တယ်...ဒါပေမယ့် ဒါကပြောပလောက်စရာမဟုတ်ပါဘူး...ကြည့်ရတာ သွေးရယ်၊ ဆီးရယ်၊ ဝမ်းရယ် စစ်တာထင်တယ်...”
ချန်ကျောင်းက ဆို၏။
ကျောက်ချွင် ကြောင်အသွားခဲ့သည်။
“ဝမ်းစစ်တယ်လို့ ပြောလိုက်တာလား...”
Xxxxx