Chapter 159
ချင်ချန်းယီက အလွယ်တကူထိန်းချုပ်ပြီးရှင်းထုတ်ပစ်နိုင်ရန် သိုလှောင်ခန်းအစောင့်ကိုရွေးခဲ့ခြင်းဖြစ်သည်။ သို့သော် ကိစ္စများသည် မူလအစီအစဉ်မှ လွဲချော်ပြီး လုံးဝကွဲပြားသည့် ကိစ္စတစ်ခုဖြစ်လာသည်။
ယခုလက်ရှိအခြေအနေတွင် ကျန်းလုံသည် အလွန်အရေးကြီးပြီး ရဲများ စုံစမ်းမေးမြန်းရန်လည်း လွယ်ကူသည်။
ကျန်းလုံသည် သူသိသမျှ လျှို့ဝှက်ချက်အားလုံးကို ထုတ်ဖော်ပြောဆိုခဲ့ရုံသာမက မော့လျှိုကွေ့အကြောင်းကိုလည်း ရှင်းလင်းစွာ ထုတ်ဖော်ခဲ့သည်။
ဖြစ်ပျက်ခဲ့သမျှ သူ့ဖော်ပြချက်အရ မော့လျှိုကွေ့၏ ရာဇ၀တ်မှု အမျိုးအစားသည် ပြောင်းလဲသွားသည်။
သူမသည် မော့တိနှင့် သီးသန့်စကားပြောဆိုရန် သိုလှောင်ခန်းထဲသို့ ခပ်သွက်သွက် လျှောက်လာပြီးနောက် ဝင့်ကြွားစွာ ထွက်သွားခဲ့သည်။ ထို့အပြင် အစ်ကိုဟွမ်သည် သူမနှင့်စကားပြောသောအခါ အလွန်လျှို့ဝှက်ပြီး လေးလေးစားစားဖြင့် ပြောနေသည်။ ဒါတွေအားလုံးက သူမသည် သာမန်ဖြတ်သန်းသွားလာ မဟုတ်ကြောင်း သက်သေများပင်။ သူမသည် စီစဥ်ညွှန်ကြားသူတစ်ယောက်နှင့် ပိုတူသည်။ သို့တည်းမဟုတ် မော့တိကိစ္စ ကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ကြည့်ရန် ဒါမှမဟုတ် မော့တိကို ဟားတိုက်ရယ်ရန်ရောက်လာသည့် ကြံရာပါတစ်ယောက်လည်း ဖြစ်နိုင်သည်။
နောက်ပြီး မော့တိနှင့် မော့မိသားစု၏ ရန်ငြိုးကြောင့် သူမမှာ မော့တိကို အန္တရာယ်ပြုရန် ရည်ရွယ်ချက်ရှိခဲ့သည်။
မော့လျှိုကွေ့ သူမအား စစ်ဆေးမေးမြန်းခန်းသို့ ခေါ်ဆောင်သွားသည့်အခါ ထိတ်လန့်သွားသည်။ အရာအားလုံး ဒီလိုဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ မော့တိ၏ လက်တွေ ခြေထောက်တွေကို ကြိုးနှင့်ချည်ပြီး သူ့ပါးစပ်ကို တိပ်ဖြင့်ကပ်ထားခဲ့သည်။ ဘယ်လိုလုပ် သူ လွတ်မြောက်နိုင်မလဲ?!
အစ်ကိုဟွမ် သေသွားသည်ကို မော့လျှိုကွေ့ မသိပေ။ မော့တိသည် သိုလှောင်ခန်းမှ လွတ်မြောက်သွားပြီး သူမကို လက်စားချေရန်အတွက် ရဲများကို ခေါ်လိုက်ခြင်းဖြစ်မည်ဟု သူမ ထင်လိုက်သည်။
ထို့ကြောင့် မော့လျှိုကွေ့သည် လိမ်ညာပြီး မြန်မြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။
အစ်ကိုဟွမ်သည် ချင်ချန်းယီ၏ လူယုံဖြစ်ပြီး သူမကို ဘယ်တော့မှ သစ္စာဖောက်လိမ့်မည်မဟုတ်ကြောင်းကို သူမသိသည်။
သူမ သိုလှောင်ခန်းသို့ မတော်တဆ ရောက်သွားပြီး ကြောက်စိတ်ကြောင့် အဝေးကို ထွက်ပြေးသွားသည်ဟု အခိုင်အမာ ပြောဆိုနေသရွေ့ သူမကို မည်သည့်ပြစ်မှုမှ ကျူးလွန်ကြောင်း စွပ်စွဲပြောဆိုလို့မရဘူးမလား
တခြားယောက်ျားအတွက်တော့ အစ်ကိုဟွမ်သည် သူ့ကို အဓိပ္ပါယ်မရှိတာတွေ မပြောဖို့ သေချာပေါက် သတိပေးလိမ့်မည်။ ထို့အပြင် သူတို့လုပ်ခဲ့သမျှအားလုံးသည် လူသတ်မှုမဟုတ်ဘဲ ပြန်ပေးဆွဲမှုသာဖြစ်သည်။ စွဲချက်များသည် အများကြီး လျော့ပေါ့သွားပြီး သူတို့ နာခံစွာ ထောင်ထဲ၌ နှစ်အနည်းငယ်ကြာအောင် နေခဲ့မည်ဆိုလျှင် ချင်ချန်းယီသည် သူတို့ကို လျော်ကြေးအဖြစ် ငွေပမာဏ အများအပြား ပေးလိမ့်မည်ပင်။ သူတို့သာ ဥာဏ်ကောင်းလျှင် ဘာလုပ်ရမည်ဆိုတာကို သူတို့ သိပါလိမ့်မည်။
မော့လျှိုကွေ့သည် သူမ၏ စိတ်ကို တည်ငြိမ်အောင်ထားပြီး အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဖြစ်ကြောင်း မကောင်းသည့်အရာတွေ ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
ထို့ကြောင့် မေးမြန်းစစ်ဆေးစဉ်တွင် သူမသည် လိမ်ညာပြီး ပြန်ပေးဆွဲနေသည်ကို မတော်တဆ တွေ့ခဲ့ရ၍ အလွန်ကြောက်လန့်သောကြောင့် ချက်ချင်း ထွက်ပြေးသွားကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ သိုလှောင်ခန်းထဲသို့ ဝင်လာပြီး သူ့အား ထိုအရာများကို ပြောခဲ့ကြောင်း မော့တိ၌ သက်သေမရှိပေ။
အမှန်မှာ အစ်ကိုဟွမ် မသေခဲ့လျှင် သိုလှောင်ခန်းစောင့်ကို အလွယ်တကူ စစ်ဆေးနိုင်မည်ဖြစ်သည်။ နောက်ပြီး မော့တိ၌ သက်သေအထောက်အထားမရှိလျှင် သူမ သေချာပေါက် ပြစ်မှုမှ လွတ်မြောက်နိုင်သည်။
ဝမ်းနည်းစရာကောင်းသည်က အစ်ကိုဟွမ် သေဆုံးသွားခဲ့ပြီး သိုလှောင်ခန်းစောင့် ကျန်းလုံသည်လည်း တုန်လှုပ်တွေဝေနေသည်။ သူသည် စစ်ဆေးမေးမြန်းသည့် မေးခွန်းတိုင်းကို ရိုးသားစွာ ဖြေဆိုခဲ့သည်။ နောက်ပြီး သူမအခန်းထဲ ဝင်လာကြောင်း ခိုင်လုံသည့် အထောက်အထားကိုတောင် မော့တိကရရှိထားခဲ့သည်။
အစ်မမုံ့သည် ကျန်းလုံကို စစ်ဆေးပြီးနောက် မော့လျှိုကွေ့၏ စစ်ဆေးမေးမြန်းမှုကို စတင်ခဲ့သည်။ ပင်ကိုယ်အရည်အချင်းအတိုင်း လှောင်ပြုံး ပြုံးကာ လိမ်ညာပြောဆိုနေသည့် ကြောက်ရွံ့၍ မျက်လုံးနီနေသော မော့လျှိုကွေ့ကို သူမ ကြည့်လိုက်သည်။ အစ်မမုံ့က သူ့မှတ်စုစာအုပ်ကို ဘေးဖယ်လိုက်ပြီး ဘေးနားရှိ ရဲသားတစ်ယောက်ကို ပြောလိုက်သည်။ “ဟန်မုံ့ မင်းဆက်မေးထားလိုက် ငါ လက်ဖက်ရည်တစ်ခွက် သွားယူလိုက်အုံးမယ်။ ကြည့်ရတာ ဒီနေ့ မစ္စမော့နဲ့ ငါတို့ အကြာကြီး စကားပြောရမဲ့ပုံပဲ"
"နားလည်ပါပြီ" ဟန်မုံ့ အစ်မမုံ့ ဘာကိုဆိုလိုသည်ကို သိသည်။ သူ ပြုံးပြီး သူ့ခွက်ကို ကမ်းပေးရင်း “အစ်မ ကျွန်တော်လည်း တစ်ခွက်လောက် လိုချင်တယ်"
အစ်မမုံ့က သူ့ခွက်ကိုယူပြီးနောက် မော့လျှိုကွေ့ကို ကြည့်လိုက်သည်။
"ဟုတ်ပြီ ဒီမှာစောင့်နေ"
…..
ချင်ချန်းယီက ထိုနေ့၌ပင် မော့လျှိုကွေ့ အဖမ်းခံရသည့်သတင်းကို ကြားခဲ့သည်။ ဝုန်းဒိုင်းကြဲ ဒေါသထွက်ပစ်ရန် အချိန်တောင် မရှိဘဲ ရဲစခန်းကို ချက်ခြင်း သွားခဲ့သည်။ ရဲစခန်းသို့သွားနေသည့် လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင် ချင်မိသားစု၏ အသိမိတ်ဆွေဟောင်းများစွာကို ဆက်သွယ်ခဲ့သည်။
ဟွမ်လီကုန်းသေဆုံးခဲ့ရပြီး မော့တိလွတ်မြောက်သွားသည်ဆိုတာ ချင်ချန်းယီ နားမလည်နိုင်ပေ!!!
အဆိုးဆုံးက သူ့ရှောင်ကွေ့သည် မှုခင်းဖြစ်ပွားနေသည့်နေရာကို မရည်ရွယ်ဘဲ မှားဖြတ်သွားသည့်အတွက် ထိုကိစ္စတွင် ပါဝင်ပတ်သက်မိသွားသည်!!!
ချင်ချန်းယီ အရာများအားလုံးက လျင်မြန်စွာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်ကို နမိတ်မကောင်းသလို ခံစားရသည်။ ဟွမ်လီကုန်းသာ မရှိလျှင် ထိုလူအိုကြီးသည် အရာအားလုံးကို ဖွင့်ပြောလိမ့်မည်!
သူ တရားစွဲခံရမည်သာမကဘဲ သူ့ရဲ့ရှောင်ကွေ့ကိုလည်း ထိခိုက်စေနိုင်သည်!
ချင်ချန်းယီ သူ့ဒေါသတွေ ပိုတိုးလာပြီး စိတ်သောကရောက်ကာ ဒေါသတကြီးဖြစ်နေသော်လည်း ရဲစခန်းသို့ ချက်ချင်းမဝင်သေးဘဲ အဖြေကို စဥ်းစားနေသေးသည်။ သူ ဂငယ်ကွေ့ ကွေ့ပြီး ချင်ကွမ်းကျယ်နှင့် ကိစ္စများ ဆွေးနွေးရန် ချင်Group သို့သွားလိုက်သည်။ သူ့စိတ်ထဲ၌ အမြဲတမ်း အသုံးမကျသည့် ဖခင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဒီအကျပ်အတည်းကို ကျော်ဖြတ်ရန် သူ့အကူအညီလိုအပ်သည်။
ချင်ကွမ်းကျယ် ချင်ချန်းယီ၏ တောင်းဆိုချက်ကို ကြားပြီးနောက် ဆေးလိပ်ပြာခွက်ကို ကောက်ယူ၍ ပစ်ပေါက်လိုက်သည်။
သူ့ဖခင်၏ အကူအညီကို လိုအပ်နေသော်လည်း ချင်ချန်းယီ၏ အပြုအမူသည် အေးစက်နေပြီး သူ့အပေါ် ရိုင်းပျစွာဆက်ဆံဆဲဖြစ်သည်။ ချင်ကွမ်းကျယ်၏ သွေးပေါင်ချိန်သည် ချက်ချင်း မြင့်တက်လာပြီး သူ့နှလုံးခုန်ရပ်သွားသည်ကို ခံစားလိုက်ရသည်။
"မင်း… မင်း… ထွက်သွားစမ်း! မင်းလိုသားမျိုး ငါ့မှာမရှိဘူး!"
ချင်ချန်းယီသည် ပါးစပ်ကို ဟကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အဖေကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။ အခု သူ ဒေါသနှင့် သိက္ခာကျမှုကို သည်းခံရန် ဆုံးဖြတ်ထားသည်။ ထိုကိစ္စပြီးသွားသည့်အခါမှသာ သူကို အပြစ်ကျွေး ပြန်ဆပ်ခိုင်းမည်။
"အဖေ့ကို နောက်ကျရင် ပြန်ခေါ်မယ်။ ကျွန်တော့်ကို ကူညီချင်လား မကူညီဘူးလားဆိုတာပဲ ပြောပေးပါ"
"ကံတရားပဲ။ မင်းလို သားတစ်ယောက်ရှိတာ ဒါ ငါ့ကံဘဲ!" ချင်ကွမ်းကျယ်သည် သူ့အိတ်ကပ်ထဲက ပုလင်းကို ယူလိုက်ပြီး ဆေးများကိုပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
“မင်း…မင်း အခုချက်ချင်း နိုင်ငံခြားသွားရမယ်။ မော့လျှိုကွေ့အတွက် ဒုက္ခရောက်မခံနဲ့။ မင်းအကြောင်းကို သူတို့မသိသေးတဲ့အတွက် ငါတို့မြန်မြန်လုပ်ပြီး မော့လျှိုကွေ့အပေါ် အားလုံးကို ပုံချမယ်။ သူမကို နောက်ကွယ်က ကြိုးကိုင်သူဖြစ်အောင် လုပ်တာက အကောင်းဆုံးဖြေရှင်းချက်ပဲ"
ချင်ကွမ်းကျယ် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူ ကျန်းမာရေးကောင်းနေချိန်၌ ဖန်ပြွန်ကလေးမွေးရန် သို့မဟုတ် အငှားကိုယ်ဝန်ယူခိုင်းခြင်းသည် သူ့အတွက် အကောင်းဆုံးဖြစ်သည်။ ချင်မိသားစု၏အနာဂတ်ကို သူစဉ်းစားရမည်။ သူ ချင်ချန်းယီကို ဘယ်လောက်ပဲ ချစ်နေပါစေ ချင်Group ကို အမွေဆက်ခံခွင့် မပေးနိုင်ပေ! သူတို့၏ ချင်အမွေအနှစ်သည် သူ့လက်ထဲတွင် ပျက်စီးသွားလိမ့်မည်!
မော့လျှိုကွေ့အပေါ် အပြစ်ပုံချမည်လို့ ပြောလိုက်သည့်အချိန်၌ ချင်ချန်းယီ၏ မျက်နှာသည် ဒေါသနှင့် လူသတ်လိုစိတ်ကြောင့် အနီရောင်ပြောင်းသွားသည်ကို မြင်ပြီး ချင်ကွမ်းကျယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူ့လက်သီးကို ဆုပ်လိုက်ပြီး သူ့ခံစားချက်တွေကို မျိုသိပ်ကာ ပြောလိုက်ပြီး “အဲလို ဖြစ်မှာမဟုတ်ဘူး။ ရှောင်ကွေ့ တစ်ခုခုဖြစ်မှာထက် ကျွန်တော်ကိုယ်တိုင်ပဲ ရဲစခန်းမှာ အပြစ်သွား ဝန်ခံလိုက်မယ်"
"ဒါဆို မင်း အခုချက်ချင်း ထွက်သွားလို့ရတယ်!"
ချင်ကွမ်းကျယ်သည် ဆေးဘူးအလွတ်ဖြင့် ချင်ချန်းယီကို ပစ်ပေါက်လိုက်သည်။ စကားဆက်မပြောခင် အသက်ပြင်းပြင်းရှူလိုက်ပြီး "သွားလေ မင်းကိုယ်တိုင် အပြစ်ဝန်ခံလိုက်! မင်းက အရမ်း အရည်အချင်းရှိတာကြောင့် ဆက်လုပ်လိုက်လေ!"
ချင်ချန်းယီသည် သူ့ဘဝတွင် တစ်ခါမျှ ဤမျှသည်းခံခြင်းမရှိခဲ့ပေ။ ချင်ကွမ်းကျယ် နောက်ဆုံး ငြိမ်ကျသွားသည်အထိ သူ သည်းခံခဲ့ပြီး တန်ပြန်လုပ်ရပ်အတွက် နှစ်ယောက်စလုံး ဆွေးနွေးခဲ့ကြသည်။
သူတို့နှစ်ဦးသည် ရဲတပ်ဖွဲ့အတွင်းရှိ အသိမိတ်ဆွေများထံ အဆက်မပြတ် တောင်းဆိုရင်း တစ်ညလုံး ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံး၌ ချင်ချန်းယီနှင့် မော့လျှိုကွေ့ နှစ်ဦးစလုံးအတွက် အကျိုးရှိနိုင်မည့် အဖြေတစ်ခုကို ထွက်လာခဲ့သည်။ သို့သော် သူတို့ အစီအစဉ်ကို ဆက်မလုပ်ရသေးခင်မှာပင် ပျက်စီးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့၌ ချင်မိသားစုသည် နောက်ထပ်သတင်းတစ်ခုကို ကြားလိုက်ရသောကြောင့်ပင်။
မော့လျှိုကွေ့သည် ပြန်ပေးဆွဲသူနှစ်ဦးနှင့် သိုလှောင်ခန်းထဲသို့ ၀င်သွားသည့် သက်သေကို မော့တိ အမှန်တကယ်ရှိခဲ့သောကြောင့်ဖြစ်သည်။ ထိုအထောက်အထားများအရ မော့လျှိုကွေ့သည် မော့တိကို သေစေရန် ရည်ရွယ်ချက်ရှိသည်။ သို့မဟုတ် ထိုကဲ့သို့သော အခြေအနေမျိုး၌ သူ့ကို မြင်ရသည်ကို သူမ အလွန်ပျော်ရွှင်သောကြောင့်ဖြစ်သည်။
ချင်ချန်းယီဆီ သတင်းပို့နေသူသည် လေးနက်စွာပြောသည်။ "မစ္စတာချင် ငါ ကူညီမပေးချင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေက ခက်ခဲလွန်းတယ်။ ဒီသတင်းအချက်အလက်တွေကို မင်းဆီ တစ်ဆင့်ပေးပို့တာက အတတ်နိုင်ဆုံး ငါ ကူညီပေးနိုင်တာပဲ။ ငါ တကယ်ကို ကူညီချင်ပေမဲ့ မလုပ်နိုင်ဘူး။ နားလည်ပေးပါ"
ချင်ချန်းယီ၏ မျက်နှာသည် မည်းမှောင်နေပြီး သူ့လက်ချောင်းများ ကြေမွသည်အထိ လက်သီး ဆုပ်ထားမိသည်။
ချင်ချန်းယီ၏ တုံ့ပြန်သံကို မကြားရတောကြောင့် ထိုလူက ကြောက်ရွံ့စွာ ဆက်ပြောသည်။
“မစ္စတာချင် အိုင်း… ငါ မင်းကို တကယ်ကူညီချင်တာပါ။ ဒါကြောင့် မင်းကို နောက်တစ်ခုလောက် ထပ်ပြောပြမယ်။ အခုလက်ရှိ တင်ပြထားတဲ့ သက်သေတွေထဲမှာ အလွန်ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတယ်။ မစ္စမော့... သူမက ပြန်လည်မွေးဖွားတာနှင့် အတိတ်ဘဝတွေအကြောင်းကို ပြောနေတယ်။ သူမမှာ ကြီးမားတဲ့ စိတ်ကူးစိတ်သန်းတစ်ခု ရှိကောင်းရှိနိုင်တယ် ဒါမှမဟုတ်…အဟမ်း မစ္စတာချင် စိတ်တော့မဆိုးပါနဲ့။ ဒါပေမယ့် မစ္စမော့က ကယောင်ကတမ်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု တစ်ခုခု ရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ သာမန်လူတစ်ယောက်က အတိတ်ဘဝ ဒါမှဟုတ် ပြန်လည်မွေးဖွားလာတဲ့ မှတ်ဥာဏ်တွေရှိကြောင်း အခိုင်အမာပြောဆိုမှာမဟုတ်ဘူး။ တကယ်တော့...တကယ်တော့ သူမကိုကူညီဖို့ မင်း ဒီအချက်ကို သုံးလို့ရနိုင်တယ်လေ။ ဘယ်လိုထင်လဲ?"
ချင်ချန်းယီ၏ မျက်လုံးများ ပြောင်းလဲသွားပြီး "ဒါက သက်သေအထောက်အထားထဲမှာ ပါတာ သေချာလား?"
"ဒါပေါ့ သေချာတာပေါ့!" ထိုလူက သူ့အသံကို နှိမ့်လိုက်ပြီး အလိုလောဘကြီးသော အသံဖြင့် “မစ္စတာချင် မင်းတစ်ယောက်တည်းကိုပဲ ငါ ဒီယုံကြည်ရတဲ့ သတင်းအချက်အလက်ကို ပြောပြရဲတာနော်။ ဒါက ငါ့ကိစ္စမဟုတ်ဘူး..ငါ ဒီဖိုင်တွေကို ကြည့်ခွင့်မရှိဘူး...ဒါကြောင့်...မင်းသိတဲ့အတိုင်းပဲ ငါတို့လို အစိုးရဝန်ထမ်းတွေက ပိုက်ဆံအများကြီး မရှာနိုင်ဘူးလေ။ ငါ့သားကလည်း မင်းလို မထက်မြက်ဘူး။ သူ တစ်သက်လုံး အလုပ် လုပ်ရင်တောင် ဒီမြို့က ထပ်ခိုးအသေးလေးတစ်ခန်းကိုတောင် တတ်နိုင်မှာမဟုတ်တာကြောင့် ငါ့မိန်းမနဲ့ ငါက..."
"ကျွန်တော်နားလည်ပါတယ်။ လက်ထောက်အရာရှိကျန်းရဲ့ အကူအညီကို ဘယ်လိုလုပ် ကျေးဇူးတင်ဘဲနေရမလဲ?"
ချင်ချန်းယီ စကားဖြတ်ပြောလိုက်သည်။ သူ့ပုံစံသည် အလွန်ဒေါသထွက်နေပေမဲ့ ကောင်းမွန်သည့်အပြုအမူကိုတော့ ထိန်းထားဆဲပင်။
“ကျွန်တော့်မှာ နှစ်အတော်ကြာအောင် လူမနေတဲ့ ဗီလာတစ်လုံး အာ့ဟွမ်းလမ်းမှာ ရှိတယ်။ လက်ထောက်အရာရှိကျန်းသာ သဘောကျရင် ပိုင်ဆိုင်ခွင့်အားလုံးကို လွှဲပေးနိုင်ပါတယ်"
"အိုင်းယား အိုင်းယား…ဒါဆို ကျွန်တော်က လေးလေးစားစားနဲ့ လက်ခံရမှာပေါ့”
ထိုလူက ဟက်ဟက်ပက်ပက် ရယ်မောရင်း “မစ္စတာချင် မင်းသိချင်တာများ ရှိသေးလား? ငါ့ကိုယ်ငါ ဒုက္ခအရောက်ခံပြီး မင်းကို ကူညီပါ့မယ်"
“…..”
ဖုန်းမချခင်အထိ ဖုန်းခေါ်ဆိုမှုသည် နောက်ထပ် ဆယ်မိနစ်လောက်ကြာမြင့်ခဲ့သည်။
လက်ထောက်အရာရှိကျန်းသည် နဖူးမှ ချွေးအေးများ တစက်စက်ကျလာပြီး ဖုန်းချလိုက်သည်။ သူ့နောက်၌ တစ်ချိန်လုံး တောက်လျှောက်ထိုင်နေသော မုထျန်းဟန်ကို ကြည့်ပြီး အတင်းပြုံးပြလိုက်သည်။
"ဥက္ကဌမု မင်းလုပ်ခိုင်းသလို ငါလုပ်ပြီးသွားပြီ"
"အတော်လေးကို အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ပဲ။သရုပ်ဆောင် အရည်အချင်းရှိတဲ့ မင်းလိုလူမျိုးက တရားဥပဒေစိုးမိုးရေးမှာ ရှိနေတာက မင်းအတွက် ဖြုန်းတီးရာရောက်တယ်"
မုထျန်းဟန်သည် လက်ထောက်အရာရှိကျန်းကို လျစ်လျူရှုကာ ပြောလိုက်သည်။ "ခင်ဗျားရော သဘောမတူဘူးလား လက်ထောက်အရာရှိ?"
"ဥက္ကဌမု! ငါက တကယ်ကို ပြုပြင်ပြောင်းလဲလာခဲ့တဲ့လူပါ...အရင်က ငါ ချင်ချန်းယီဆီက ဘာအကျိုးအမြတ်မှ မရရှိခဲ့သလို အရေးကြီးတဲ့ အချက်အလက်တွေကိုလည်း သူ့ကို ထုတ်မပြခဲ့ပါဘူး။ ငါ အခုလေးတင် လုပ်ခဲ့တာတွေနဲ့ အလဲအလှယ်အနေဖြင့် ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ...ကျေးဇူးပြုပြီး ကော်မရှင်နာဝမ်ကို ငါ့အကြောင်း မပြောလိုက်ပါနဲ့၊ ငါ မင်းကို တောင်းဆိုပါတယ်...ဒီရာထူးကို ရောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ငါ့သားက မကြာခင် ကောလိပ်စာမေးပွဲတွေ ဖြေဆိုတော့မှာမို့ သူ့အနာဂတ်ကို ငါ မဖျက်စီးနိုင်ဘူး! ကျေးဇူးပြုပြီး ဥက္ကဌမု..."
Xxxxxxx