အပိုင်း ၁၆၀
Viewers 34k

Chapter 160



ချင်ချန်းယီ ထိုသတင်းကိုသိရှိပြီးနောက် ​မော့အာ့ချမ်ကို ချက်ချင်း ဆက်သွယ်ခဲ့သည်။

မော့အာ့ချမ်သည် မနေ့ညက ​မော့လျှို​ကွေ့ဖမ်းဆီးခံရသည့် ​ကောလဟာလကို ရရှိခဲ့သည်။ ကံမကောင်းစွာပင် ရဲဌာန၌ သူ့ 'အသိမိတ်ဆွေများ' မရှိသဖြင့် ​မော့လျှို​ကွေ့ ဘာကြောင့် ဖမ်းဆီးခံရသည်ကို မသိပေ။ သူမကို အာမခံပေးရန် မစွမ်း​ဆောင်နိုင်သည်ကြောင့် သူ ချင်ချန်းယီဆီ ချက်ချင်း ဖုန်းဆက်လိုက်သည်။ သို့သော် ထိုအချိန်တွင် ချင်ချန်းယီသည် ချင်ကွမ်းကျယ်နှင့် ဆွေးနွေးနေခဲ့​သော​ကြောင့် ဖုန်းမကိုင်ခဲ့ပေ။ သူ ဆက်သွယ်လို့ရ​သောအခါ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြထားပြီး မော့လျှို​ကွေ့ အဆင်​ပြေသွားမှာ ​သေချာသည်ဆိုသည့် စာတို​လေးတစ်​စောင်သာ ​ပေးပို့ခဲ့​သည်။

​မော့အာ့ချမ် သူ့စာတွေကို ဖတ်ပြီး ဒေါသမထွက်ခင် ခဏတာ မယုံနိုင်ဖြစ်သွားသည်။ သူ့ရဲ့ အဖိုးတန် ညီမ​လေးက ရာဇ၀တ်မှုနှင့် တရားစွဲခံရလိမ့်မည်ဟု မတွေးမိ​ပေ! ချင်ချန်းယီကြောင့် အားလုံးက ဖြစ်ရတာပင်!

​မော့အာ့ချမ်သည် အပြစ်ပြန်​ပေးဆပ်ရန် ချင်ချန်းယီကို အပြေးအလွှားသွားရှာပြီး သူ့ညီမကို လွတ်​အောင်လုပ်ခိုင်းသော်လည်း ချင်ချန်းယီမှာ သူ့အတွက် အချိန်မရှိပေ။ ​မော့လျှို​ကွေ့သည် သူ့သဘောနှင့်သူ သိုလှောင်ခန်းထဲသို့ ဝင်လာသည့် သက်သေ ​မော့တိ၌ ရှိ​ကြောင်းသိပြီးနောက် ချင်ချန်းယီက သူမကိုကူညီရန် သူ စဉ်းစားမိသမျှ သူအားလုံးကို ဆက်သွယ်ခဲ့သည်။ အဖြေရှာရန် အကြီးအကျယ် စိတ်ပင်ပန်းခံခဲ့ပေမဲ့ သူတို့အားလုံး ​မျှော်လင့်ချက်မဲ့စွာ လမ်းဆုံးသို့ ​ရောက်ရှိလာသည်။

သူ ​မော့လျှို​ကွေ့ကို ပြစ်တင်ကြိမ်း​မောင်းချင်​ပေမဲ့ ထိုကဲ့သို့ လုပ်ခဲ့လျှင်​တောင် သူမကို ပြစ်မှုက လုံးဝ လွတ်​မြောက်​စေနိုင်မည် မဟုတ်​ပေ။ ​မော့တိ၏ သက်​သေအထောက်အထားများသည် ငြင်းဆို၍မရ​ပေ။ ​မော့လျှို​ကွေ့သည် ဤအရာမှ လွတ်​မြောက်ရန် နည်းလမ်းမရှိ​ပေ!

မရေမတွက်နိုင်သော အ​ဖြေများစဥ်းစားပြီး​နောက် သူတို့ မိုက်မဲစွာ အသနားခံစာကို မတင်ဘူးဆိုလျှင် အရာအားလုံး နောက်ကွယ်မှ ချုပ်ကိုင်သူဖြစ်​ကြောင်း သူ ဝန်ခံရမည်ကို ချင်ချန်းယီ နားလည်ခဲ့သည်။ ဤအရာအားလုံးတွင် သူမ၏တာဝန်ယူမှုကို လျှော့ချရန် ထိုနည်းလမ်းသည် အကောင်းဆုံးပင်ဖြစ်သည်။

သို့သော် ဤသို့ပြုလုပ်လျှင်​တောင် ​မော့လျှို​ကွေ့သည် ပြစ်ဒဏ်ချမှတ်ခံရနိုင်​သေးသည်။ လူသတ်ရန် ကြိုးစားသည့်အ​ကြောင်း သူမ ကြိုတင်သိရှိထားခြင်းမရှိဟု သူ အခိုင်အမာ​ပြောလျှင်​တောင် ဓားစာခံများ၊ ပြန်ပေးဆွဲသူများနှင့် စကားပြောဆိုခြင်းက သူမအား ကြံရာပါဖြစ်စေနိုင်သေးသည်။

ချင်ချန်းယီ​ မော့အာ့ချမ်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

​မော့အာ့ချမ်သည် ချင်ချန်းယီကို မြင်သည်နှင့် တပြိုင်နက် ပြေးလာပြီး သူ့အား ရက်စက်စွာ ထိုးလိုက်သည်။ ချင်ချန်းယီသည် ပထမထိုးချက်ကို သည်းခံခဲ့သော်လည်း ​မော့အာ့ချမ် သူ့လက်ကို ထပ်မံ မြှောက်လိုက်သောအခါတွင် ချင်ချန်းယီ ဖမ်းကိုင်လိုက်ပြီး နောက်ဘက်သို့ လိမ်လိုက်သည်။

သူ ​မော့အာ့ချမ်ကို အေးစက်စွာကြည့်ပြီး ​ပြောလိုက်သည်။ " ​ရှောင်​ကွေ့ကို မကယ်ချင်ဘူးဆိုရင် အခု ထွက်သွားလို့ရတယ်"

"သူမနာမည်ကို ထည့်​ပြောဖို့ မင်းမှာ ဘယ်လိုတောင် သတ္တိရှိရတာလဲ!" ​မော့အာ့ချမ်သည် ချင်ချန်းယီကို သတ်ချင်​လောက်​အောင် ဒေါသတကြီးစိုက်ကြည့်ကာ "​ရှောင်​ကွေ့ ဒီအရှုပ်အ​ထွေးထဲ ​ရောက်သွားတာ မင်းကြောင့်​ပဲ!"

လူသတ်မှုဖြင့်စွပ်စွဲချက်သည် သတ်ရန်ကြိုးစားရုံနှင့်ပင် အကျဉ်းသားအများစုကို ထောင်ထဲတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ထိန်းသိမ်းထားနိုင်သည်။ ​မော့လျှို​ကွေ့သည် ဂျူရီအဖွဲ့ဝင်များထံမှ စာနာသနားမှုကို ရရှိပြီး ထောင်ထဲတွင် ကောင်းမွန်စွာ ပြုမူခဲ့မည်ဆိုလျှင်​တောင် သူမသည် ထိုနေရာတွင် အနည်းဆုံး ငါးနှစ်မှ ခြောက်နှစ်အထိ နေထိုင်ရမည်​ပေ!

[TN:ဂျူရီ - တရားရုံးတွင် စီရင်ချက်ချရသည့် ပုဂ္ဂိုလ် ဆယ့်နှစ်ဦးပါဝင်​သောအဖွဲ့]

ငါးနှစ်မှ ခြောက်နှစ်! သူ့ညီမကို ငါးနှစ် ခြောက်နှစ်အထိ ထောင်ထဲမှာ ဘယ်လိုနေခွင့်ပြုနိုင်မှာလဲ?!

ချင်ချန်းယီသည်လည်း မိမိကိုယ်ကို အပြစ်တင်နေပြီး ​မော့အာ့ချမ်နှင့် ငြင်းခုံရန် စိတ်မ၀င်စား​ပေ။ သူ မျက်​နှာကြီး မည်းသွားပြီး ​ပြောလိုက်သည်။

"​ရှောင်​ကွေ့ကို ဘယ်လိုကယ်မလဲဆိုတာ မင်းနဲ့ ​ဆွေး​နွေးဖို့ လာခဲ့တာ ရန်​ဖြစ်​ဖို့ မဟုတ်ဘူး။ သူများကို အပြစ်တင်​ဖို့က အ​ရေးကြီးတယ်လို့ ထင်ရင် ဒါဆို မင်း အခုချက်ချင်း ထွက်သွားလို့ရတယ်"

"ချင်ချန်းယီ ငါ့ညီမအတွက် ငါ အခု မင်းကို သည်းခံလိုက်မယ်။ ဒါပေမယ့် အနှေးနဲ့အမြန်တော့ မင်းအပြစ်​တွေကို ပြန်​ပေးဆပ်ရ​အောင် ငါ လုပ်ပြမယ်" ​မော့အာ့ချမ် သူ့ဒေါသကို ထိန်းလိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။

"မင်း အစီအစဥ်က ဘာလဲ..."

ချင်ချန်းယီ ​မော့အာ့ချမ်ကို မျက်လုံးမှေးကြည့်လိုက်သည်။ မကျေနပ်မှုတွေကို ဘေးဖယ်ထားပြီး သူ့အစီအစဉ်အကြောင်းကို ပြောပြလိုက်သည်။

ချင်ချန်းယီသည် သူ့ညီမကို စိတ်ဝေဒနာရှင်အဖြစ် သတ်မှတ်မည့်အကြောင်း ​မော့အာ့ချမ် ကြားလိုက်ရသည့်အချိန်၌ မသိစိတ်အရ သူ လုံးဝ ပြင်းပြင်းထန်ထန် သ​ဘောမတူခဲ့​ပေ။

ဒါပေမယ့် သူ စိတ်ငြိမ်သွားပြီးနောက် ဒါက သူမကို ကယ်တင်ရန် အကောင်းဆုံးနည်းလမ်းဆိုတာ သူသိလိုက်သည်။

ချင်ချန်းယီ ထည့်ဖြည့်​ပြောလိုက်သည်။

“ဒါက ​ရှောင်​ကွေ့ကို ရာဇ၀တ်မှုစွဲချက်တွေက​နေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရုံ​လောက်ပါပဲ။ ကျွန်တော် သူ့ကို စိတ်ကျန်းမာရေးဆေးရုံကို မပို့ပါဘူး။ အများဆုံးအ​နေနဲ့ သူမ အဲဒီမှာ ရက်အနည်း​လောက်​နေရုံပါပဲ။ ရှောင်​ကွေ့ နေဖို့အတွက် အဆင့်မြင့် စိတ်ရောဂါကုဆေးရုံကို ဝယ်လိုက်မယ်။ သူမ လက်ရှိအချိန်မှာ အာရုံစိုက်ခံ​နေရတာကို ရှောင်ရှားဖို့ပဲ လိုတယ်။ ပြီးရင် သူမ အဆင်​ပြေသွားမှာပါ

“ဒါ့အပြင်…” ချင်ချန်းယီ ​မော့အာ့ချင်ကို ကြည့်ပြီး “သူ့အစ်ကိုအနေနဲ့ မင်းရဲ့တန်ဖိုးကို ပြတာ ပိုကောင်းလိမ့်မယ်။ အချိန်တန်လို့ သူ့ကို ဂရုမစိုက်နိုင်​တော့ဘူးဆိုရင်..."

"ဒါမဖြစ်နိုင်ဘူး” ​မော့အာ့ချမ် ချင်ချန်းယီကို ခါးသီးစွာ ကြည့်ပြီး “ဒါ​ပေါ့ ငါ ​ရှောင်​ကွေ့ကို ကောင်းကောင်းဂရုစိုက်မယ်။ ဒါပေမယ့် စိတ်ဝေဒနာရှင်လို့ သတ်မှတ်ခံရတာကို သူမ လက်မခံရင် ဘယ်လိုလုပ်မလဲ? ချင်ချန်းယီ မင်း ဒီလိုမျိုးရော စဥ်းစားဖူးလား..."

......


ချင်ချန်းယီနှင့် ​မော့အာ့ချမ်တို့ရဲ့ ဆွေးနွေးမှု အသေးစိတ်ကို ​မော့တိ မသိသော်လည်း ခန့်မှန်း၍​ရနိုင်သေးသည်။

အသနားခံမှုကို မော့မိသားစုနှင့် ချင်ချန်းယီတို့ မိုက်မဲစွာ အသုံးပြုလာရန်အတွက် ​သူက မော့လျှို​ကွေ့ကို ပြန်ပေးဆွဲမှု လူသတ်မှုတို့နှင့် စွဲချက်တင်ခံရ​စေရန် သေချာ​အောင်လုပ်ရမည်။ ထို့ကြောင့် သူသည် အစ်မမုံ့ကို သွား​တွေ့ပြီး အမှုကို လမ်းကြောင်းမှန်သို့ ကူညီ 'ပို့ဆောင်' ​ပေးခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ​မော့လျှို​ကွေ့၏ ရာဇ၀တ်မှုသည် ​ပြောင်းလဲမသွား​ပေ။

သို့​သော် ​မော့တိ လိမ်လည်စွပ်စွဲခဲ့ခြင်း မဟုတ်​ပေ။ ​မော့လျှို​ကွေ့သည် ရာဇ၀တ်ကောင်များနှင့် 'ရင်းနှီးစွာ' စကားပြောဆိုခဲ့ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားခြင်း​ကြောင့် သူတို့လုပ်ဆောင်မည့် အရာကို သူမသဘောတူသည်ဟုလည်း ဆိုလို၍ရသည်။ ထို့ကြောင့် သူမသည် ပူးပေါင်းကြံစည်သူများထဲမှ တစ်ဦးဖြစ်နေပြီဖြစ်သည်။

မှန်ပါသည်။ မ​နေ့က ရဲတွေ ချင်ချန်းယီကို ဖမ်းဆီးသင့်ပေမယ့် မော့တိနှင့် မုထျန်းဟန်တို့၏ လျှို့ဝှက်သဘောတူညီချက်တွေကြောင့် ချင်ချန်းယီသည် ​မော့လျှို​ကွေ့အတွက် အရာအားလုံး ပြင်ဆင်ရန် တစ်ရက် အသက်ရှူခွင့် ရခဲ့ခြင်းဖြစ်သည်။

သို့သော် တစ်ရက်​လေးသာပင်။

အမှုအသေးစိတ်များအားလုံးကို စနစ်တကျပြင်ဆင်ပြီး ဗျူရိုအဖွဲ့ဝင်များလည်း အဆင်သင့်ဖြစ်ပြီးနောက် ချင်ချန်းယီသည် ကြိုတင်ကာကွယ်မှုမရှိဘဲ အဖမ်းခံရမည်ဖြစ်သည်။

ချင်ချန်းယီနှင့် ​မော့အာ့ချမ်တို့ နေ့လည်ပိုင်းတွင် ဆွေးနွေးမှု ပြီးဆုံးသွားသည်။ ချင်ချန်းယီသည် ​မော့အာ့ချမ်ထံ ငွေအမြောက်အမြား လွှဲပေးခဲ့တာ​ကြောင့် ​မော့လျှို​ကွေ့ကို ပြုစုစောင့်ရှောက်နိုင်ပေလိမ့်သည်။

​မော့အာ့ချမ် ဘဏ်သို့သွားပြီး ငွေထုတ်၍ မပြီး​သေးမီ ချင်ချန်းယီသည် ဖမ်းဆီးခံထားရပြီးဖြစ်သည်။

တကယ်တမ်း၌ ချင်ချန်းယီသည် သူ့ကိုယ်သူ အပြစ်ဝန်ခံရန် စိတ်ဆုံးဖြတ်ထားတာ ကြာပြီဖြစ်သည်။ ဤအမှုတွင် ​မော့လျှို​ကွေ့၏ အသနားခံမှုကို လုပ်ဆောင်ရန် ​နောက်ကွယ်မှကြိုးကိုင်သူတစ်ယောက် လိုအပ်နေသည်။ ထိုကိစ္စမှ လွတ်​မြောက်ရန် သူ့ 'အသိမိတ်ဆွေများ' ကို အသုံးပြု၍ မရနိုင်မှန်း သူ သိသည်။ အဘယ်​ကြောင့်ဆို​သော် သူနှင့်ယှဉ်လျှင် အကန့်အသတ်မရှိ နည်းလမ်းများစွာကို အသုံးပြုနိုင်သည့် မုထျန်းဟန်နှင့် ရင်ဆိုင်​နေရ​သော​ကြောင့် ဖြစ်သည်။ သူ့ရှောင်​ကွေ့ကို ကယ်တင်ရန် သူ့ကိုယ်သူ စတေးရန်လိုအပ်သည်။

​မော့အာ့ချမ်သည် ချင်ချန်းယီ ချိတ်ဆက်​ပေးသည့် 'အသိမိတ်​ဆွေ'မှ တဆင့် ​မော့လျှို​ကွေ့ဆီ သွား​တွေ့နိုင်ခဲ့သည်။

သူမ ​မော့အာ့ချမ်ကို မြင်သောအခါ ​မော့လျှို​ကွေ့သည် ချက်ချင်းပင် မျက်ရည်ကျလာပြီး သူ့လက်​မောင်းနှစ်ဖက်ထဲသို့ ပစ်ဝင်လိုက်သည်။

"ဒုတိယအစ်ကို ဝူး… ဒုတိယအစ်ကို နောက်ဆုံးတော့ အစ်ကိုရောက်လာပြီ။ ညီမ အရမ်းကြောက်တယ်။ ရှောင်တိကို သတ်ချင်တာ မဟုတ်ပါဘူး။ ရဲတွေက ညီမကို မယုံဘူး။ ​နောက်ပြီး ညီမကို လွှတ်​ပေးဖို့ ငြင်း​နေတယ်။ ဒုတိယအစ်ကို အစ်ကို ညီမကို ကူညီရမယ်​နော်…အစ်ကို ရဲ​တွေနဲ့ စကား​ပြောကြည့်ပြီး ညီမ အပြစ်ကင်း​ကြောင်း သက်​သေပြဖို့အတွက် ​ရှေ့​နေတစ်​ယောက် ရှာ​ပေးပါ!"

"အစ်ကို သိတယ် အစ်ကို သိပါတယ်…” မော့လျှို​ကွေ့ကို ကြည့်ရင်း ​မော့အာ့ချမ်၏ နှလုံးသားသည် နာကျင်လာရသည်။ သူမမျက်ရည်တွေကို သုတ်​ပေးလိုက်ပြီး "​မော့တိကို ညီမ မသတ်ချင်ဘူးဆိုတာ အစ်ကို သိပါတယ်။ ဒါပေမယ့် အခုလောလောဆယ် အခြေအနေတွေက သိပ်မကောင်းဘူး"

"အစ်ကို ဘာကိုဆိုလိုတာလဲ..." မော့လျှို​ကွေ့ ​မော့အာ့ချမ်ကို မျက်ရည်များ ရွှဲစိုနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


သူ့ဖုန်းထဲရှိ တစ်မိနစ်အချိန်​ပေးစက်သည် မြည်လာသည်။ မော့အာ့ချမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ အချိန်တိုင်းစက်ကို ပိတ်လိုက်ပြီး တွန်းအား​ပေးကာ စကား​ဆက်​ပြောလိုက်သည်။

“ရှောင်​ကွေ့ အစ်ကို့စကားကို နားထောင်ပါ။ အစ်ကိုတို့မှာ စကားပြောဖို့ အချိန်အများကြီး မရှိဘူး။ ငါးမိနစ်အတွင်း အစ်ကိုထွက်သွားရမယ်။ ​နောက်ထပ် အစ်ကိုပြောမယ့်စကား​တွေကို သေချာနားထောင်ရမယ်"

"ဒုတိယအစ်ကို..."

မော့အာ့ချမ် သူမကို စွန့်ပစ်တော့မည်ဟု မော့လျှို​ကွေ့ ထင်လိုက်သည်။ သူမ၏ မျက်လုံးများ နီရဲလာပြီး ခေါင်းကို ​မော့ကာ မယုံကြည်မှု ကွယ်ဝှက်ထား​သော နာကြည်းမှုတို့နှင့်အတူ သူ့ကို ကြည့်လိုက်သည်။

မော့အာ့ချမ်သည် ဖုံးကွယ်ထားသော ခံစားချက်ကို သတိမထားမိဘဲ မျက်ရည်များပြည့်နေသော သူမ၏ သနားစရာကောင်းသည့် မျက်နှာလေးကိုသာ မြင်ရသည်။ သူမပခုံးကို ကိုင်လိုက်ပြီး "​ရှောင်ကွေ့ မိုက်မဲတဲ့အ​တွေး​​တွေ မ​တွေးနဲ့။ အစ်ကို မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး"

"အစ်ကို မင်းကို ကယ်မယ်။ အစ်ကို မင်းကို ဘာမှဖြစ်ခွင့်​ပေးမှာ မဟုတ်ဘူး! ဒါပေမယ့် အဲဒီစတိုခန်းထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ​မော့တိက လျှို့ဝှက်မှတ်တမ်းတင်ထားတယ်။ သက်​သေက အရမ်းခိုင်လုံလွန်းတယ်။ ​နောက်ပြီး လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် မင်း စွဲချက်တင်ခံရနိုင်တယ်။ ချင်ချန်းယီနဲ့ အစ်ကိုက ထိပ်တန်းရှေ့နေလင်​ပေါ်အန်းနဲ့ တိုင်ပင်​တော့ မင်းက အပြစ်ရှိ​ကြောင်းထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ် ကျခံရမယ်လို့ သူက ကောက်ချက်ချတယ်"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ညီမ သူ့ကို မသတ်ခဲ့ဘူး... ဘာပြစ်မှုမှလည်း မကျူးလွန်ခဲ့ဘူး...ညီမ သူ့ကိုမသတ်ခဲ့ဘူး..."

မော့အာ့ချမ်၏ စကားကို ကြားပြီး ​မော့လျှို​ကွေ့ အံ့သြသွားသည်။ သူမ လဲကျသွားပြီး မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။

"ဒုတိယအစ်ကို အစ်ကို ညီမကို လိမ်နေတာ! အစ်ကို့မှာ ညီမကို ကယ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အစ်ကို ညီမကို မကူညီချင်ပါဘူး!"

"မဖြစ်နိုင်တာ။ ရှောင်​ကွေ့ ဘယ်လိုလုပ် အဲလို​ တွေးရတာလဲ...အစ်ကိုက မင်းကို မလိမ်ဘူး။ လူသတ်ဖို့ကြိုးပမ်းတဲ့ ပြစ်မှုက ​ထောင်ဒဏ် ဆယ်နှစ်ထက် ပိုကြာနိုင်တယ်။ မင်းက ကြိုးကိုင်သူ မဟုတ်ပေမယ့် ကြံရာပါအဖြစ်..."

"ညီမက ကြံရာပါမဟုတ်ဘူး..."

​မော့လျှို​ကွေ့ ​မော့အာ့ချမ်စကားကို ဖြတ်​ပြောလိုက်သည်။ သူမ၏ လက်ချောင်းများ တုန်ခါနေသည်။ ထောင်ထဲမှာ ဆယ်နှစ်လောက်နေရန် သူမ စိတ်ကူးယဉ်လို့​တောင် မရနိုင်​ပေ

လက်မခံနိုင်ဘူး! သူမ ဘာကိုမှ လက်မခံနိုင်ဘူး!!!

​မော့လျှို​ကွေ့ ​မော့အာ့ချမ်ကို ရုတ်တရက် မုန်းတီးလာသည်။ သူမကို မကယ်တင်နိုင်သည့်အတွက် သူ့ကို မုန်းသည်။ သူ သူမကို ချစ်မြတ်နိုးပြီး ဂရုစိုက်တယ်မလား ဘာ​ကြောင့် သူ့မှာ အရည်အချင်းမရှိရတာလဲ..

မော့တိကိုလည်း ​သေမသွားသည့်အတွက် မုန်းသည်။ သူသာ သေသွားခဲ့လျှင် အရာအားလုံး အဆင်ပြေသွားပြီး တောက်ပတဲ့ အနာဂတ်တစ်ခုကို သူမ ရရှိလိမ့်မည်!

သူမ ခေါင်းငုံ့​တွေး​ဝေနေသည်ကို မြင်ပြီး မော့အာ့ချမ် စိုးရိမ်တကြီးနှင့် ​ပြောလိုက်သည်။

"ရှောင်​ကွေ့ အစ်ကို မင်းကိုယုံတယ်။ ဒါပေမယ့် မင်းလည်း အစ်ကို့ကို ယုံရမယ်။ အစ်ကို ​သေချာ​ပေါက် မင်းကို ကယ်မယ်။ အခု အစ်ကို မင်းကို မေးချင်တာ တစ်ခုရှိတယ်။ ​မော့တိနဲ့ သိုလှောင်ခန်းထဲမှာ ရှိတုန်းက ပြန်လည်မွေးဖွားတာ ဒါမှမဟုတ် အတိတ်ဘဝနဲ့ ပတ်သက်တာ တစ်ခုခုကို ပြောခဲ့​သေးလား..."

မော့အာ့ချမ် ထိုသို့ ပြောလိုက်​သောအခါ သူ့ညီမ၌ အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုအချို့ ရှိ​နေလျှင်ဆိုပြီး သူထိတ်လန့်မိသွားသည်။ ထိုကိစ္စသည် ဒီလိုဆိုးရွား​သောအခြေအနေတွင် သာမန်လူတစ်ယောက် ဆွေးနွေးရမည့် ကိစ္စမဟုတ်​ပေ။

​မော့လျှို​ကွေ့ ​မော့အာ့ချမ်ကို မော့ကြည့်လိုက်သည်။

"ဒုတိယအစ်ကို အစ်ကို ဘာကိုဆိုလိုတာလဲ..."

"အစ်ကို မင်းကို အပြစ်က​နေ လွတ်​အောင် ကြိုးစား​နေတာ။ မင်းစိတ်မနှံ့ဘူးဆိုတာ အစ်ကို သက်သေပြနိုင်သရွေ့ အစ်ကို လုပ်နိုင်..."

"ဘာ?!" ​မော့လျှို​ကွေ့ မယုံကြည်နိုင်စွာဖြင့် "ဒုတိယအစ်ကို အစ်ကိုက ညီမကို ရူးချင်ဟန်ဆောင်ခိုင်း​ နေတာလား?!"

​မော့အာ့ချမ် တံခါးကို အမြန်ကြည့်လိုက်ပြီးနောက် အသံကိုလျှော့ကာ "ရှောင်​ကွေ့ လိမ္မာစမ်းပါ။ ဒါက မင်းအတွက် ခက်ခဲမယ်ဆိုတာ သိပါတယ် ဒါပေမယ့် မင်းကို ထောင်ထဲမ၀င်အောင် တားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ မင်းကို စိတ်ကျန်းမာရေးဆေးရုံ မပို့ဘူးလို့ အစ်ကို ကတိပေးတယ်။ မင်းကို သီးသန့်ဆေးရုံမှာ နေခိုင်းမှာမလို့ ရဲတွေက အစ်ကိုတို့ကို မေးခွန်းထုတ်မှာမဟုတ်ဘူး။ ချင်ချန်းယီက အဲဒီနေရာကို ဝယ်ထားပြီးပြီ။ မင်းက အားလပ်ရက်ခရီးထွက်တယ်လို့ သ​ဘောထားလိုက်ပြီး အဲဒီနေရာမှာ ရက်အနည်းငယ်​နေပြီး ကိစ္စ​တွေ ငြိမ်သွားတာကို ​စောင့်ရုံပဲ။ ပြီးရင်တော့ အားလုံး အဆင်ပြေသွားမှာပါ။ မင်းလုပ်ချင်တာလုပ်ဖို့ မင်းလွတ်လပ်သွားပြီ ဟုတ်တယ်မလား?"



Xxxxxx