အပိုင်း ၁၅၃
Viewers 33k

Chapter 153



မော့မိသားစုဝင်များ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ သူတို့အားလုံး၏ ရှယ်ယာများ အားလုံးကို စုဆောင်းနေခဲ့သူမှာ မုထျန်းဟန်ပင်။

သူ၏ တောင်းဆိုချက်များကို ရှယ်ယာရှင်များက သဘောတူစေရန်အတွက် မုထျန်းဟန်က သူ့ကုမ္ပဏီရှယ်ယာများ၏ အစိတ်အပိုင်း အနည်းငယ်ကို အရောင်းအဝယ်အဖြစ် အသုံးပြုခဲ့သည်။ မည်သူကမှ မော့အုပ်စု၏ ရှယ်ယာများကို စွန့်လွှတ်ရန် တုံ့ဆိုင်းနေခြင်း မရှိကြပေ။

မုထျန်းဟန် စုဆောင်းထားခဲ့သော အစုရှယ်ယာအသေးစားများအပြင် ယခုအခါ သူ့ထံတွင် မော့အုပ်စု၏ ရှယ်ယာ ၄၀ % အထိ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ထို့ပြင် ယခုအခါ သူတို့၏ ရှယ်ယာများမှာ ဈေးနှုန်း ကျဆင်းသွားပြီ ဖြစ်၍ ကျန်ရစ်သော ရှယ်ယာများကို ရယူရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေတော့သည်။

မော့မိသားစုက ကျန်ရစ်သည့် ရှယ်ယာများကို ဝယ်ယူချင်သည့်တိုင်အောင် သူတို့အတွက် မဖြစ်နိုင်တော့ချေ။ သူတို့က မုထျန်းဟန်ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။ သူတို့၏ ပိုင်ဆိုင်မှုများကိုလည်း လတ်တလောတွင် ရပ်စဲထားခံရသေးသည်။

ထို့ကြောင့် မော့အုပ်စုကား…

လက်တွေ့ကျကျပင် မုထျန်းဟန်၏ အိတ်ကပ်ထဲသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

မော့တိသေဆုံးသွားပြီးနောက် သူ့ဘဝမှာ သူတို့နှစ်ယောက်၏ ယခင်ဘဝအကြောင်း အိပ်မက်ထဲတွင် မုထျန်းဟန် မမြင်ခဲ့ရသော အရာတစ်ခုပင်။ သူ့ကောင်လေးမှာ အရူးတစ်ယောက် ဖြစ်သည်အထိ နှိပ်စက်ခံခဲ့ရပြီး နောက်ဆုံးတွင် ပြာအဖြစ် ပြောင်းလဲကာ မည်းတူးနေသော ပြာအိုးထဲတွင် ထည့်ထားခံရသည့် အချိန်၌ မော့မိသားစုနှင့် ချင်မိသားစုမှာ မြင့်မြတ်ပြီး ကြွယ်ဝချမ်းသာသော ဘဝဖြင့် နေထိုင်သွားကြသည်ကိုသာ သူ မြင်ခဲ့ရသည်။

သို့သော် ယခုဘဝတွင် သူက ထိုလူများအား ငရဲ၏အရသာကို သေချာပေါက် ခံစားရစေပေလိမ့်မည်။

မော့မိသားစု၏ စိတ်မချမ်းမြေ့စရာ သတင်းက ချင်ချန်းယီဆီသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ သူက မော့လျှိုကွေ့အတွက် ဒေါသထွက်ပြီး စိုးရိမ်နေမိသည်။ ယခုအချိန်တွင် သူမက ထိတ်လန့်နေနိုင်ကြောင်း တွေးမိသောအခါ သူက ထောင်မှထွက်ပြီး သူမကို သွားတွေ့လိုက်ချင်သော်လည်း ချင်မိသားစု၏ လုပ်ပိုင်ခွင့်ဖြင့်ပင် သူက နောက်ထပ် နှစ်ပတ် ထိန်းသိမ်းခံထားရဦးမည် ဖြစ်သည်။

သူက သူ၏ တစ်ယောက်ခန်းလေးထဲတွင် အငြိမ်မနေနိုင်ဘဲ ဟိုဟိုဒီဒီ လှည့်ပတ်နေပြီးနောက် နောက်ဆုံးတွင် သူနှင့် မထိုက်တန်သော ဖခင်ဆီသို့ ဆက်သွယ်ပြီး မော့မိသားစုအား ကူညီပေးရန်အတွက် တောင်းဆိုလိုက်သည်။

ချင်ကွမ်းကျယ်က ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသော်လည်း ချင်ချန်းယီက သူ့ကိုယ်သူ နှိမ့်ချပြီး ကူညီပေးရန်အတွက် တလေးတစား တောင်းဆိုသည်ကို မြင်ရသောအခါ သဘောတူပေးလိုက်လေသည်။ ချင်ချန်းယီက ဤစာကို ရေးနေခဲ့သော အချိန်၌ နာကြည်းစိတ်နှင့် မနှစ်မြို့ခြင်းများ ပြည့်နှက်နေခဲ့ကြောင်းကိုမူ သူ မသိခဲ့ချေ။

သို့သော် ချင်ကွမ်းကျယ်က ကူညီပေးရန် ဆုံးဖြတ်လိုက်သည့်တိုင်အောင် သူက မော့မိသားစု၏ အတွင်းရေး အခြေအနေများနှင့် ပတ်သက်ပြီး အပြည့်အဝ သိထားခြင်း မရှိသေးပေ။ မော့အုပ်စု၏ အဓိကရှယ်ယာရှင် အများစုက သူတို့၏ ရှယ်ယာများကို ရောင်းချပြီး ဖြစ်ကြောင်း သူရော ချင်ချန်းယီရော မသိထားကြပါ။

ထို့ကြောင့် မော့အုပ်စုအပေါ် လူထုအမြင်ကို ပြုပြင်ရန်နှင့် စာချုပ်များကို ရပ်စဲရန် သူ၏ ရင်းမြစ်များကို အသုံးချပြီးနောက်မှ မော့မိသားစုမှာ အဓိကရှယ်ယာရှင် မဟုတ်ကြောင်း ကောလာဟလများကို သူ ကြားခဲ့ရသည်။

ချင်းကွမ်းကျယ်မှာ သွေးအန်လုနီးပါးပင် ဖြစ်သွားလေသည်။ သောက်ကျိုးနည်းစွာပင် သူက အခြားသူတစ်ယောက်အား သူတို့၏ မင်္ဂလာဝတ်စုံအတွက် ကူညီပေးမိသလို ဖြစ်သွားပြီ မဟုတ်ပါလော။

(TN: 为别人做嫁衣 အဓိပ္ပာယ်က သင်ကိုယ်တိုင်အတွက် မဟုတ်ဘဲ အခြားသူတစ်ယောက်အတွက် အကျိုးရှိအောင် လုပ်ပေးမိသည်ဟု ဆိုလိုပါသည်။)

ချင်ကွမ်းကျယ်က စုံစမ်းစစ်ဆေးရန်အတွက် လူတစ်ယောက် လွှတ်လိုက်သော်လည်း တကယ်တမ်းတွင် သူ ဤကဲ့သို့ လုပ်ရန် မလိုတော့ပေ။ အကြောင်းမှာ ၃ ရက်အကြာတွင် စီးပွားရေးအသိုင်းအဝိုင်း အတွင်း၌ မော့အုပ်စု၏ အဓိကရှယ်ယာရှင် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သောကြောင့်ပင်။

မော့ယီချန်၊ မော့ရှစ်ကောနှင့် မော့ရှစ်ကွမ်တို့မှာ လာဘ်ပေးလာဘ်ယူမှုနှင့် အခွန်ရှောင်မှုတို့ကြောင့် တရားစွဲဆိုခံထားရပြီး မော့မိသားစု၏ ပိုင်ဆိုင်မှု အများအပြားမှာလည်း ရပ်စဲပြီး ထိန်းသိမ်းခံထားရသည်။ ထို့အပြင် သူတို့အနေဖြင့် များပြားလှသော ဒဏ်ကြေးများကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။ ယခုအခါတွင် မော့မိသားစုထံ၌ ငွေကြေးဥစ္စာ လုံးဝ မကျန်တော့သဖြင့် တတိယတန်းစား မိသားစုဟုပင် မခေါ်ဆိုနိုင်တော့ပေ။ ထို့ပြင် သူတို့ဘက်မှ ဒဏ်ကြေးများလည်း မပေးဆောင်နိုင်ကြတော့ပါ။

အကယ်၍ သူတို့ဘက်မှ ပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက မော့ယီချန်၊ မော့ရှစ်ကောနှင့် မော့ရှစ်ကွမ်တို့မှာ ပိုမို ပြင်းထန်သော အပြစ်ဒဏ်များ ချမှတ်ခံရပေလိမ့်မည်။ သူမ၏ သားနှင့် ခင်ပွန်း နှစ်ယောက်လုံး ထိန်းသိမ်းခံထားရသဖြင့် အကြီးဆုံးအဒေါ်က သူမ၏ ယဉ်ကျေးသော အမူအကျင့်များကို စွန့်လွှတ်ကာ ကျန်ရစ်သော မော့မိသားစုဝင်များကို ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ မော့မိသားစုက သူမ၏ ခင်ပွန်းနှင့် သားတို့ကို မကယ်တင်ပေးဘဲ မော့အုပ်စု၏ ရှယ်ယာများကို ကာကွယ်ချင်နေပါက သူမအနေဖြင့် သူတို့ကို ပေးဆပ်ရစေမည်ဟု ခြိမ်းခြောက်ခဲ့လေသည်။

မော့ရှစ်ဟုန်က သူမနှင့် ငြင်းခုံရန် ကြိုးစားကြည့်သော်လည်း သူမကို စကားမပြောနိုင်ပေ။

ယခုနှစ်များအတွင်း မော့မိသားစု လုပ်ခဲ့သမျှ လုပ်ရပ်များအားလုံးကို သိထားကြောင်း အကြီးဆုံးအဒေါ် ဖြစ်သူက ပြော၏။ အကယ်၍ သူတို့ဘက်ကသာ သူမ၏ မိသားစုအပေါ် အကြင်နာတရား ကင်းမဲ့စွာ ပြုမူပါက ထိုကိစ္စများကို ဖွင့်ချသည့်အတွက် သူ့ကို အပြစ်မတင်ရန် ပြောခဲ့သည်။

သူမ၏ ဒုတိယမြောက်သားဖြစ်သူ မော့စစ်လန်မှာ ထောင်ကျနေဆဲ ဖြစ်ပြီး ယခုအခါ သူမ၏ ခင်ပွန်းနှင့် အကြီးဆုံးသားမှာ ဆယ်စုနှစ်တစ်ခုစာ နီးပါး ထောင်ကျနိုင်ချေ ရှိသည်။ ထို့ကြောင့် သူမ မည်သို့ ဆက်ပြီး ရှင်သန်နိုင်ပါမည်နည်း။

အကယ်၍ သူမသာ ဆက်ပြီး အသက်မရှင်နိုင်တော့ပါက ကျန်ရစ်သည့် မော့မိသားစုဝင်များကိုလည်း သူမနှင့်အတူ ငရဲပြည်သို့ ခေါ်ဆောင်သွားရပေလိမ့်မည်။

အကြီးဆုံးအဒေါ်ဖြစ်သူက အချည်းနှီးသက်သက် ခြိမ်းခြောက်နေခြင်း မဟုတ်၊ အမှန်တကယ် ပြောနေခြင်း ဖြစ်ကြောင်း မော့မိသားစုမှ လူတိုင်း သိထားကြသည်။ သူတို့အားလုံး စိတ်ပျက်နေကြသော်လည်း ဘာမှ မတတ်နိုင်ကြပေ။

မော့ဘိုးဘိုးက လေဖြတ်သွားပြီး စကားမပြောနိုင်သည့် အချိန်၌ မော့ရှစ်ဟုန်ကလည်း မိသားစုအတွင်းရှိ ကိစ္စ အဝဝတို့ကို မကိုင်တွယ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဤကိစ္စအားလုံးကို မော့အာ့ချမ်က ဦးဆောင်ရန် ဖြစ်လာခဲ့သည်။

မော့အာ့ချမ်က ဒဏ်ကြေး ပေးဆောင်ရန်အတွက် ကျန်ရစ်သည့် ရှယ်ယာများကို မရောင်းထုတ်လိုသောကြောင့် ချင်မိသားစုထံသို့ သွားပြီး အကူအညီ တောင်းခံခဲ့သည်။ သို့သော် ချင်ကွမ်းကျယ်က မော့အာ့ချမ်လိုချင်သည့် အရာကို သိထားပြီးဖြစ်သောကြောင့် သူ့ကို တွေ့ချင်စိတ် မရှိပေ။

သူ့အနေဖြင့် သူတို့မိသားစုအပေါ် တစ်ကြိမ် ကူညီပေးထားခဲ့ပြီး ဖြစ်ရာ သူတို့ဘက်မှ ကံကောင်းခြင်းကို မတွန်းထုတ်ခဲ့သင့်ပေ။ ထို့ပြင် သူ၏ ကုမ္ပဏီမှာလည်း ပြဿနာများ တက်နေပြီ ဖြစ်၏။ သူကိုယ်တိုင်မှာလည်း အကြပ်အတည်းထဲ ရောက်နေပြီ ဖြစ်ရာ မော့မိသားစုအတွက် သူ လုပ်ပေးနိုင်သည့်အရာ မရှိတော့ပါ။

သူတို့က ခမည်းခမက်များ မဟုတ်ကြသည့်အပြင် မော့လျှိုကွေ့ဆိုသည့် မိန်းကလေးကိုလည်း သူ အမှန်တကယ် သဘောမကျခဲ့ပေ။ လက်တွေ့တွင် သူမကား ကံဆိုးခြင်းများကို သယ်ဆောင်လာခဲ့သူ ဖြစ်သည်။

ချင်ကွမ်းကျယ်က မော့အာ့ချမ်ကို ပိုက်ဆံချေးရန် ငြင်းဆိုခဲ့ရုံသာမက ထောင်သို့ ဆက်သွယ်ကာ ချင်ချန်းယီ၏ အဆက်အသွယ်များကို ကန့်သတ်ထားလိုက်သဖြင့် မော့မိသားစု၏ သတင်းများ သူ့ထံသို့ ထပ်ပြီး မရောက်နိုင်တော့ပေ။ သူက လွတ်မြောက်တော့မည် ဖြစ်ရာ တစ်ခဏမျှ နှိမ့်ချ၍ နေသင့်ပေသည်။

မော့ယီချန်၊ မော့ရှစ်ကောနှင့် မော့ရှစ်ကွမ်တို့၏ စီရင်ချက်များမှာ မကြာမီအချိန်အတွင်းသို့ နီးစပ်လာခဲ့ပြီ ဖြစ်သော်လည်း မော့အာ့ချမ်အနေဖြင့် ငွေချေးနိုင်ခြင်း မရှိသေးသလို ချင်ချန်းယီနှင့်လည်း အဆက်အသွယ် မရသေးပေ။

အကြီးဆုံးအဒေါ်မှာ ဗုန်းဗုန်းလဲလုနီးပါးပင် ဖြစ်နေ၏။ တစ်ရက်တွင် သူမက မော့လျှိုကွေ့နှင့် အခြေအတင် စကားများကြပြီး မော့လျှိုကွေ့ကို လှေကားပေါ်မှ တွန်းချလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

မော့ရှစ်ဟုန်က ချက်ချင်းပင် ဒေါသထွက်သွား၏။ သူက မိန်းမတစ်ယောက်ကို ရိုက်နှက်ရမည် သို့မဟုတ် လက်သီးဖြင့် တစ်ချက်လောက် ထိုးရမည်ကို ဂရုစိုက်သူ မဟုတ်ပေ။ သို့ရာတွင် အကြီးဆုံးအဒေါ်ကလည်း အလျှော့မပေးပါ။ သူမက မော့ရှစ်ဟုန်၏ လက်မောင်းကို ကိုက်ပြီး သူ့မျက်နှာကိုပါ ကုတ်ခြစ်လိုက်လေသည်။

ဤရက်ပိုင်းအတွင်း မော့မိသားစုမှာ အမြဲတစေ ကမောက်ကမနှင့် ဖရိုဖရဲ ဖြစ်ပျက်နေခဲ့၏။ ထို့ပြင် မော့လျှိုကွေ့မှာလည်း နေ့စဉ်ရက်ဆက် ငိုကြွေးနေရသည်။

အကြီးဆုံးအဒေါ်က သူတို့၏ လျှို့ဝှက်ချက်များကို လူထုရှေ့မှောက်သို့ ထုတ်ပြမည်မှာ သေချာကြောင်း မော့အာ့ချမ်သိထား၏။ ထိုသို့ ဖြစ်လာပါက မော့မိသားစုမှာ သေချာပေါက် ကျဆုံးသွားမည် ဖြစ်သည်။ အကယ်၍ သူတို့၏ ရှယ်ယာများကို ရောင်းချလိုက်ပါက မော့တိ၏ သေဆုံးခြင်းနှင့် ချင်ချန်းယီ ထောင်မှ လွတ်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း အချိန်အနည်းငယ် ဆွဲထားနိုင်ပေလိမ့်မည်။ ချင်ချန်းယီသာ ထွက်လာပါက သူတို့အနေဖြင့် အနည်းငယ် အသက်ရှူချောင်သွားနိုင်ပေသည်။ မော့တိနှင့် မုထျန်းဟန်သာ မရှိတော့ပါက သူတို့အတွက် အနှေးနှင့်အမြန် ထိပ်ဆုံးသို့ တဖန် ပြန်တက်နိုင်ပေလိမ့်မည်။ ထို့ပြင် အချိန်တန်သောအခါ မော့မိသားစုကို ခြိမ်းခြောက်ပြီး သူ့ညီမလေးကို သတ်ပစ်လုနီးပါး လုပ်ခဲ့သော အကြီးဆုံးအဒေါ်နှင့် ရင်ဆိုင်မည် ဖြစ်ပေသည်။

မော့အာ့ချမ်က သေသေချာချာ တွေးတောပြီးနောက် ဒဏ်ကြေးပေးဆောင်ရန်နှင့် မော့မိသားစုအပေါ် စွဲချက်တင်ထားသည်များကို လျော့ပါးစေရန်အတွက် တစ်စုံတစ်ယောက်အား အကူအညီ တောင်းခံရန် သူတို့လက်ထဲတွင် ကျန်သော ရှယ်ယာ ၈၀ % ကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးတွင် အကြီးဆုံးအဒေါ်က သူတို့ကို ဒုက္ခမပေးတော့ချေ။ ယင်းအစား သူမက နေ့စဉ်နေ့တိုင်း ငိုကြွေးနေသည်။

အကြောင်းမှာ မော့အုပ်စု၏ ရှယ်ယာများ ဈေးကျသွားသောကြောင့် မော့အာ့ချမ်က အများစုကို ထုတ်ပြီး ရောင်းချပြီးသည့်တိုင်အောင် ဈေးများများ မရခဲ့ပေ။ ဒဏ်ကြေးနှင့် အခြား ကုန်ကျစရိတ်များ ပေးဆောင်ပြီးနောက် သူတို့အတွက် ပိုက်ဆံ များများစားစား မကျန်တော့ပါ။

မော့မိသားစု၏ ဗီလာမှာ ချိတ်ပိတ်ခံထားရသဖြင့် မော့မိသားစုမှာ ပြောင်းရွှေ့ပေးလိုက်ရပြီး ဆင်ခြေဖုံးရှိ ဗီလာအသေးစားလေး တစ်ခုထဲတွင် စုပြုံနေခဲ့ကြရသည်။

သူတို့မိသားစုကို အထက်တန်းလွှာ အသိုင်းအဝိုင်း၏ အနိမ့်ဆုံးအဆင့်ဟုပင် မသတ်မှတ်နိုင်တော့ပေ။ သူတို့အားလုံး ဂုဏ်ကျက်သရေ အမှန်တကယ် ကျဆင်းသွားပြီဟုပင် ဆိုနိုင်ပေသည်။

ဆင်ခြေဖုံးရပ်ကွက်ရှိ ဗီလာမှာ ဥယျာဉ်ကဲ့သို့ နေရာမျိုး မရှိသည့်အပြင် တစ်အိမ်နှင့် တစ်အိမ် ကြားရှိ အကွာအဝေးမှာလည်း သိပ်မကွာပေ။ ဘေးရှိ အိမ်နီးနားချင်း၏ နေအိမ်မှာ ခြေလှမ်း အနည်းငယ်မျှသာ ကွာဝေးပေသည်။ ထို့ကြောင့် မော့မိသားစုက သူတို့၏ နေစရာ ပတ်ဝန်းကျင်အသစ်သို့ ပြောင်းလာသည်နှင့် နာမည်ဆိုးဖြင့် ကျော်ကြားသော မိသားစုတစ်စု ပြောင်းလာခြင်း ဖြစ်ကြောင်း တစ်ရပ်ကွက်လုံး သိထားကြသည်။

မော့မိသားစုထဲမှ တစ်ယောက်ယောက် အိမ်ပြင်သို့ ထွက်လာသည်နှင့် သူတို့က ကဲ့ရဲ့ရှုတ်ချသော မျက်လုံးများဖြင့် လိုက်ကြည့်ကြသည်။

မော့လျှိုကွေ့က နာမည်ကြီးတံဆိပ် ဂါဝန်ကို ဝတ်ဆင်ကာ ရှော့ပင်းထွက်သည့်အချိန်၌ အဝတ်လျှော်နေသည့် မိန်းကလေးတစ်ယောက်က သူမကို ရေဖြင့် ဗျန်းခနဲ လှမ်းပက်လိုက်သည်။

“အိုင်းယား… နင် ဘာလို့ ငါ့ရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာရတာလဲ… နင် ငါ့ကို သေသွားအောင် ခြောက်ချင်နေတာလား… ငါ နင့်ကို စိတ်ဆိုးအောင် လုပ်မိလို့လား ဒါမှမဟုတ် နင် ငါ့ကို ရည်ရွယ်ချက် ရှိရှိ လုပ်ကြံတာမလား…”

ထိုမိန်းကလေးက မော့လျှိုကွေ့ကို ဆိုးဆိုးရွားရွား စိုက်ကြည့်နေ၏။

မော့လျှိုကွေ့မှာ သူမ၏ အိမ်ထဲမှ တစ်လှမ်း၊ နှစ်လှမ်း ထွက်လိုက်ရုံမျှဖြင့် ဤကဲ့သို့သော မတရားမှုမျိုးနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားပြီး ငိုချတော့မတတ် မျက်နှာအမူအရာဖြင့် ကြည့်နေသည်။

“အခုကရော ဘာလုပ်တာလဲ… အပြစ်မရှိတဲ့လူလို ဟန်ဆောင်နေတာလား…” ထိုမိန်းကလေးက မော့လျှိုကွေ့ကို လှမ်းကြည့်လိုက်သည်။ သူမက မျက်စောင်းထိုးပြီး ရေပုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထိုမိန်းကလေး၏ နာမည်မှာ သုချုန် ဖြစ်ပြီး သာမန်အလယ်တန်းကျောင်းသူလေးပင်။ မော့တိကို လိမ်လည်လှည့်ဖြားသည်ဟု စွပ်စွဲခံရသည့်ဖြစ်စဉ် ပြီးကတည်းက မော့မိသားစု၏ သတင်းများကို သူမ အာရုံစိုက်နေခဲ့သည်။

အစပိုင်းတည်းက အမှန်တရားကို ပြောင်းပြန်လှန်ပြီး မော့တိအပေါ် အပြစ်များ အားလုံး ပုံချခဲ့သည့် သူတို့၏ အရည်အချင်းကို သူမ မနှစ်မြို့ခဲ့ပေ။ သူတို့၏ ဦးနှောက်အလုပ်လုပ်ပုံများကို သူမ ရိုးရှင်းစွာ နားမလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူတို့မိသားစုထဲမှ တစ်ယောက်ယောက်၏ သတင်းကို ကြားရတိုင်း သတင်းတစ်ခုမှာ အရင်တစ်ခုထက် ပို၍ ဆိုးရွားသည်ချည်းသာ။ ထို့ကြောင့် သူတို့မိသားစုမှာ အမှန်တကယ်ပင် ယုတ်မာသူများ စုဝေးနေသည့် မိသားစုကြီးပင်။

ထို့ကြောင့် သူတို့မိသားစု ရပ်ကွက်ထဲသို့ ပြောင်းရွှေ့လာကြောင်း သူမ သိရသောအခါ သူတို့အပေါ် တစ်ခုခု လုပ်နိုင်ရန်အတွက် သူမက နည်းလမ်း ရှာဖွေနေခဲ့သည်။ ယနေ့ လမ်းတွင် မော့လျှိုကွေ့ ထွက်လာသည်ကို မြင်ရသည်မှာ ပြီးပြည့်စုံသော အခွင့်အရေးပင်။ ထို့ကြောင့် သူမလက်ထဲမှ ရေပုံးဖြင့် မော့လျှိုကွေ့ကို တိုက်ရိုက် ချိန်ပြီး ပက်လိုက်ခြင်း ဖြစ်သည်။

သူမက မော့မိသားစုနှင့် ငြင်းခုံရန်အတွက် သူတို့၏ ယုတ္တိဗေဒမျဉ်းကို ပုံတူကူးခဲ့သည်။ ထိုမိန်းကလေးက သူမကို တမင်တကာ မခံချိမခံသာ ဖြစ်အောင် လုပ်ပြီး မော့တိကို သူမ၏ အဖေနှင့် အစ်ကိုများက ဆက်ဆံခဲ့သည့်အတိုင်း တစ်ပုံစံတည်း ဆက်ဆံနေခြင်း ဖြစ်ကြောင်း မော့လျှိုကွေ့ သိထားလေသည်။ သူမ၏ မျက်နှာမှာ ပို၍ ပူလာ၏။ သူမက ဘာမှမပြောတော့ဘဲ မျက်လုံးများ နီရဲလျက် ပြေးထွက်သွားသည်။

“ဟဲဟဲ…” သုချုန်က လှောင်ပြောင်ပြီး သူမ၏ ရေပုံးကို ကိုင်ကာ ထွက်သွားလေသည်။

မော့လျှိုကွေ့က စိုရွှဲပြီး စေးကပ်နေသော အဝတ်အစားများဖြင့်ပင် အိမ်သို့ ပြန်ပြေးသွား၏။ သူမကား ဒေါသထွက်ပြီး ဖိနှိပ်ခံနေရသလို ခံစားနေရသည်။ စင်္ကြံလမ်းတလျှောက် ဝင်လာရင်း စိုထိုင်းထိုင်း ဖုန်မှုန့်နံ့ကို ရှူရှိုက်မိသောအခါ သူမ မျက်ရည်များကို မထိန်းထားနိုင်တော့ပါ။

ဤကဲ့သို့ မတရားခံရသည့် အဖြစ်မျိုး သူမ တစ်ခါမှ မကြုံခဲ့ဖူးချေ။ ဤကဲ့သို့သော စော်ကားခြင်းမျိုးကို သူမ တစ်ခါမှ မခံစားခဲ့ဖူးပေ။

တစ်နေ့ သူမက ထိုလူများကို နောင်တရသွားစေမည်။ နင့်နင့်သည်းသည်းပင် နောင်တရစေမည် ဖြစ်၏။

မော့လျှိုကွေ့က အံကိုကြိတ်ကာ သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီးနောက် မော့အာ့ချမ်ဆီသို့ ဖုန်းခေါ်လိုက်သည်။


Xxxxxx