Chapter 156
အဝါရောင်ရှပ်အင်္ကျီနှင့်လူက ပိုမို ဖြူဖျော့လာခဲ့သည်။ သူက သူ့ဘေးရှိ ဆေးစွဲနေသည်ဟု ထင်ရသော ခပ်ပိန်ပိန် သက်လတ်ပိုင်းအမျိုးသားကို အချက်ပေးကာ အပြင်ဘက်ရှိ ကျောင်းသူအား ပထုတ်စေလိုက်သည်။
အရပ်ပုပြီး ပိန်လှီသောအမျိုးသားမှာ ဘိုးဘွားရိပ်သာမှ စတိုခန်းစောင့်တစ်ဦးဖြစ်သည်။ အသက်လေးဆယ်ကျော်အထိ ဇနီးများ၊ သားသမီးများမရှိသေးချေ။ သူ၏ စုဆောင်းငွေအားလုံးကို ပြည့်တန်ဆာအိမ်တွင်သာ သွားရောက်ဖြုန်းတီးလေ့ရှိ၏။ လူဖြစ်ရှုံးခြင်း၏ ပြယုဂ်ပင်ဖြစ်သည်။
သူက လူသတ်မှုအား ကျူးလွန်ဖြစ်ခဲ့ခြင်းမှာ လျှို့ဝှက်သောလူ၏ လှည့်စားမှုကြောင့်သာမက ထိုသူကမ်းလှမ်းသော ငွေပမာဏကြောင့်လည်းပါဝင်သည်။ ထို့အပြင် သူက စိတ်ကျန်းမာရေးဆေးရုံတွင်သာ နှစ်အနည်းငယ်မျှ နေရမှာဖြစ်ပြီး ထောင်ကျမည်ကိုလည်း စိုးရိမ်ရန်မလိုအပ်ချေ။ သူ ဆေးရုံမှပြန်ထွက်လာပါက ငယ်ရွယ်သောမိန်းမပျိုတစ်ဦးနှင့် လက်ထပ်ကာ သူဝါသနာပါသည့် လောင်းကစားများ ဆက်လုပ်နိုင်မှာဖြစ်သည်။
အထက်ပါ အကြောင်းပြချက်များကြောင့် ကောင်းကွက်တစ်ခုပင်မရှိသည့် ထိုလူဖျင်းလူညံ့အား သွေးဆောင်ရန်အတွက် ချင်ချန်းယီ အချိန်များများမလိုအပ်ခဲ့ချေ။
ပိန်ပါးသောလူက အခြားလူအချက်ပြသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။ သူက မော့တိအား ခြိမ်းခြောက်သည့် အကြည့်တစ်ချက်ပေးကာ တံခါးဖွင့်ရန် လှည့်လိုက်သည်။
“ဘာလဲ…ဘာလို့တံခါးခေါက်နေတာလဲ…”
ပိန်လှီသော စတိုခန်းအစောင့်က ဝါကျင့်ကျင့်သွားများရှိသော သူ၏ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာ အော်မေးလိုက်သည်။ မော့လျှိုကွေ့အား တွေ့လိုက်ချိန်တွင် ထိုသူက သူ့တွင်ပိုက်ဆံရှိလာသည့်အခါ ဤကဲ့သို့ ငယ်ရွယ်လှပသော ကောလိပ်ကျောင်းသူလေးအား ဇနီးအဖြစ်လက်ထပ်ယူရန် အတွေးဝင်လာခဲ့သည်။
မော့လျှိုကွေ့က အပြင်ပိုင်းတွင် ရိုးအဟန်ပေါ်သော်လည်း အလွန်အကင်းပါးလှ၏။ ထိုသူ၏ အကြည့်ကိုမြင်လိုက်သည်နှင့် သူမည်သည့်အရာကို တွေးတောနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သူမက အလွန့်အလွန်ပင် ရွံရှာသွားခဲ့ရသည်။
စတိုခန်းအစောင့်က မော့လျှိုကွေ့အား မောင်းထုတ်ရန်ပြင်စဉ် သူ့အိတ်ကပ်ထဲရှိ ဖုန်းမြည်လာခဲ့သည်။
သူက အခန်းတွင်းရှိလူကို လှည့်ကြည့်လိုက်သည့်အခါ ခေါင်းညှိတ်ပြနေသည်ကို တွေ့လိုက်ရသည်။ သူက သူမလိုချင်သည့်အရာကို ပေးလိုက်ပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် မလုပ်ရန် ပြောလိုက်၏။
“တံမြက်စည်းလာယူတာမလား…” အစောင့်က မော့လျှိုကွေ့ကို စိတ်မရှည်ဟန်ဖြင့် ကြည့်လိုက်သည်။ “ငါသွားယူပေးမယ်…မင်းဒီမှာစောင့်နေ…”
“ကျေးဇူးပါ…ဦးဦး…” မော့လျှိုကွေ့က ပြုံးနေသောလည်း အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်းမရှိချေ။ ထိုသူက သူမအား သဘောကျဟန်ဖြင့် ကြည့်နေခဲ့သော်လည်း သူ၏အပြုအမူက ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။
သူ့ဦးနှောက်က ပျက်နေတာလား…
စတိုခန်းအစောင့်က ဗီရိုထံသွားကာ တံမြက်စည်းသုံးချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် တံခါးဝသို့ ပြန်လျှောက်လာကာ သူမ ခြေရင်းသို့ ပစ်ချပေးလိုက်၏။
မော့လျှိုကွေ့က သူမကိုယ်သူမ တွန်းအားပေးကာ ပြုံးလိုက်ရင်း “ကြမ်းတိုက်တံရော သုံးချောင်းလောက်ရနိုင်မလား…”
ဘန်း…
အတွင်းဘက်မှ နောက်ထပ် ဆူညံသံတစ်ခု ထွက်ပေါ်လာပြန်သည်။ တစ်စုံတစ်ယောက်က ပါးစပ်ကိုပိတ်ရန် ကြိုးစားနေပုံရသည့် ဖျော့တော့သော ညည်းတွားသံတစ်ခုကိုလည်း ကြားလိုက်ရ၏။
မော့လျှိုကွေ့က တစ်စုံတစ်ခုမှားယွင်းနေကြောင်း စတင်ခံစားမိလာခဲ့သည်။ အစောင့်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုအချို့ ထင်ဟပ်လာသည်ကို သူမ တွေ့လိုက်ရသည်။ သူက သူမအား ဒေါသထွက်နေသော မျက်လုံးများဖြင့် ပြန်ကြည့်လာခဲ့၏။ သူ၏ အပြုအမူမှာ ကြေးစားလူသတ်သမားများနှင့်မတူပဲ ပြာယာခတ်နေခဲ့သည်။
ထိုလူက သူမအား ချက်ချင်းတွန်းထုတ်လိုက်သည်။ “ဝေးဝေးသွားစမ်း…ဒီမှာ ဘာကြမ်းတိုက်တံမှမရှိဘူး…”
အတွန်းခံလိုက်ရသဖြင့် မော့လျှိုကွေ့က ယိမ်းယိုင်သွားခဲ့ကာ တစ်ချိန်ထဲမှာပင် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သည်။ စတိုခန်းထဲတွင် တစ်စုံတစ်ဦးအား ပြန်ပေးဆွဲထားပုံရ၏။
သူမက ပြန်ပေးဆွဲခံရသော အထက်တန်းကျောင်းသူတစ်ဦးအား ပညာရှိမိန်းမပျိုလေးက ကယ်ဆယ်ခဲ့ခြင်း ဟူသည့် သတင်းခေါင်းစဉ်တစ်ခုအား အမှတ်ရလာခဲ့သည်။ မီဒီယာများက သူမ၏ရဲရင့်မှုအတွက် အကြီးအကျယ်ဂုဏ်ပြုခဲ့ကြ၏။ မော့လျှိုကွေ့ ထိုအရာကို လိုချင်မိသည်။
အကယ်၍ သူမ မှားသွားပါက ဘာမှဆုံးရှုံးစရာမရှိချေ။ သို့သော် သူမ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပါက တစ်စုံတစ်ဦး၏ ကယ်တင်ရှင်ဖြစ်သွားလိမ့်မည်။ ထိုအကြောင်းအရာသာ သတင်းထဲပါလာပါက သူမအား သူရဲကောင်းတစ်ဦးအဖြစ် ဖော်ပြကြပေလိမ့်မည်။ အင်အားကြီးရေတပ်နှင့် သက်ရောက်မှုကောင်းသည့် လှုံ့ဆော်မှုများ ပြုလုပ်လိုက်ပါက သူမ၏ပုံရိပ်အား အပြည့်အဝပြောင်းပြန်လှန်နိုင်လိမ့်မှာပင်။
သူမ၏ ဂုဏ်သိက္ခာအား ပြန်လည်အဖတ်ဆည်နိုင်ရုံသာမက သရုပ်ဆောင်အလုပ်ကိုပင် ပြန်လည်စတင်နိုင်ချေရှိသည်။
သူမ၏ခေါင်းထဲတွင် အကြံပေါ်လာသည်နှင့် သတ္တိအပြည့်ဖြစ်သွားခဲ့၏။ သူမက ကိုယ်ကိုကိုင်း၍ တံမြက်စည်းကိုကောက်လိုက်ကာ အစောင့်အား ကန့်လန့်ဖြတ်ရိုက်ချလိုက်သည်။
အားနည်းသော အစောင့်က သတိလက်လွတ်ဖြစ်သွားသည်နှင့် မော့လျှိုကွေ့ စတိုခန်းထဲသို့ အလျှင်အမြန်ပြေးဝင်သွားခဲ့သည်။
အခန်းထဲတွင် သူမနှင့်အဆင်မပြေသည့် တစ်စုံတစ်ဦးအား အဝါရောင်ရှပ်အင်္ကျီဝတ်ထားသော ခပ်ထွားထွားလူတစ်ဦးက ဖမ်းချုပ်ထားသည်ကို တွေ့လိုက်ရသည်။
မော့လျှိုကွေ့က စက္ကန့်အနည်းငယ်မျှ ကြောင်အသွားကာ စိတ်လှုပ်ရှားလာခဲ့သည်။ ထို့နောက် ချက်ချင်းနောက်ပြန်လှည့်ကာ ဖုန်းကိုင်လျှက်သားနှင့် ထွက်ပြေးလေတော့သည်။
သို့သော် နောက်တစ်စက္ကန့်၌ပင် စတိုခန်းစောင့်က သူမအား ခြေထိုးခံလိုက်လေသည်။ သူမက မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး အဖိခံလိုက်ရ၏။
အဝါရောင်အင်္ကျီနှင့်လူက သူတို့အနားသို့ လျှောက်လာခဲ့ကာ မော့လျှိုကွေ့၏ဖုန်းကို အဝေးသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် သူမ၏ ပါးစပ်အား ပိတ်ပစ်လိုက်သည်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ…” ပိန်ပါးသောလူက ဆောက်တည်ရာမရဖြစ်သွားခဲ့သည်။
သူတို့အခုဆို သတ်ရမယ့်လူတစ်ယောက်ထပ်တိုးသွားပြီမဟုတ်လား…
“အွန်း…အင်း…” မော့လျှိုကွေ့က ပြင်းထန်စွာ ရုန်းကန်နေခဲ့သည်။
မော့လျှိုကွေ့ အော်လိုက်မည်ကို စိုးရိမ်နေသဖြင့် ပိန်ပါးသောလူက သူမ၏ပါးစပ်ကို ပိတ်ရာ၌ ကူညီပေးချင်နေခဲ့၏။
အင်္ကျီအဝါရောင်နှင့်လူက ပတ်ဝန်းကျင်အား တစ်ချက်အကဲခတ်လိုက်ပြီး မော့လျှိုကွေ့အနားသို့ကပ်ကာ တီးတိုးဆိုလိုက်သည်။ “သခင်မလေးမော့…ခင်ဗျားကို ကျွန်တော်သိတယ်…ကျေးဇူးပြုပြီး မအော်လိုက်ပါနဲ့..”
သူ၏ စကားလုံးများကြောင့် မော့လျှိုကွေ့ ပို၍ပင် သောကများသွားခဲ့ရသည်။ သူမက ပြင်းပြင်းထန်ထန်ရုန်းလိုက်၏။
အင်္ကျီအဝါရောင်နှင့်လူက သူမအား မကိုင်တွယ်နိုင်သော်လည်း ခြောက်လှန့်ရန်မဝံ့ရဲချေ။ သူက သူမအား အေးအေးဆေးဆေး ဖြောင်းဖျလိုက်သည်။
“ဒါက သခင်လေးချင်ရဲ့ အကြံပါ…သခင်မလေးမော့…ကျွန်တော် ခင်ဗျားကို ထိခိုက်အောင်မလုပ်ပါဘူး…သခင်လေးချင်ရဲ့အကြံကိုလည်း မနှောင့်ယှက်ပါနဲ့…”
“…” မော့လျှိုကွေ့ ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ကာ ထိုသူအား ဇဝေဇဝါဖြင့်ကြည့်လိုက်မိသည်။
သူ ဆိုလိုတာက…
“ကျွန်တော် အမှန်အတိုင်းပြောနေတာပါ…အကယ်၍ သခင်မလေးအခုနေ အော်လိုက်ရင် အကြံအစည်ပျက်သွားရုံတင်မကဘူး…ပြသနာက …” သူက မော့လျှိုကွေ့ နားလည်မှန်း သိသဖြင့် ဘာမှဆက်မပြောတော့ချေ။
ချင်ချန်းယီက မော့မိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ အကယ်၍ သူ့ထံတွင် တစ်စုံတစ်ရာဖြစ်ပျက်သွားပါက မော့တို့သည်လည်း အထိနာမှာပင်။
သူထင်ထားသည့်အတိုင်း မော့လျှိုကွေ့က ရုန်းကန်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် အင်္ကျီအဝါနှင့်လူက စတိုခန်းအစောင့်အား သူမကိုလွှတ်ပေးရန် အမိန့်ပေးလိုက်၏။
“သူမက ငါတို့နဲ့ တစ်ဖက်ထဲပဲ…မြန်မြန်လွှတ်ပေးပြီး တောင်းပန်လိုက်…”
အစောင့်က နားမလည်ဖြစ်သွားခဲ့သော်လည်း နာခံစွာဖြင့် မော့လျှိုကွေ့အား တောင်းပန်စကားဆိုလိုက်သည်။
အင်္ကျီအဝါနှင့်လူက ပြုံးကာဆို၏။ “သခင်မလေးမော့…အခုသွားနိုင်ပါပြီ…တခြားလူတွေကို လျှောက်မပြောပါနဲ့..ကျွန်တော်တို့ ဆက်ပြီး…”
“ကျွန်မ သူနဲ့လူချင်းတွေ့ချင်တယ်…” မော့လျှိုကွေ့က ကြားဖြတ်ပြောလိုက်သည်။
ထိုသူက အရာအားလုံးကို သိရှိနေလေရာ မျက်နှာမပြပဲ အမှောင်ထဲတွင်သာ လှုပ်ရှားတတ်သည့် ချင်ချန်းယီ၏ လူယုံတော်များထဲမှ တစ်ဦးဖြစ်ရမည်။ ချင်ချန်းယီ၏ နောက်ဆုံးသော လူယုံတော်ဖြစ်ရာ သူမအား အန္တရာယ်ပြုမည်ကို စိုးရိမ်ရန်မလိုအပ်ချေ။
“ဒါက…” အမျိုးသားက တုံ့ဆိုင်းနေခဲ့သည်။
“ကျွန်မ တစ်ချက်လောက်ပဲကြည့်ချင်တာပါ…ရှင်တို့ကို နှောင့်ယှက်မှာမဟုတ်ပါဘူး…” မော့လျှိုကွေ့က ပြောပြီးသည်နှင့် ထိုလူအား လေးစားမှုမရှိစွာဖြင့် အခန်းအတွင်းဘက်သို့ ဝင်သွားခဲ့သည်။
သူမက ပြန်ပေးဆွဲခံရသူမှာ မော့တိဖြစ်ကြောင်း သေချာအတည်ပြုချင်ခဲ့သည်။
ထိုလူက လိုက်နာရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ချေ။ သူက သူမအနောက်မှ အမြန်လိုက်လာကာ ဖုန်းကိုထုတ်လျှက် ချင်ချန်းယီအား ဖုန်းခေါ်ရန် အသင့်ပြင်လိုက်သည်။
မော့လျှိုကွေ့က မြေပေါ်တွင်လဲကျနေသည့်လူထံ လျှောက်သွားလိုက်သည်။ သူမက သူမ၏ဖုန်းမီးကိုဖွင့်ကာ ထိုသူ၏မျက်နှာအား သေချာကြည့်လိုက်၏။
သေချာတယ်…မော့တိပဲ…
မော့လျှိုကွေ့ မည်သို့ခံစားလိုက်ရသည်ကို ပြောပင်မပြောပြတတ်ချေ။ ဤအခြေအနေသို့ ကျရောက်နေသော မော့တိအားကြည့်ရသည်မှာ သူမ၏ နှလုံးသားအောက်ခြေမှ ဝမ်းသာပျော်ရွှင်မှုများကို တရိပ်ရိပ်မြင့်တက်လာစေသည်။ တစ်ချိန်ထဲမှာပင် စိုးရိမ်မှုများလည်း ရှိနေခဲ့၏။
ချင်ချန်းယီ၏ အတွေးများကို သူမ ခန့်မှန်းနိုင်သည့်အလျှောက် ဤအခြေအနေထိ ရောက်လာပြီးသည့်နောက်တွင် မော့တိ အသက်ရှင်ရန် မဖြစ်နိုင်တော့ချေ။ တစ်စုံတစ်ယောက်အား သေမည်မှန်းသိသိနှင့် ပစ်ထားခဲ့ရမည့် အပြုအမူအား သူမ တစ်ခါမှမလုပ်ဖူးသည့်အလျှောက် မော့လျှိုကွေ့စိတ်တွင်း၌ အနည်းငယ် ကသိကအောက်ဖြစ်လာခဲ့သည်။
မော့လျှိုကွေ့က သူမကိုယ်သူမနှစ်သိမ့်ကာ လှည့်ထွက်ရန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် မော့တိ၏ ဝူးဝူးဝါးဝါးအသံများကို ကြားလိုက်ရသည်။
မော့တိက ဖမ်းလာသည့်အချိန်ကတည်းက ပါးစပ်မှတိတ်အား သူ၏တံတွေးများဖြင့် လျော့ရဲစေခဲ့ရာ တိတ်၏အတွင်းပိုင်းက ပြေလျော့နေပြီဖြစ်သည်။
မော့တိ၏ သဲသဲကွဲကွဲမရှိသော အသံကိုကြားသည့်အခါ မော့လျှိုကွေ့ အလွန်စိတ်ကျေနပ်သွားခဲ့သည်။ သူမက ပြန်လှည့်လာကာ သူ့ကိုကြည့်လိုက်၏။
“နင်ပဲငါ့ကို အစ်မလို့ခေါ်ဖို့ ငြင်းခဲ့တာမဟုတ်လား…”
မော့တိ မကြာခင် သေတော့မည်မှန်း သူမ သိလေသည်။ ဤနေရာ၌မဟုတ်လျှင်ပင် ချင်ချန်းယီက သူ့အား အသုံးတော်ခံအနေဖြင့် သူ၏ ပင်လယ်ရပ်ခြားရှိ ကာစီနိုများသို့ ပို့ပစ်မှာဖြစ်သည်။ ထိုသို့မဖြစ်ခင် သူမအား သနားစရာဘဝသို့ ရောက်စေခဲ့သော လူယုတ်မာလေးနှင့် ရှင်းရှင်းလင်းလင်းလုပ်ရန် လိုအပ်လေသည်။
အင်္ကျီအဝါရောင်နှင့်လူက မော့လျှိုကွေ့ မော့တိအား စကားပြောချင်နေကြောင်း သတိပြုမိသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် စတိုခန်းအစောင့်အား အပြင်သို့ဆွဲခေါ်သွားပြီး အခန်းကိုစောင့်ကြပ်နေစေခဲ့၏။ သူမ မည်သည့်အရာအား ပြောသည်ဖြစ်စေ၊ အပြင်သို့ မပေါက်ကြားသည်က အကောင်းဆုံးသာဖြစ်သည်။
မော့လျှိုကွေ့က သူမ၏ အမိန့်အောက်တွင် အမျိုးသားနှစ်ဦးလုံး နာခံစွာဖြင့် ရှောင်ပေးသည်ကို တွေ့လိုက်ရသည့်အခါ အချိန်အတော်အကြာက ပျောက်ဆုံးသွားခဲ့သော လူများသူမဘက်တွင်ရှိချိန်၌ ခံစားရသည့်ကျေနပ်မှုကို ပြန်လည်ရရှိလိုက်၏။
သူမက မော့တိထံလျှောက်သွားကာ သူ့အား အသတ်ခံရမည့် မွေးမြူရေးတိရစ္ဆာန်ကဲ့သို့ ကန်ကျောက်လိုက်သည်။ ထို့နောက် ငုတ်တုတ်ထိုင်ကာ မော့တိ၏မျက်နှာအား သေချာကြည့်လိုက်လေသည်။
သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် အကူအညီတောင်းခံမှုများ ထင်ဟပ်လျှက်ရှိ၏။
မော့လျှိုကွေ့၏ နှုတ်ခမ်းများ ကွေးညွှတ်သွားခဲ့သည်။ သူမ၏ မှောင်မိုက်အေးစက်သော နေ့ရက်များက မကြာမီ ပြန်လည်အသက်ဝင်ကာ တောက်ပလာတော့မည်ဖြစ်ကြောင်း ခံစားမိလိုက်သည်။
မုထျန်းဟန်နှင့် မော့တိအား အစအနမကျန်အောင် ဖယ်ရှားပြီးသည်နှင့် မော့မိသားစုက ပြန်လည်တောက်ပလာမှာဖြစ်သည်။ သူမသည်လည်း ကောင်းချီးများပြည့်နှက်နေသော လှပသည့်ဘဝအား နောက်တစ်ကြိမ် ထပ်မံ၍ရရှိပေလိမ့်မည်။ မော့တိအတွက်မူ မြေကြီးနက်နက်ထဲတွင် လဲလျောင်းနေရန်သာ ရှိ၏။
သူမနှလုံးသားတွင်းရှိ ပျော်ရွှင်မှုများက အဆက်မပြတ်စီးဆင်းလာခဲ့သည်။
သူမက မော့တိကိုကြည့်ကာ သနားနေသည့်အသံဖြင့် ဆိုလိုက်သည်။ “အမှန်အတိုင်းပြောရရင် နင်ပြန်မွေးဖွားလာတာမှန်း ငါသိသားပဲ…ဒါပေမယ့် ဘာများထူးသွားလို့လဲနော်…”
“ရှောင်တိ… ငါတို့ရဲ့အပြုအမူတွေက ငါတို့ဘဝကို ဆုံးဖြတ်ပေးလိမ့်မယ်…နင်က အစကတည်းက စိတ်အနှောင့်အယှက်ဖြစ်စရာပဲလေ…ဒုတိယဘဝရတော့ရော ဘာဖြစ်လာမှာတဲ့လဲ…”
“ဒါ့အပြင် နင့်ကိုယ်နင် အရမ်းရက်စက်လွန်းတယ်လို့ မခံစားရဘူးလားဟင်…ငါ့ကိုပြောစမ်းပါ…ငါနင့်အပေါ်ကောင်းခဲ့တယ်မဟုတ်လား…ရှောင်တိ…နင့်အမမေးတာပြန်ဖြေလေ…ငါနင့်ကို ကောင်းကောင်းဆက်ဆံခဲ့တယ်…ဒါပေမယ့် နင်က ကျေးဇူးသိတတ်ရကောင်းမှန်း နားမလည်ခဲ့ဘူးပဲ…နင်ကငါ့ကို အရင်ဘဝကထက်တောင် ပိုပြီး ဒုက္ခပေးခဲ့သေးတယ်…”
“နင်ငါ့ဘဝကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ်…ဒါ့ကြောင့် နင်အခုလို စောစောသေဖို့ထိုက်တန်တာပဲ…”
မော့လျှိုကွေ့က သူမ၏ စက်ဆုပ်ဖွယ်ခံစားချက်များကို ဖုံးကွယ်မနေတော့ပဲ ကြောက်ရွံ့နေသော မော့တိအား ကြည့်နေခဲ့သည်။ ထို့နောက် သူမက စိတ်ကျေနပ်စွာဖြင့် ထရပ်ကာ ထွက်ခွာရန်ပြင်လိုက်သည်။
ဤနေရာအား သူမ မလာရောက်ခဲ့ဖူးချေ။
မော့တိသေဆုံးသွားသည့်အခါ သူမက သူ၏ အုတ်ဂူသို့ နှစ်စဉ်သွားရောက်မည်ဖြစ်ပြီး မော့မိသားစု၏ ပျော်စရာသတင်းများနှင့် သူမ၏ အဆင်ပြေလှသော အလုပ်အကိုင်အကြောင်း ပြောပြပေမည်။ သူမအား ကမ္ဘာအနှံ့ရှိလူများက လေးစားကြကြောင်းနှင့် လူသိအများဆုံး မင်းသမီးတစ်လက်ဖြစ်လာကြောင်းကိုပါ ပြောပြရမည်။
အင်္ကျီအဝါရောင်နှင့်လူက နီရဲသောမျက်ဝန်းများဖြင့် မော့လျှိုကွေ့ထွက်လာသည်ကို တွေ့သည့်အခါ သူမအား နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ “သခင်မလေးမော့…”
“ကျွန်မ အဆင်ပြေပါတယ်…ကျွန်မအပေါ် ဘယ်သူက ကောင်းသလဲ၊ ဆိုးသလဲဆိုတာ ကျွန်မသိပါပြီ…ကျွန်မ အရင်လို ပျော့ညံ့မနေတော့ပါဘူး…ကျွန်မရဲ့ကြင်နာမှုက ကျွန်မဂရုစိုက်တဲ့လူတွေကို ဘေးသင့်စေခဲ့မိတယ်…ကျွန်မ ရှင့်သခင်လေး ခက်ခဲအောင် မလုပ်ပါဘူး…” မော့လျှိုကွေ့၏ မျက်ဝန်းများနီရဲနေကာ မျက်ရည်များ တသွင်သွင်စီးကျလျှက်ရှိသည်။
….
စတိုခန်းထဲတွင်မူ မော့တိက မော့လျှိုကွေ့နှင့် အခြားလူနှစ်ဦး စကားပြောနေချိန်အတွင်း သူ၏အိတ်ထဲတွင် ဖွက်ထားသည့်ကင်မရာအား အစိမ်းရောင်ကူရှင်ထံသို့ ကန်ထုတ်လိုက်သည်။
နောက််တစ်စက္ကန့်၌ စတိုခန်းတံခါး ထပ်မံပွင့်လာခဲ့သည်။
အင်္ကျီအဝါနှင့်လူက အခန်းထဲဝင်လာကာ စတိုခန်းအစောင့်အား ပြောလိုက်၏။ “သူ့ကို ဝင်ပေါက်နားဆွဲသွားပြီး မြန်မြန်လက်စသတ်လိုက်တော့…”
စတိုခန်းစောင့်က တံတွေးမြိုချကာ ခေါင်းညှိတ်လိုက်သည်။ သူက အင်္ကျီအဝါနှင့်လူပြောခဲ့သည့် ဇာတ်လမ်းကို ပြန်စဉ်းစားလိုက်သည်။
ကောင်လေးအား တံခါးနားသို့ဆွဲခေါ်သွားကာ တံမြက်စည်းလာတောင်းသည့်ပုံပေါ်အောင် ပြုလုပ်ရမည်။ ကံမကောင်းစွာဖြင့် စိတ်ဖောက်ပြန်နေသည့် အရူးတစ်ယောက်နှင့် တွေသွားခဲ့ပုံဖြင့် ကောင်လေးအား ဓားဖြင့်ထိုးသတ်ရမည်။ ထို့နောက် အရူးတစ်ယောက်သဖွယ် ဓားကို အကြိမ်အနည်းငယ်ခန့် ဝေ့ယမ်းနေရမည်ဖြစ်သည်။
ဒါပဲလေ.. အရမ်းကိုရှင်းတယ်…ဘာမှစိတ်ပူနေစရာမရှိဘူး…
အလုပ်လုပ်ရမည့် အချိန်ကျလာသောအခါ စတိုခန်းအစောင့်က စိတ်တထင့်ထင့်ဖြစ်လာခဲ့သည်။ သူက အာ့ကော့ထိုတစ်ပုလင်းအား ဗီရီုအတွင်းမှထုတ်ကာ ပါးစပ်အပြည့်သောက်သုံးလိုက်၏။ ထို့နောက် မော့တိအား တံခါးထံသို့ ဆွဲခေါ်သွားတော့သည်။
(T/N - အရမ်းပြင်းတဲ့အရက်ပါ)
ဆယ်သန်းက သူ့အိတ်ထဲရောက်လာတော့မယ်…
Xxxxxxxx