Chapter 152
မော့တိက သူ၏စိုးရိမ်မှုများကို မုထျန်းဟန်အား ပြောပြကာ သူတို့၏နောက်ထပ်ခြေလှမ်းအကြောင်း ဆွေးနွေးခဲ့ကြလေသည်။
တံတားရှေ့ရောက်မှ ဖြတ်လိုက်တာကောင်းမလား...ဒါမှမဟုတ် လက်ဦးမှုရယူလိုက်သင့်လား...
မုထျန်းဟန် စဥ်းစားလိုက်ပြီး ဒုတိယအကြံအစည်ကို ရွေးချယ်လိုက်၏။
“ကိုယ်တို့ကို အန္တရာယ်ပြုချင်တဲ့လူတွေက အမှောင်ထဲကဖြစ်ပြီးတော့ ကိုယ်တို့က အလင်းထဲမှာလေ...ချင်ချန်းယီနဲ့ မော့အာ့ချမ်လိုလူတွေအတွက် အခွင့်အရေးပေးသလို မဖြစ်သင့်ဘူးမဟုတ်လား...ကိုယ်တို့ အရင်စပြီး လှုပ်ရှားလိုက်တာ ပိုကောင်းတယ်...ဒီလိုဆို သူတို့အကြံဉာဏ်တွေ မြန်မြန်ထုတ်သုံးလာအောင် တွန်းအားပေးရာလည်း ကျသွားလိမ့်မယ်...”
မော့တိ ခဏတာတုံ့ဆိုင်းနေကာ သဘောတူလိုက်လေသည်။
“ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ လက်ဦးမှုယူကြမလဲ...သူတို့ကို သွားထိလို့မှမရတာ...မဟုတ်မှလွဲရော...”
မော့တိ၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
“မဟုတ်မှလွဲရော...ချင်နဲ့မော့လုပ်ငန်းစုတွေနဲ့ အစပြုမှာလား...”
“မှန်တယ်...”
မုထျန်းဟန် ပြုံးလိုက်၏။ သူက မော့တိအား ပွေ့ဖက်ချင်လာသော်လည်း လူကသူ့အနားရှိမနေချေ။ ထို့ကြောင့် ဖုန်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
“သူတို့လုပ်ငန်းတွေနဲ့ အရင်စကြတာပေါ့...အရင်ဆုံး မော့မိသားစုနဲ့ စရအောင်...သူတို့အခုဆို တတိယအဆင့်မိသားစုတောင် မဟုတ်တော့ဘူး...မော့အုပ်စုက ပြဿနာအများကြီးနဲ့ ရင်ဆိုင်နေရတာ...ကိုယ် ချင်အုပ်စုရဲ့ လုပ်ငန်းတွေကိုရဖို့ ကြိုးစားနေတုန်းက သူတို့အတွက်လည်း စီမံကိန်းချပြီး တွင်းတူးပေးထားတာရှိတယ်...ဒီတော့ နှစ်လအတွင်း ရလဒ်ကောင်းတစ်ချို့ ထွက်လာမှာပါ...”
“ကိုကို...စီမံကိန်းတွေအကြောင်း ကျွန်တော့်ကိုပြောပြလို့ရမလား...”
“ဒါပေါ့...ကိုယ်မင်းကို ဘာမှဖုံးကွယ်ထားမှာမဟုတ်ဘူး...”
“ဒီတစ်ပါတ်ပိတ်ရက်ကျ ကိုကို့ရုံးကို ကျွန်တော် လာခဲ့မယ်လေ...အရင်ဘဝက သူတို့အားနည်းချက်တွေကို ကောင်းကောင်းသိထားတော့ မော့မိသားစု ပိုပြီးမြန်မြန်ပြိုလဲအောင် ကျွန်တော်တို့လုပ်နိုင်မှာပဲ...”
မော့တိ အံကြိတ်လိုက်မိသည်။
ပြိုင်ပွဲပြီးသည့်အချိန်မှစ၍ ကျောင်းချွမ်၊ ဟန်ချောင်နှင့် ဖန်ချန်းလောင်တို့က မုထျန်းဟန်ပြင်ဆင်ပေးထားသည့် ရုံးခန်းတွင် ဝါရင့်အလုပ်သမားများကဲ့သို့ အလုပ်ဆင်းလျှက်ရှိသည်။ သူတို့က ထိုနေရာတွင် ၈နာရီမှ ၁၁နာရီအထိ နေ့တိုင်းလိုလိုရှိကြ၏။
မော့တိအတွက်မူ သူက ဘော့စ်တစ်ဦးဖြစ်သည်သာမက ထုတ်လုပ်သူနှင့် ပရိုဂရမ်ရေးဆွဲသူနေရာကိုပါ တာဝန်ယူထားရလေသည်။ ပို၍အရေးကြီးသည်မှာ သူက ကျောင်းတက်ရန်လိုအပ်ဆဲဖြစ်၏။ ထို့ကြောင့် ရုံးနှင့်ကျောင်းကို သွားလိုက်ပြန်လိုက်လုပ်နေရလေသည်။
အပေါ်ယံအားဖြင့် အရာအားလုံးက သာမန်လိုဖြစ်နေကာ တိတ်ဆိတ်အေးချမ်းလျှက် ရှိလေသည်။
သို့သော် မမြင်ရသော မုန်တိုင်းတစ်ခုက အမှောင်ထဲမှ တိုက်ခိုက်လာခဲ့၏။
တစ်လအကြာ၌ မော့မိသားစု၏ အခွန်ရှောင်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် အခြားငွေကြေးနှင့်သက်ဆိုင်သည့် သတင်းများစွာက အဓိက website စာမျက်နှာများတွင် နေရာယူလာကြသည်။
ညတွင်းချင်းပင် မော့မိသားစု၏ ရှယ်ယာများက အောက်ခြေအထိကျဆင်းသွားခဲ့ပြီး ကုမ္မဏီသည်လည်း ပိတ်သိမ်းခံလိုက်ရ၏။
မော့ရှစ်ချန်၊ မော့ရှစ်ကောနှင့် မော့ယီချန်တို့က အချုပ်ထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။ မော့မိသားစုခေါင်းဆောင်မှာ မူးမေ့သွားခဲ့လေသည်။ ဆေးရုံတွင် ပြန်လည်နိုးလာသည်အထိ အဘိုးအိုက ထိတ်လန့်နေဆဲဖြစ်ကာ ဦးနှောက်သွေးကြော အနည်းငယ်ပိတ်ဆို့သွားခဲ့သဖြင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။
မော့မိသားစုခေါင်းဆောင်က ရှင်းရှင်းလင်းလင်းတွေးနိုင်သည့်အခါတွင် စကားပြောရန် ကြိုးစားခဲ့သော်လည်း သူ့ပါးစပ်ထောင့်များမှ သွားရည်များကျလာပြီး ဗလုံးဗထွေးအသံများသာ ထွက်ပေါ်လာခဲ့လေသည်။ သူက ဖမ်းဆီးမခံရသည့် မော့ရှစ်ဟုန်ကိုသာ သူ ပြောလိုသည့်စကားကို စာရေးပြခြင်းဖြင့် ဆက်သွယ်န်ိုင်တော့၏။ မော့ရှစ်ဟုန်အား အဓိကရှယ်ယာရှင်များကို စုစည်းစေလျှက် တန်ပြန်ရေးအစီအစဥ်များအကြောင်း ဆွေးနွေးစေချင်ခဲ့သည်။ သို့သော် ထိုသူများကို ဆက်သွယ်၍ရချိန်၌ အားလုံးက ရှယ်ယာများကိုရောင်းချပြီး သင်္ဘောပေါ်မှ ခုန်ဆင်းသွားကြပြီဖြစ်လေသည်။ (နှုတ်ထွက်သွားခဲ့ကြပြီ)
ထို့အပြင် သူတို့ မည်မျှမေးမြန်းပါစေ၊ ထိုလူများက ရှယ်ယာများကို ဝယ်ယူသွားသည့်လူအကြောင်း လုံးဝမပြောပြကြချေ။ သူတို့ကိုပင် မော့အုပ်စုမှာ အဆုံးသတ်သွားပြီဖြစ်သောကြောင့် အချိန်မဖြုန်းကြရန် ဖုန်းမချခင် အကြံပေးလိုက်သေး၏။
၎င်းကိုကြားသည့်အခိုက် လောလောလတ်လတ် ဦးနှောက်သွေးကြော ထိခိုက်ထားသည့် မော့မိသားစုခေါင်းဆောင်က နှလုံးရောဂါရလုနီးနီးပင် ဖြစ်သွားခဲ့ရသည်။
မော့ယီချန် ကုမ္မဏီအား ဦးစီးစဥ်ကတည်းက မော့ရှစ်ဟုန်က ကုမ္မဏီကိစ္စများတွင် ဝင်ရောက်ခြင်းမပြုပဲ သက်တောင့်သက်သာနေထိုင်ခဲ့သည်။ သို့မဟုတ်ပါက သူသည်လည်း အချုပ်ကျမှာပင်။ ယခုကဲ့သို့ ကိစ္စများရှုပ်ထွေးလာသည့်အချိန်၌ မော့ရှစ်ဟုန်က အဆိုပါမုန်တိုင်းအား ကိုင်တွယ်နိုင်စွမ်းမရှိသည်မှာ သဘာဝကျလေသည်။
မော့ဝုဟန်နှင့် အခြားလူများကမူ ပို၍ပင်ကိုင်တွယ်ရန်မဖြစ်နိုင်ချေ။ သို့သော် သူတို့မည်မျှညံ့ဖျင်းစေကာမူ မော့အုပ်စုက ပြိုလဲတော့မည်ဖြစ်ကြောင်း အားလုံးသိရှိကြလေသည်။
မော့အုပ်စုတွင် 'မော့' ဟူသည့်စကားလုံးပါဝင်သော်လည်း ရှယ်ယာများ၏ ၄၇ ရာခိုင်နှုန်းသာ မော့မိသားစုအမည်အောက်၌ ရှိလေသည်။ ကျန်နှစ်ဆယ်ရာခိုင်နှုန်းက လည်ပတ်နေခြင်းဖြစ်ကာ အခြားရှယ်ယာရှင်၏ လက်ထဲတွင် သုံးဆယ်ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီဖြစ်၏။
မော့မိသားစုက သူတို့အမည်အောက်ရှိ ရှယ်ယာများကိုသုံး၍ ကုမ္မဏီကိုထိန်းချုပ်နိုင်သော်လည်း ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသည့်လူသာ ဆယ့်လေးရာခိုင်နှုန်းရှယ်ယာများအား လက်ဝယ်ရရှိသွားခဲ့ပါလျှင် မော့အုပ်စုအနေဖြင့် နာမည်ပြောင်းရတော့မှာဖြစ်၏။
မော့ဝုဟန်နှင့် အခြားမိသားစုဝင်များက ထိုအရာကို သတိပြုမိလာကြပြီး ချွေးအေးများစီးကျလာကြသည်။ မော့လျှိုကွေ့က သည်းထန်စွာငိုကြွေးနေသည့်အတွက် မော့အာ့ချမ်က သူမအား နှစ်သိမ့်လျှက်ရှိ၏။
အကြီးဆုံးအဒေါ်က ၎င်းကိုလက်မခံနိုင်သေးချေ။
“အဓိပ္ပါယ်မရှိတာတွေလျှောက်တွေးမနေနဲ့...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
“ဒီလောက်အချိန်တိုလေးအတွင်း ဘယ်သူမှ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို လိုက်မစုနိုင်ဘူး...သူ့မှာပိုက်ဆံရှိတယ်ဆိုရင်တောင် ရှယ်ယာတွေက ဒီလောက်ထိုးကျနေတာ...ဘာလို့စိတ်ရှုပ်ခံပြီးလိုက်စုမှာလဲ...လက်ရှိအရေးအကြီးဆုံးက ကျွန်မယောက်ျားနဲ့သား လွတ်လာဖို့ပဲ...ရှင်တို့တွေက လတ်လျားလတ်လျားနေဖို့ပဲသိပြီး ဘာမှမလုပ်တတ်ကြဘူး...ကိုယ့်ကိုယ်ကိုယ်လည်း ရှက်ကြပါဦး...”
“ယောင်းမ...ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ...ရှင့်ယောက်ျားနဲ့သားပဲ အဖမ်းခံရတာမှမဟုတ်တာ...ကျွန်မယောက်ျားလည်း အဖမ်းခံထားရတယ် ဟုတ်ပြီလား...အသိတရားရှိစမ်းပါ...ရှင့်ပါးစပ်က မစင်တွေနဲ့ပြည့်နေတာပဲ...”
ဒုတိယအဒေါ်က ချက်ချင်းပြန်လည်ချေပသည်။ သူမ၏ကျင့်ဝတ်များနှင့် အထက်တန်းကျမှုတို့မှာ အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
“ရှင့်ယောက်ျားနဲ့သားလုပ်ခဲ့တဲ့ လာဘ်စားမှုတွေကြောင့် ကျွန်မယောက်ျားပါ ငြိစွန်းသွားခဲ့ရတာ...”
“ငြင်းဖို့ကြိုးစားမနေစမ်းနဲ့...”
ဒုတိယအဒေါ်က အကြီးဆုံးအဒေါ်အားစိုက်ကြည့်ကာ ဆိုလေသည်။
“အကြီးဆုံးရှယ်ယာရှင်အကုန်လုံးက သူတို့ရှယ်ယာတွေကို တိတ်တဆိတ် လွှဲပြောင်းပေးလိုက်ကြတာ...သူတို့လွှဲပေးလိုက်တဲ့လူက တစ်ယောက်ထဲဖြစ်ဖို့သေချာသလောက်ပဲ...ချင်မိသားစုရဲ့ ကုမ္မဏီတောင် ကျဆုံးသွားခဲ့တယ်လေ...ကျွန်မတို့က ဘယ်ုလိုလုပ်သူတို့နဲ့ယှဥ်နိုင်မှာလဲ...အခုအရေးကြီးတာက သူတို့ကိုထောင်ကထုတ်ပေးဖို့မဟုတ်ဘူး...မော့မိသားစုအခြေကျဖို့ပဲ...နားလည်လား...”
မော့ဒုတိယအဒေါ်က ထိုသို့ဆုံးဖြတ်ချက်ချခဲ့သည်။ သူမ၏အမျိုးသားမှာ အားမကိုးရသည့်အလျောက် သူမအတွက်အရေးကြီးသည်မှာ သားဖြစ်သူနှင့် မော့မိသားစု၏ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။
အဲဲ့ဒီ့လူတွေကိုလွှတ်ပေးဖို့ ပိုက်ဆံသုံးမယ်ဆိုရင် နှမ်းကိုကောက်ပြီး ဖရဲသီးကိုဆုံးရှုံးလိုက်ရတာနဲ့ တူမနေဘူးလား...
(TN: 捡了芝麻丢了西瓜 ဒီစကားပုံကတော့ အရေးမပါတဲ့ကိစ္စတွေကို အာရုံစိုက်နေတဲ့အတွက် မျက်စိရှေ့ကကိစ္စကြီးကို ဆုံးရှုံးသွားရတယ်လို့ အဓိပ္ပါယ်ရပါတယ်...)
ရုတ်တရက် မော့ဝုဟန်က စားပွဲကို လက်သီးဆုပ်ဖြင့်ထုလိုက်ရင်း အော်ဟစ်လိုက်သည်။
“အဲ့ဒါ မုထျန်းဟန်ပဲဖြစ်ရမယ်...မော့တိ...အဲ့ဒီ့တိရစ္ဆာန်ကောင်က လှည့်ကွက်တွေ ထုတ်သုံးနေပြန်ပြီ...”
မုထျန်းဟန်သာလျှင် ထိုသို့လုပ်ဆောင်နိုင်သည့် ငွေကြေးအင်အားရှိလေသည်။ သူက ချင်အုပ်စုကိုပင် ရရှိနိုင်ခဲ့လေရာ သူတို့၏ရှယ်ယာများကို ဝယ်ယူခြင်းက ဘာမှမပြောပလောက်ချေ။
“ရှောင်တိလား...”
မော့လျှိုကွေ့၏ စိုစွတ်သောမျက်ဝန်းများတွင် ရေများပြည့်နှက်လာခဲ့သည်။ သူမ၏ခါးသီးမှုများကို ဖုံးကွယ်ရန်ကြိုးစားရင်း မျက်ရည်များကျဆင်းလာခဲ့၏။
ဘာလို့လဲ...ဘာလို့မော့တိက ဒီအတိုင်းလွှတ်မပေးရတာလဲ...ဘာလို့ သူမကိုဆက်ပြီး ပစ်မှတ်ထားနေရတာလဲ...
သူမ သူ့အပေါ်ကောင်းခဲ့တယ်လေ...သူဘာ့ကြောင့် ဒီလိုအဆိပ်ပြင်းရတာလဲ...
သူမဘဝကို သူဖျက်ဆီးခဲ့တယ်...သိက္ခာ၊ အလှတရားကြောင့်ရခဲ့တဲ့အချစ်၊ တောက်ပနိုင်မယ့်အခွင့်အရေး...အားလုံးကိုသူဖျက်ဆီးခဲ့တယ်...
သူမ အရင်ဘဝကလိုပဲ အားလုံးရသင့်တယ်လေ...အားလုံးက အလိုလိုက်တယ်...အားလုံးကချစ်ကြတယ်...မရေမတွက်နိုင်တဲ့လူတွေရဲ့အချစ်ကြောင့် အလုပ်မှာလည်း အောင်မြင်ခဲ့တယ်...
သူမက ကမ္ဘာထိပ်ဆုံးမှာ ရပ်တည်နေတဲ့လူဖြစ်သင့်ပြီးတော့ အားလုံးက သူမရဲ့တောက်ပမှုကို အသိအမှတ်ပြုကြရမှာ...
ဒါပေမယ့် မော့တိက သူမကိုမနာလိုဖြစ်နေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သူမဘဝကိုဖျက်ဆီးဖို့ ကြိုးစားနေတာပဲ...
သူမသာ အရင်ဘဝအကြောင်း အိမ်မက်မမက်ခဲ့ရင် ခြားနားချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သတိပြုမိမှာမဟုတ်ဘူး...သူမ သူ့ကိုမမုန်းသလို အမြဲသည်းခံခဲ့တယ်လေ...ဘာလို့မော့တိက သူမအပေါ် ရက်စက်နိုင်ရတာလဲ...
သူမ သူ့အပေါ် ကြင်ကြင်နာနာဆက်ဆံခဲ့တာပဲမဟုတ်လား...
အရင်ဘဝကပင် သူ၏မလေးစားမှုများကို ထည့်မစဥ်းစားခဲ့ပဲ သူမက ကောင်းမွန်စွာဆက်ဆံခဲ့သည်။ မော့တိကသာ သူမ၏ကြင်နာမှုအား အသိအမှတ်မပြုခဲ့သည့်အတွက် သူ့ကိုယ်သူ ဗီလိန်တစ်ဦးအဖြစ် အသွင်ပြောင်းစေခဲ့ခြင်းဖြစ်သည်။
ဒါပေမယ့် အဲ့ဒါက သူမအမှားမှမဟုတ်တာ...
မော့တိက အဲ့ဒီ့အတွက် သူတို့ကိုလက်စားချေချင်နေတာလား...
သူ ဘယ်လိုတောင်အရှက်မရှိတာလဲ...
သူမ အကြိမ်ပေါင်းများစွာ သည်းခံခဲ့သည်။ သို့သော် မော့တိကမူ မပြောင်းလဲခဲ့ချေ။ သူမ၏စိတ်ရှည်မှုသည်လည်း အကန့်အသတ်ရှိလေရာ တစ်ခါမှနှစ်ခါဖြစ်လာသည့်အခါ၌ တုံ့ပြန်လိုခဲ့သည်။
ထို့ကြောင့် သင်ခန်းစာပေးလိုခဲ့ခြင်းဖြစ်သည်။
ဒီလိုမှ သူသူမဘဝကိုဖျက်ဆီးတာရပ်မှာလေ...
သို့သော် သူမက ထိုသို့ဆိုးရွားသည့်ကိစ္စများကိုလုပ်ရာ၌ မော့တိအား အနိုင်ယူနိုင်မည်မဟုတ်ကြောင်း မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သူမ၏အကြံများမှာ ကျဆုံးခဲ့ရပြီး ဤအခြေအနေထိ ရောက်လာခဲ့ခြင်းဖြစ်၏။
သူမ ခြေလှမ်းမှားခဲ့ခြင်းပင်။ အရင်ကတည်းက ကောင်းစွာသိခဲ့သင့်သည်။ မော့တိကဲ့သို့သော လူစားမျိုးနှင့်ရင်ဆိုင်ရာ၌ နူးညံ့နေ၍မရချေ။ သူသေဆုံးသွားသည်အထိ ချနင်းနိုင်မှသာ သူမအားဒုက္ခပေးနေခြင်းကို ရပ်တန့်ပေလိမ့်မည်။
မော့လျှိုကွေ့က ဆိုဖာပေါ်သို့လဲကျသွားခဲ့ကာ မျက်ရည်များသည်လည်း အဆက်မပြတ်စီးကျနေခဲ့၏။ မော့အာ့ချမ်က စိတ်ဓာတ်ကျခြင်းနှင့်အတူ မချင့်မရဲဖြစ်လာခဲ့သည်။
“ ရှောင်ကွေ့...ကိုကို မော့တိကိုသေချာပေါက် သင်ခန်းစာပေးမှာပါ..သူမင်းကိုထပ်ပြီးပြဿနာမရှာစေရဘူး...ကိုကို့ကိုယုံပါ...”
မော့အာ့ချမ်က မော့လျှိုကွေ့ အရင်အတိုင်းပင် မျက်လုံးဖြူဝံပုလွေအား ကာကွယ်လိမ့်မည်ဟု ထင်မြင်ခဲ့၏။ သို့သော် သူမပြောလာသည့်စကားကြောင့် သူအံ့သြသွားရလေသည်။
“ကိုကို...ညီမလေးအရမ်းဝမ်းနည်းတာပဲ...ညီမလေးသူ့ကို မောင်လေးအဖြစ်မသတ်မှတ်တော့ဘူး...သူ ညီမလေးတို့ကို ထိခိုက်အောင်လုပ်လို့မရစေရဘူး...ညီမလေးတို့ သူအမှားတွေထပ်မလုပ်အောင်တားပြီး မော့မိသားစုကိုကာကွယ်ရမယ်...”
(Novelထဲ၀င်ပြီးပါးပြေးရိုက်ချင်စိတ်တောင်ပေါက်တယ်)
Xxxxxx