Chapter 161
မော့လျှိုကွေ့က ထောင်ထဲသို့ သွားရန် ငြင်းဆန်ခဲ့သည်။
ယခင်က သူမသည် ထောင်ထဲ၌ရှိသော သူမဖခင်နှင့် အစ်ကိုမောင်များထံ သွားတွေ့ခဲ့ရပြီး ထိုနေရာက လူသားများနေထိုင်ရန်အတွက် အဆင့်နိမ့်ကြောင်း သိရှိခဲ့ရသည်။
သူတို့က ထောင်အ၀တ်အစားများကို ၀တ်ဆင်ရကာ ဆံပင်ညှပ်ရခြင်း၊ အစားအသောက် ညံ့ဖျင်းခြင်း၊ နေ့စဥ် အလုပ်လုပ်ရခြင်းနှင့် အကျဉ်းသားများ၏ အနိုင်ကျင့်ခြင်းကိုပင် ခံကြရသည်။ ထိုအရာက ကြောက်စရာကောင်းသည်မှာ ထင်ရှား၏။
ငါးနှစ်မဆိုထားနှင့် သူမ ထိုနေရာတွင် တစ်ပတ်ပင် အသက်ရှင်နိုင်မည်မဟုတ်ပေ!!!
သူမ ထိုနေရာမှာပင် သေသွားလိမ့်မည်!
သို့သော် မော့လျှိုကွေ့အနေဖြင့် စိတ်မနှံ့သူဖြစ်ကြောင်း ဝန်ခံရန်လည်းမလိုလားပေ။ ဘယ်နေရာသွားသွား လူတိုင်းက သူမကို လက်ညိုးထိုးကြလိမ့်မည်။ သူမ အိမ်ကနေ ဘယ်လိုထွက်ရမလဲ။
မော့လျှိုကွေ့ မျက်လုံးများနာသည်အထိ ငိုခဲ့သည်။ ခြေထောက်များ ပျော့ခွေလာပြီး မြေကြီးပေါ် လဲကျသွားချိန်တွင် မော့အာ့ချမ်၏ အဝတ်များကို ဆုပ်ကိုင်ထားလိုက်သည်။
သို့သော် မော့အာ့ချမ် မည်မျှပင် စိတ်ဒုက္ခရောက်နေပါစေ သူမကို ဆက်လက် စည်းရုံးရုံသာ တတ်နိုင်သည်။ မကြာခင်မှာပင် သူ ထွက်သွားခဲ့ရပြီး သူမကို နှစ်သိမ့်ရန် အချိန်မရှိခဲ့ပေ။
နောက်ဆုံးတွင် မော့လျှိုကွေ့ ခေါင်းအေးအေးထားပြီး ရှင်းလင်းစွာ စဥ်းစားလိုက်သည်။ ထောင်ထဲသွားမည့်အစား သူမ နောက်တစ်ခုကို ရွေးသည်က ပိုကောင်းသည်။ ရဲတွေ သူတို့ကို အတင်းတွန်းအား မပေးဘူးဆိုလျှင် မော့မိသားစုက သူမကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့လိမ့်မည်မဟုတ်သည်ကို သူမ ယုံကြည်သည်။ ထိုအချိန်တွင် သီးသန့်ဆေးရုံ၌ အချိန်ခဏလောက်သာ နေရမည်ဆိုသည့် မော့အာ့ချမ်၏ပြောစကားအား အမှန်သာဖြစ်ပါစေဟု မျှော်လင့်မိသည်။ ထို့နောက်မှာတော့ သူမ လွတ်မြောက်သွားလိမ့်မည်။
သို့သော် တခြားရှုထောင့်မှကြည့်လျှင် ရွေးချယ်စရာ လုံးဝမရှိပေ။ သူမကို လက်တွေ့ကျကျ ရွေးချယ်ရန် ဖိအားပေးခဲ့ခြင်းပေ။
မော့လျှိုကွေ့ ခေါင်းညိတ် သဘောတူလိုက်သည့်အချိန်တွင် မော့တိအပေါ် သူမ၏မုန်းတီးမှုသည် ထူးခြားသည့်အဆင့်သို့ တိုးမြင့် ရောက်ရှိလာခဲ့သည်။ သူမ သူ့ကို သေသွားသည်အထိ လက်စားချေချင်သည်။
သူမ ရင်ဘတ် နာကျင်လာပြီး အသက်ရှုသံသည် ပိုမိုပြင်းထန်လာသည်။
မော့တိက သေဖို့ ထိုက်တန်တယ်! သူက ဘာလို့မသေရတာလဲ?! ဘာကြောင့်လဲ?!
မော့လျှိုကွေ့ သူ့ကို မုန်းလွန်းသောကြောင့် မျက်လုံးများ နီရဲနေပြီး ခက်ခက်ခဲခဲ အသက်ရှုနေရသည်ကို မော့တိသာ သိလျှင် သူသေချာပေါက် ရယ်နေလိမ့်မည်။
မော့တိကြုံတွေ့ခဲ့ရသည့် အတိတ်ဘဝ၏ ဆယ်ပုံတစ်ပုံကို မော့လျှိုကွေ့ ခံစားခဲ့ရလျှင် သူမအနေဖြင့် အမုန်းတရားကြောင့် နစ်မွန်းပြီး သေသွားလိမ့်မည်။
သို့သော် ယခုအချိန်တွင် မော့တိမှာ မော့လျှိုကွေ့၏ စိတ်သဘောထားကို စဉ်းစားရန် အချိန်မရှိပေ။
မော့လျှိုကွေ့က ဆေးမှတ်တမ်းကို တစ်ကြိမ် အတုပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ထပ်မံပြုလုပ်ရန် လွယ်ကူမည်မဟုတ်ပေ။ ချင်ချန်းယီနှင့် မော့အာ့ချမ်၏ လက်ရှိအဆက်အသွယ်များနှင့်ဆိုလျှင်ပင် ထိုအရာက မဖြစ်နိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် မော့တိနှင့် မုထျန်းဟန်လုပ်နိုင်သည်မှာ သူတို့အား ကူညီပေးရန် ဖြစ်၏။
ချင်ချန်းယီ ဖမ်းဆီးခံရပြီးနောက် မော့အာ့ချမ်က မော့လျှိုကွေ့အတွက် ချင်ချန်းယီ ကြိုတင်ပြင်ဆင်ပေးထားသည့် ပိုက်ဆံနှင့် အဆက်အသွယ်များကို အသုံးပြုခဲ့သည်။
အစပိုင်း၌ အဆင်မပြေပေ။
သို့သော် ပိုင်ဆိုင်မှု အများအပြားကို ခွဲထုတ်ပြီး လက်လှမ်းမှီသမျှ အဆက်အသွယ်များအားလုံးကို အကုန်ထုတ်သုံးစေပြီးနောက် နောက်ဆုံးတွင် သူအောင်မြင်ခဲ့သည်။
မော့လျှိုကွေ့ထံတွင် သံသယလွန်ကဲသည့်ရောဂါနှင့် အပျော့စားစိတ်ရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုသို့ ရောဂါရှာဖွေတွေ့ရှိသောကြောင့် သူမ လုံးဝ လွတ်ငြိမ်းခွင့် ရခဲ့သည်။
မော့မိသားစု သူမကို လာခေါ်သည့်အခါ မော့လျှိုကွေ့ အနည်းငယ်ပျော်သွားသည်။ သူမက မော့အာ့ချမ်၏ ရင်ခွင်ထဲတွင် ငိုနေခဲ့သည်။
"ဒုတိယအစ်ကို..."
"အဆင်ပြေသွားပြီ။ အခု ပြီးဆုံးသွားပြီ”
မော့အာ့ချမ် မော့လျှိုကွေ့ကို ပွေ့ဖက်လိုက်ပြီး ဆံပင်ကို ပွတ်သပ်ပေးကာ
“မင်းကို အိမ်ပြန်ခေါ်ဖို့ အစ်ကိုတို့ ရောက်လာပြီ"
"အင်း"
မော့လျှိုကွေ့ ရှိုက်လိုက်သည်။ သူမ ခေါင်းကို မော့ပြီး မော့ရှစ်ဟုန်နှင့် မော့အာ့ချမ်နောက်မှ အခြားလူများကို ကြည့်လိုက်သည်။
"အမေ၊ အဖေ၊ ဦးလေး၊ တတိယအစ်ကို၊ ပဉ္စမအစ်ကို…”
မော့လျှိုကွေ့ သူတို့ကို နှုတ်ဆက်လိုက်သည်။
"အိုး ငါ့သမီးလေး သမီး ဒုက္ခတွေခံစားခဲ့ရတယ်။ ဒုက္ခတွေ ခံစားခဲ့ရတယ်…အဖေ့အပြစ်ပါ။ အဖေ အသုံးမကျလို့ပါ”
မော့ရှစ်ဟုန်၏ မျက်လုံးများ နီရဲလာပြီး မော့လျှိုကွေ့ကို ကြည့်ရင်း သောကရောက်စွာဖြင့်
“သမီး ပိန်သွားတယ်။ ဒီလူမဆန်တဲ့ကောင်တွေက သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာလား? အဖေ့ကိုပြော အဖေ သူတို့ကိုတရားစွဲမယ်!"
"ဒုက္ခရောက်အောင် မလုပ်နဲ့တော့ ဒီလိုဖြစ်တာ မလုံလောက်သေးဘူးလား?”
မော့ရှစ်ချန် ချောင်းဟန့်လိုက်ပြီး
"ရှောင်ကွေ့ အိမ်ပြန်ရအောင်။ အဘိုးက မင်းကိုလာခေါ်ချင်ပေမယ့် နေမကောင်းလို့ ဆေးရုံမှာနေခဲ့ရတယ်"
"အဘိုးက ဘာဖြစ်လို့လဲ?" မော့လျှိုကွေ့ စိုးရိမ်စွာ မေးလိုက်သည်။
"အိုင်း…”
ရွမ်ချင်းတန့် သက်ပြင်းချလိုက်သည်။ သူမ မော့လျှိုကွေ့၏လက်ကို ကိုင်ပြီး
"ရှောင်ကွေ့ အရမ်းလန့်မသွားနဲ့ နားထောင်အုံး။ သမီးသိတဲ့အတိုင်း သမီးအဖိုးက လေဖြတ်တာ မကြာသေးဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သမီးအဖမ်းခံရတဲ့အကြောင်း ကြားပြီး...အားလုံးက သူ့ကို ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ မင်းကို ဒီလိုလုပ်ခဲ့တဲ့သူက အဲဒီတိရိစ္ဆာန်ကောင်မော့တိဆိုတာ သူ ဘယ်လိုသိသွားလဲမသိဘူး။ ချက်ချင်း နှလုံးဖောက်ပြီး သတိလစ်သွားတယ်။ ဆရာဝန်တွေ သူ့ကို တစ်ညလုံး ဂရုစိုက်ပြုစုပေးခဲ့လို့ လက်ရှိမှာ တည်ငြိမ်နေပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ?"
"ဒါပေမယ့် အဘိုးက comaဝင်သွားတယ်”
မော့စန်းကျစ်က အခြားသူများကဲ့သို့ စိုးရိမ်စွာဖြင့် မော့လျှိုကွေ့ကို ကြည့်လိုက်သော်လည်း သူ့မျက်လုံးထဲတွင် ဖုံးကွယ်ထားသော ခံစားချက်တစ်ခု ရှိနေသည်။
မော့လျှိုကွေ့ သူ၏ကွဲပြားသော အပြုအမူကို သတိမထားမိဘဲ သတင်းကြောင့် သူမ အလွန်ထိတ်လန့်သွားခဲ့သည်။
သူမအဘိုးက ဘယ်လိုလုပ် comaဝင်သွားရတာလဲ?!
ထို့အပြင်… ထို့အပြင် သူတို့သည် ယခုအခါတွင် ဆင်းရဲမွဲတေသွားပြီဖြစ်သည်။
ဆေးရုံစရိတ်နှင့် သူနာပြုတွေကို ဘယ်လိုလုပ် ငှားနိုင်မှာလဲ။
ချင်ချန်းယီ သူတို့ကို ကူညီနိုင်ပေမယ့် ပိုက်ဆံတောင်းရခြင်းက အလွန်ရှက်စရာကောင်းလှ၏။
"ရှောင်ကွေ့ စိတ်မပူပါနဲ့ မဟုတ်ရင် သမီးအဘိုးလည်း စိတ်မကောင်းဖြစ်နေလိမ့်မယ်။ ငါတို့ သူ့ကို ပြုစုပါ့မယ်"
ရွမ်ချင်းတန့် သူမမျက်လုံးတွေကို တစ်ရှူးနှင့် သုတ်လိုက်ပြီး မော့လျှိုကွေ့ကို ညင်သာစွာ ပြောလိုက်သည်။
"အိမ်ပြန်ရအောင်..."
"အဘိုးကိုတွေ့ချင်တယ်…”
မော့လျှိုကွေ့ပြောပြီး မော့အာ့ချမ်ကို လှည့်ကြည့်လိုက်သည်။
“ဒုတိယအစ်ကို ချန်းယီ ဘယ်မှာလဲ... သူအဆင်ပြေရဲ့လား..."
“သူ…” မော့အာ့ချမ် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။
“သူကိုယ်တိုင် အပြစ်ဝန်ခံလိုက်တယ်"
"သူ့ကိုယ်တိုင် အပြစ်ဝန်ခံတယ်?!"
မော့လျှိုကွေ့ စူးရှသည့်အမြင့်သံကဲ့သို့ သူမ၏ အသံသည် ကျယ်လောင်သွားသည်။
"သူဘာလို့ ဒီလိုလုပ်ရတာလဲ!?"
"ရှောင်ကွေ့ ကားပေါ်တက်ရအောင်။ အိမ်ရောက်မှ စကားပြောမယ်”
မော့အာ့ချမ်က အနီးနားရှိ ထိန်းသိမ်းရေးစခန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ မော့လျှိုကွေ့၏လက်ကို ဆုပ်ကိုင်ပြီး သူ့မကို ညွှန်ပြကာ
“အရင်ဆုံး အိမ်အပြန်ရအောင်"
…..
မော့လျှိုကွေ့ ကားထဲသို့ ဝင်လိုက်ပြီး မော့အာ့ချမ်ပြောပြ၍ ပြန်ပေးဆွဲမှု လူသတ်မှုနှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သည်များကို သိခဲ့ရသည်။
နောက်ဆုံးတွင် ချင်ချန်းယီ ထောင်ဒဏ် ဆယ်နှစ် ကျခံရဖွယ်ရှိကြောင်း သူမ သိလိုက်ရသည်။
ဆယ်နှစ်!
ချင်မိသားစုက သူ့ကို နှစ်အချို့ လွတ်ငြိမ်းခွင့်ရစေရန် ကူညီပေးခဲ့လျှင်ပင် အနည်းဆုံး ငါးနှစ်မှ ခြောက်နှစ်အထိ ချုပ်လှောင်ခံထားရမည်ဖြစ်သည်။
ယခုအချိန်တွင် အရာအားလုံး ပြောင်းလဲနေပြီဖြစ်သည်။ ချင်ချန်းယီ ထောင်ချခံထားရသောကြောင့် သူမအား စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံရပြီးလျှင်တောင် သူမ အားလုံးအဆင်ပြေသွားလိမ့်မည်ဟု သူဘယ်လိုလုပ် သေချာနေရသည်လဲ။ သူမအတွက် သက်တောင့်သက်သာရှိသည့် ဘဝတစ်ခုအတွက် သူ ဘယ်လိုအာမခံနိုင်မည်လဲ။
သူမမျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လာပြန်သည်။
"အာ့ချမ် မပြောနဲ့တော့"
ရွမ်ချင်းတန့်က သူ့သမီးလေးကို စိတ်မကောင်းစွာကြည့်ပြီး ပွေ့ဖက်ထားလိုက်သည်။
"ရှောင်ကွေ့ အဲဒီကောင်လေးချန်းယီ အတွက် စိတ်ပူနေစရာ မလိုပါဘူး။ သူ အဆင်ပြေမယ်ဆိုတာ အမေသေချာပေါက်ပြောရဲတယ်။ ချင်မိသားစုက ချမ်းသာပြီး စွမ်းအားကြီးလို့ သူ့ကို ပြစ်ဒဏ်လျှော့ပေါ့အောင် ကူညီပေးနိုင်တယ်။ သူထွက်လာတဲ့အခါ သူ အုပ်ချုပ်မှာကိုစောင့်နေတဲ့ ချင်Group လည်းရှိပါသေးတယ်။ သူအဆင်ပြေသွားမှာပါ။ စိတ်မကောင်းဖြစ်မနေပါနဲ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အပြစ်မနေနဲ့။ သမီး ကောင်းကောင်းမွန်မွန်နေရအောင်လို့ သူ့ကိုယ်သူ အနစ်နာခံခဲ့တာ။ သမီး ဝမ်းနည်းနေတာကို သူမြင်ချင်မှာ မဟုတ်ဘူး။ သူ့ရဲ့ အနစ်နာခံမှုကို အလကားမဖြစ်စေနဲ့..."
"အားလုံးက သမီးအပြစ်တွေပါ! သမီးက သူ့ကို ဒီလိုတွေ ဖြစ်စေခဲ့တာ…”
မော့လျှိုကွေ့ သူမမျက်နှာကို အုပ်ကာ ငိုချလိုက်သည်။
"မဟုတ်ဘူး။ ဒါက သမီး အပြစ်မဟုတ်ဘူး။ ဒါက ဘယ်လိုလုပ် သမီး အပြစ်ဖြစ်ရမှာလဲ?!"
မော့ရှစ်ဟုန် သူမကို အမြန်နှစ်သိမ့်လိုက်သည်။ သူ့ရင်ထဲမှာ မီးတောက်လောင်နေသည်။
"သမီးနဲ့ ချန်းယီက လိမ္မာတဲ့ကလေးတွေလေ။ အဲဒါ မော့တိ အဲဒီတိရစ္ဆာန်ကောင်ပဲ! သူက မျက်လုံးဖြူဝံပုလွေ (ကျေးဇူးကန်းတဲ့ကောင်)ပဲ။ သူက အဖေ့ကို အဖမ်းခံရအောင်လုပ်ပြီး မော့မိသားစုကို ဒေဝါလီခံရအောင်လုပ်ခဲ့တယ်။ အခု သူက သမီးနဲ့ ချင်ချန်းယီကိုတောင် ထိခိုက်အောင်လုပ်လာပြီ! သူက အရိုင်းအစိုင်း! စက်ဆုပ်ဖို့ကောင်းတယ်! သူ့ကို မွေးတဲ့အချိန်ကတည်းက ငါလည်ပင်းညှစ်သတ်ပစ်ခဲ့သင့်တာ!"
"အဲဒီအကြောင်းတွေ မပြောနဲ့တော့။ ဘာအကျိုးရှိမှာလဲ?"
ရွမ်ချင်းတန့် မော့လျှိုကွေ့ ငိုနေတာမြင်ပြီး မျက်ရည်များ မထိန်းနိုင်တော့ပေ။
မော့ရှစ်ဟုန် မိုက်ရိုင်းစော်ကားသော စကားလုံးများဖြင့် ဆက်လက်ကျိန်ဆဲခဲ့သည်။ မော့ဝုဟန်လည်း သူ့ဒေါသကို ထုတ်ဖော်လာသည်။ မော့လျှိုကွေ့နှင့် ရွမ်ချင်းတန့်တို့က ငိုနေကြပြီး မော့ရှစ်ဟုန်နှင့် မော့ဝုဟန်က ဆဲဆိုနေကြကာ ကားအတွင်းရှိ လေထုသည် ကြောက်စရာကောင်းလှသည်။
သူတို့ အိမ်ပြန်ရောက်သည့်တိုင် စိတ်ထဲ ကျေနပ်သည်အထိ ကျိန်ဆဲခဲ့ကြသည်။ ညနေခင်းတွင် ဧည့်သည်တစ်ယောက် သူတို့ဆီ ရောက်လာသည်။
မော့အာ့ချမ်ကို မှားယွင်းစွာ ရောဂါစစ်ဆေးမှုတွင် ကူညီရန် ချင်ချန်းယီ စီစဉ်ပေးထားသော ဤ 'အသိမိတ်ဆွေ' သည် မော့မိသားစုထံသို့ ရောက်ရှိလာပြီး မော့လျှိုကွေ့ အား စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ရန် တောင်းဆိုခဲ့သည်။
မော့မိသားစု ချက်ချင်း ဒေါသထွက်သွားခဲ့သော်လည်း ထိုသူကို မစော်ကားဝံ့ဘဲ ငြင်းခုံရုံသာ တတ်နိုင်ခဲ့သည်။
သို့သော် ဤ 'အသိမိတ်ဆွေ' သည် သူတို့ပြောသမျှကို ငြင်းဆိုခဲ့သည်။ သူက သတိပေး ပြောဆိုလာသည်။
“အရင်ဆုံး ဒီဆေးမှတ်တမ်းအတုအကြောင်းကနေ စပြောရအောင်။ အခု ရဲတွေက သူ့ရဲ့ စစ်မှန်မှုကို စတင်မေးခွန်းထုတ်နေကြပြီ။ နောက်ပြီး ငါ မင်းတို့နဲ့ ပူးပေါင်းခဲ့တာလို့ သံသယရှိတဲ့အတွက် ငါလည်း အခက်တွေ့နေတယ်။ မင်းတို့ သူမကို စိတ်ကျန်းမာရေးဆေးရုံကို မပို့သေးရင် ငါ အဖမ်းခံရလိမ့်မယ်။ ပြီးတော့ ငါ မင်းတို့ကို ပြောချင်တာရှိတယ်။ ငါ့ကိုသာ တစ်ခုခုဖြစ်စေခဲ့ရင် အပြစ်ပေါ့အောင် အရာအားလုံးကို ဝန်ခံဖို့ ဆန္ဒရှိတယ်။ မင်းတို့ သူမကို လိမ်လည်မှုနဲ့ စွဲချက်တင်ခံရပြီး ပိုကြီးတဲ့ပြစ်ဒဏ်ကို မခံယူစေချင်ရင်တော့ သူ့ကို စိတ်ကျန်းမာရေးဆေးရုံ ပို့လိုက်တာ ပိုကောင်းမယ်!"
"မော့လျှိုကွေ့သာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ်ကျခံရရင် ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်လောက်ပဲ ဖြစ်မှာမဟုတ်ဘူးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်။ ခုနစ်နှစ် ရှစ်နှစ်တောင် နည်းသေးတယ်လို့ ယူဆလို့ရတယ်...ဟန်ဆောင်တာ ပီပြင်စေဖို့နဲ့ လူထုအာရုံစိုက်မှုကနေ ကင်းဝေးစေဖို့အတွက် သူမကို အဲဒီနေရာဆီ ပို့လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ်ရင် ဒုက္ခတွေ့လာမှ နောင်တမရကြနဲ့!"
Xxxxxx