Chapter 149
မော့တိက ကျန်းမာရေးစစ်ဆေးချက်အပေါ် အာရုံမရချေ။ သူဂရုစိုက်သည့်အရာမှာ ဂိမ်းပြိုင်ပွဲ၏ နောက်ဆုံးပွဲစဥ်သာ ဖြစ်၏။
ပြိုင်ပွဲစရန် နှစ်ပါတ်သာ လိုတော့သည်ဖြစ်ရာ သူ့အနေဖြင့် အနိုင်ရရန် မည်မျှယုံကြည်ချက်ရှိစေကာမူ လုပ်စရာအများကြီး ကျန်နေသေးလေသည်။
လောလောဆယ်တွင် သူတို့ 'အဆုံးမဲ့ဘဝ' ၏ အခန်း ၂၉ အထိ ရေးဆွဲပြီးပြီဖြစ်ကာ နောက်ဆုံးပွဲစဥ်စသည့် အချိန်ဆိုပါက အခန်း ၃၀ အား ရေးဆွဲပြီးစီးလောက်ပြီဖြစ်၏။ ထိုအခန်းများတွင် အရေးပါသည့် ဇာတ်ကြောင်းအား လှစ်ဟပြလိုက်မှာဖြစ်ပြီး ဂိမ်းကစားသည့်ပုံစံသစ်ကိုလည်း မိတ်ဆက်မှာဖြစ်လေသည်။ ၎င်းကို 'အဆုံးမဲ့ဘဝ' ၏ ပထမပိုင်းပြီးဆုံးသည်ဟု မှတ်ယူနိုင်လေသည်။
ပြိုင်ပွဲပြီးဆုံးသွားသည့်အခါ မော့တိက ဂိမ်းကုမ္မဏီအကြောင်း အသင်းကို ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။
တည်နေရာအတွက်မူ မုထျန်းဟန်က သူ၏လက်ရှိရုံးအဆောက်အဦး၌ နေရာလွတ်တစ်ခု ထားထားပေး၏။
မုထျန်းဟန် ဟွာရှားသို့ရောက်သည်မှာ နှစ်ဝက်သာရှိသေးသည့်အလျောက် ကိုယ်ပိုင်ရုံးအဆောက်အဦး မဆောက်လုပ်ရသေးချေ။ အထပ်မြင့်တိုက်တစ်လုံးကို ငှားရမ်းထားရုံသာဖြစ်ပြီး လွတ်နေသော အလွှာအချို့အား သူတို့အသင်းအတွက် အလုပ်လုပ်ရာနေရာအဖြစ် ပေးထားခြင်းဖြစ်သည်။
ချင်အုပ်စု၏ အိမ်ရာလုပ်ငန်းကုမ္မဏီအား ဝယ်ယူပြီးချိန်မှစ၍ မုထျန်းဟန်က ကုမ္မဏီတစ်ခုလုံး၏ လုပ်ငန်းကျင့်ဝတ်များကို ပြုပြင်ခဲ့သည့်အပြင် ကိုယ်ပိုင်ရုံးအဆောက်အဦး ဆောက်လုပ်ရန်အတွက်လည်း ဆန်းစစ်လျှက်ရှိသည်။ အချိန်ကျလာသည့်အခါ သူတို့၏လုပ်ငန်းများကို နီးကပ်စွာဆောက်လုပ်မှာဖြစ်ပြီး အလုပ်သို့ အတူတူသွားနိုင်မှာဖြစ်သည်။
မော့တိ အတွေးနှင့်ပင် တခစ်ခစ်ရယ်လိုက်မိ၏။ သူတို့နှစ်ဦးကြားတွင် လျှို့ဝှက်ချက်များမရှိတော့သလို မုထျန်းဟန်ရှေ့တွင် တကူးတက ချစ်စဖွယ်ဟန်ဆောင်ရန်လည်း မလိုအပ်တော့ချေ။ အမှန်စင်စစ် သူသည်လည်း ထိုနေ့ရက်အား လှိုက်လှိုက်လှဲလှဲ မျှော်လင့်လျှက်ရှိလေသည်။
မော့တိက နေ့ရက်များကို အတန်းတက်ရင်း၊ ဂိမ်းရေးဆွဲရင်း၊ အားလပ်ချိန်များတွင် မုထျန်းဟန်နှင့် လျှောက်လည်ရင်း ဖြတ်သန်းခဲ့၏။ ဤသို့ဖြင့် တစ်ပါတ်ကုန်ဆုံးသွားကာ ကျန်းမာရေးဆေးစစ်ချက် ပြုလုပ်ရမည့်နေ့သို့ ရောက်ရှိလာခဲ့လေသည်။
ခြေလှမ်းအနည်းငယ် ပြေးရသည်မှလွဲ၍ အခြားစစ်ဆေးမှုများမှာ ရိုးရှင်းလှသည်။ မော့တိ၊ ရှန့်ယွီချောင်နှင့် ချန်ကျောင်းအတွက် ပြေးခြင်းမှာ ပြဿနာမဟုတ်သော်ငြား လင်ကျွင်းဖုန်အတွက်မူ ငရဲကျနေသကဲ့သို့ပင်။ '၁ ကီလိုမီတာ ပြေးလွှားရမည်' ဟူသောစာကြောင်းအား လင်ကျွင်းဖုန်မြင်လိုက်သည်နှင့် သွေးပင်အန်တော့မလို ဖြစ်သွားခဲ့သည်။
“ငါလည်း အစားပြေးပေးမယ့်လူ ရှာချင်တယ်...”
လင်ကျွင်းဖုန်က သူတို့အစားပြေးပေးမည့် တစ်စုံတစ်ဦးအားရှာဖွေရန် ဆွေးနွေးနေကြသော မိန်းကလေးများ၏ စကားဝိုင်းအား ကြားဖြတ်ပြောလိုက်သည်။
“မေ့လိုက်စမ်းပါ...မင်းက လူကောင်ကြီးတယ်လေ...မင်းအစား ပြေးပေးမယ့်လူက ချက်ချင်းသတိပြုခံရမှာပဲ...”
ရှန့်ယွီချောင်က သူ၏ကျောကို ရိုက်လိုက်၏။
“ငါနဲ့ပဲလိုက်ပြေးစမ်းပါ...မင်းခြေလှမ်းတစ်ဝက်တောင် နောက်ကျမကျန်ခဲ့စေရဘူး...”
“ငါ မပြေးချင်ပါဘူးဆို...”
လင်ကျွင်းဖုန်၏ မျက်နှာအမူအရာမှာ ခါးသက်လျှက်ရှိသည်။
“စစ်ဆေးမှုမစခင် 'Red Bull' တစ်လုံးလောက် သောက်လိုက်ပါလား...”
မော့တိက မီတာတစ်ရာအကွာရှိ စူပါမားကတ်အား ညွှန်ပြလိုက်သည်။
“အဲ့ဒါက ပြေးတဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်လို့ ကျွန်တော်ကြားဖူးတယ်...ဒါပေမယ့် ပြီးရင်တော့ ပိုမောလိမ့်မယ်...ကိုယ့်ဟာကိုယ်ချင့်ချိန်ကြည့်ပေါ့...”
ကာယဆရာက ကျောင်းသားများအား ပြေးရန်အသင့် ပြင်ဆင်ခိုင်းနေသည်ကို လင်ကျွင်းဖုန် အကြည့်ရောက်သွားချိန်၌ ကိုယ်ပိုင်နှလုံးခုန်သံကိုပင် ခံစား၍ရလာခဲ့သည်။
“ငါ...ငါ Red Bull တစ်ဘူးသွားဝယ်လိုက်ဦးမယ်...သည်းခံခြင်းက အောင်နိုင်ခြင်းပဲ...ပြေးပြီးတာနဲ့ အိပ်ရင်းအနားယူတော့မယ်...”
လင်ကျွင်းဖုန်က သူနှင့်အတူ ရှန့်ယွီချောင်ကိုပါ ဆွဲခေါ်သွားလေသည်။
ထိုအချိန်အတောအတွင်း မော့တိနှင့်ချန်ကျောင်းက စတင်၍ပြေးခဲ့ကြသည်။ သူတို့နှစ်ဦးလုံးက စစ်ဆေးမှုအား ပြီးစီးသွားကြကာ ဘားတန်းခိုခြင်းနှင့် အလျားခုန်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ကြ၏။
သူတို့ပြီးခါနီးအချိန်တွင် ရှန့်ယွီချောင်နှင့် လင်ကျွင်းဖုန်က စူပါမားကတ်မှ ပြန်လာခဲ့သည်။
“'Red Bull' ဝယ်မလာကြဘူးလား...”
ချန်ကျောင်းက အပေါ်အင်္ကျီအား ချွတ်လိုက်ပြီဖြစ်ပြီး သူ့လက်နှင့်ယပ်တောင်ခတ်နေလေသည်။
“သူ စူပါမားကတ်မှာတင် အဲ့ဒါကိုသောက်လိုက်တယ်လေ...”
ရှန့်ယွီချောင်က ပုခုံးတွန့်လိုက်ရင်း ဆက်ပြောသည်။
“သူ ဘယ်နှဘူးတောင် သောက်လိုက်လဲသိလား...သုံးဘူးတောင်လေ...အိုး...ခဏလေး...တကယ်တော့ နှစ်ဘူးနဲ့တစ်ဝက်ပဲ...ငါသူ့အတွက် တစ်ဝက်ကူသောက်ပေးလိုက်တယ်...အစာအိမ်ထဲ ရေတွေပြည့်နေတော့ ပြေးရတာ ပိုတောင်ခက်တယ်ဟ...”
“ငါ...”
လင်ကျွင်းဖုန် ကြို့ထိုးလိုက်ကာ “ငါ အခုအသင့်ဖြစ်ပြီလို့ ခံစားရတယ်...”
“ခေါင်းရှုပ်မခံပါနဲ့...”
မော့တိက လင်ကျွင်းဖုန်အား ပြောလိုက်သည်။
“ပြေးတဲ့အခါ ပါးစပ်နဲ့မဟုတ်ပဲ နှာခေါင်းနဲ့အသက်ရှူပါ...ပြီးရင် ခြေလှမ်းနဲ့လိုက်ပြီး အသက်ရှူဖို့ကြိုးစားရမယ်...အစပိုင်းမှာ အလျင်စလိုမပြေးနဲ့...မဟုတ်ရင် အားမြန်မြန်ကုန်သွားနိုင်တယ်...အပေါ်အင်္ကျီတွေထားခဲ့ကြလေ...ကျွန်တော်တို့ ယူထားပေးမယ်...အဆုံးနားမှာစောင့်နေမယ်နော်...”
“ကောင်းပြီ...”
လင်ကျွင်းဖုန်နှင့် ရှန့်ယွီချောင်က အပေါ်ထပ်အင်္ကျီများကိုချွတ်ကာ မော့တိနှင့် ချန်ကျောင်းထံကမ်းပေးလိုက်၏။ ထို့နောက် သွား၍တန်းစီကြလေသည်။
အခြားကျောင်းသားများက အဆုံးသတ်မျဥ်းဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းနေကြ၏။ သူတို့၏ အသက်ရှူသံများမှာ ပြင်းထန်နေကြပြီး အားပြတ်တော့မလို ဖြစ်နေကြသည်။ ကျောင်းသားအနည်းငယ်က မတ်တပ်ပင်မရပ်နိုင်တော့ပဲ မြက်ခင်းပေါ်တွင် လှဲနေကြ၏။
ကျောင်းသားများ အထူးသဖြင့် မိန်းကလေးများအတွက် ပြေးလမ်းတစ်ပတ်ပတ်ခြင်းမှာ အိမ်မက်ဆိုးဖြစ်ပုံရသည်။ သူတို့က အနားယူချိန်တွင် ကိုယ်စီပင့်သက်ရှိုက်လျှက်ရှိကြသည်။
“အိုးမိုင်ဂေါ့...ငါတို့နောက်ဆုံးတော့ အခက်ခဲဆုံးကိစ္စကြီးကို ဖြတ်ကျော်နိုင်ခဲ့ပြီ...နောက်တစ်နှစ်ရှိသေးတာ ဆိုးတာပဲ...”
“မနက်ဖြန် ငါတို့စစ်ဆေးချက်နည်းနည်းပဲ ရှိတော့တယ်...800m ကိုကျော်ဖြတ်နိုင်တာက ကာယစာမေးပွဲအောင်တာပဲ...ဟားဟား...”
“တကယ်တော့ မင်းတို့ ကောလဟာလအချို့ကြားမိလား...ငါ စီနီယာတစ်ယောက်ဆီက ကြားလာတယ်...သူက ကျောင်းသားကောင်စီအဖွဲ့ဝင်လေ...သူပြောတာ ဒီနှစ် စိတ်ကျန်းမာရေးစစ်ဆေးတာလည်း ပါတယ်တဲ့...စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ တစ်ယောက်ကို ချိတ်ဆက်ထားတယ်ဆိုပဲ...ဘာလို့ဆို တစ်ယောက်ယောက်က ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း အရေးပါကြောင်း ထောက်ပြလိုက်လို့ဆိုလား...ဒါပေမယ့် ဘာမှမကြေငြာသေးတော့ ဒါအမှန်ပဲလား ငါလည်းမသေချာဘူး...”
“ငါတော့သိပ်မထင်ဘူးနော်...အလွန်ဆုံးမှ အွန်လိုင်းကနေ မေးခွန်းတွေဖြေရရုံပေါ့ကွာ...အားလုံးကို စိတ်ကျန်းမာရေး စစ်ဆေးပေးနိုင်ပါ့လား...အဲ့ဒါက အရမ်းအကုန်အကျများတယ်လေ...ငါတို့ကျောင်းက ဘယ်လိုလုပ်တတ်နိုင်မှာလဲ...”
“ဘယ်ကသာ..အကုန်အခမဲ့စစ်ဆေးပေးမှာတဲ့...စိတ်ရောဂါအထူးကုဆရာဝန်က ပထမတန်းဆေးရုံကလေ...သူက ငါတို့ကာယဆရာနဲ့ လာပူးပေါင်းတာ...ဒါ့အပြင် ငါတို့ကျောင်းက လက်ရွေးစင်ကျောင်းဆိုတော့ ကျောင်းသားတွေအတွက် ဖိအားကအမြဲတမ်းရှိတာပဲမဟုတ်လား...ငါ့အထင် ဒါက မျိုးဆက်သစ်ဘွဲ့ရပညာတတ်တွေအတွက် နိုင်ငံတော်က စီစဥ်ပေးတာဖြစ်ရမယ်...”
“...”
“ရှောင်တိ...ရှောင်တိ...”
ချန်ကျောင်းက မော့တိ၏ကျောကို ပုတ်လိုက်သည်။
“ဘာဖြစ်နေတာလဲ...ငါပြောတာ ကြားလိုက်ရဲ့လား...”
မော့တိ အတွေးနစ်နေရာမှ ရုန်းထွက်လိုက်ကာ ချန်ကျောင်းကို ကြည့်လိုက်သည်။
“ဘာပြောလိုက်တာလဲ...”
“မင်းတကယ်ကြီး နားမထောင်ဘူးကြည့်စမ်း...ဘာတွေတွေးနေတာလဲ...မိန်းမလှလေးတွေအကြောင်းလား...”
“ဘာလဲ...ကျွန်တော် ကောင်မလေးတွေ စကားပြောနေတာကို နားစွင့်နေရုံပါ...စိတ်ကျန်းမာရေးစစ်ဆေးမှုအကြောင်း သူတို့ပြောနေသံကြားလို့လေ...အဲ့ဒါကဖြစ်နိုင်တယ်ထင်လား...”
မော့တိ၏ အမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း သူ့နှလုံးသားကမူ လေးလံနေခဲ့၏။
စိတ်ပိုင်းဆိုင်ရာဆေးစစ်ချက်အကြောင်း ကြားလိုက်သည်နှင့် မော့တိ သူ၏အရင်ဘဝကို သတိရသွားခဲ့ကာ သတိအပြည့်ဖြစ်သွားခဲ့သည်။
သူ အစိုးရိမ်လွန်နေတာများလား...
“သေချာမသိပေမယ့် ငါတော့သိပ်မထင်ဘူး...အလွန်ဆုံးမှ အွန်လိုင်းကနေ မေးခွန်းမေးတာလောက်ပေါ့...ကျောင်းသားတိုင်းနဲ့ တစ်ယောက်ချင်း စကားပြောပေးဖို့ဆိုတာ ဖြစ်နိုင်တာမှမဟုတ်တာ...”
ရှန့်ယွီချောင် စကားပြောပြီးသည်နှင့် ချန်ကျောင်းက သူ၏အပေါ်အင်္ကျီကိုကောက်လိုက်ကာ သူထံပစ်ပေးရန် အသင့်ပြင်လိုက်၏။
“အချိန်ကုန် ငွေကုန်ဖြစ်မှာပေါ့...”
“ကဲပါ...ကျောင်းသားတိုင်းကို အွန်လိုင်းကအရင်စစ်ဆေးပြီးမှ ပြဿနာရှိတယ်ထင်တဲ့ ကျောင်းသားတွေကိုရွေးပြီး တစ်ယောက်ချင်းပြန်စစ်ဆေးမှာလည်း ဖြစ်နိုင်တာပဲလေ...အဲ့ဒါက ပိုပြီးသက်ရောက်မှုရှိနိုင်တယ်...”
မော့တိ အတွေးများကိုစုစည်းကာ မျက်မှောင်ကြုတ်လိုက်၏။
“အင်း...အဲ့ဒါက နည်းလမ်းကောင်းပဲ...ကျွန်တော်တို့ကျောင်းမှာ နှစ်တိုင်း 'jumpers' တွေရှိတယ်လေ...သူတို့အဲ့ဒါကိုကာကွယ်ဖို့ ကြိုးစားနေတာဖြစ်မှာပေါ့...”
“ဘာ jumpers လဲ”
ရှန့်ယွီချောင်က အမောတကောနှင့် သူတို့ထံရောက်လာသည်။
“ဘာတွေပြောနေကြတာလဲ..”
“ဘာမှမဟုတ်ပါဘူး...ကျွန်တော် ဖုန်းခေါ်စရာရှိလို့...လင်ကျွင်းဖုန်ကို အစ်ကိုတို့ပဲစောင့်လိုက်တော့နော်...”
မော့တိက သူ့လက်ထဲရှိအပေါ်အင်္ကျီအား ချန်ကျောင်းထံပေး၍ ကွင်းပြင်မှ ထွက်လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်ထဲဦးတည်လျှက် တိတ်ဆိတ်သောထောင့်တစ်ခုကို ရှာဖွေကာ မုထျန်းဟန်အား ဖုန်းခေါ်ရင်း အဆိုပါစစ်ဆေးမှုအကြောင်း ပြောပြလိုက်သည်။
မုထျန်းဟန်က သူ အစိုးရိမ်လွန်နေခြင်းသာဖြစ်သည်ဟု တွေးမည်မဟုတ်ချေ။
မော့တိက လက်ရှိတွင် စုန့်ယွီ ပထမတန်းဆေးရုံ၌ အလုပ်လုပ်နေကြောင်း သတိရသွားသည့်အတွက် စုန့်ယွီထံဖုန်းဆက်လိုက်သည်။
ဖုန်းနှစ်ခါမြည်ပြီးသည့်နောက် စုန့်ယွီ၏ တက်ကြွနေသောအသံကလေး ထွက်ပေါ်လာလေသည်။
“ ဟဲလို...ရှောင်တိ တကယ်ကြီး ဖုန်းစခေါ်လာတယ်ပေါ့...ကိုယ်သိပ်ပျော်တာပဲ...ကိုယ် မင်းအတွက်ကူညီပေးနိုင်တာများရှိလား...”
မော့တိက စုန့်ယွီ၏အကူအညီကို လိုအပ်သည့်အခါမှ ဖုန်းဆက်မိသည့်အတွက် အားနာသွားခဲ့၏။
“အန်ကယ်စုန့်...ကျွန်တော် မေးစရာလေးရှိလို့ပါ...”
“ဘာများလဲ...ကိုယ်သိတာဆိုရင် ဖြေပေးမှာပေါ့...”
“ဒီလိုပါ...ကျွန်တော်တို့ကျောင်းက ဒီနှစ်ကိုယ်ကာယစစ်ဆေးချက်အတွက် အန်ကယ်စုန့်တို့ဆေးရုံနဲ့ပူးပေါင်းမယ်ကြားတယ်...အဲ့ဒါကိုသိလားဟင်...”
“ဒါပေါ့...ဘာဖြစ်လို့လဲ...”
“အဲဲ့ဒါက…” မော့တိ အနည်းငယ် တွန့်ဆုတ်သွားကာ
“ကျွန်တော်ကြားတာ စိတ်ကျန်းမာရေးကိုလည်း စစ်ဆေးမယ်ဆို...အဲ့ဒါတကယ်ပဲလားး...”
“အိုး...အဲဒါလား...ကိုယ်လည်းကြားမိတယ်...ဒါပေမယ့် အသေးစိတ်တော့မသိဘူး...ကိုယ်က အာရုံကြောဌာနကဆိုတော့ စိတ်ပညာဌာနနဲ့ သိပ်ပြီးမဆက်စပ်မိဘူးရယ်...ကိုယ်ကြားတာတော့ အဲ့ဒီ့နယ်ပယ်မှာကျွမ်းကျင်တဲ့ ဌာနမှူးတစ်ဦးရဲ့ အကြံပြုချက်ဆိုပဲ...လက်ရှိစာသင်နှစ်က ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးကို သေချာချင်တာကြောင့်လို့ ပြောကြတယ်...”
Xxxxxxx