အပိုင်း ၁၅၄
Viewers 28k

Chapter 154




ဖုန်းဝင်သွားသည်နှင့် မော့လျှိုကွေ့က ငိုရှိုက်ရင်း ဆို့နင့်နေသော အသံဖြင့် ပြောလေသည်။ “ဒုတိယအစ်ကို…”

“ဘာဖြစ်တာလဲ…” မော့အာ့ချမ်က မော့လျှိုကွေ့ ငိုယိုနေသော အသံကို ကြားလိုက်ရသောအခါ စိုးရိမ်ထိတ်လန့်သွား၏။

“ဘာဖြစ်တာလဲ ရှောင်ကွေ့… မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ…”

“ဒုတိယအစ်ကို… ညီမလေး ထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး… တကယ် မခံစားနိုင်တော့ဘူး… ဘယ်အချိန်ကျမှ ညီမလေးတို့ အရင်ဘဝကို ပြန်သွားနိုင်မှာလဲ… ထပ်ပြီး သည်းမခံနိုင်တော့ဘူး…”

မော့လျှိုကွေ့က မျက်ရည်များ စီးကျနေရင်း ပြောနေသည်။

“ဒုတိယအစ်ကို… ညီမလေးတို့ မိသားစုတွေ ဘယ်အချိန်မှ ပုံမှန် ပြန်ဖြစ်မှာလဲ… ဒီနေရာက လူတွေအားလုံးက အသိဉာဏ် မရှိသလို ဉာဏ်နည်းတဲ့ သူတွေ ချည်းပဲ… ဘယ်အချိန်မှ ညီမလေးတို့ ကိုယ့်အိမ် ကိုယ် ပြန်နိုင်မှာလဲ…”

“မကြာခင်ပေါ့ သိပ်မကြာတော့ပါဘူး… အစ်ကို မင်းကို အာမခံတယ် ရှောင်ကွေ့… ထပ်ပြီး မငိုနဲ့တော့နော်…”

မော့အာ့ချမ်မှာ သူမအတွက် နာကျင်ခံစားနေရသည်။ သူက ရုံးခန်းတံခါးကို ပိတ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်၏။

“ညီမလေးကို အနိုင်ကျင့်ရဲတဲ့ သူတွေအားလုံးကိုလည်း အစ်ကိုက သင်ခန်းစာ ပေးပစ်မယ်… ပြီးတော့ အစ်ကိုကြီးတို့မိသားစု အရင်ကအခြေအနေအတိုင်း မကြာခင် ပြန်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်… ငါတို့တွေကို အကွက်ချပြီး လုပ်ကြံတဲ့ မော့တိနဲ့ မုထျန်းဟန်တို့နှစ်ယောက်သာ မရှိတော့ဘူးဆိုရင် ဘယ်သူကမှ ငါတို့ရဲ့ မော့မိသားစုကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး… အစ်ကိုကြီးတို့တွေ အရင်ကရှိခဲ့တဲ့ ဂုဏ်သိက္ခာ ပြန်ရလာမှာပါ… ရှောင်ကွေ့ ကျေးဇူးပြုပြီး ခဏလောက်တော့ စောင့်ပေးနော် အစ်ကိုကြီးကို ယုံတယ်မလား…”

“ညီမလေးက အစ်ကိုကြီးကို ယုံပါတယ်… ဒါပေမဲ့ အခုချိန်မှာတော့ မျှော်လင့်ချက်တောင် မတွေ့ရတော့သလိုပဲ…”

မော့လျှိုကွေ့က အိမ်ရှေ့ဝင်ပေါက် ကြမ်းပြင်ပေါ်တွင် ထိုင်ချရင်း အားရပါးရ အော်ငိုနေသည်။

“အစ်ကိုကြီး ကတိပေးပါတယ်… သိပ်မကြာတော့ပါဘူး…”

သူတို့လိုအပ်သည့်အရာအားလုံးမှာ ချင်ချန်းယီ လွတ်မြောက်လာရန် ဖြစ်ပြီး ထိုမှသာ သူတို့က မော့တိနှင့် မုထျန်းဟန်တို့ကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့နောက်တွင်မူ လူထု၏အမြင်ကို ပြန်လည်ပုံဖော်ရန်နှင့် သူတို့၏ စည်းစိမ်ဥစ္စာများကို ပြန်လည်ရရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။ မုထျန်းဟန်ဟု ခေါ်သည့် ခလုတ်ကန်သင်း တစ်ခုသာ မရှိတော့ပါက မော့မိသားစုမှာ သေချာပေါက် ထိပ်ဆုံးသို့ ပြန်တက်သွားနိုင်ပေလိမ့်မည်။

မော့လျှိုကွေ့က တစ်ခုခုကို သတိရသွားပုံ ရပြီး ဒုတိယအဒေါ်၏ စပ်စုနေသည့် မျက်လုံးများကို လျစ်လျူရှုကာ ဒုတိယထပ်ရှိ သူမ၏ အခန်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။ သူမက တံခါးကို ပိတ်လိုက်ပြီး အိပ်ရာပေါ် ထိုင်ချကာ တိုးတိုးလေး ပြောလိုက်သည်။ “ဒုတိယအစ်ကို… အရင်တုန်းက အစ်ကိုနဲ့ ချန်းယီတို့ အလုပ်အတူတူ လုပ်ဖူးတယ်ဆိုပြီး ပြောဖူးတယ်မလား… ညီမလေး ကူညီနိုင်တာ တစ်ခုခု ရှိလား…”

မော့အာ့ချမ်က မော့လျှိုကွေ့ကို မပတ်သက်စေချင်သောကြောင့် အသေးစိတ် အချက်အလက်များကို ထုတ်ပြောရန် ငြင်းဆန်လိုက်သည်။ “ရှောင်ကွေ့…မင်းက အေးအေးဆေးဆေး အနားယူနေရုံပါပဲ… အစ်ကိုကြီးက ကိုယ့်စကား ကိုယ် တည်မှာပါ…”

“ဒါပေမဲ့…”

“ရှောင်ကွေ့…” မော့အာ့ချမ်က တမင်တကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ချင်ချန်းယီက မကြာခင် ထွက်လာတော့မှာ… မင်း သူ့ကို သွားကြိုဖို့ စဉ်းစားထားလား… တကယ်လို့ ညီမလေး သွားချင်တယ်ဆိုရင် အစ်ကိုကြီးကို ပြော… အစ်ကိုကြီး ကားမောင်းပြီး လိုက်ပို့ပေးမယ်… ညီမလေးတစ်ယောက်တည်းတော့ သူ့ဆီကို မသွားနဲ့…”

မော့လျှိုကွေ့မှာ မော့အာ့ချန်း၏ တောင်းဆိုမှုကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။ သူမက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ သဘောတူလိုက်သော်လည်း တကယ်တမ်းတွင်မူ သူမက သူ့ဆီသို့ သွားရန်ဆန္ဒမရှိပေ။

---

မုထျန်းဟန်က မော့အုပ်စု၏ အဓိကရှယ်ယာရှင် ဖြစ်လာသည့်အချိန်မှစ၍ ကုမ္ပဏီ၏ တရားမဝင် လုပ်ဆောင်မှုတိုင်းကို ခြေရာခံလိုက်ရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒဏ်ငွေအားလုံး ပေးဆောင်ခဲ့သည်။ ထို့ကြောင့် မော့မိသားစု၏ ပိုင်ဆိုင်မှုများမှာ ရပ်စဲခံထားရပြီး သိမ်းဆည်းခံလိုက်ရသည့်အပြင် မော့အာ့ချမ်က သူတို့၏ ရှယ်ယာများကို ရောင်းချလိုက်သည့်တိုင်အောင် မုထျန်းဟန် တူးဖော်ခဲ့သည့် ရာဇဝတ်မှုတစ်ခုစီအတွက် မော့ယီချန်း၊ မော့ရှစ်ကောနှင့် မော့ရှစ်ကွမ်တို့၏ အပြစ်ဒဏ်များမှာ ပို၍ ပြင်းထန်သွားခဲ့သည်။

အကြမ်းဖျင်းအားဖြင့် သူတို့အတွက် ဆယ်စုနှစ်တစ်ခုစာ ကြာအောင် ထောင်ကျနိုင်သည်ဟု ခန့်မှန်းရပေသည်။

ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်ပြီးနောက် မုထျန်းဟန်က မော့အုပ်စုကို “ဝူမော့” ဟု တရားဝင် အမည်ပြောင်းလဲခဲ့ပြီး မုအုပ်စု၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ ပေါင်းစည်းခဲ့သည်။

(TN: ဝူမော့ဆိုတာ အဆုံးမရှိသောလို့ အဓိပ္ပာယ် ရပါတယ်။ ဒီနေရာမှာ မော့ဆိုတဲ့ (末) စကားလုံးက မျိုးရိုးနာမည် မော့ (莫) နဲ့ မတူပါဘူး။)

ယခုအချိန်တွင် မော့မိသားစုထံ၌ ရှယ်ယာ ၉ ရာခိုင်နှုန်း ကျန်ရှိနေသေးကြောင်း မုထျန်းဟန် သိထား၏။ သူတို့ထံမှ လုယူလိုက်နိုင်သော်လည်း အလျင်စလို လုပ်စရာ မလိုပေ။

မော့တိအတွက်မူ မုထျန်းဟန်အား မော့မိသားစုကို မည်သို့ရင်ဆိုင်ရမည်ဟု လမ်းညွှန်ပေးပြီးနောက် နှစ်လည်စာမေးပွဲအချိန်သို့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံး ဘာသာရပ်များအားလုံး ဖြေဆိုပြီးနောက် ယခုအချိန်တွင် ချင်ချန်းယီ ထောင်မှ လွတ်လာသင့်နေပြီ ဖြစ်ကြောင်း သူ့စိတ်ထဲတွင် သတိရသွားလေသည်။

မော့တိ၏ သတိဝီရိယမှာ ဘယ်သောအခါမှ အပို မဖြစ်ခဲ့ပေ။ ချင်ချန်းယီ ထောင်မှ လွတ်လာသည်နှင့် သူတို့ဆီသို့ တည့်တည့်မတ်မတ် ရောက်လာမည်ဖြစ်ကြောင်း သူ ယုံကြည်ထား၏။

ကံမကောင်းစွာဖြင့် ကြိုတင်ကာကွယ်မှုများနှင့် ပြင်ဆင်မှုပေါင်း တစ်ထောင်က ရှေးစကားတစ်ခွန်းကို မကျော်လွှားနိုင်ခဲ့ပေ။
(အသတ်ခံရတဲ့သူတွေက သူတို့ကို သတ်ပစ်ချင်တဲ့သူတွေဆီကနေ ဘယ်တော့မှ မကာကွယ်နိုင်ဘူး…)

စနေနေ့မနက်ပိုင်းတွင် အတန်းတက်ပြီးနောက် မော့တိက မုထျန်းဟန်နှင့် တွေ့ရန် ထွက်လာသော်လည်း အခြားအတန်းမှ ကျောင်းသားတစ်ယောက်က သူ့ကို သူ၏ အကြံပေးက တွေ့ချင်သဖြင့် ရုံးခန်းထဲတွင် စောင့်နေကြောင်း လာပြောလေသည်။

ကျောင်းဘက်မှ ကျောင်းသားများကို သူတို့၏ စွမ်းဆောင်ရည်ရလဒ်များ အစီရင်ခံရန် တောင်းဆိုသည့်အခါ အကြံပေးက ကျောင်းသားများနှင့်အတူ အတည်ပြုပေးရသည့်အတွက် ဤကိစ္စမှာ သံသယဖြစ်ဖွယ် မရှိပေ။

အကြံပေး၏ ရုံးခန်းက အဆောက်အဦ နံပါတ် ၁ တွင် တည်ရှိပြီး ကျောင်းတံခါးနှင့် အနီးစပ်ဆုံးဖြစ်၍ သီးသန့်အဖြစ်ဆုံး နေရာ ဖြစ်သည်။ အဆောက်အဦပတ်လည်တွင် osmanthus အပင်များ ရှိပြီး အောက်ခြေတွင် ခွေးမြှီးမြက်ပင်များ နိမ့်ပါးစွာ ပေါက်ရောက်နေသည်။

မော့တိက သူ့ကျောပိုးအိတ်ကို လွယ်ကာ သူ၏ အကြံပေးနှင့် တွေ့ဆုံပြီးနောက် ကျောင်းမှ ထွက်ခွာရန် အဆင်သင့် ပြင်ဆင်ထားလိုက်သည်။ သူ့အိတ်ထဲတွင် သူ့ဝန်ခံချက်အပြီး မုထျန်းဟန်က သူ့ကို အချိန်ပြည့် ယူသွားခိုင်းထားသည့် ခြေရာခံကရိယာ အသေးစားလေး တစ်ခု ပါရှိသည်။ သူ့ဂျင်းဘောင်းဘီ၏ နောက်ဘက်အိတ်ကပ်ထဲတွင်မူ လျှို့ဝှက်ကင်မရာနှင့် အသံဖမ်းစက်ပါသည့် အသစ်တီထွင်ထားသော ဘောပင်အသေးစား တစ်ချောင်း ထည့်ထားလေသည်။

တစ်ခါတစ်ရံတွင် မော့တိက သူ့ကိုယ်သူ စပိုင်တစ်ယောက်ကဲ့သို့ ပြုမူနေရသည်ဟုပင် ခံစားရ၏။

အကြံပေးဆီသို့ သွားနေသည့်လမ်းတွင် မော့တိက မတွေ့ရသည်မှာ ကြာပြီ ဖြစ်သော စွင်းရူရူနှင့် တွေ့လိုက်ရသည်။ သူ့ကို တွေ့သောအခါ သူမက ချက်ချင်းပင် လာနှုတ်ဆက်လိုက်၏။

“ဂျူနီယာလေး… မတွေ့ရတာ ကြာပြီနော်…”

“မင်္ဂလာပါ စီနီယာအစ်မ…” မော့တိက သူမကို ပြုံးပြလိုက်သည်။ “အပြင်သွားမလို့လား…”

“ဟုတ်တယ်… ဒီနေ့ အစ်မတို့အဆောင်က အပြင်မှာ ညစာ ထွက်စားကြမှာလေ… မင်းက ဘာလုပ်နေတာလဲ…”

စွင်းရူရူက သူမ၏ အခန်းဖော်များကို လှမ်းခေါ်လိုက်ရာ သူတို့အားလုံး ပြုံးပြပြီး နှုတ်ဆက်လိုက်ကြသည်။

“အကြံပေးက ကျွန်တော့်ကို ခေါ်တယ်ဆိုလို့… အဆောက်အဦ နံပါတ် ၁ ကို သွားမလို့…” မော့တိက ပြုံးပြပြီး သူမ၏ သူငယ်ချင်းများကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမဘက်သို့ လှည့်ကာ ပြော၏။

“စီနီယာအစ်မ… ကျွန်တော် ထပ်ပြီး မဆွဲထားတော့ပါဘူး… အခု ကျွန်တော့်အကြံပေးကို သွားရှာရဦးမှာမလို့…”


“ရတယ် သွားလေ… မင်း အားတဲ့အချိန်ကျမှ ငါတို့တွေ စကားပြောလို့ ရတာပဲ…”

စွင်းရူရူက မော့တိကို လက်ပြနှုတ်ဆက်လိုက်သည်။

မော့တိ လမ်းကူးသွားပြီး မိန်းကလေးအဖွဲ့ကလည်း ခြေလှမ်းအနည်းငယ်မျှ ဆက်သွားပြီးနောက် စွင်းရူရူ၏ အခန်းဖော်များထဲမှ တစ်ယောက်က ရုတ်တရက် ထပြောသည်။

“ငါတို့အတန်းခေါင်းဆောင် ပြောတာတော့ အကြံပေးက အခု အဝေးမှာ ရောက်နေတာတဲ့… သူ့ဆီကို ဖောင်တွေ ပေးဖို့ သွားပေမယ့် သူ့အခန်းမှာ မရှိဘူးလို့ ပြောတယ်…”

“သူ ပြန်ရောက်လာတာ ဖြစ်ချင်ဖြစ်မှာ…” စွင်းရူရူက များများစားစား မစဉ်းစားနေချေ။

“ကျောက်ချင်းကုံ ဘယ်တုန်းက အဲ့ဒီလိုပြောတာလဲ… သူ့ဆီ မက်ဆေ့ချ်ပို့ပြီး အကြံပေး ပြန်ရောက်လာပြီဆိုတာ ပြောရမယ်… အဲ့ဒါမှ သူ မေ့နေရင် သူ့ဆီ သွားတွေ့လို့ ရအောင်…”

နောက်ထပ် အခန်းဖော်တစ်ယောက်က တခစ်ခစ် ရယ်လိုက်သည်။

“ရူရူ… နင်က သူ့ဘက်ကို အရမ်း တွေးပေးတာပဲနော်… အတန်းထဲက ယောကျ်ားလေးတွေအားလုံးက နင့်ကို ကျောက်ချင်းကုံရဲ့ မိန်းမလို့ ပြောနေကြတာရော သိရဲ့လား…”

စွင်းရူရူက မျက်စောင်းထိုးလိုက်၏။ “သူကမှ ငါ့မိန်းမနဲ့ ပိုတူနေတာ…”


---

ဤအခိုက်တွင် မော့တိက အေးစက်နေသော အရိပ်အယောင်များ ဖုံးလွှမ်းထားသည့် အဆောက်အဦ အမှတ် ၁ ထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤအဆောက်အဦကို အဓိကအားဖြင့် ဆရာများအတွက် အသုံးပြုခြင်းဖြစ်ရာ များသောအားဖြင့် လူသိပ်မများပေ။ ထို့ပြင် ယခုအချိန်မှာ နေ့လည်စာစားချိန် ဖြစ်၍ အဆောက်အဦ တစ်ခုလုံး လူသူ ကင်းမဲ့ပြီး တိတ်ဆိတ်နေသည်။

အကြံပေး၏ ရုံးခန်းမှာ ဒုတိယထပ်တွင် ဖြစ်သည်။ မော့တိက ဓာတ်လှေကားကို အသုံးမပြုချင်သောကြောင့် လှေကားမှ တက်လာခဲ့၏။

ဒုတိယထပ်ရှိ ထိပ်ဆုံး လှေကားထစ်များဆီသို့ ရောက်သောအခါ နှာခေါင်းစည်း တပ်ပြီး ဆေးရုံယူနီဖောင်း ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် သူ့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ မော့တိက သူမ ဖြတ်သွားရန်အတွက် ဘေးဘက်သို့ ရှောင်ပေးလိုက်သော်လည်း သူ့ဘေးမှ သူမ ဖြတ်သွားသည့်အခိုက် သူ့လည်ပင်းနောက်ပိုင်းတွင် နာကျင်မှု ဝေဒနာကို ခံစားလိုက်ရလေသည်။

ထိုနာကျင်မှုမှာ ဆေးထိုးအပ်နှင့် ထိုးသွင်းခံလိုက်ရသလိုပင်။

မော့တိမှာ မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရ၏။ သူက ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း လှေကားထစ်များမှ ပြေးဆင်းသွားသည့် ထိုမိန်းကလေး၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် မော့တိမှာ ခေါင်းထဲ မူးဝေလာလေသည်။ သူ့အိတ်ကပ်ထဲမှ ဘောပင်အသေးလေးကို ထုတ်ပြီး အမြန် ဖွင့်လိုက်၏။ သူ၏ နောက်ဆုံးခွန်အားဖြင့် ထိုဘောပင်ကို အိတ်ကပ်၏ အောက်ခြေထိ ရောက်အောင် နက်နက်ရှိုင်းရှိုင်း ထိုးထည့်လိုက်လေသည်။

မော့တိကား ခြေလှမ်း နှစ်လှမ်းမျှ ဒယိမ်းဒယိုင် လမ်းလျှောက်သွားပြီး နောက်ဆုံးတွင် လုံးဝ သတိလစ်သွားလေတော့သည်။


Xxxxxxxx