Chapter 158
အစ်မမုံ့မှ မော့တိ၏လက်မှကြိုးများကို ဖြေပေးလိုက်ပြီး ပါးစပ်မှတိတ်ကို ဖယ်ပေးလိုက်သည်။
" မင်းအဆင်ပြေရဲ့လား…"
" ကျေးဇူးတင်ပါတယ် ကျွန်တော်အဆင်ပြေသွားပါပြီ.. အထဲမှာ .. အဟွတ် … အထဲမှာ တစ်ယောက်ယောက်ရှိနေတယ်…"
မော့တိ စကားဆုံးသည်နှင့် သိုလှောင်ခန်းစောင့် အခန်းအပြင်သို့ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူ၏နောက်သို့လိုက်သွားလိုက်ရသည်။ ရဲများကို မြင်လိုက်ရချိန်၌ အနောက်ဘက်တံခါးဆီသို့ လှည့်ကာ လွတ်မြောက်ရန် ကြိုးပမ်းနေခဲ့သည်။ ရဲသားအချို့မှ ထိုသူ၏နောက်သို့ လိုက်သွားပြီးနောက် အလွယ်တကူပင် ဖမ်းဆီးနိုင်ခဲ့ကာ ခေါ်လာခဲ့ပြီး မြေပြင်ပေါ်၌ ဖိချထားသည်။
" ငြိမ်ငြိမ်နေ…" ရဲသားတစ်ဦးမှ ထိုသူ၏ပိန်လှီနေသည့်လက်များကို လက်ထိပ်ခတ်လိုက်သည်။
" သွေးတွေရှိနေတယ်.."
ရဲသားတစ်ဦးမှ သိုလှောင်ခန်းစောင့်၏ပေါ်တွင်ရှိနေသည့် သွေးကွက်ကြီးကို မြင်လိုက်ရသဖြင့် မော့တိကို စိုးရိမ်စွာ ကြည့်လာကာ " ဘယ်နားထိသွားသေးလဲ လူနာတင်ကားခေါ်ဖို့လိုသေးလား…"
" ရပါတယ် ကျွန်တော့်သွေးမဟုတ်ပါဘူး.."
မော့တိ သူ၏လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး သိုလှောင်ခန်းဘက်သို့ကြည့်ကာ " အဲဒါသူ့အပေါင်းအဖော်ရဲ့သွေးပဲ…သူတို့ ကျွန်တော့်ကိုသတ်ဖို့လုပ်တုန်းက မတော်တဆ ဓားပေါ်ချော်လဲသွားပြီးတော့ ချက်ချင်းသေသွားခဲ့တာ…"
အစ်မမုံ့က မျက်မှောင်ကြုတ်၍ အိတ်ထဲမှလက်အိတ်ကိုထုတ်ကာ ဝတ်လိုက်လေသည်။
" ရှောင်မုံ့ သက်သေခံပစ္စည်းထည့်ဖို့အိတ်တွေယူပြီး ငါ့နောက်လိုက်ခဲ့…"
" ဟုတ်ကဲ့ပါ မဒမ်…" အမျိုးသမီးရဲဝန်ထမ်းမှ ပြန်ဖြေလိုက်ပြီးနောက် အလျင်အမြန်ထွက်သွားခဲ့သည်။
မော့တိ အစ်မမုံ့နောက်သို့လိုက်ကာ သိုလှောင်ခန်းထဲဝင်လိုက်ပြီး တစ်စုံတစ်ခုရှာချင်ဟန်ဆောင်လိုက်ကာ ဖောင်တိန်အသေးကို မည်သူမှသတိမပြုမိသည့်အချိန်တွင် အလျင်အမြန်ကောက်ယူ၍ သူ၏အိတ်တွင်းသို့ ထည့်လိုက်သည်။
အစ်မမုံ့မှာမူ မြေကြီးပေါ်မှ အလောင်းကို စူးစမ်းနေခဲ့သည်။ သူမမော့ကြည့်လိုက်ချိန်၌ မော့တိကို မြင်လိုက်ရသဖြင့် လှမ်းပြောလိုက်လေသည်
" မင်းအရင်ထွက်သွားသင့်တယ်… ပျောက်တဲ့ပစ္စည်းရှိရင် အစ်မကိုပြောနော် အစ်မရှာထားပေးမယ်…အဲဒါကသက်သေခံပစ္စည်းဖြစ်နေရင်တော့ အစ်မတို့အချိန်တစ်ခုထိ ခဏသိမ်းထားရမှာပေါ့…"
" ကောင်းပါပြီ ကျွန်တော်ကူညီနိုင်တာကောရှိဦးမလား…" မော့တိ၏မျက်လုံးများမှာ ကြမ်းပေါ်ရှိ သွေးလွှမ်းနေသည့်အလောင်းကို ကြည့်နေစဉ်တွင် အမုန်းများပြည့်နှက်နေခဲ့သည်။ ထို့အပြင် ပြန်ပေးဆွဲကာ တိုက်ခိုက်ခံခဲ့ရသူများတွင် ရှိတတ်သည့် ကြောက်ရွံ့မှု အလွှာပါးလေးတစ်ခုလည်းရှိနေသေးသည်။
" အခုကတော့ အစ်မတို့ မင်းဆီက ထွက်ဆိုချက်ယူဖို့ပဲလိုမယ်…"
အစ်မမုံ့မှ မော့တိ၏ပုခုံးကို ပုတ်ပေးလိုက်ချင်သော်လည်း သူမ၏လက်အိတ်တွင် သွေးများစွန်းပေနေသည်ကို မြင်လိုက်ရသည့်အတွက် လက်ပြန်ရုတ်လိုက်ပြီး " ဒီလူတွေကတော့ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပါ..အစ်မကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်မှာဖြစ်လို့ မင်းစိတ်ချထားလို့ရတယ်…"
တွေးကြည့်မှပင် ဤကောင်လေး၏ဘဝမှာ အတော်လေး သနားစရာကောင်းလှကာ သူမကိုင်တွယ်ရသော အမှုတော်တော်များများ၏ ခံရသူမှာ မော့တိသာဖြစ်သည်။
" ကျေးဇူးတင်ပါတယ် ရဲအရာရှိမုံ့ ကျွန်တော်အစ်မကို လုံးဝယုံကြည်ပါတယ်…"
မော့တိ စကားပြောပြီးပြီးချင်းပင် တံခါးအပြင်ဘက်မှ အလောတကြီးဖြစ်နေသည့် ခြေသံများထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ သက်သေခံပစ္စည်းထည့်ရန်အိတ်များဖြင့်လာသော ရဲမေတစ်ဦးဟု သူထင်မိသည့်အတွက် သူတို့၏အလုပ်ကို အနှောင့်အယှက်မဖြစ်စေရန် ပြန်ထွက်လာခဲ့သည်။ သို့သော် သူတံခါးမှထွက်လိုက်သည်နှင့် မော့တိ အားကောင်းကာသန်မာသောပွေ့ဖက်မှုအတွင်းသို့ ကျဆင်းသွားရသည်။
မော့တိ အစပိုင်းတွင် ပင်ကိုယ်သိစိတ်ကြောင့် ရုန်းကန်လိုက်မိသော်လည်း ရင်းနှီးနေသည့် သစ်သားကဲ့သို့ ကိုယ်သင်းနံ့ကိုရလိုက်ချိန်၌ ထိုသူ၏ခါးကို သူ၏ခွန်အားရှိသမျှ အကုန်သုံး၍ ပွေ့ဖက်လိုက်သည်။
ထိုလက်မောင်းများအတွင်းရှိ လုံခြုံနွေးထွေးမှုကို ခံစားနေရင်းမှ မော့တိအဆုံးတွင် ကပ်ဆိုးကို ဖြတ်ကျော်သွားနိုင်သဖြင့် သူ၏မျက်လုံးများစတင်နီရဲလာကာ " ကိုကို.."
" အဆင်ပြေပါတယ် မင်းလုံခြုံသွားပါပြီနော် မင်းလေးလုံခြုံနေသရွေ့…"
မုထျန်းဟန်၏အသံထဲတွင် ကြောက်ရွံ့မှုနှင့်ဒေါသတို့ပါဝင်နေခဲ့သည်။ သူ၏ပွေ့ဖက်မှုကို အားထည့်လိုက်ကာ မော့တိ၏ခန္ဓာကိုယ်ကို ဖိထားလိုက်ပြီး " ကိုယ်ပြောတာနားထောင် ကလေးရဲ့ကျောင်းကို အချိန်တစ်ခုထိ ဆိုင်းငံ့ထားလိုက်တော့.. ကျောင်းမသွားဘဲ ခဏလောက်နားလိုက်ကြရအောင်နော်…"
" ကိုကို ကျွန်တော်အဆင်ပြေပါတယ် တကယ်အဆင်ပြေတာပါ.." မော့တိ နောက်ဆုံး၌ မုထျန်းဟန်၏လက်မောင်းများကြား စိတ်ကိုဖြေလျှော့နိုင်သွားခဲ့သည်။ သူ မုထျန်းဟန်၏ကျောကို ပုတ်ပေးလိုက်ပြီး " ကိုကို ကျွန်တော်တကယ်အဆင်ပြေတာမလို့ စိတ်မပူနဲ့တော့နော်…"
" ဘယ်လိုလုပ်ပြီး မပူဘဲနေရမှာလဲ…" မုထျန်းဟန်၏အသံမှာ အနည်းငယ်တုန်ယင်နေပြီး သူ၏မျက်လုံးများနီရဲနေခဲ့သည်။ သူမော့တိ၏ဆံပင်များကို တစ်ချက်နမ်းရှိုက်လိုက်ပြီးနောက် ဒဏ်ရာရှိမရှိ စစ်ဆေးလိုက်ကာ " ဘယ်နားထိသွားသေးလဲ… အဲလူတွေ မင်းကိုရိုက်ခဲ့သေးလား…"
" ကျွန်တော်အဆင်ပြေပါတယ် ကိုကို အရင်ဆုံးထွက်ဆိုချက်အရင်သွားပေးရအောင်နော်…" မော့တိ မုထျန်းဟန်၏အင်္ကျီလက်ကို ဆွဲ၍ပြောလိုက်လေသည်။ သူတို့နှစ်ဦးမှာ ခံစားချက်များ အလွန်ပြင်းထန်နေခဲ့သဖြင့် လက်ရှိရောက်နေသောနေရာတွင် ရဲများရှိနေသည်ကို မေ့လျော့သွားခဲ့သည်။
ဒါက လူရှေ့သူရှေ့မှာ တရားဝင်ချပြတာလို့ ဆိုနိုင်မလား
ကံကောင်းစွာဖြင့် ရဲသားများမှာ ထိန်းထားနိုင်ကြသော်လည်း ရဲမေများမှာမူ မတတ်နိုင်ဘဲ သူတို့၏မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေကြသဖြင့် အစ်မမုံ့ ချောင်းတစ်ချက်ဟန့်လိုက်ရပြီး လူတိုင်းကို အလုပ်ပြန်လုပ်ရန် ပြောလိုက်သည်။
သေချာပေါက်ပင် မုထျန်းဟန်အတွက် သူတို့၏ဆက်ဆံရေးကို ထုတ်ဖော်ပြရာတွင် မည်သည့်ပြသနာမှမရှိပေ။ ဟွာရှားမှာ လိင်တူခြင်းချစ်ကြိုက်မှုကို အပြည့်အဝလက်မခံနိုင်သေးသည့်အပြင် မော့တိမှာကျောင်းတက်နေဆဲသာ မဟုတ်ခဲ့ပါက သူတို့၏ဆက်ဆံရေးကို လွန်ခဲ့သောအချိန်များကပင် တရားဝင်ချပြထားလိမ့်မည်ပင်။
" ကောင်းပြီ သူတို့အလုပ်ကို မနှောင့်ယှက်နဲ့တော့ ဟိုနားလေးမှာ သွားနေရအောင်…"
မော့တိ မုထျန်းဟန်၏လက်ကိုဆွဲကာ ခေါ်သွားလိုက်ပြီး ထွက်ဆိုချက်ပေးနေစဉ်အချိန်မှာပင် မလွှတ်ထားခဲ့ချေ။
ထိုအချိန် လိုင်သယ်စစ်သည်လည်း အပြေးရောက်လာခဲ့ပြီး ထိတ်လန့်တကြား ပြောလာခဲ့သည် " ချီး ငါတော့သေမလိုကို လန့်သွားရတာပဲ ရှောင်တိ မင်းအဆင်ပြေရဲ့လား…"
" ကျွန်တော်အဆင်ပြေပါတယ်…" မော့တိ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။
" ပြီးတော့ တရားခံတွေကော အကုန်မိရဲ့လား.."
" တစ်ယောက်ကိုမိပြီး တစ်ယောက်ကတော့သေသွားပြီ…" မုထျန်းဟန် လိုင်သယ်စစ်ကို ကြည့်ကာ " ငါတို့ထွက်ဆိုချက်သွားပေးမလို့ မင်းအရင်ကားဆီပြန်လိုက်… ပြီးမှပဲ စကားပြောကြတာပေါ့…"
" တစ်ယောက်သေတယ်လား.." လိုင်သယ်စစ် ရှော့ရသွားခဲ့သော်လည်း မုထျန်းဟန်၏စကားကိုနားထောင်ပြီး မေးခွန်းများမေးနေသည်ကို ရပ်တန့်လိုက်သည်
" ကောင်းပြီ ငါကားဆီပြန်သွားလိုက်ဦးမယ် မင်းတို့နှစ်ယောက်မြန်မြန်လုပ်ကြနော်…"
မသွားခင် လိုင်သယ်စစ် လှည့်ကာ မော့တိကို တစ်ကြိမ်ထပ်မေးလိုက်သည် " ရှောင်တိ တကယ်အဆင်ပြေရဲ့လား ဒဏ်ရာတွေဘာတွေ မရခဲ့ပါဘူးနော်…"
" ဟင့်အင်း…" မော့တိ ပြုံးလျက် ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ့ကို မုထျန်းဟန်မှ အလွန့်အလွန်ကာကွယ်နေသည့်ပုံစံဖြင့် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေသည်။
မုထျန်းဟန်၏ ထိုအမူအယာကို မြင်လိုက်ရချိန်၌ လိုင်သယ်စစ်ခေါင်းသာယမ်းမိသွားသည်။ ဤအတွေ့အကြုံပြီးနောက် ထိုသားရဲအိုကြီးမှာ ပို၍ပင် သားရဲဆန်လာတော့မည်ပင်။
မော့တိ ထွက်ဆိုချက်ပေးလိုက်ပြီးနောက် ရဲများမှာ ထိတ်လန့်ကြောက်ရွံ့နေသော သိုလှောင်ခန်းစောင့်ကို ဆက်လက်စစ်မေးကြသည်။ ထိုသူမှာ အရာအားလုံးကို ဖွင့်ဟလာခဲ့ပြီး ပြန်ပေးဆွဲခြင်းမှသည် မတော်တဆမှုအထိ ပါဝင်ကာ ထို့အပြင် ထူးခြားဆန်းကြယ်သည့်လူမှ သူ့ကိုထောင်မှထုတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်းကိုလည်းပြောပြလာခဲ့သည်။
ထိုသူမှ စိတ်ရောဂါရှိသည့်လူယောင်ဆောင်သည်ဟူသောအကြောင်းကို ပြောလာချိန်တွင် စစ်ဆေးရေးခန်း၏တစ်ဖက်တွင်ရှိနေသည့် မုထျန်းဟန်နှင့်မော့တိတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
စစ်ဆေးရေးခန်းထဲတွင် ထိုသူ၏အမည်မှာ ကျန်းလုံဖြစ်ပြီး သူ၏မျက်နှာတွင် မျက်ရည်များနှင့်နှာရည်များစီးကျနေကာ " ကျွန်တော်လည်း သွေးဆောင်တာကို မခံနိုင်တာနဲ့ လက်ခံမိခဲ့တာပါ… ဒါပေမယ့် ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး…အဲကောင်လေးကိုလည်း မသတ်ခဲ့ဘူးနော်.. အစ်ကိုဟွမ်ကတော့ သူ့ဘာသာဓားနဲ့ချော်လဲသွားပြီး သေသွားတာ..ကျွန်တော်သူ့ကိုသတ်ဖို့ မရည်ရွယ်ထားပါဘူး.. အရာရှိကြီး သေသေချာချာစစ်ဆေးရမယ်နော်…ကျွန်တော်ဘယ်သူ့ကိုမှမသတ်ခဲ့ဘူး.. ကျွန်တော်မလုပ်ဘူး…"
အစ်မမုံ့မှ ကျန်းလုံကို အေးစက်နေသည့်မျက်လုံးများဖြင့် ကြည့်ကာ " ဒါပေါ့ မင်းဘာလုပ်ခဲ့တယ်ဆိုတာကို ငါတို့ရှာတွေ့မှာပါ…အခု မင်းပြောခဲ့တဲ့ ထူးဆန်းတယ်လူအကြောင်းကိုပြောပြတော့…မင်းသာငါတို့ကိုကူညီနိုင်ရင် ပြစ်ဒဏ်လည်း လျော့ရင်လျော့သွားနိုင်တယ်လေ…"
" ကျွန် ကျွန်တော်သူဘယ်သူလဲဆိုတာမသိပါဘူး… သူကစစချင်း အကြိမ်အနည်းငယ်ပဲဆက်သွယ်ခဲ့တာ..အဲဒါပြီးတော့ အစ်ကိုဟွမ်ကပဲ တောက်လျောက်ညွှန်ကြားခဲ့တာပဲ..အာ ဟုတ်တယ် အစ်ကိုဟွမ်ကတော့ သူ့ကို သခင်လေးချင်လို့ခေါ်ဖူးတယ်.. သူ့မျိုးရိုးနာမည်က ချင်ဖြစ်ရမယ်…"
" မျိုးရိုးနာမည်ချင်ဖြစ်တဲ့တစ်ယောက်လား…"
အစ်မမုံ့၏မျက်လုံးများ တွန့်သွားပြီး " မင်းအဲလူအကြောင်းမှတ်မိသမျှကိုပြောပြ…ပထမဦးဆုံးအကြိမ်မင်းတို့ဆက်သွယ်ခဲ့တဲ့စီကနေ စလိုက်…"
" ကိုကို…" မော့တိ မုထျန်းဟန်၏အင်္ကျီလက်များကို ဆွဲနေမိသည်။
မုထျန်းဟန် သူ့ကိုကြည့်လိုက်ပြီး မော့တိသူ့ကို တစ်စုံတစ်ရာလျို့ဝှက်ပြောချင်နေသည်အား သိနေခဲ့သဖြင့် အမှုစစ်လိဘက်သို့ လှည့်ကာ " အမှုစစ်လိ ကျွန်တော်မော့တိကိုအိမ်ပြန်ခေါ်သွားလိုက်ဦးမယ်… ဒီစစ်ဆေးရေးကို အဆုံးထိမကြည့်နိုင်တော့ဘူး ကျွန်တော့်အစားမင်းပဲစောင့်ကြည့်ပေးပါဦး…ပြီးရင် မင်းနဲ့ခေါင်းဆောင်မုံ့ရဲ့အဖွဲ့ကို မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ညစာကျွေးဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်… မင်းတို့ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်တော့နောက်ဆက်တွဲကို စဉ်းတောင်စဉ်းစားရဲမှာမဟုတ်ဘူး…"
" ဥက္ကဌမုကတော့ ယဉ်ကျေးလွန်းနေပြန်ပြီ… ဒါကျွန်တော်တို့ရဲ့တာဝန်ပါ…ကျွန်တော်တို့ကသာ ကူညီနိုင်ခဲ့လို့ပျော်နေရတာ ဘာမှပြန်ကျွေးဖို့မလိုအပ်ပါဘူး…"
" ကျိန်းသေပေါက် လုပ်ရမှာပါပဲ.. တကယ်လို့ မင်းနဲ့ခေါင်းဆောင်မုံ့တို့ ဒီနေ့မအားဘူးဆိုရင်လည်း တစ်ရက်ချိန်းလိုက်တာပေါ့…ကျွန်တော်က မင်းတို့ရဲ့အဖွဲ့ကို သေချာပေါက်ကျေးဇူးပြန်ဆပ်ရမှာပါ…"
"..."
မုထျန်းဟန် အမှုစစ်လိနှင့်စကားအနည်းငယ်ဖလှယ်လိုက်ပြီးနောက် မော့တိနှင်ရဲစခန်းမှထွက်သွားလိုက်သည်။
သူတို့ထွက်သွားပြီးနောက် မော့လျှိုကွေ့မှာ စခန်းသို့ လက်ထိပ်ဖြင့် ရောက်လာခဲ့လေသည်။
အဆုံး၌ ရာဇဝတ်မှုကိုမျက်မြင်တွေ့ပြီးနောက် ခြစ်ရာတစ်ခုမရဘဲ ထွက်သွားနိုင်သူမှာ အပြစ်ကင်းစင်သူမဖြစ်နိုင်ချေ။
အကယ်၍သာ မော့တိသေဆုံးခဲ့ပါက သိုလှောင်ခန်းစောင့်မှာ ရူးသွပ်သွားဟန်ဆောင်လိုက်မည်ဖြစ်ပြီး အစ်ကိုဟွမ်မှာလည်း သူမအကြောင်းကို ပါးစပ်ပိတ်ထားမည်ဖြစ်သည်။ ဤနည်းဖြင့် သူမသန့်သန့်ရှင်းရှင်းနေနိုင်မည်ပင်။
သို့သော်လည်း မော့တိမှာ အသက်ရှင်ခဲ့သည်ဖြစ်ရာ မော့လျှိုကွေ့ မည်သို့မျှ ကွင်းလုံးကျွတ်မလွတ်နိုင်တော့ချေ။
သူတို့ကားထဲရောက်သည်နှင့် လိုင်သယ်စစ်မှ ခေါင်းကိုလှည့်ကာ အလောတကြီးမေးလာခဲ့သည် " ဘယ်လိုလဲ ဘယ်လိုလဲ အဲလူကအကုန်လုံးဝန်ခံခဲ့လား…"
" အိမ်ရောက်မှာ ပြောမယ်…"
မော့တိ သူ၏လက်ဖဝါးအား ကုတ်ခြစ်လိုက်သည်ကို ခံစားလိုက်ရသဖြင့် မုထျန်းဟန် ချက်ချင်းဆိုသလို လိုင်သယ်စစ်ကို ပြောလိုက်သည်
" မော့တိကို ရေမိုးချိုးပြီး ကောင်းကောင်းပေးနားလိုက်ပါဦး မနက်ဖြန်ကြမှပဲ ဒီအကြောင်းပြောကြတာပေါ့ကွာ…"
" ကောင်းပြီ ကောင်းပြီ မနက်ဖြန်မှပြောတာပေါ…"
လိုင်သယ်စစ်မှာမူ မည်သည့်အရာကိုမှ သံသယမဝင်ခဲ့ချေ။ သူသည်လည်း မော့တိစိတ်ကိုလျော့၍ ကောင်းကောင်းအနားယူသင့်ကြောင်းကို လက်ခံလေသည်။ သို့ဖြင့် လိုင်သယ်စစ် သူ၏စပ်စုနေမှုကို ရပ်တန့်လိုက်သည်။
ဗီလာသို့ ပြန်ရောက်ပြီးနောက် မော့တိနှင့် မုထျန်းဟန်တို့ တတိယထပ်ရှိ သူတို့၏အိပ်ခန်းသို့ ပြန်သွားကြသည်။
သူတို့နှစ်ဦး ချစ်ခြင်းမေတ္တာအပြည်နှင့် ဝန်ခံပြီးသည့်နောက်တွင် မုထျန်းဟန် မော့တိကို သူ၏မျက်နှာခြင်းဆိုင်ရှိ အခန်းသို့ ပြောင်းရန် တောင်းဆိုခဲ့သည်။
" ကိုကို ဒါကိုကြည့်ပါဦး…"
မော့တိ သူ၏အိတ်ကပ်တွင်းမှာ လျှို့ဝှက်ကင်မရာအသေးလေးကို မထုတ်ခင် တံခါးကိုပိတ်လိုက်သည်။
" ဒါက မော့လျှိုကွေ့မရောက်လာခင်တည်းက ရှိနေခဲ့တာ…"
မုထျန်းဟန် ထိုပစ္စည်းကိုကြည့်ကာ မေးလိုက်သည် " ဘာလို့ရဲတွေကိုသက်သေအဖြစ်မပေးခဲ့တာလဲ…"
" ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့သုံးသင့်တယ်ထင်လို့လေ… ရဲတွေက ကျွန်တော်လိုချင်တဲ့ရလဒ်ကိုပေးနိုင်မှာမဟုတ်ဘူး…" မော့တိ၏အသံမှာ အညှာအတာကင်းမဲ့နေခဲ့သည် " ကိုကို အဲမိန်းမက ကျွန်တော်ကို အရမ်းကိုဆိုးဆိုးရွားရွားသေစေချင်တာဆိုတော့ ကျွန်တော်လည်း ပြပေးရမယ်လေ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေက သည်းခံဖို့အခက်ဆုံးဆိုတဲ့ အဓိပ္ပါယ်ကိုပေါ့…"
" ဒီသက်သေနဲ့သာဆိုရင် ကျွန်တော်သူ့ကို ဟုတ်ဟုတ် မဟုတ်ဟုတ် နောက်ကွက်ကချုပ်ကိုင်သူ ဒါမှမဟုတ် ကြံရာပါအဖြစ်ပြောင်းပေးလိုက်လို့ရတယ်…"
မော့တိ မုထျန်းဟန်ကို စိုက်ကြည့်ကာ " ကိုကို ကျွန်တော်အရမ်းရက်စက်တယ်လို့ထင်လား…"
" သေချာပေါက် ဘယ်ဟုတ်မလဲ.." မုထျန်းဟန်၏မျက်လုံးများမှာ တွေးဆနေခဲ့သည် " ဒါပေမယ့် ခက်တော့ခက်မှာပဲ ချင်ချန်းယီက သူ့ကိုကယ်ထုတ်ဖို့ ဘာမဆိုလုပ်လိမ့်မယ်…"
" ကျွန်တော်လည်း အရမ်းခက်ခဲမှာကိုသိပေမဲ့ မော့လျှိုကွေ့က ပြန်လည်မွေးဖွားတာနဲ့ပတ်သက်ပြီး အရမ်းထူးဆန်းတာကို ပြောခဲ့တယ်…" မော့တိ မဲ့ပြုံးတစ်ချက်ပြုံးကာ ဆက်ပြောလိုက်သည်
" ကိုကို ကျွန်တော်တို့ ချင်ချန်းယီနဲ့မော့အာချမ်ကို ဥပဒေက စိတ်ဝေဒနာရှင်တွေအပေါ်ဆို အတော်လေးလျော့ပေါ့ပေးတယ်ဆိုတဲ့အကြောင်း အသိပေးသင့်တယ်နော်…သူတို့သာ အဲမိန်းမစိတ်ချို့ယွင်းနေတယ်ဆိုတာ အသိအမှတ်ပြုအောင်လုပ်နိုင်ခဲ့ပြီး သူကလည်း ကောင်းကောင်းသက်သေပြနိုင်မယ်ဆိုရင် သူလူသတ်မှုအတွက်ထောင်ထဲဝင်ရတော့မှာမဟုတ်ဘူး…ဒါကအတော်လေးကောင်းမှာပဲ…"
မုထျန်းဟန် ချက်ချင်းဆိုသလို မော့တိ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့သဖြင့် သူ့ကိုကြည့်ကာ ထောက်ခံလိုက်သည် " သက်သေကငြင်းမရတဲ့အချိန်ကြရင် သူ့အတွက် စိတ်ကျန်းမာရေးဆေးရုံကိုသွားရတာက ထောင်ထက်တော့ ပိုကောင်းမှာပေါ့…"
Xxxxxxx