အပိုင်း ၁၅၁
Viewers 28k

Chapter 151



စာက ချင်ချန်းယီ၏ မြေအောက်အဖွဲ့အစည်းများ၊ သို့မဟုတ် လူယုံများထံသို့ ရောက်ရှိသွားခြင်းမဟုတ်ပဲ မော့အာ့ချမ်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ချင်ချန်းယီက မော့အာ့ချမ်အား သူနှင့်လာတွေ့ရန် တောင်းဆိုထား၏။

မော့အာ့ချမ်က အစပိုင်းတွင် လိုက်လျောရန် မရည်ရွယ်ခဲ့သော်လည်း ဆေးရုံ၌ ထိုကိစ္စအား သုံးရက်ကြာ သေသေချာချာ စဥ်းစားပြီးသည့်နောက် သွား​ရောက်ရန် ဆုံး​ဖြတ်လိုက်လေသည်။

ချင်ကွမ်းကျယ်၏ ကြိုတင်စီစဥ်မှုများကျေးဇူးဖြင့် မော့အာ့ချမ်က ချင်ချန်းယီအား ချောချောမွေ့မွေ့ပင် သွားရောက်တွေ့ဆုံခဲ့သည်။

သူတို့နှစ်ဦးက ထောင်သားများအား မိသားစုဝင်များ လာရောက်တွေ့ဆုံသည့် အခန်းထဲတွင် တွေ့ကြလေသည်။ အဘယ့်ကြောင့်ဆိုသော် ချင်မိသားစု မည်မျှအာဏာကြီးမားသည်ဖြစ်စေ ချင်ချန်းယီ၏ အကျဥ်းခန်းအတွင်း သီးသန့်တွေ့ဆုံခွင့်ရရန်မှာ မဖြစ်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ စောင့်ကြည့်ကင်မရာများကိုမူ ယာယီပိတ်ထားလေသည်။

ချင်ချန်းယီ၏ တင်စီးသောအမူအရာကို မော့အာ့ချမ် တစ်ချက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ချင်ချန်းယီသာ ထောင်ကျနေခြင်းမဟုတ်ပါက မော့အာ့ချမ် ထိုသူအား သူ၏ညီမဖြစ်သူနှင့် တွဲဖက်ပေးနိုင်သေးသည်။ ယခုမူ ချင်ချန်းယီမှာ မော့လျှိုကွေ့နှင့် ထိုက်တန်သည်ဟု မမြင်တော့ချေ။

မည်သို့ပင်ဖြစ်စေကာမူ ချင်ချန်းယီ၏ အင်အားနှင့် ငွေကြေးအထောက်အပံ့များကမူ အသုံးဝင်လာနိုင်သေးသည်။

သူ့အနေဖြင့် ချင်ချန်းယီ၏ သေးငယ်သောအတွေးများအား မည်သို့သတိမပြုမိပဲ နေပါမည်နည်း။ မော့အာ့ချမ်က စိတ်ထဲတွင် နှာခေါင်းရှုံလိုက်သော်လည်း တစ်ခွန်းမှမဆိုခဲ့ချေ။ မော့မိသားစုဝင်များအပေါ်လည်း ထိုသို့ပင်ရှုမြင်၏။ ယခုမူ သူတို့က သူ့အတွက်အသုံးဝင်နေသေးသည်။ မုထျန်းဟန်နှင့် မော့တိအား အဆုံးသတ်ပြီးသွားပါက ထိုသူများသည်လည်း...

ဟမ့်...အလကားဟာတွေ...

“လိုရင်းပဲပြောရအောင်...”

ချင်ချန်းယီက စတီးခုံပေါ်တွင် ထိုင်နေခြင်းဖြစ်သော်လည်း သူ၏အမူအကျင့်အရ ဘော့စ်၏ကုလားထိုင်၌ ထိုင်နေသယောင်ထင်ရ၏။ သူက မော့အာ့ချမ်အား နက်မှောင်သောမျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။

“ငါ့အထင် ငါတို့အတူပူးပေါင်းလို့ရနိုင်တယ်...ရှောင်ကွေ့ ဒီလိုမျိုးအရှုပ်အထွေးတွေကြား ပါဝင်​နေရတဲ့အတွက် မော့တိကို သူနဲ့ထိုက်တန်တဲ့အပြစ် ပေးရမယ်မဟုတ်လား...မင်းက ရှောင်ကွေ့အစ်ကိုဖြစ်သလို သူမအတွက် လက်စားချေပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ...ငါမင်းကိုမေးမယ်...ပူးပေါင်းဖို့ဆန္ဒရှိလား...”

“ငါစိတ်မဝင်စားရင် ဒီကိုတောင်ရောက်လာမှာမဟုတ်ဘူး...”

မော့အာ့ချမ်က စကားပြော​နေစဥ်အတွင်း မျက်နှာမှ နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။

“ဒါပေမယ့် ငါမင်းပြောတာကို နားထောင်မထောင်က မင်းစိတ်ကူးအပေါ်မှာမူတည်တယ်...မင်းဘာမှမလုပ်နိုင်ခင် မော့တိက အားလုံးကိုင်တွယ်လိုက်တာမျိုး ဖြစ်နိုင်တယ်လေ...”

“မင်းမှာ မော့တိကိုဖြေရှင်းဖို့ နည်းလမ်းရှိတာလား...”

ချင်ချန်းယီ ပြုံးလိုက်သည်။ သူက မော့အာ့ချမ်အား မယုံကြည်ချေ။

“ငါဘာကူညီရမလဲ...”

မော့အာ့ချမ် ချင်ချန်းယီထံသို့ လာရောက်ရသည့် အကြောင်းအရင်းမှာ ထိုသူ၏အကူအညီအား လိုအပ်၍ဖြစ်သည်။ သဘာဝကျစွာပင် သူက ယဥ်ကျေးမနေတော့ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

“ဒီမှာလုံခြုံရဲ့လား...”

“ဒါပေါ့...မင်း လွတ်လွတ်လပ်လပ်​ပြောနိုင်တယ်...ဒါပေမယ့် သံသယရှိနေသေးတယ်ဆိုရင် စာရွက်ပေါ်မှာ ရေးပြီးပြောလို့လည်းရပါတယ်...”

မော့အာ့ချမ်က ခဏတာစဥ်းစားလိုက်ကာ ဒုတိယနည်းလမ်းကို ရွေးလိုက်၏။ သူက စာရွက်ပေါ်တွင်ရေးချပြီးနောက် ချင်ချန်းယီထံသို့ ကမ်းပေးလိုက်လေသည်။

ချင်ချန်းယီက စာလုံးများကို လျင်မြန်စွာဖတ်လိုက်သည်။ ထို့နောက် ခေါင်းယမ်းလျှက် နှာခေါင်းရှုံ့လိုက်၏။

“မင်းသူ့ကို စိတ္တဇဆေးရုံပို့ချင်တာလား...IQ မြင့်တဲ့လူတွေအားလုံးက ဒီလိုပဲသူရဲဘောကြောင်တတ်တာလား...”

“မင်းပြောချင်တာဘာလဲ...”

မော့အာ့ချမ်၏မျက်နှာက မှောင်မဲသွားခဲ့သည်။

“ဘာမှမဟုတ်ပါဘူး...မင်းအကြံကကောင်းပါတယ်...”

ချင်ချန်းယီ ပြုံးလိုက်ပြီး စာရွက်အား တစ်စစီဆုတ်ဖြဲလိုက်လေသည်။

“မင်းသူ့ကို တစ်သက်လုံး စိတ္တဇဆေးရုံမှာ ပိတ်ထားနိုင်မယ်ထင်လား...မော့တိ တစ်ယောက်ထဲဖြစ်နေတုန်းကတော့ ဖြစ်နိုင်​ချေရှိသေးတယ်...အခု မုထျန်းဟန်ရှိနေပြီလေ...မင်းရဲ့လက်နက်အားလုံးကို အသုံးပြုပြီး သူ့ကိုပိတ်ထားနိုင်ရင်တောင် မုထျန်းဟန်က သေချာပေါက် အပြင်ထုတ်ပေးဦးမှာပဲ...အဲ့ဒီ့လိုဆို လက်စားချေတာဘယ်ဟုတ်တော့မလဲ...”

“ငါ့မှာ မုထျန်းဟန်ကိုယ်တိုင် မော့တိကို စိတ္တဇဆေးရုံပို့လာစေမယ့် နည်းလမ်းရှိတယ်...”

မော့အာ့ချမ်က အေးစက်စွာပြောလေသည်။

“နောက်တော့ရော...မုထျန်းဟန်ရှိနေသမျှ မော့တိက စိတ္တဇဆေးရုံမှာ ပိတ်ထားခံရတယ်ဆိုရင်တောင် ကောင်းကောင်းနေရဦးမှာပဲလေ...ဒါက အပြစ်ပေးရာမကျဘူးမဟုတ်လား...သူ့ကို နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ငရဲကျသလိုခံစားရအောင် လုပ်နိုင်စွမ်း မင်းမှာမရှိသရွေ့ စိတ္တဇဆေးရုံမှာပိတ်ထားတယ်ဆိုတာက အရမ်းသက်ညှာရာကျလွန်းတယ်...ဒါတောင် ငါမင်းကို ကူညီဖို့စဥ်းစားမှဖြစ်လာမှာ...”

မော့အာ့ချမ်က စိတ်ပျက်ဟန်ဖြင့် တိတ်ဆိတ်သွားခဲ့သည်။

ချင်ချန်းယီက ဟန်ဆောင်ပြုံးကာဆို၏။

“မုထျန်းဟန်က မော့တိကို တစ်သက်လုံး စိတ္တဇဆေးရုံမှာ ထားမှာမဟုတ်ဘူး...မင်းသူ့ကို အရူးလုပ်လို့ရ အလွန်ဆုံးတစ်နှစ်နှစ်နှစ်ပဲ...ရှစ်နှစ် ဆယ်နှစ်လောက် သူ့ကိုပိတ်ထားနိုင်မယ် ထင်တာလား...ပြီးတော့ မုထျန်းဟန်က အင်အားကြီးတဲ့လူ​ဖြစ်သလို မော့တိကိုလည်း အရမ်းဂရုစိုက်တယ်...သူက မော့တိအတွက် အမေရိကမှာ ဆေးရုံဆောက်ပေးမယ်ဆိုရင်ရော မင်းဘာတတ်နိုင်မှာလဲ...”

မော့အာ့ချမ်၏မျက်နှာက ပို၍အရုပ်ဆိုးလာခဲ့သည်။

သူက ချင်ချန်းယီအား ကြည့်လိုက်၏။

“အကြံကောင်းရှိလား...”

“ဒါပေါ့...ငါမော့တိကို အပိုင်းပိုင်းဖြတ်မပစ်နိုင်ရင်တောင် အမြဲတမ်းတော့ပိတ်လှောင်ထားနိုင်တယ်...”

ချင်ချန်းယီ၏ မျက်ဝန်းများက အန္တရာယ်ရှိစွာ.နက်​မှောင်လာခဲ့သည်။

“မင်းသိလား...တစ်ယောက်ယောက်ကို ဘယ်တော့မှ နာလန်မထူစေချင်ရင် နည်းလမ်းတစ်ခုပဲရှိတယ်...”

မော့အာ့ချမ်၏ မျက်ဝန်းများက တုန်လှုပ်သွားခဲ့လေသည်။

“မင်းဆိုလိုတာက...”

“ဟုတ်တယ်...မင်းတွေးနေတဲ့တစ်ခုပဲ...” ချင်ချန်းယီပြုံးကာ ဆက်ပြောသည်။

“သေဆုံးခြင်းကသာလျှင် အသေချာဆုံးနည်းလမ်းပဲ...မဟုတ်ရင် မော့တိလိုလူယုတ်မာလေးက မုထျန်းဟန်ရဲ့အကူအညီနဲ့ ပြန်ပြီးရပ်တည်လာဦးမှာပဲ...”

“မင်းပြောတာ မမှားပါဘူး...ဒါပေမယ့် ငါဒီအကြံကိုအကူအညီမပေးနိုင်ဘူး...”

လူသတ်မှုကျူးလွန်ခြင်းမှာ လက်မခံချင်စရာ ဖြစ်သော်လည်း ချင်ချန်းယီ၏နည်းလမ်းက ကောင်းမွန်သည်ကို မေ့ာအာ့ချမ်သဘောတူလေသည်။

“မင်းကူညီပေးနိုင်ပါတယ်...”

ချင်ချန်းယီက စက္ကူစများကို အမှိုက်ပုံးအတွင်းသို့ အမှတ်တမဲ့ပစ်ထုတ်လိုက်၏။

“မော့တိကိုသတ်ဖို့ မင်းဟာမင်းလူငှားလို့ရတာပဲ...ငါက ဘာများကူညီနိုင်မှာမို့လို့လဲ...”

မော့အာ့ချမ်က ချင်ချန်းယီနှင့် မျက်လုံးခြင်းဆုံလိုက်သည်။

“လူတစ်ယောက် အပိုပါလာတာက ကိစ္စတွေကိုရှုပ်ထွေးစေတယ်...မင်းကငါ့ကို ငါးစာအနေနဲ့အသုံးချမလို့လား...”

“ပိုက်ဆံပေးလိုက်တာက လွယ်ပေမယ့် သူတို့ဖမ်းမိသွားရင် ငါတို့ကိုပါ ပြန်ထိမလာဘူးလို့ မင်းပြောနိုင်လား...အထူးသဖြင့် မင်းရင်ဆိုင်ရမယ့်လူက မုထျန်းဟန်ဖြစ်နေတဲ့ အခါမျိုးမှာလေ...မင်းသူများကို ပိုက်ဆံပေးနိုင်သလို သူလည်းပေးနိုင်တာပဲ...ဒါလေး​တောင်နားမလည်ဘူးလား...”

“မင်းက တကယ်တမ်းဘာလုပ်ချင်တာလဲ...”

မော့အာ့ချမ်၏ မျက်မှန်က အလင်းပြန်သွားခဲ့သည်။

“ရှင်းပါတယ်...မင်းလုပ်ဖို့လိုအပ်တာက မော့တိကိုသတ်မယ့်လူက သေချာတွေးတောနိုင်စွမ်း မရှိတဲ့အကြောင်း သက်သေလိုက်ပေးရုံပဲ...”

ချင်ချန်းယီက အေးစက်စက်ဆိုလာသည်။

“စိတ်ဝေဒနာရှင်တွေအပေါ်မှာ ဥပ​ဒေကသက်ညှာတယ်လေ...”

မော့အာ့ချမ်၏ နှလုံးသားက ခုန်လှုပ်သွားခဲ့သည်။ သူက ခဏတာတွန့်ဆုတ်နေကာ ပြောလာ၏။

“မင်းကိုကြည့်ရတာ ကြေးစားတွေအတွက် တွေးပေးမယ့်လူမျိုးမဟုတ်ပါဘူး...သေဒဏ်အပေးခံရနိုင်တဲ့အတွက် အလုပ်လက်မခံကြမှာကို မင်းစိုးရိမ်တာမဟုတ်လား...ဒါ့ကြောင့် သူတို့အတွက် ဆေးစစ်ချက်ပြင်ဆင်ထားပေးတာ...ဒါပေမယ့် သူတို့ကဝန်ခံခဲ့တယ်ဆိုရင်တောင် ငါတို့ကိုခြေရာမခံနိုင်ဘူးလို့ အတပ်ပြောလို့မရဘူး...”

“ဒါပေါ့...အဲ့ဒါကြောင့် ငါသူ့ကိုလောလောဆယ် လွှတ်ပေးထားတာလေ...”

ချင်ချန်းယီက ကောက်ကျစ်စွာပြုံးလိုက်သည်။

“တစ်ယောက်ယောက်ကို လူသတ်ဖို့ငှားတာက လွယ်ပါတယ်...သူ့စိတ်ထဲ လုံခြုံပြီလို့ခံစားရတဲ့အချိန်ကျမှ စိတ္တဇဆေးရုံမှာ ခိုက်ရန်ဖြစ်​ပွားမှုတစ်ခုဖန်တီးပြီး သတ်ပစ်လိုက်မယ်လေ...”

“စိတ်ဝေဒနာရှင်တွေ အဓိကရုဏ်းဖြစ်နေကြတုန်း တစ်ယောက်ယောက်သေသွားတာက ဘယ်သူ့အမှားမှမဟုတ်ဘူးလေကွာ...”

ချင်ချန်းယီအပေါ် မော့အာ့ချမ်အမြင်ပြောင်းလာပြှဖြစ်သည်။

ဒီလိုအကွက်ကျကျနဲ့ စေ့စပ်တဲ့အကြံမျိုး...

လူသတ်သမားသာ မတော်တဆသေဆုံးသွားခဲ့ပါက မော့တိ၏အမှုနှင့်ပတ်သတ်၍ သူတို့အား မည်သူမှစွပ်စွဲနိုင်မှာ မဟုတ်တော့ချေ။

မော့အာ့ချမ်က စားပွဲခုံအား လက်ချောင်းကလေးများဖြင့် တီးခေါက်လိုက်သည်။

“ဒီအကြံက ပြောင်မြောက်လှပါတယ်...လေးစားပါတယ် ဒါရိုက်တာချင်...”

…..

ဂိမ်းပြိုင်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

မော့တိ၏ဂိမ်း 'အဆုံးမဲ့ဘဝ' က ဗိုလ်စွဲခဲ့၏။ ရလဒ်များ မကြေငြာခင်ကတည်းက အားလုံးမျှော်လင့်ပြီးသားဖြစ်သော်လည်း အောင်ပွဲခံလိုစိတ်များကမူ လျော့နည်းသွားခြင်းမျိုးမရှိချေ။

ဟွာရှားရှိ ပထမဆုံးသောဂိမ်းပြိုင်ပွဲတွင် 'အဆုံးမဲ့ဘဝ' အနိုင်ရရှိသွားသည့်သတင်းများက Weibo ၌ ရှာဖွေမှုအများဆုံးဖြစ်နေခဲ့ပြီး ထိပ်ဆုံးနေရာတွင် သုံးရက်ကြာရပ်တည်နေခဲ့သည်။

ထိပ်ဆုံးအသင်းသုံးသင်း၏ ဆုလာဘ်များမှာ များပြားလှ၏။ ရင်းနှီးမြှုပ်နှံသူ အများအပြားရလာခြင်းအပြင် ဘောနပ်စ်များကိုလည်း ချီးမြှင့်ခံရလေသည်။

အနိုင်ရသည့်အသင်းက ယွမ် ၁၅သန်း ချီးမြှင့်ခံရလေသည်။ မော့တိက ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပြီးချိန်ဝယ် သန်း ၂၀ အထိမြင့်တက်သွားခဲ့သည်။

ဂိမ်းကုမ္ပဏီတစ်ခုအတွက် ယွမ် တစ်ဆယ့်ငါးသန်းမှာ ပုံးထဲရှိရေတစ်စက်မျှသာရှိသော်လည်း ကောလိပ်ကျောင်းသားများနှင့် သာမန်လူတန်းစားများအတွက်မူ ယင်းပမာဏမှာ အလွန်များပြားလှသည်။

အဖွဲ့သားများက ဝမ်းသာအားရဖြစ်မှုနှင့် အံ့သြမှုကို တစ်ပြိုင်နက်ခံစားလိုက်ရသည်။

မော့တိတစ်ယောက်သာလျှင် ငြိမ်သက်ကာ အတွေးများနေခဲ့သည်။

သူ၏အရင်ဘဝတွင် ယွမ်တစ်ဘီလီယံခွဲခန့် အရောင်းအဝယ်တစ်ခုမှာ သာမန်သာဖြစ်သည်။ ယွမ်ဆယ့်ငါးသန်းမှာ ဘာမှမပြောပလောက်ချေ။

မော့တိက အလွန်ခေတ်နောက်ကျနေသော အသင်း၏ပစ္စည်းများကို အဆင့်မြှင့်တင်ရန် ဆယ်သန်းကို ဖယ်ထားလိုက်သည်။ ​ပမာဏများစွာ ကုန်ကျမည်ဖြစ်သော်လည်း ၎င်းပစ္စည်းများမှာ သူတို့အတွက် ပေါင်မုန့်နှင့် ထောပတ်ဖြစ်သောကြောင့် ခြွေတာမနေသင့်ချေ။

ကျန်ငါးသန်းကို ဘောနပ်စ်အဖြစ် လူတိုင်းကြား ခွဲပေးမည်ဖြစ်သည်။

စာချုပ်အရ သူကခုနစ်ဆယ်ရာခိုင်နှုန်း၊ မုထျန်းဟန်က ၂၀ ရာခိုင်နှုန်း၊ ဖန်ချန်းလောင် နှင့် ဟန်ချောင်းက သုံးရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး လက်ကျန်ပိုက်ဆံများကိုမူ ကျန်အဖွဲ့ဝင်များအကြား ခွဲဝေပေးမည်ဖြစ်သည်။

ငွေလက်ခံရရှိသောအခါ လူတိုင်းနီးပါး ဝမ်းသာမျက်ရည်ကျကြသည်။

အဆုံးသတ်၌ ၎င်းမှာ နည်းပါးသော​ငွေပမာဏမဟုတ်ချေ။ နည်းပညာကုမ္ပဏီများ၏ အကြီးတန်းဝန်ထမ်းတစ်ဦးပင်လျှင် ဘောနပ်စ်အား ဤမျှမရရှိချေ။

ရှန့်ယွီချောင်၊ လင်ကျွင်းဖုန်နှင့် ကျောင်းချွမ်တို့က မော့တိကို အထူးပင် ကျေးဇူးတင်ခဲ့ကြသည်။ မော့တိ၏ ရှုပ်ထွေးသောအလုပ်များအပေါ် အမြဲလမ်းညွှန်ပေးခဲ့မှုကြောင့် သူတို့ သူ့ထံမှများစွာသင်ယူခဲ့ရပြီး အလုပ်လုပ်ရာတွင်လည်း အမြဲတမ်းစိတ်ဖိစီးမှုကင်းစင်ခဲ့ရသည်။

ရှန့်ယွီချောင်က မော့တိအား ထောပနာပြုကာ အဖေဟူ၍ပင် သတ်မှတ်ခဲ့သည်။ ထိုစဥ် လင်ကျွင်းဖုန်က သူ့ကိုယ်သူ ပါပါးဟုသတ်မှတ်ရန် ရှက်ရွံ့နေခဲ့၏။

မော့တိက သူ၏ရှယ်ယာသုံးသန်းကို ကုမ္ပဏီအကောင့်ထဲသို့ ဖယ်ထားပြီးနောက် မုထျန်းဟန်ထံသို့ နှစ်ဆယ်ရာခိုင်နှုန်းအား လွှဲပေးလိုက်ကာ အနာဂတ်တွင် ပို၍ပိုက်ဆံရှာပေးမည်ဟု ပြောလိုက်၏။

မုထျန်းဟန်က အဆိုပါစာသားကိုမြင်သည့်အခါ နွေးထွေးသွားခဲ့ပြီး မရယ်ပဲမနေနိုင်ချေ။ သူက သူ့ကလေး​​လေးကို ပွေ့ဖက်ကာ ဆံစလေးများကို ပွတ်သပ်ပေးချင်လာသည်။

ဤသို့​​​​ဖြင့် တစ်​ပါတ်တာက ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့၏။

မော့တိ ဂိမ်းကုမ္ပဏီတစ်ခုတည်ထောင်ပြီး ဇိမ်ခံအထပ်မြင့်တိုက်တစ်လုံးတွင် တည်ရှိနေသည့် ရုံးခန်းအကြောင်း အဖွဲ့သားများ သိရှိသွားသည့်အခါ စိတ်လှုပ်ရှားစွာ အော်ဟစ်​ကြ​​လေသည်​။ ထိုမှတပါး သာမန်ထက်ထူးခြားသည့်ကိစ္စရပ်မျိုး ​မဖြစ်ပွားခဲ့ချေ။

မျှော်လင့်ထားသည့် ဆေးဘက်ဆိုင်ရာသတိပေးချက်ကမူ ကျန်းမာရေးစစ်ဆေးချက်များအားလုံး အဆုံးသတ်သည်အထိ ရောက်မလာခဲ့ချေ။

တစ်စုံတစ်ခု လွဲချော်နေပြီဟု မော့တိ စတင်ခံစားလာရသည်အထိ အရာရာမှာ အေးချမ်း၍နေလေသည်။


Xxxxxxx