အပိုင်း ၁၅၀
Viewers 28k

Chapter 150




“အဲဲ့ဒီ့နယ်ပယ်က ကျွမ်းကျင်သူလား...”

မော့တိ၏ နှလုံးသားက ခုန်ပေါက်သွားခဲ့သော်ငြား သူ့အသံကမူ အပြောင်းအလဲမရှိချေ။

“အန်ကယ်စုန့်...သူက ကျော်ကြားတဲ့တစ်​ယောက်ယောက်လား...”

“ဒါက...ကိုယ်လည်းမသေချာဘူး...ဒါပေမယ့် အဲ့ဒီ့လူက လမ်းညွှန်မှုပဲလုပ်မှာ...ပထမတန်းဆေးရုံက ဆရာဝန်တွေကပဲ မင်းကိုစစ်ဆေးပေးကြမှာလေ...”

“ကျွန်တော်သိပါပြီ...ကျောင်းကနှစ်တိုင်း ကျန်းမာ​ရေးစစ်ဆေးပေးပေမယ့် ဒီနှစ်လိုမျိုး စိတ်ကျန်းမာရေးအတွက် ပါမယ်လို့မထင်ထားခဲ့ဘူး...ဒီလိုကျယ်ပြန့်တဲ့ စစ်ဆေးမှုမျိုးက သေချာပေါက် အကုန်ကျများတယ်မဟုတ်လား...”

“ ကျေးဇူးပါ...အန်ကယ်စုန့်...”

“ဘာများကျေးဇူးတင်စရာရှိလို့လဲ...ဒါကပုံမှန်ပါပဲ...”

စုန့်ယွီရယ်မောလိုက်သည်။

“ပြိုင်ပွဲက အဆုံးသတ်တော့မှာဆို​တော့ အားလုံးပြင်ဆင်ပြီးပြီလား...မင်းသေချာပေါက် ဗိုလ်စွဲလိမ့်မယ်လို့ ကိုယ်ထင်တယ်...ကိုယ့်လို ဂိမ်းမဆော့ဖူးတဲ့လူတောင် အဲဲ့ဒီ့ဂိမ်းကိုစွဲနေပြီလေ...မင်းရဲ့ဂိမ်းက လူကြိုက်များမှာပဲ...”

“အန်ကယ်စုန့်လည်း ကျွန်တော့်ဂိမ်းကိုဆော့တာလား...”

မော့တိ၏အသံထဲတွင် စိတ်လှုပ်ရှားမှုများ စိမ့်ဝင်လျှက်ရှိသည်။

“ကျွန်တော် အန့်ကယ့်အတွက် ဘယ်သူမှကျော်မရအောင်လို့ အနောက်တံခါးဖွင့်ပေးရမလား...”

“ဒါကအရမ်းကို ရင်ထဲထိတာပဲ...ဒါပေမယ့် ထားလိုက်ပါ...အဲ့လိုဆို စိတ်လှုပ်ရှားဖို့ကောင်းမှာမဟုတ်ဘူး...အခန်းများများသာ ဆက်ရေးပေးနော်...”

မော့တိနှင့်စုန့်ယွီက မိနစ်အနည်းငယ် ဆက်၍စကားပြောနေခဲ့ကြသည်။ ဖုန်းချပြီးသည့်အခါ မော့တိ၏မျက်နှာထက်၌ တည်ငြိမ်သောအမူအရာ မရှိတော့ချေ။

သို့သော် သူဘာမှမလုပ်ရသေးခင် ဖုန်းထပ်မြည်လာခဲ့၏။

၎င်းမှာ မုထျန်းဟန်ထံမှ ဖြစ်သည်။

မော့တိက ဖုန်းကိုချက်ချင်းကိုင်လိုက်သည်။

“ကိုကို...”

“မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ထိတ်လန့်တာတို့၊ စိတ်ပူတာတို့ မဖြစ်ပါနဲ့...ကိုယ်ကြည့်ရှင်းလိုက်မယ်နော်...”

မုထျန်းဟန်၏ အသံမှာ နူးညံ့၍တည်ငြိမ်လျှက်ရှိပြီး စကားတစ်ခွန်းထဲနှင့်ပင် မော့တိအား နှစ်သိမ့်မှုဖြစ်စေလေသည်။ ဤဘဝမှာကွဲပြားပြီး တစ်ဦးတည်း ရင်ဆိုင်ရမှာမဟုတ်ကြောင်း မော့တိ ခံစားမိသွားသည့်အလျှောက် နှလုံးသားတွင်းရှိ စိုးရိမ်မှုများမှာလည်း လျော့ပါးသွားခဲ့ရလေသည်။

“ဟုတ်....”

မော့တိ ပြုံးရန်ကြိုးစားလိုက်၏။

“လိမ္မာတယ်...”

မုထျန်းဟန်ဘက်မှ တံခါးပိတ်သံထွက်ပေါ်လာသည်။

“အရင်ဘဝတုန်းက မော့အာ့ချမ်ရဲ့နောက်မှာ ချင်နဲ့ယီမိသားစုတွေ ရှိနေတာကြောင့် ဘယ်ကိစ္စမဆို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့တာ...မင်းအပေါ် လုပ်ချင်သလို လုပ်နိုင်ခဲ့တာလည်း အဲ့ဒီ့အချက်ကြောင့်ပဲ...ဒါပေမယ့် ဒီဘဝမှာတော့ ကိစ္စတွေကမတူတော့ဘူးလေ...ချင်နဲ့ယီမိသားစုက သူတို့ရဲ့အဆင့်အတန်းကို ဆုံးရှုံးသွားခဲ့ပြီ...သူစည်းကျော်လာတာနဲ့ ကိုယ်တို့သူ့ကို ထောင်ထဲတန်းထည့်ပစ်လို့ရတယ်...”

“ဒါပေမယ့် သူက ကမ်းလှမ်းမှုအများအပြားရှိတဲ့ ဉာဏ်ကြီးရှင်ဖြစ်နေတုန်းပဲ...လူတွေအများကြီးက သူ့ကိုကာကွယ်ပေးချင်ကြပြီးတော့ ထောင်ကျသွားရင်တောင် လအနည်းငယ်အတွင်း ပြန်လွတ်လာမှာပဲလေ...”

မော့တိက အထူးသဖြင့် မော့အာ့ချမ်အား ခွင့်မလွှတ်နိုင်ချေ။ သူ၏လက်စားချေမှုအား ထောင်ဒဏ်အနည်းငယ်မျှဖြင့် အပြီးသတ်စေလိုခြင်းမရှိ။

“ကိုကို...ကျွန်တော် သူ့ဆေးကိုသူ့ပြန်ကျွေးချင်တယ်...”

မုထျန်းဟန် စကားမဆက်ခင် ခဏရပ်တန့်လိုက်၏။

“သေချာတာပေါ့...ဒါပေမယ့် ခုလောလောဆယ် ကိုယ်သူ့ကို ​ဖြေရှင်းဖို့နည်းလမ်း မရှာရသေးဘူး...ဒီတော့ ထောင်ထဲထည့်ထားတာ အကောင်းဆုံးပဲ...”

“ကျွန်တော် အတွေးလွန်တာတော့ မဟုတ်ပေမယ့် သူတို့မှာ ပြန်တိုက်ခိုက်ဖို့နည်းလမ်း အမြဲရှိနေတာမဟုတ်လား... ချင်မိသားစုက အားနည်းသွားတယ်ဆိုပေမယ့် ချင်ချန်းယီက သုံးလပဲထောင်ကျတယ်လေ...'သေနေတဲ့ကုလားအုတ်က မြင်းထက်တော့ကြီးသေးတာပဲ'...ချင်မိသားစုရဲ့ အဆက်အသွယ်တွေနဲ့ဆို သူ့ကို ဒီ့ထက်စောစောတောင် လွှတ်ပေးချင်ပေးမှာ...အချိန်ကျလာရင် သူကျွန်တော့်ကို ဒီအတိုင်းလွှတ်ပေးမှာမဟုတ်ဘူး...ကိုကို့ကိုလည်း အန္တရာယ်ပေးလာနိုင်တယ်...”

(English Translator's note : မူရင်းက '瘦死的骆驼比马大' လို့သုံးထားတာပါ...သူတို့အဆင့်အတန်းဆုံးရှုံးသွားရင်တောင် အန္တရာယ်ရှိသေးတဲ့ လူတွေအပေါ် သုံးနှုန်းပါတယ်)

မုထျန်းဟန်က မော့တိ၏ မှန်းဆချက်ကို နားလည်သွားခဲ့၏။

“မင်းဆိုလိုတာက...ချင်ချန်းယီနဲ့ မော့အာ့ချမ်တို့ ပူးပေါင်းထားကြတယ်လို့လား...”

“ဟုတ်တယ်...ဒါက အခြေအမြစ်မရှိမှန်းဆထားတာတောင်မဟုတ်ဘူး...အဲ့ဒီ့လိုဖြစ်မယ်ဆိုတာ သေချာတယ်...”

အဆုံးသတ်၌ သူတို့နှစ်ဦးမှာ မော့လျှိုကွေ့အနားရှိ သြဇာကြီးမားသူများ ဖြစ်ကြသည်။ သူတို့သာပူးပေါင်းသွားပါက မော့တိနှင့်မုထျန်းဟန်အတွက် ထိခိုက်မှုအချို့ရှိလာမှာပင်။

“ဒါ့အပြင် ဒီတစ်ခါမော့အာ့ချမ်ရဲ့ အစီအစဥ်က စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတင် ဟုတ်ပုံမရဘူး...ကျွန်တော့်ကို စိတ်ဝေဒနာရှင်အဖြစ် ခေါင်းစဥ်တပ်ချင်ရင်တောင် ကျွန်တော်ကသူတို့နဲ့ အဆက်အသွယ်ဖြတ်ထားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အတင်းပို့ခွင့်မရှိဘူးမဟုတ်လား...သူ ကျွန်တော်တို့အတွက် တစ်ခုခုကြံစည်ထားလောက်တယ်...”

မုထျန်းဟန် တိတ်ဆိတ်သွားကာ ချက်ချင်းပြန်မဖြေခဲ့ချေ။ ‘ စိတ်ကျန်းမာရေးဆေးရုံကို အတင်းပို့သည်’ ဟူသော စကားကြောင့် သူ့နှလုံးသားက ပြင်းပြင်းထန်ထန်တုန်လှုပ်သွားခဲ့ရသည်။

“ကိုကို...”

မော့တိက မုထျန်းဟန်၏အသံကို မကြားရတော့သည့်အတွင် မနေနိုင်ပဲခေါ်လိုက်မိသည်။

“သူတို့ဖြစ်ချင်တဲ့အတိုင်း ကိုယ် ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး...စိတ္တဇဆေးရုံကို သူတို့ပဲသွားရမှာ...”

မုထျန်းဟန်က ရေခဲတမျှအေးစက်သော အသံဖြင့်ဆိုလေသည်။

“သူတို့ ကြာကြာရှိနိုင်မှာမဟုတ်ပါဘူး...မင်းကိုယ့်ကိုယုံတယ်မဟုတ်လား...”

“ကျွန်တော် ကိုကို့ကို ယုံတာပေါ့...ဒါပေမယ့် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့နော်...ပြီးတော့ လက်စား​ချေဖို့ကိုပဲ အာရုံမစိုက်ပါနဲ့...အရေးအကြီးဆုံးက ကျွန်တော်တို့ ကောင်းကောင်းနေရဖို့ပဲလေ...”

မုထျန်းဟန် သူ၏စည်းမျဥ်းများကို ချိုးဖောက်ကာ အလျင်စလိုပြုမူမည်ကို မော့တိစိုးရိမ်မိလေသည်။

မော့တိ၏စိုးရိမ်မှုကြောင့် မုထျန်းဟန်၏နှလုံးသားက နွေးထွေးသွားခဲ့ကာ မကောင်းသောခံစားချက်များသည်လည်း အနည်ထိုင်သွားခဲ့သည်။

“ဒါပေါ့...ကိုယ်မိုက်မိုက်မဲမဲတွေ မလုပ်ပါဘူး...မစိုးရိမ်နဲ့နော်...”

……

မုထျန်းဟန်နှင့် စကားပြောပြီးသည့်နောက် မော့တိနှလုံးသားက တည်ငြိမ်သွားခဲ့ကာ စိုးရိမ်မှုများလည်း လျော့ပါးသွားခဲ့၏။ သူက ​ပြေးလမ်းထံ ပြန်သွားလိုက်ရင်း ကျန်ရှိသည့်စစ်ဆေးမှုများအား အခြားလူများနှင့်အတူ လုပ်ဆောင်လေသည်။

နောက်တစ်ရက်၌ ကျောင်းကောင်စီအဖွဲ့က ကျောင်းသားများအား သွေးစစ်ချက်ပြုလုပ်စေရန် ပထမတန်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့လေသည်။

စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအတွက်မူ မော့တိ ခန့်မှန်းချက်အတိုင်းပင် အွန်လိုင်းမှဖြေကြားရုံသာ ​​ဖြစ်လေသည်။ ​ရလဒ်များအား သုံးရက်အကြာတွင် ထုတ်ပြန်ပေလိမ့်မည်။

မော့တိက မည်သည့်အချိန်၌ ရလဒ်ထွက်ပေါ်လာမည်ကို မသိရှိသော်လည်း ထပ်မံစစ်ဆေးရမည့် ကျောင်းသားများထဲတွင် သူ့အမည်ပါဝင်​နေမည်မှာ သေချာသလောက်ရှိလေသည်။ မော့အာ့ချမ်က စိတ်ဝေဒနာရှင်တစ်ဦးအဖြစ် သူ့အား ခေါင်းစဥ်တပ်ပေလိမ့်မည်။

သို့ရာတွင် ထိုသို့ဆိုရုံမျှဖြင့် သုံးရက်တာအတွင်း သူအန္တရာယ်ကင်းလိမ့်မည်ဟု အတပ်ပြော၍မရပေ။

တစ်ချိန်ထဲမှာပင် သူတို့၏ဂိမ်းအား လွှင့်တင်ရမည့်ရက်စွဲမှာလည်း ရလဒ်ထွက်ပေါ်မည့်နေ့နှင့် တစ်ရက်တည်းကျ​နေလေသည်။သူက ‘ကျန်းမာရေးပြဿနာရှိကြောင်း တင်ပြချက်’ ကို ဗိုလ်လုပွဲမတိုင်ခင် ရရှိပေလိမ့်မည်ဟု မှန်းဆထားခဲ့၏။

သို့ရာတွင် မော့တိ ဤတစ်​ကြိမ်၌ လွဲသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

စစ်ဆေးချက်ရလဒ်များ ပေါ်ထွက်လာသော်လည်း မည်သည့်တင်ပြချက်မှ မော့တိထံရောက်မလာခဲ့။

ထို့ကြောင့် သူက သတိကြီးစွာထားရင်းပင် ကျောင်းစာဘက်ကို အာရုံစိုက်လိုက်လေသည်။

အမှန်စင်စစ် မော့တိသာ မော့အိမ်ရှိဖြစ်ရပ်ကို တွေ့မြင်ခဲ့ပါက သူ၏မှန်းဆချက်မှာ မမှားယွင်းခဲ့ကြောင်း သိရှိပေလိမ့်မည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ​မော့စန်းကျစ် ထောင်မှထွက်လာကတည်းက အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့​လေသည်။ သူ၏စိတ်အခြေအနေမှာလည်း မူမမှန်ဖြစ်နေပြီး အမြွှာအကိုဖြစ်သူ မော့အာ့ချမ်အား ရန်မူလျှက်ရှိလေသည်။

မနေ့ကညစာစားချိန်တွင် မော့စန်းကျစ်က အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်ပန်းကန်လုံးအား မော့အာ့ချမ်၏မျက်နှာထံ မတော်တဆပုံစံဖြင့် ပစ်ပေါက်လိုက်၏။ မော့အာ့ချမ်၏ မျက်လုံးများမှာ ကန်းလုဆဲဆဲဖြစ်သွားခဲ့ရသည်။

မော့မိသားစုဝင်များ ထိတ်လန့်သွားကြကာ မောအာ့ချမ်အား ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားကြလေသည်။ ရလဒ်အနေဖြင့် မော့အာ့ချမ်၏ မျက်နှာတစ်ဝက်ကို ပိတ်ကျဲစများဖြင့် စည်းနှောင်ထားလိုက်ရကာ သူ၏မျက်လုံးများမှာလည်း တစ်ပါတ်ကြာ ကုသမှုခံယူရပေလိမ့်မည်။

မော့မိသားစုခေါင်းဆောင်နှင့် ဒုတိယအဒေါ်တို့က ဒေါသတကြီးဖြစ်သွားခဲ့ကြ၏၏။ မျှော်လင့်မထားသည်မှာ မော့လျှိုကွေ့ပင်လျှင် သူမ၏ပုံရိပ်အား မထိန်းသိမ်းနိုင်တော့ပဲ မော့စန်းကျစ်ကို အပြစ်ဆိုခြင်း၌ ပါဝင်လာခဲ့လေသည်။

မော့ဝုဟန်တစ်ဦးတည်းကသာ သူ့အတွက်ပြောပေးခဲ့သော်လည်း မော့စန်းကျစ်က အသိအမှတ်မပြုခဲ့ချေ။ သူ့အား အရူးဟုခေါ်ကာ ထွက်ခွာသွားလေသည်။

အကျိုးဆက်အနေဖြင့် မော့အာ့ချမ်၏ မတော်တဆမှုက သူ၏အကြံအစည်အား နှောင့်နှေးစေခဲ့လေသည်။

မော့တိအတွက်မူ သူ့အားတိုက်ခိုက်ရန် မည်သူမှရောက်မလာခဲ့သည့်အလျောက် နေ့ရက်များအား အေးအေးချမ်းချမ်း ဖြတ်သန်းနေခဲ့သည်။ မကြာခင်မှာပင် ဂိမ်းပြိုင်ပွဲက အနိုင်ရရှိသူအား ကြေငြာခဲ့၏။

ပြိုင်ပွဲကော်မတီက အသင်းများအတွက် ဝတ်စုံပြည့်စပွန်ဆာပေးခဲ့သည်။ နေ့လည် ၃နာရီတွင် အသင်းသုံးသင်း၏ အဖွဲ့ဝင်တိုင်းက ဆံပင်နှင့်မိတ်ကပ်များအား ပြင်ဆင်ပြီးသွားကြပြီဖြစ်ကာ ကြေငြာမှုအား စောင့်ဆိုင်းလျှက်ရှိလေသည်။

အဖွဲ့တစ်ခုလုံး စိတ်လှုပ်ရှားနေကြ၏။ တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ကာ တစ်နာရီသာကျန်ရှိတော့သည့်အလျောက် သူတို့က အမှားအယွင်းမဖြစ်လိုကြချေ။

ကျောင်းချွမ်က အသက် ၄၀ ကျော်အရွယ် မိတ်ကပ်ပညာရှင်အား သူမ၏မျက်နှာကို ပိုမိုသွယ်လျအောင်ပြင်ဆင်ပေးရန် တောင်းဆိုခဲ့လေသည်။ ၎င်းကို ရှန့်ယွီချောင်ကြားသည့်အခါ မိတ်ကပ်ပညာရှင်အား 'အစ်ကိုကြီး' ဟု ခေါ်ဆိုလျှက် သူ့ကို ကြည့်ကောင်းအောင်ပြင်ဆင်ပေးရန် တောင်းဆိုလေသည်။

ကျန်လူများသည်လည်း စတင်၍ တောင်းဆိုမှုများ ပြုလုပ်လာကြ၏။ မော့တိသာလျှင် ဘာမှမပြောခြင်းဖြစ်သော်ငြား အနည်းငယ်အားစိုက်ရုံမျှဖြင့် သူ၏ ပြီးပြည့်စုံသောရုပ်သွင် ထွက်ပေါ်လာသည့်အတွက် မိတ်ကပ်ပညာရှင်က သဘောကျမဆုံးဖြစ်နေခဲ့သည်။

အဆိုပါည၌ ကြည့်ရှုမှုအများဆုံးအချိန် ည ၈နာရီခွဲတွင် ပရိုဂရမ်အား စတင်ထုတ်လွှင့်လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး ငါးမိနစ်အကြာတွင် ကြည့်ရှုသူများက တဟုန်ထိုးမြင့်တက်လျှက်ရှိလေသည်။

မုထျန်းဟန်သည်လည်း ကြည့်ရှုနေမည်ကို မော့တိသိရှိသဖြင့် ကျောကိုဖြောင့်တန်းလိုက်ကာ နူးညံ့စွာပြုံးလိုက်၏။ အဆိုပါလှုပ်ရှားမှုလေးအား gif တစ်ခုအနေဖြင့် ရိုက်ကူးခံလိုက်ရပြီး တောမီးပမာ ပျံ့နှံ့သွားခဲ့လေသည်။

ပရိုဂရမ်အား ကြည့်ရှုနေသူများထဲတွင် မော့တိမထင်ထားသည့် လူတစ်ဦးပါဝင်လေသည်။

ချင်ချန်းယီပင်ဖြစ်၏။

ထောင်ထဲတွင် ချင်ချန်းယီအတွက် ခက်ခဲသောအချိန်များ ဖြတ်သန်းရခြင်းမရှိချေ။ အပန်းဖြေခရီးနှင့်ပင် ဆင်တူနေ​လေသည်။

အားလပ်ရက်ခရီး၏ ဝန်ဆောင်မှုများမှာ အနည်းငယ်ညံ့ဖျင်းသော်လည်း ထောင်သားတစ်ဦး၏ နေထိုင်မှုပုံစံနှင့် လားလားမျှမသက်ဆိုင်ပေ။

သူက လွတ်လပ်ခွင့်ရရုံတင်မဟုတ်၊ လျှပ်စစ်ပစ္စည်းများကိုပင် အသုံးပြုခွင့်ရှိနေ၏။

ငွေကြေးက ကမ္ဘာကြီးအား လှည့်ပတ်စေခြင်းမှာ အံ့သြစရာမဟုတ်ချေ။

မော့တိ၏ဘဝမှာ ကောင်းမွန်နေကြောင်း တွေ့ရသည့်အခိုက် ချင်ချန်းယီတစ်ယောက် အမုန်းတရားများ၊ ရက်စက်သောအတွေးများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူအရင်က အလွန်ညှာတာခဲ့သည်ဟု ခံစားလိုက်ရ၏။ မော့လျှိုကွေ့အား မနာကျင်စေချင်သဖြင့် မော့တိအပေါ် လှည့်ကွက်အနည်းအကျဥ်းကိုသာ အသုံးပြုခဲ့မိလေသည်။

သူ့ကို အကြိမ်တစ်ရာလောက် သတ်ပြီးနေသင့်တာ...

သူပျော့ညံ့ခဲ့လို့ ဒီလောက်ထိ ပိုက်ဆံအရမ်းကုန်သွားရတာပဲ...

မုထျန်းဟန်လည်းရှိသေးတယ်...ကိုယ့်ကိုယ်ကိုယ်အထင်ကြီး၊ ဘဝင်လေဟပ်ပြီး စိတ်ပျက်စရာကောင်းတဲ့ကောင်...နှစ်ယောက်လုံးသေသွားသင့်တာ...

ခုလောလောဆယ် ထွက်မရတာဆိုးတာပဲ...မဟုတ်ရင်...

“သခင်လေးချင်...ပြီးပြီလား...ခဏ​နေရင် အခန်းစစ်ဆေးတောမယ်...ခင်ဗျား အဲ့ဒါတွေကို ခပ်ဝေးဝေးမှာထားသင့်ပြီ...”

မျက်နှာချိုသွေးသည့် အသံက ချင်ချန်းယီ၏ အတွေးများကို ကြားဖြတ်နှောင့်ယှက်လိုက်လေသည်။

ရဲဝန်ထမ်းတစ်ဦးဝင်လာကာ ဦးညွှတ်ပြုံးပြ၍ ဆို၏။

“ကျွန်တော်တို့ အရိပ်အခြည်ကြည့်ဖို့လိုအပ်တယ်လေ...”

ချင်ချန်းယီ၏ အကြည့်များက နက်မှောင်သွားခဲ့သော်လည်း စိတ်ဆိုးဟန်မပြချေ။

“ဒါပေါ့...ကျုပ် ခင်ဗျားကို ခက်ခဲအောင်မလုပ်ပါဘူး...”

“ဒါနဲ့...”

ချင်ချန်းယီက ဆက်ပြောသည်။

“ကျုပ်ကို ကြီးကျပ်ရေးမှူးစွန်းအနေနဲ့ အကူအညီတစ်ခုလောက်ပေးနိုင်မလား...”

“ဘာများလဲ...ပြောပါ...ကျွန်တော် လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းရှိနေသရွေ့ အတတ်နိုင်ဆုံးကူညီမှာပါ...”

“ကောင်းတယ်...ကျုပ်အပြင်ထွက်နိုင်တာနဲ့ ကြီးကျပ်ရေးမှူးစွန်းကို ကျေးဇူးတုံ့ပြန်ပါ့မယ်...”

ချင်ချန်းယီ မတ်တပ်ရပ်လိုက်ပြီး အေးစက်စက်ပြုံးလိုက်၏။

“ကျုပ် စာတစ်စောင် ရေးပေးလိုက်မယ်...အဲ့ဒီ့စာကို တစ်ယောက်ယောက်ဆီ ပို့ပေးနိုင်မလား...”



Xxxxxxcc