အပိုင်း ၁၅၅
Viewers 29k

Chapter 155



သူ သတိရလာသောအခါ သူ့ခြေလက်များကို တုပ်နှောင်ပြီး မှောင်မည်းနေသော အခန်းတစ်ခုအတွင်း၌ ပစ်ထားခံရခြင်း ဖြစ်ကြောင်းသိလိုက်ရသည်။ အပြင်ဘက်မှ မီးရောင် ခပ်မှိန်မှိန် ဖြာကျနေပြီး လေထုထဲတွင် ဖုန်မှုန့်များ ပြည့်နှက်နေ၏။

သူ့နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်ပေါ်လာသည်။ သူက တွန့်လိမ်လိုက်ရာ သူ့တင်ပါးမှ နာကျင်မှုကို ခံစားလိုက်ရလေ၏။ အသေးစားကင်မရာလေးမှာ သူ့နေရာနှင့်သူ ရှိနေဆဲပင်။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

မုထျန်းဟန်က သူ့အတွက် ထိုအသေးစားကင်မရာလေးကို မှောင်ခိုဈေးကွက်ထဲမှ ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ခေတ်အမီဆုံး နည်းပညာနှင့် ပြုလုပ်ထားသော ထုတ်ကုန်တစ်ခု ဖြစ်ပြီး ၎င်းက ရုပ်ပုံများကို ဖမ်းယူခြင်း မပြုနိုင်သည့်တိုင်အောင် အသံများကို ဖမ်းယူနိုင်ဆဲပင်။

သူ ထွက်သွားနိုင်သရွေ့ အထဲမှ အကြောင်းအရာများက သက်သေအဖြစ် တစ်စိတ်တစ်ဒေသ အထောက်အကူ ဖြစ်စေနိုင်သည်။

သို့သော် ပြဿနာမှာ…

သူ ထွက်သွားနိုင်တော့ပါဦးမည်လော…။

ဤပြန်ပေးဆွဲမှုမှာ မတော်တဆမှု သို့မဟုတ် ငွေညှစ်ရန်အတွက် မဖြစ်နိုင်ပေ။ သူ၏ ကျောင်းဝင်းအတွင်းမှာပင် ရာဇဝတ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဝံ့သူမှာ ချင်ချန်းယီတစ်ယောက်တည်းသာ ရှိပေသည်။

ထို့ပြင် ယခုအခါတွင် သူ့ဘက်မှ လှုပ်ရှားလာပြီ ဖြစ်၍ ၎င်းမှာ ခြိမ်းခြောက်မှု သက်သက်ဖြင့် အဆုံးသတ်သွားမည် မဟုတ်ကြောင်း မော့တိ ယုံကြည်ထားလေသည်။ ချင်ချန်းယီ၏ စရိုက်အရ သူက မော့တိကို အသက်သေစေလိုခြင်း ဖြစ်ကြောင်း သေချာပေသည်။

မော့တိ၏ နှလုံးခုန်သံမှာ မြန်ဆန်လာ၏။ သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲပြီး ကြည့်လိုက်သည်။

အခန်းအတွင်း၌ စင်အချို့ ရှိကြောင်း သူ တွေ့လိုက်ရသည်။ အလင်းရောင် လုံလောက်စွာ ရရှိသော နေရာများ၌ ဖျာများ၊ ဘက်စကတ်ဘောလုံးများ၊ ကြိုးခုန်သည့် ကြိုးများကို မြင်တွေ့လိုက်ရလေသည်။ ဤနေရာကား အားကစားပစ္စည်းများကို သိမ်းဆည်းထားသည့် စတိုခန်း ဖြစ်နိုင်၏။

အားကစားပစ္စည်းများကို သိုလှောင်ထားသည့် စတိုခန်းဟု ဆိုလိုက်ပါသလော။

ထို့ကြောင့် မော့တိက ကျောင်းတစ်ကျောင်း သို့မဟုတ် အားကစားခန်းမ တစ်ခုခု၌ ရှိနေခြင်းပေလော။

မော့တိ၏ မျက်ခွံများ လှုပ်ရှားသွားသည်။ သူ့စိတ်ထဲတွင် မျှော်လင့်ချက် ပါးပါးလေး တောက်ပလာ၏။

အကယ်၍ ဤနေရာမှာ ကျောင်းတစ်ကျောင်း ဖြစ်ပါက သူ၏ တက္ကသိုလ်အနီးတစ်ဝိုက်တွင် မူလတန်းနှင့် အလယ်တန်းကျောင်းများ များစွာ ရှိသည်။ သို့သော် ချင်ချန်းယီ၏ စေ့စေ့စပ်စပ် တွက်ချက်မှုအရ သူ့အနေဖြင့် တစ်စုံတစ်ယောက်ကို ကျောင်းစတိုခန်းအတွင်း ရိုးရိုးရှင်းရှင်း ချုပ်နှောင်ထားလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ မီးရှို့ခဲ့သည့်တိုင်အောင် ဟာကွက်များ များစွာ ရှိနေပြီး အလွယ်တကူပင် ရှာဖွေတွေ့ရှိနိုင်ပေသည်။ မုထျန်းဟန်က သူတို့ကို ဘယ်သောအခါမှ လွှတ်ပေးလိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် ဤနေရာမှာ သူ၏ တက္ကသိုလ်အနီးရှိ ကျောင်း သို့မဟုတ် အားကစားခန်းမ တစ်ခု မဖြစ်နိုင်ချေ။

ကျင်းသာ့ကျောင်းမှာ အတော်လေး စည်ကားသည့် နယ်မြေတွင် တည်ရှိသော်လည်း အရှေ့ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်မှာ မတူညီပေ။ ဆောက်လုပ်ရေးလုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်း လုပ်သားများအတွက် စာသင်ကျောင်း တစ်ကျောင်း၊ နှစ်ကျောင်းနှင့် အိမ်ရာများ ရှိပေသည်။ ထိုရပ်ကွက်မှာ ရိုင်းစိုင်းပြီး ကြမ်းတမ်းကြ၏။

မော့တိက အပြင်ဘက်မှ အသံများကို နားထောင်ကြည့်လိုက်ပြီးနောက် ကျောင်းတစ်ကျောင်း၏ အနီးတွင် ရှိနေကြောင်း သေချာသွားခဲ့သည်။

သူ မှတ်မိသည်မှာ မှန်ကန်ပါက အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ကျောင်းနှစ်ကျောင်းမှာ ဝေးလံခေါင်သီသော နေရာများတွင် တည်ရှိသော်လည်း အဝေးပြေးလမ်းမနှင့် နီးစပ်ကြ၏။ ကျောင်းနှစ်ကျောင်းအနက် တစ်ကျောင်းမှာ အသေးစား ဘိုးဘွားရိပ်သာ တစ်ခုနှင့် စိတ်ကျန်းမာရေးဆေးရုံတို့၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပေသည်။ အနီးအနားတွင် နေထိုင်သူ မရှိသလောက် နည်းပါးပြီး ဝန်ထမ်းများမှာ အလွန်ပင် ရှုပ်ထွေးနေကြသည်။

မော့တိက သူ့နှုတ်ခမ်းကို ကိုက်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူ့ကို ဖမ်းဆီးထားသည့် နေရာမှာ ဘိုးဘွားရိပ်သာနှင့် နီးစပ်ပြီး အရေးအကြီးဆုံးမှာ စိတ်ကျန်းမာရေးဆေးရုံနှင့် အနီးတွင် ရှိနေခြင်းပင်။ ၎င်းမှာ ရာဇဝတ်မှု တစ်ခုခုကို ဖုံးကွယ်ရန် အကောင်းဆုံးနေရာ ဖြစ်၏။

မော့တိမှာ စတင်ပြီး စိုးရိမ်စိတ်များ တဖွားဖွား ထွက်ပေါ်လာသည်။ အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက် အနီးရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် စေတနာဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးရန် တောင်းဆိုသည့် လင်ကျွင်းကျယ်၏ ကြေညာချက်ကို သတိရသွားမိသည်။ ပါဝင်သော ကျောင်းသားများအနေဖြင့် သူတို့၏ နောက်ဆုံးအဆင့်တွင် အမှတ်များ ရရှိမည် ဖြစ်သည်။

ထိုစဉ်က သူ့အတွက် ကုမ္ပဏီကိစ္စများနှင့် အလုပ်များနေခဲ့ပြီး မော့မိသားစုနှင့် ရင်ဆိုင်နေရသဖြင့် စာရင်း မသွင်းဖြစ်ခဲ့ပေ။ သို့သော် တစ်စုံတစ်ယောက်က သူ့ကို စေတနာ့ဝန်ထမ်းစာရင်းတွင် ထည့်ကာ မသမာမှု ပြုလုပ်ခဲ့ပါက သူ အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသည်ကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြသွားနိုင်မည် ဖြစ်သည်။ ထို့ပြင် သူ အသတ်ခံရပြီးနောက် ထိုအမှုမှာ မတော်တဆမှုအဖြစ်သာ အလွယ်တကူ နိဂုံးချုပ်သွားနိုင်ပေသည်။

အကယ်၍ စုံစမ်းစစ်ဆေးမှု ရှိလာခဲ့သည့်တိုင်အောင် လင်ကျွင်းကျယ်နှင့် အခြားသူများက သူ့အတွက် သက်သေခံပေးနိုင်သော်လည်း ချင်ချန်းယီက သူတို့အပေါ် ဖိအားပေးရန်အတွက် ရဲတပ်ဖွဲ့ကို လာဘ်ထိုးနိုင်သည့် အခြေအနေလည်း အမြဲတစေ ရှိနိုင်၏။

မုထျန်းဟန်က သေချာပေါက် ကူညီပေးနိုင်သော်လည်း ချင်ချန်းယီက မုထျန်းဟန်နှင့်ပါ ရင်ဆိုင်မည့် နည်းလမ်းတစ်ခု စီစဉ်ထားမည်ကို မော့တိ ကြောက်နေမိသည်။ ယခုအချိန်၌ပင် မုထျန်းဟန်မှာ အန္တရာယ်ထဲသို့ တစ်စိတ်တစ်ပိုင်း ကျရောက်နေပြီဟု ဆိုနိုင်ပေသည်။

မော့တိက ဂဏာမငြိမ် ဖြစ်လာပြီး ထိတ်လန့်မှုကို သူ့ကို လွှမ်းမိုးသွား၏။ သူ့ပါးစပ်ကို ပိတ်ထားသည့် တိပ်များကို ဆုတ်ဖြဲခြင်း မပြုနိုင်သလို သူ့လက်မှ ကြိုးများကို မဖြည်နိုင်သောကြောင့် တံခါးဆီသို့ တွားသွားရန်အတွက် သူ့တင်ပါးနှင့် ခြေဖဝါးကိုသာ အသုံးပြုနိုင်ပေသည်။

လမ်းတဝက်အရောက်တွင် တံခါးက ရုတ်တရက် အသံမြည်ပြီး ပွင့်လာ၏။

လူနှစ်ယောက် အခန်းထဲသို့ ဝင်လာကြသည်။ သူတို့က အလင်းရောင်ကို ကျောခိုင်းထားသဖြင့် မျက်နှာများကို မမြင်ရပေ။


.........


“ငါ သူနဲ့ အလုပ်အတူတူ မလုပ်ချင်ဘူး… သူက အမြဲတမ်း အကြောင်းပြချက် မရှိဘဲ မျက်ရည် ကျနေတာ… ငါက သူ့ကို အနိုင်ကျင့်တယ်လို့ လူတွေက ထင်နေတော့မယ်…”

စွင်းပိုင်ချန်က အမှိုက်အိတ်ကို ယူပြီး မော့လျှိုကွေ့နှင့် တစ်ဖွဲ့တည်းဖြစ်သော ဆံပင်စည်းထားသည့် မိန်းကလေး၏ ဘေးနားတွင် ထားလိုက်သည်။

“နင်ရော ဘာလို့ သူနဲ့ အတူတူ မလုပ်တာလဲ…”

“ငါ ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပြီးသွားပြီ… သူက ပြတင်းပေါက်တွေကို သန့်ရှင်းရေး လုပ်မယ် ထင်တာပဲ ဒါပေမဲ့ ငါတို့တွေ သူ့ကို တစ်ယောက်တည်း လုပ်ခိုင်းလို့မရဘူး… ယောကျ်ားလေးတွေရော ဆရာတွေ အကုန်လုံးက စောင့်ကြည့်နေကြတာ… ငါတို့တွေထဲက တစ်ယောက်ယောက် သူနဲ့ အတူတူ မသွားရင် ငါတို့တွေ သူ့ကို ဝိုင်းပယ်ထားတယ်လို့ ထင်သွားလိမ့်မယ်…”

ဆံပင်စည်းထားသည့် မိန်းကလေးက မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ဒီလိုဖြစ်မယ်မှန်း သိရင် လုပ်အားပေး လာမလုပ်ပါဘူး…”

“ထားလိုက်ပါတော့… တစ်ပတ်မှ တစ်ခါပဲ လုပ်ရတာကို… နောက်ထပ် နှစ်ပတ်လောက် လုပ်ပြီးရင် ငါတို့တွေ လုပ်စရာ မလိုတော့ဘူးလေ…”

စွင်းပိုင်ချန်က ပြတင်းပေါက်မှန်များကို အဝတ်စုတ်ဖြင့် သုတ်နေသည့်၊ အနီးတစ်ဝိုက်တွင် ဆရာများနှင့် ပုရိသများ ဝိုင်းဝိုင်းလည်နေသော မော့လျှိုကွေ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရုပ်ချောသူများသာ ပို၍ အာရုံစိုက်ခံရသည် ဟူသော အချက်ကို သူမ သက်ပြင်းချမိ၏။ သူတို့အားလုံး မော့လျှိုကွေ့ထက် များစွာ ပို၍ ကြိုးကြိုးစားစား လုပ်ဆောင်ကြသော်လည်း သူမ ရရှိသည့် ချီးကျူးမှုများ၏ တစ်ဝက်မျှပင် သူတို့ မရရှိခဲ့ကြပေ။

“မင်းတို့ မိန်းကလေးတွေ ဘာလုပ်နေကြတာလဲ… ဘာလို့ မော့လျှိုကွေ့ကို တစ်ယောက်မှ သွားပြီး မကူညီကြတာလဲ… သူက ဒီလောက်ကြီးတဲ့ ပြတင်းပေါက်ကြီးကို တစ်ယောက်တည်း သန့်ရှင်းရေး လုပ်နေရတာ… ပျင်းမနေကြနဲ့…”

ဘိုးဘွားရိပ်သာ၏ မန်နေဂျာဖြစ်သူ အသက် ၃၀ အရွယ် အဆီတဝင်းဝင်း ရုပ်ရည်ရှိသော ကျန်းယန်ဆိုသူက မိန်းကလေးများအနီးသို့ ချဉ်းကပ်လာပြီး ပြောသည်။

“စွင်းပိုင်ချန်… မင်း သွားပြီးတော့ မော့လျှိုကွေ့ကို ကူညီပေးလိုက်… ဒီမှာ လျှို့လန်ယွဲ့နဲ့ တခြားမိန်းကလေးတွေ လုပ်ကြလိမ့်မယ်…”

“ဆရာ… ကျွန်မ မလုပ်ချင်ဘူး…”

စွင်းပိုင်ချန်က စိတ်ပျက်သွားသည်။ သူမက မော့လျှိုကွေ့ကို အမှန်တကယ်ပင် စိတ်ကုန်နေပြီ ဖြစ်၏။

“ဆရာ… ဘာလို့… ဘာလို့ ကျွန်မတစ်ယောက်တည်း မလုပ်နိုင်ရမှာလဲ… ကျွန်မ လုပ်နိုင်ပါတယ်…”

မော့လျှိုကွေကား ရင်ထဲတွင်မူ ပွက်ပွက်ဆူနေ၏။ သူမအနေဖြင့် ယခင်က ဤကဲ့သို့ လေးလံသော အလုပ်များကို တစ်ခါမှ မလုပ်ဖူးခဲ့ပေ။ ထို့အပြင် ထိုမိန်းကလေးများက သူမကို ဝိုင်းပယ်ထားမှန်း သိသာလှပေသည်။ အလွန် စက်ဆုပ်စရာ ကောင်းလှပေ၏။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခြင်းအားဖြင့် နာမည်ကောင်း ရယူရန်သာ မဟုတ်ပါက သူမအနေဖြင့် ယခုလို စိတ်ရှုပ်ခံနေမည် မဟုတ်ပေ။

မော့လျှိုကွေ့က တည်ငြိမ်ပြီး သဘောထားကြီးသည့် ပုံစံကို ဆက်လက် ထိန်းသိမ်းထား၏။ အနည်းငယ် နာကြည်းသော လေသံစွက်ကာ သူမက ပြောသည်။

“ကျွန်မဘာသာ တစ်ယောက်တည်း လုပ်နိုင်ပါတယ်…”

“အဲ့ဒီလို မလုပ်ပါနဲ့… ဒီလောက် ကြီးတဲ့ ပြတင်းပေါက်ကြီးကို လူနှစ်ယောက်က ဝိုင်းပြီး သန့်ရှင်းရေး လုပ်တာ ပိုပြီး ထိရောက်တာပေါ့…”

မော့လျှိုကွေ့၏ မျက်လုံးများ နီရဲလာသည်ကို မြင်သောအခါ ကျန်းယန်၏ နှလုံးသားမှာ အရည်ပျော်ကျသွားရသည်။

“စွင်းပိုင်ချန် မင်းလည်း ပြတင်းပေါက်တွေကို သွားပြီး သန့်ရှင်းရေး လုပ်တာ ကောင်းလိမ့်မယ်… တခြားသူတွေကိုပဲ အလုပ်တွေအားလုံး ခိုင်းဖို့ မစဉ်းစားနေနဲ့… မင်းက ဘယ်လို စေတနာ့ဝန်ထမ်းမျိုးလဲ…”

ကျန်းယန်က နောက်သို့ လှည့်ကာ စွင်းပိုင်ချန်အား အလုပ်များအားလုံးကို အခြားသူများကိုသာ တွန်းအားပေးပြီး ခိုင်းစေနေသည်ဟု စွပ်စွဲလိုက်၏။ စွင်းပိုင်ချန်နှင့် သူမ၏သူငယ်ချင်းများ စုဆောင်းထားသည့် အမှိုက်ပုံကြီးကို မမြင်သည့်အလား သူ့စကားလုံးများမှာ ကြမ်းတမ်းပြီး တစ်ဖက်သတ် ဆန်လှသည်။

စွင်းပိုင်ချန် ပေါက်ကွဲလုနီးနီး ဖြစ်နေစဉ် လက်ထောက်မန်နေဂျာ လီယွမ်ကျဲက ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။

“ငါ သု့မိန်းမိန်းနဲ့အတူ ပြတင်းပေါက်တွေကို သန့်ရှင်းရေး လုပ်လိုက်မယ်… မော့လျှိုကွေ့ မင်းက အစောင့်ဆီကို သွားပြီး တံမြက်စည်းနဲ့ ကြမ်းတိုက်ဝတ်တွေ ရှိသေးလားလို့ မေးပေးမလား… ငါတို့တွေ တခြားနေရာအတွက် ပစ္စည်းတွေကို ခွဲပေးရမယ်… ဒီမှာ ရှိတာနဲ့ မလောက်ဘူး…”

“ဟုတ်ကဲ့… ကျွန်မ သွားမေးပေးပါ့မယ်…”

မော့လျှိုကွေ့က ပြန်ပြောသည်။ အနည်းငယ် နီရဲနေသော မျက်လုံးများဖြင့် သူမက လှေကားအတိုင်း အောက်သို့ ဆင်းသွားလေသည်။

“ဘယ်လောက် လိုတာလဲ…”

“အနည်းဆုံး တံမြက်စည်း သုံးချောင်းနဲ့ ကြမ်းတိုက်ဝတ် သုံးခု လိုတယ်…”

“ကျုပ်ရော မင်းနဲ့အတူတူ လိုက်ခဲ့ရဦးမလား… ဒီပစ္စည်းတွေက လေးတော့ သယ်ရတာ ဝန်ကျယ်တယ်…”

ကျန်းယန်က မော့လျှိုကွေ့ကို နှစ်ခြိုက်စွာ ကြည့်နေသည်။

“မလိုပါဘူး ဆရာ… ကျွန်မဘာသာ လုပ်နိုင်ပါတယ်… ကျွန်မ ဒီအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ ကြိုးစားပြီး လုပ်ရမှာပေါ့… ကျွန်မ ဒီထက်ပိုပြီး အကူအညီ ရအောင် လုပ်ပေးချင်ပါတယ်…”

မော့လျှိုကွေ့က ဤကဲ့သို့ပြောပြီး ပြေးထွက်သွားသည်။

ကျန်းယန်မှာ သူမအတွက် ပို၍ စိတ်မချမ်းမြေ့ဖြစ်သွားရ၏။ သူက နောက်သို့ ပြန်လှည့်သွားပြီး အခြားမိန်းကလေးများကို စိုက်ကြည့်ကာ သူ တတ်နိုင်သည့်အချိန်တွင် သူတို့ကို အသရေဖျက်ရန် စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။

မော့လျှိုကွေ့က ခြံထဲမှ ထွက်ပြီး အနောက်ဘက်သို့ ဦးတည်သွား၏။ ဘိုးဘွားရိပ်သာမှာ ဟောင်းနွမ်းနေပြီ ဖြစ်ပြီး သက်ကြီးရွယ်အိုများမှာ အခန်းကျဉ်းလေးထဲတွင် ဘေးချင်းကပ်ရပ် နေထိုင်ကြရသည်။ ခြံဝင်းလေး တစ်ခုထဲတွင် ဤကဲ့သို့သော အခန်းများကို အတန်းလိုက် ၃ တန်း၊ ၄ တန်း ဆောက်လုပ်ထားခြင်းပင်။ နေထိုင်သည့် နေရာ၏ အနောက်ဘက်တွင် ကိုယ်လက်ကြံ့ခိုင်ရေး ကိရိယာအချို့ တပ်ဆင်ထားသည့် ကွင်းငယ်တစ်ခု ရှိ၏။ ရာသီဥတုမှာ အနည်းငယ် အေးနေပြီး အပြင်ဘက်တွင် စေတနာ့ဝန်ထမ်းများ ရှိနေသောကြောင့် သက်ကြီးရွယ်အိုများ အားလုံး ၎င်းတို့၏ အခန်းထဲ၌သာ နေထိုင်ကြရသည်။

လယ်ကွင်း၏ အနောက်ဘက်တွင် ဂိုထောင်နှစ်လုံးနှင့် အနောက်တံခါး တစ်ချပ် ရှိ၏။ အစောင့်က ထိုဂိုထောင်နှစ်လုံးကို ရံဖန်ရံခါ ကြည့်ရှုစောင့်ရှောက်ပေးရသည်။

မော့လျှိုကွေ့က ထိုဂိုထောင် နှစ်လုံးဆီသို့ ပြေးသွားသည့်အချိန်မှသာ သန့်ရှင်းရေး ပစ္စည်းများကို မည်သည့်ဂိုထောင်ထဲတွင် သိမ်းဆည်းထားကြောင်း မေးမြန်းခဲ့ရန် မေ့လျော့သွားသည်ကို သတိပြုလိုက်မိသည်။

သူမက တောင်ဘက်ရှိ ဂိုထောင်ထဲသို့ ဝင်သွားသည့် လူနှစ်ယောက်၏ နောက်ကျောကို လှမ်းမြင်လိုက်ရပြီး ထိုလူများသည်လည်း ဤနေရာတွင် လုပ်အားပေးကြသော ကျောင်းသားများ သို့မဟုတ် ဆရာများ ဖြစ်လိမ့်မည်ဟု ယူဆလိုက်လေသည်။ သူမက တောင်ဘက်ဂိုဒေါင်ဆီသို့ သွားကာ တံခါးလက်ကိုင်ကို တွန်းလိုက်သော်လည်း လှုပ်ရှားသွားခြင်း မရှိပေ။

“လူရှိလား… ကျွန်မက ကျင်းသာ့ကျောင်းက ကျောင်းသူပါ… ကျွန်မ တံမြက်စည်းနဲ့ အဝတ်စုတ်တွေ ယူချင်လို့ ဒီကို ဝင်လာတာပါ… လူရှိလား မသိဘူး…”

မော့လျှိုကွေ့က တံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်သည်။

ထိုစဉ် လူနှစ်ယောက် ထိတ်လန့်တုန်လှုပ်သွားသည်ကို မော့တိ မြင်လိုက်ရ၏။ သူ့မျက်လုံးများကို လျင်မြန်စွာ ရွေ့လျားကာ သူ့ဘေးရှိ စင်ပေါ်သို့ သူ့ကိုယ်သူ ပစ်လှဲချလိုက်သောအခါ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

ထိုလူနှစ်ယောက်က သူ့ကို လျင်မြန်စွာ ဖိနှိပ်ထားလိုက်၏။ သူတို့နှစ်ယောက်အနက် တစ်ယောက်က သူ့လက်သီးကို မြှောက်ကာ မော့တိ၏ မျက်နှာကို ထိုးလေသည်။

မော့တိက ဆူဆူညံညံ အော်ဟစ်ရန် ကြိုးစားသော်လည်း သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားသဖြင့် မည်သည့်အသံမှ မထွက်နိုင်ပေ။

မော့လျှိုကွေ့က ဤနေရာသို့ မတော်တဆ ရောက်လာခြင်း ဖြစ်နိုင်၏။ ဆိုလိုသည်မှာ သူမက သူ့ကို ဤနေရာတွင် ပြန်ပေးဆွဲထားကြောင်း မသိနိုင်ပေ။ သူမက ဇာတ်ကွက်တစ်ခုခုကို ဖန်တီးနိုင်သရွေ့ သူ့အနေဖြင့် ဤနေရာမှ လွတ်မြောက်နိုင်ချေ ရှိပေသည်။

ကျယ်လောင်သော ဘန်းခနဲ အသံကြီးကို ကြားလိုက်ရသောအခါ အတွင်း၌ တစ်ယောက်ယောက် ရှိနေကြောင်း မော့လျှိုကွေ့ သိသွား၏။ သူမက ဆက်ပြီး တံခါးကို ခေါက်လိုက်သည်။

“ဟယ်လို… ကျွန်မက တံမြက်စည်းနဲ့ ကြမ်းတိုက်ဝတ်တွေ ယူမလို့ ဒီကို ရောက်လာတာပါ… တံခါးဖွင့်ပေးလို့ ရမလား…”


Xxxxxxxx