Chapter 157
မုထျန်းဟန် သူ့လက်တော့ပ်ကို ရုတ်တရက် ပိတ်လိုက်သည်။ အစည်းအဝေးတစ်ခု အလယ်တွင် သူ့မျက်နှာသည် ခက်ထန်သွားသည်။
"မု မင်းဘာဖြစ်နေတာလဲ" ထိတ်လန့်သွားသော လိုင်သယ်စစ်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ဌာနအသီးသီးမှ အကြီးအကဲများသည်လည်းအသံကျယ်ကျယ်ပြောရန်ပင် ကြောက်လန့်နေကြပြီး သူ့အစီရင်ခံစာကို တင်ပြပေးနေရသည့် ဘဏ္ဍာရေးဌာန အကြီးအကဲသည်လည်း ကြောက်ရွံ့ထိတ်လန့်နေသည်။
"ဥ ဥက္ကဋ္ဌ..."
မုထျန်းဟန် အစည်းအဝေးခန်းမှ အမြန်ပြေးထွက်သွားပြီး သူ့ဖုန်းထဲရှိ နံပါတ်များကို အရှိန်အဟုန်ဖြင့် ဖုန်းပေါက်ထွက်မတတ်ရိုက်နေသည်။
မုထျန်းဟန် မော့တိ၏ဖုန်းတွင် အဆင့်မြင့်ခြေရာခံစက်ကို တပ်ဆင်ထားသည်။ ဖုန်းကို ပိတ်ထားလျှင် သို့မဟုတ် ရေထဲတွင် စိမ်ထားလျှင်ပင် ခြေရာခံစက်သည် အလုပ်လုပ်ဆောင်နေဆဲဖြစ်သည်။ ထို့အပြင် မိနစ် 150 ထက်ပို၍ ရွေ့လျားလှုပ်ရှားမှုမရှိလျှင်လည်း ၎င်းသည် သူ၏ဆဲလ်ဖုန်းနှင့် လက်ပ်တော့ထံသို့ တိုက်ရိုက် အချက်ပြပေးပို့မည်ဖြစ်သည်။
ပုံမှန်မဟုတ်သည်မှာ ထိုမလှုပ်ရှားမှုကို ပြသည့် အချက်ပြမှုများသည် မော့တိ စာသင်ချိန် သို့မဟုတ် ညအချိန်တွင်သာ ပေါ်လာပေလိမ့်မည်။ ထိုအခြေအနေနှစ်ခုလုံးသည် မော့တိ ကျောင်းတွင်ရှိနေသောအခါမှသာ ဖြစ်တတ်ပြီး အပြင်မှာ တစ်ခါမှမဖြစ်ဖူးပေ။ ယခုအချိန်သည် မော့တိအတွက် အရမ်းအလုပ်များသော အချိန်ဖြစ်သောကြောင့် သူ နှစ်နာရီထက်ပို၍ ကျောင်းအပြင်ဘက် သို့မဟုတ် ကုမ္ပဏီနှင့် ဝေးရာသို့ ဘယ်တော့မှ သွားမည်မဟုတ်ပေ။
သို့သော် အခုလက်ရှိတွင် ခြေရာခံစက်သည် ကျင်းသာ့အနီးရှိ ဝေးလံခေါင်သီသောလမ်းကို ညွှန်ပြနေသည်။ ၎င်းသည် သေချာပေါက် ကြိုတင်သတိပေးခြင်းပင်။
မုထျန်းဟန် မော့တိ၏ဖုန်းကို ခေါ်လိုက်သည်။ ဖုန်းဝင်သွားသော်လည်း မည်သူမျှ ဖုန်းမကိုင်ပေ။
သူ အကြိမ်ပေါင်းများစွာ ဖုန်းဆက်ခေါ်နေသော်လည်း အသုံးမဝင်ပေ။
ပြင်းထန်သော ကြောက်ရွံ့သည့် ခံစားချက်သည် သူ့နှလုံးသားမှ ထွက်ပေါ်လာသည်။ မုထျန်းဟန် မော့တိ၏ အခန်းဖော် ရှန့်ယွီချောင်ကို ဖုန်းခေါ်လိုက်သည်။
သုံးစက္ကန့်အကြာတွင် ဖုန်းကိုင်ခဲ့ပြီး ရှန့်ယွီချောင်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။
"သူ သူဌေး! ရှောင်တိ အိပ်ယာဝင် နောက်ကျနေလားလို့ မေးဖို့ ဖုန်းဆက်လိုက်တာလား။ နောက်မကျဘူး မကျဘူး မကျဘူး။ သူက နေကောင်းပြီး အမြဲတမ်း အချိန်မှန်အိပ်တယ်"
"မဟုတ်ဘူး” မုထျန်းဟန် လိုရင်းကို လှမ်းမေးလိုက်သည်။ “အဲဒီအကြောင်း မဟုတ်ဘူး။ ရှောင်တိ မင်းနဲ့အတူရှိနေလား"
"အာ" ရှန့်ယွီချောင် အလျင်အမြန် ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ သူ အစ်ကို့ကို တွေ့ဖို့ သွားတာမဟုတ်ဘူးလား။ အတန်းပြီးတာနဲ့ အပြင်ထွက်သွားတာ လောလောဆယ် သူ ကျောင်းမှာမရှိဘူး။ ဟယ်လို ဟယ်လို" မုထျန်းဟန် သူ့ဖုန်းကို ချပစ်လိုက်သောအခါ ရှန့်ယွီချောင် မျက်မှောင်ကြုတ်လိုက်သည်။ ဒီနေ့ သူဌေးက ဘာဖြစ်နေတာလဲ။
"အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်"
မုထျန်းဟန် အစည်းအဝေးခန်းထဲမှ သူ့နောက်လိုက်လာသည့် လက်ထောက်ကုံးကို အမိန့်ပေးပြီး လိုင်သယ်စစ်ကို အချက်ပြလိုက်သည်။ "ငါတို့ ကျင်းသာ့ကို သွားမယ်"
လိုင်သယ်စစ် မုထျန်းဟန်ကို မှီနိုင်ရန် ပြေးလိုက်ရသည်။ သူ့ခေါင်းထဲတွင် မေးစရာမေးခွန်းများ အများကြီးရှိနေသည်။ "ဘာ? ကျင်းသာ့? မု မင်း ဘာဖြစ်နေတာလဲ။ တစ်ခုခုဖြစ်လို့လား"
"မော့တိ တစ်ခုခုဖြစ်နေပြီလို့ ငါ သံသယဖြစ်မိတယ်" မုထျန်းဟန် မိနစ်ပိုင်းအတွင်း ပို၍ စိတ်ရှုပ်လာသည်။ သူ့မျက်နှာအသွေးအရောင်သည် ဖျော့တော့နေသည်။
"ဘာ ရှောင်တိ တစ်ခုခုဖြစ်လို့လား" လိုင်သယ်စစ် ကြားပြီးနောက် ခလုတ်တိုက်လုနီးပါး ဖြစ်သွားသည်။
မုထျန်းဟန် သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုများကို ဖိနှိပ်ထားရသည်။ သူ သူ့ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး အခြားဖုန်းနံပါတ်မှုတစ်ခုကို ခေါ်ဆိုခဲ့သည်။
“ဟယ်လို ကော်မရှင်နာဝမ် ကျွန်တော့်မှာ အရေးပေါ်ကိစ္စတစ်ခုရှိလို့ မင်းရဲ့အကူအညီကို တကယ်လိုအပ်နေတယ်..."
“…”
ကော်မရှင်နာဝမ်နှင့် စကားပြောပြီးနောက် မုထျန်းဟန် တက္ကသိုလ်သို့ အမြန်ဆုံးနှုန်းဖြင့် သွားနေစဥ် ကျင်းသာ့၏ ဒုကျောင်းအုပ်ကို ဆက်သွယ်ခဲ့သည်။
ဒုကျောင်းအုပ်သည် မုထျန်းဟန်ကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ရန် ဂိတ်ဝသို့ သွားရောက်ခဲ့သည်။ မုထျန်းဟန်၏ကားဝင်လာသည်ကို မြင်သည်နှင့် ချွေးစေးများပြန်ကာ သူတို့ကို ကြိုဆိုရန် အပြေးအလွှား သွားလိုက်သည်။ သူ့စိတ်ထဲတွင် မုထျန်းဟန် သံသယဖြစ်လွန်းနေသလားဟု ထင်မိသည်။ မော့တိနှင့် အဆက်အသွယ်ပြတ်သည်မှာ သုံးနာရီပဲရှိသေးသည်။ တစ်ခုခုမှားနေသည်ဟု သူဘာလို့ဆက်ပြောနိုင်ရတာလဲ။
သို့သော်လည်း တစ်ခုခု မှားယွင်းသွားပါလျှင် ဤထင်ရှားသော ပုဂ္ဂိုလ်ကို ထိခိုက်စေသောကြောင့် အန္တရာယ်ရှိသည့် အကျိုးဆက်များ ရရှိပေလိမ့်မည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျေးဇူးပြုပြီး စောင့်ကြည့်ခန်းကို ခေါ်သွားပေးပါ"
မုထျန်းဟန်၏မျက်နှာသည် ကြောက်စရာကောင်းနေသည်။ ဒုကျောင်းအုပ်၏ နှလုံးခုန်သံသည် မြန်လာသည်။ မော့တိ မြန်မြန်ပြန်လာပါစေဟု ဆုတောင်းနေပြီး တကယ်ပြန်ပေးဆွဲခံရလျှင်တောင် ဘာမှမဖြစ်ပါစေနှင့်ဟု ဆုတောင်းနေခဲ့သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့… ကျေးဇူးပြုပြီး ဒီလမ်းပါ။ ဘယ်နေရာကို အရင်စစ်ဆေးချင်ပါလဲ"
“ကျောင်းရဲ့ ဝင်ပေါက်တွေအကုန်လုံးနဲ့ အဆောက်အဦး နံပါတ်(၁)ရဲ့ မှတ်တမ်းဗီဒီယိုကို ကြည့်ချင်တယ်"
ရှန့်ယွီချောင်နှင့် အခြားသူများထံမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ကျောင်း၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော့တိအား ရှာနေသည်ဟု ကျောင်းသားတစ်ဦးက သူ့အား အကြောင်းကြားခဲ့သောကြောင့် မော့တိသည် အဆောက်အဦ နံပါတ်(၁)သို့ သွားရောက်ခဲ့ကြောင်း သိရှိခဲ့ရသည်။ သို့သော်လည်း ဒုကျောင်းအုပ်ကြီးနှင့် ဖုန်းပြောသောအခါ အတိုင်ပင်ခံသည် ခွင့်တိုင်ထားပြီး ကျောင်းဝင်းထဲတွင်တောင် မရှိကြောင်း သတင်းရရှိခဲ့သည်။
“အ အ အဆောက်အဦး နံပါတ်(၁)ရဲ့ ကင်မရာ အလုပ်မလုပ်ဘူး” ဒုကျောင်းအုပ်၏ စိတ်ထဲတွင် အော်ဟစ်နေသည်။ “အဲဒီအကြောင်းကို မကြာသေးခင်ကမှပဲ ကြားခဲ့ရတာ။ ကင်မရာ က ခဏခဏ ပျက်နေတာ အခု..."
မုထျန်းဟန်၏ အကြည့်ကြောင့် ဒုကျောင်းအုပ်သည် သူ၏ အရေပြား လောင်ကျွမ်းသွားနိုင်ကြောင်း ခံစားရသည်။ "အဲဒါက အမှန်ပါ။ မစ္စတာမု မင်း ငါ့ကို မယုံရင် ပြပေးနိုင်ပါတယ်"
"မလိုပါဘူး။ အဝင်ပေါက်မှာရှိတဲ့ မှတ်တမ်းဗီဒီယိုကိုပဲ ကြည့်ရအောင်။ ကျောင်းအုပ်ကြီး ယွီက အလုပ်ရှုပ်နေပြီး အသေးအမွှားကိစ္စတိုင်းကို မစီမံနိုင်ဘူးဆိုတာ သိပါတယ်" မုထျန်းဟန် သူ့အသံကို ထိန်းထားပြီး သူ့အမူအရာ အများကြီး အပြောင်းအလဲမရှိပဲ ပြောလိုက်သည်။
လိုင်သယ်စစ် စိုးရိမ်တကြီးဖြင့် သူ့ကိုကြည့်နေသည်။ မုထျန်းဟန်၏ သည်းခံနိုင်စွမ်းသည် လုံးဝကို အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုကဲ့သို့ဆက်ဖြစ်လျှင် သူ ပေါက်ကွဲထွက်သွားမည်မှာ သေချာသည်။
အဝင်ပေါက်ရှိ စောင့်ကြည့်မှုများသည် အားလုံး အလုပ်လုပ်နေသော အခြေအနေတွင် ရှိသည်။ တစ်ဖွဲ့လုံးသည် မှတ်တမ်းဗီဒီယိုကို ပြန်ကြည့်ခြင်းကို အရှိန်မြှင့်လိုက်သော်လည်း မော့တိကို မည်သည့်မြင်ကွင်းတွင်မျှ ရှာမတွေ့ပေ။
"သူကားထဲမှာ ရှိနေတာဖြစ်နိုင်မလား" လိုင်သယ်စစ် စိုးရိမ်တကြီး မေးလိုက်သည်။
မုထျန်းဟန် နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီးနောက် စကားပြောလာသည်။ “လိုင်သယ်စစ် နောက်တစ်ခါ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ပြန်ကြည့်ပြီး အဲဒီဂိတ်ပေါက်က ထွက်သွားတဲ့ ကားအားလုံးရဲ့ လိုင်စင်နံပါတ်ပြားတွေကို မှတ်တမ်းတင်ထားလိုက်"
"နားလည်ပြီ"
မှတ်တမ်းတင်ထားသော ဗီဒီယိုကို ကြည့်ရှုနေစဉ်တွင် မုထျန်းဟန်သည် ကော်မရှင်နာဝမ်အား တဟွိုက်လမ်းနှင့် လင်းအန်းလမ်းတို့ကို ဖြတ်သန်းသွားသော ယာဉ်များစာရင်းကို ပြုစုပေးရန် ထပ်မံတောင်းဆိုခဲ့သည်။
အားလုံးပြီးသွားပြီး မှတ်တမ်းများကို နှိုင်းယှဥ်ကြည့်သည့်အခါ ယာဉ်တစ်စီးသည် နေရာနှစ်ခုစလုံးတွင် ပေါ်လာခဲ့သည်။
"အဲဒီကားရဲ့ လမ်းကြောင်းတွေကို ခြေရာခံလိုက်"
အနက်ရောင် Volkswagen တစ်စီးသည် ကျောင်းဝင်းအတွင်းမှ ထွက်ခွာခဲ့ပြီး မော့တိ၏ ခြေရာခံစက်မှ နှစ်နာရီကြာ မလှုပ်ရှားမှုကို ညွှန်ပြနေသည့်နေရာကို ဖြတ်သွားခဲ့သည်။ ထိုကားသည် လမ်းသေးသေးလေးထဲသို့ မောင်းသွားပြီး လမ်းမကြီးပေါ် ပြန်မတက်ခင် စက္ကန့်အနည်းငယ်လောက် ရပ်ထားကြောင်း စောင့်ကြည့်ကင်မရာများက ဖော်ပြထားသည်။ အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ယန်အန်းလမ်းဆုံတွင် မရပ်မီ နောက်ထပ် နှစ်နာရီကြာ ယာဉ်ကြောပိတ်ဆို့မှုတွင် မောင်းနှင်ခဲ့သည်။
ထို့နောက် မည်သည့်ယာဉ်ထိန်း စောင့်ကြည့်ကင်မရာများတွင်မှ ထိုကားကို မတွေ့ရတော့ဘဲ စုံစမ်းစစ်ဆေးမှုသည် လမ်းစပျောက်သွားသည်။
"ငါတို့ ဘာလုပ်သင့်လဲ" နောက်ထပ် ဘာသဲလွန်စမှ မရှိတာကို မြင်လိုက်ရပြီး လိုင်သယ်စစ်ပင် စိုးရိမ်တကြီး ဖြစ်သွားသည်။
မုထျန်းဟန် လက်သီးများကို ဆုပ်လိုက်သည်။ မြေပုံပေါ်တွင် ကားကို နောက်ဆုံးမြင်ရခဲ့သည့် နေရာအနီးရှိ ဧရိယာများကို သူကြည့်လိုက်သည်။
ကားသည် ယာဉ်ထိန်းစောင့်ကြည့် ကင်မရာများတွင် မပေါ်ခြင်းသည် လမ်းမကြီးကို အသုံးမပြုခြင်း သို့မဟုတ် မီးပွိုင့်များကို မဖြတ်သွားခြင်းကို ဆိုလိုသည်။ ထို့အပြင် ထိုအခြေအနေများနှင့် ကိုက်ညီသည့်လမ်း တစ်ခုသာရှိသည်။ ထိုလမ်းသည် စိတ်ကျန်းမာရေးဆေးရုံဘေးရှိ ဘိုးဘွားရိပ်သာသို့ သွားသည့်လမ်းပင် ဖြစ်သည်။
….
"ငါ့ကို အပြစ်မတင်နဲ့။ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် လူမှားပြီး စော်ကားမိတဲ့အတွက် မင်းဘာသာမင်းသာ အပြစ်တင်လိုက်"
သိုလှောင်ခန်းစောင့်သည် နောက်ထပ် ဝိုင်အနည်းငယ်ကို ပါးစပ်အပြည့် လောင်းထည့်လိုက်သည်။
အပြင်ဘက်တွင် အဝါရောင်ရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားသည် အချိန်ကိုစစ်ဆေးရန် သူ၏ဆဲလ်ဖုန်းကို ထုတ်ယူလိုက်သည်။ အခု ညနေ ၄ နာရီ ၂၃ မိနစ်ရှိနေပြီ။
အခု ကလေး၏ ခန္ဓာကိုယ်ထဲရှိ မေ့ဆေးအနည်းငယ်သည် ပျယ်သွားသင့်ပြီ။ အလုပ်ကို လက်တွေ့အကောင်အထည်ဖော်ရန် အချိန်တန်ပေပြီ။
သူပြန်သွားပြီး တံခါးကိုဖွင့်လိုက်သည်။ ထိုသူသည် မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ပြီးနောက် သိုလှောင်ခန်းစောင့်ကို မြန်မြန်လုပ်ရန် တိုက်တွန်းလိုက်သည်။ “မြန်မြန်လုပ်စမ်း"
"ငါ ငါသိပါတယ်" သိုလှောင်ခန်းစောင့်သည် သူ့တံတွေးကို မျိုချလိုက်သည်။ နှစ်ဆယ်စင်တီမီတာရှည်သော အသီးလှီးဓားတစ်ချောင်းကို ကိုင်ဆောင်ပြီး မော့တိဆီသို့ လျှောက်သွားသည်။
ထို့နောက် အဝါရောင်အင်္ကျီ ၀တ်ထားသော အမျိုးသားသည် တံခါးကို စောင့်ကြည့်ရန် နောက်သို့ ပြန်လှည့်သွားသည်။
"ဟမ်း!!" မော့တိ အပြင်းအထန် နောက်ဆုတ်ရန် ကြိုးစားသည်။
သိုလှောင်ခန်းစောင့်သည် သူ၏ကြောက်စိတ်ကို ထိန်းချုပ်လိုက်သည်။ သူ အံကိုကြိတ်ပြီး မော့တိကို တဟုန်ထိုး တိုက်ခိုက်တော့သည်။
မော့တိ ဘတ်စကက်ဘော ဘောလုံးအပုံထဲသို့ နောက်ဆုတ်သွားသည်။ အချိန်ဆွဲရန် မော့တိ ဘာမျှမလုပ်နိုင်သည့်အပြင် ထိုသိုလှောင်ခန်းစောင့်သည်လည်း စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသောကြောင့် မော့တိ သူ၏မသေချာသောအတွေးများကို ဘေးဖယ်ထားလိုက်ပြီး အသက်ရှင်ဖို့ရန်ကိုသာ အာရုံစိုက်လိုက်သည်။ မော့တိ ဘတ်စကက်ဘော ဘောလုံးကို သူ့ခြေဖဝါးဆီသို့ တံတောင်နှင့်တွက်လိုက်ပြီး တိုက်ခိုက်လာသူကို ချိန်ရွယ်လိုက်သည်။ မော့တိ သူ၏တံတောင်ဆစ်ကို အားပြုပြီး သူစုဆောင်းနိုင်သမျှ ခွန်အားအကုန်လုံးဖြင့် ဘောလုံးကို ကန်လိုက်သည်။
ဘောလုံးသည် အားပြင်းပြင်းဖြင့် ပျံတက်သွားပြီး ထိုလူ၏ မျက်နှာကို ထိမှန်သွားသည်။
"အား!"
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး မကောင်းမွန်သော သိုလှောင်ခန်းစောင့်သည် ချက်ချင်းပင် နောက်ပြန်လဲကျသွားခဲ့သည်။ သူ၏ အမြင်အာရုံများ မှုန်ဝါးနေပြီး ပါးစပ်ထဲတွင် သွေးနံ့ရနေသည်။
"ငိုးပဲ"
အဝါရောင်အင်္ကျီ ၀တ်ထားသော အမျိုးသားသည် အခန်းတွင်းရှိ ဆူညံသံကို ကြားသွားခဲ့ပြီး သိုလှောင်ခန်းစောင့်သည် မည်ကဲ့သို့မျှအသုံးမဝင်သောကြောင့် စိတ်ရှုပ်ကာဒေါသထွက်သွားသည်။ သူ ပြန်လာ ကြည့်လိုက်သောအခါ နှာခေါင်းများသွေးများထွက်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော သိုလှောင်ခန်းစောင့်ကို တွေ့လိုက်ရသည်။ သူ သိုလှောင်ခန်းစောင့်ကို ကန်ကျောက်ပစ်ချင်သောကြောင့် အလျင်အမြန် စစ်ဆေးရန်သွားလိုက်သည်။
ရလဒ်အနေနှင့် သူ သူ့တံတွေးကို တက်နင်းမိပြီး ချော်လဲကျသွားသည်။
သူခန္ဓါကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်တွင် လဲကျနေသေးသော သိုလှောင်ခန်းစောင့်ဆီသို့ တိုက်ရိုက်ကျသွားသည်။
"အား!!!" ပြုတ်ကျပြီးပြီးချင်းမှာပင် အဝါရောင်အင်္ကျီ ၀တ်ထားသော အမျိုးသားထံမှ အော်သံ ထွက်ပေါ်လာသည်။
"အား...အား..."
သိုလှောင်ခန်းစောင့်၏ ထိတ်လန့်တကြား ငိုသံများနောက်တွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လေးလံသော ခန္ဓာကိုယ်ကို တွန်းထုတ်ရန် ကြိုးစားနေရသောကြောင့် သူ့လက်များသည် တုန်ခါနေသည်။
အဝါရောင်အင်္ကျီ ၀တ်ထားသော အမျိုးသား၏ ရင်ဘတ်တွင် ဓားတစ်ချောင်းစိုက်နေသည်။ ဓားသည် အဖြောင့်အတိုင်းပင် တစ်ချောင်းလုံးဝင်သွားသည်။ သူ အားနည်းစွာ ရုန်းကန်လိုက်သောအခါ သွေးများ အများအပြား ထွက်လာသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများသည် ပြူးကျယ်လာပြီး အသက်ရှူခြင်း ရပ်တန့်သွားသည်။ ထိုလူသည် အေးအေးချမ်းချမ်း မသေဆုံးခဲ့ရကြောင်း ဖော်ပြနေသည်။
"အား…အား… သေပြီ။ သူ သူသေသွားပြီ။ အား!"
သိုလှောင်ခန်းစောင့်သည် လူတစ်ယောက် သေသွားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည့်အပြင် သူ့ကြောင့်ပင် သေသွားသေးသည်။ အဆိုးဆုံးအချက်သည် သူ့တွင် ထိုလူကို သတ်ရန် ရည်ရွယ်ချက်မရှိခြင်းပင်။
သိုလှောင်ခန်းစောင့်သည် ကြောက်ရွံ့ထိတ်လန့်လွန်းသောကြောင့် သေသေချာချာ မစဥ်းစားနိုင်တော့ဘဲ ကြောင်ကြောင်တောင်တောင်ဖြစ်သွားသည်။
မော့တိ အရာအားလုံး ပြောင်းလဲသွားသည်ကိုမြင်ပြီး အရမ်း အံ့ဩသွားသော်လည်း သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ မော့တိ ကြောက်လန့်တကြားဖြင့် နောက်ပြန်ဆုတ်ပြီး သူ့ကို လာတိုက်သော ထိုလူကို မော့တိ ကြည့်လိုက်သည်။ မော့တိ ရှေ့ကို တိုးလာပြီး သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။
ထိုလူ၏ဦးခေါင်းသည် ကြမ်းပြင်နှင့်ထိသွားပြီး နာကျင်မှုကြောင့် သူ မလှုပ်ရှားနိုင်ဖြစ်သွားသည်။
မော့တိ မတ်တပ်ရပ်ရန် ရုန်းကန်လိုက်ရပြီး သတိပြန်လည်လာပြီဖြစ်သော သိုလှောင်ခန်းစောင့်အနားမှ အလျင်အမြန် ဖြတ်သွားလိုက်သည်။ သူ မော့တိကို ဖမ်းလိုက်သော်လည်း လွဲသွားခဲ့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မော့တိ အဝင်ပေါက်သို့ ရောက်သွားသည်။ အပြင်သို့ ကြည့်လိုက်သောအခါ ရဲအရာရှိ အများအပြားကို တွေ့လိုက်ရသည်။ တပ်ဖွဲ့ကို ဦးဆောင်လာသူကို သူ ရင်းနှီးသလိုပင်။
သူတို့ မော့တိကို ရှာတွေ့သည်နှင့် အစ်မမုံ့သည် ချက်ချင်းပင် သူ့ထံသို့ ပြေးလာခဲ့သည်။ ကျန်သောအဖွဲ့သားများသည် သူမ ပြေးသည်ကို မြင်ပြီး အမှီလိုက်ရန် ကြိုးစားကြတော့သည်။
"မစ္စတာမုကို အမြန်ခေါ်လိုက်။ သူ့ရှာကြည့်ခိုင်းထားတဲ့နေရာမှာ ငါတို့ ဓါးစာခံကို ရှာတွေ့ပြီလို့ ပြောလိုက်"
Xxxxxxx