အပိုင်း ၁၆၂
Viewers 34k

Chapter 162




အကယ်၍ အရင်တုန်းက အ​ခြေအ​နေအတိုင်းသာဆိုလျှင် ​မော့မိသားစုက ဤ 'အသိမိတ်ဆွေ' ကို ရက်စက်စွာ ရိုက်နှက်ပြီး ပြန်လွှတ်လိုက်ပေလိမ့်မည်။ သို့​သော် အခုချိန်တွင် သူတို့ မည်မျှပင် စိတ်အ​နှောင့်အယှက်ဖြစ်နေပါစေ ဘာကိုမှ မလုပ်ရဲ​ပေ။

အဘယ်​ကြောင့်ဆို​သော် သူတို့ ကြောက်သောကြောင့်ဖြစ်သည်။ ထို​ယောက်ျားက သူအပြစ်​လျော့​စေရန် သူ့ကိုယ်သူ အပြစ်ဝန်ခံလိုက်မည်ကို သူတို့ ​ကြောက်သည်။

တကယ်တမ်းတွင် ထိုအရာက ​မော့တိ ဖန်တီးထားသည် အစီအစဥ်လေးတစ်ခုသာ ဖြစ်သည်။

သူတို့ ​မော့လျှို​ကွေ့ကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ရန် ငြင်းဆန်ခဲ့လျှင် သူမ၏ ဟန်​ဆောင် ​ရောဂါစစ်​ဆေးမှုကို ဖော်ထုတ်ခံရပြီး အနည်းဆုံး ထောင်ဒဏ် ခုနစ်နှစ်မှ ရှစ်နှစ်အထိ တိုးမြှင့်သွားမည်ဖြစ်သည်။ အတိုချုံး​ပြောရလျှင် သူတို့ အဆုံးသတ်နိဂုံးချုပ်သွား​ပေပြီ။ ​မော့တိအနေဖြင့် ​မော့လျှို​ကွေ့ လွတ်​မြောက်ရန် ဘယ်​သောအခါမှ အခွင့်အ​ရေး​ ပေးလိမ့်မည်မဟုတ်​ပေ။

​မော့လျှို​ကွေ့ ထိတ်လန့်သွားသည်။ ကျန်မိသားစုဝင်များသည်လည်း တိတ်ဆိတ်​ပြီး စိုးရိမ်ထိတ်လန့်သွားသည်ကို သူမ​ တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာသည်။ ​ဒေါသထွက်စွာဖြင့် 'အသိမိတ်ဆွေ' ကို ကျိန်ဆဲပြီး နှင်ထုတ်ရန် ကြိုးစားလိုက်သည်။

ရွမ်ချင်းတန့် ထိုလူကို မုန်းတီးသော်လည်း လက်ရှိ ကိုယ့်အ​ခြေအ​နေကိုကိုယ် သိ​သော​ကြောင့် သူ့ကို မစော်ကားဝံ့ပေ။ ​မော့လျှို​ကွေ့ကို ထိန်းလိုက်ပြီး

"အို သမီး​လေး သမီးလိမ္မာ​လေး စိတ်ထိန်းပါအုံး ဟုတ်ပြီလား? အမေက သမီးကို စိတ်ကျန်းမာရေးဆေးရုံ ပို့မှာမဟုတ်ပါဘူး။ ဒါ​ကြောင့် ဒီလို​တွေလုပ်​နေတာ ရပ်လိုက်ပါ..."

အကြီးဆုံးနှင့် ဒုတိယအဒေါ်တို့က ​မော့လျှို​ကွေ့ကို သွားခေါ်ရန်အတွက် အခြားသူများနှင့်အတူ လိုက်မလာခဲ့​ပေ။ သူတို့ အိမ်မှာနေခဲ့ကြပေမယ့် ဆွေးနွေးနေသောစကားကို ကြားပြီး ဘာ​တွေဖြစ်​နေသည်ကိို သူတို့ အလွယ်တကူ​ ​ပြောနိုင်သည်။ သူတို့နှစ်ယောက်လုံး အထူးသဖြင့် ဒုတိယအဒေါ်က ​မော့လျှို​ကွေ့အ​ပေါ် မ​ကောင်းသည့် အကြံအစည်များ ​တွေးလာသည်။ မော့လျှို​ကွေ့၏ ဟန်​ဆောင် ရောဂါစစ်​ဆေး​​သောကိစ္စတွင် သူ့သားလုပ်ရပ်လည်း ​သေချာ​ပေါက် ပါဝင်သည်ကို သူမ သိသည်။ ထိုကိစ္စသာ ဖော်ထုတ်ခြင်း ခံရမည်ဆိုလျှင်...

သူမသားသည်လည်း ပြစ်မှုတွင် ပါဝင်ပတ်သက်သွားမည်မဟုတ်လား?!

ဒုတိယအဒေါ် စိတ်​သောက​ရောက်လာ​ပေပြီ။

သူမ ​မော့လျှို​ကွေ့ကိုကြည့်ပြီး ရည်ရွယ်ချက်ရှိရှိ မရှင်းလင်းသောလေသံဖြင့်

"​ရှောင်​ကွေ့ သမီးက ငယ်ငယ်လေးကတည်းက အမြဲတမ်း ထက်မြက်တဲ့ မိန်းကလေးမှန်း အ​ဒေါ်သိတယ်။ သမီးအတွက် ဘယ်ဟာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မလဲဆိုတာ သိသင့်တယ် မဟုတ်လား? လူသတ်ရန် ကြိုးပမ်းမှုနဲ့ ​ထောင်ဒဏ်ရှစ်နှစ် ကျခံမလား ဒါမှမဟုတ် အားလပ်ရက်အဖြစ် ချင်ချန်းယီ စီစဉ်ပေးထားတဲ့ ဆေးရုံမှာ သွားနေမလား။ ဘာကိုရွေးရမလဲဆိုတာ သမီး သိတယ်မလား?"

"ပြီးတော့ သမီးက အရမ်းဉာဏ်ကောင်းပြီး ကြင်နာတတ်တယ်ဆိုတာလည်း အ​ဒေါ် သိပါတယ်။ သိရဲ့သားနဲ့ သမီးမိသားစုကို ဒုက္ခမပေးဘူး မဟုတ်လား? ဒါ့အပြင် သမီးကို အပြင်ထုတ်​ပေးဖို့ အများကြီး ဒုက္ခ​ခံခဲ့ရတဲ့သူ​တွေလည်းရှိတယ်။ တကယ်လို့ သမီးသာ တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ကျန်းမာရေးဆေးရုံကို သွားဖို့ ငြင်း​နေရင် သူတို့ရဲ့ ကြင်နာမှုကို အမုန်းတရားနဲ့ ပြန်ပေးဆပ်​နေတာ မဟုတ်ဘူးလား? အရင်ရက်​တွေက အာ့ချမ်က သမီးအတွက် အပင်းပန်းခံခဲ့ရတာ သူ့ကြိုးစားအားထုတ်မှုကို ဖြုန်းတီးပစ်လို့ မရဘူး​လေ။ ဒီကိစ္စသာ ​ပေါ်သွားရင် သမီးနဲ့အတူ လူအများကြီးကို ဆွဲချသွားနိုင်တယ်!"

"အမေ ဘာ​တွေပြောနေတာလဲ?" ​

မော့လျှို​ကွေ့ မျက်ရည်များကျလာသည်ကို မြင်ပြီး ​မော့အာ့ချမ် ​ဒေါသထွက်စွာဖြင့် ဒုတိယအ​ဒေါ်ကို ​ပြောလိုက်သည်။

"ဒီထက်ပိုပြီး အခက်​တွေ့အောင်လုပ်​နေတာ​ကို ရပ်​ပေးပါ့လား?"

ဒုတိယအဒေါ်မှာ အံ့အားသင့်သွားပြီး ​မော့လျှို​ကွေ့ကို အ​ဝေးပို့ရန် သူမသားက ငြင်းဆန်မည်ကို ​စိုးရိမ်သွားသည်။ သူမက လွန်ကဲသည့် ယဉ်ကျေး​သော အပြုအမူကို မထိန်းသိမ်းနိုင်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"မင်းက အရူးလား ဟမ်?! ​ရှောင်​ကွေ့ကို သံသယရှိ​နေကြတာ မင်း သူမကို အဲဒီကို မပို့ရင် မင်းဘာလုပ်နိုင်လို့လဲ? ဒီကိစ္စ ပေါ်​​ပေါက်လာရင် အားလုံးကို မင်းနဲ့အတူ ဆွဲချသွားခံရ​စေချင်လို့လား?!"

ထိုသို့ပင် ဒုတိယအဒေါ်က ​မော့လျှို​ကွေ့ကို ပြန်ကြည့်ပြီး

"​ရှောင်​ကွေ့ မင်းကိုယ်တိုင်​ကောင်းဖို့အတွက်ပဲဖြစ်ဖြစ် မင်းအစ်ကိုအတွက်ပဲဖြစ်ဖြစ် လူထုအာရုံစိုက်ခံရတာကို ​ရှောင်ရှားတာက မှန်ကန်တဲ့​ ရွေးချယ်မှုပဲ။ မင်း တကယ် ထောင်ထဲသွားပြီး မင်းကို ဂရုစိုက်တဲ့လူတွေကို ဖျက်ဆီးချင်တာလား... ​ရှောင်​ကွေ့ လူသားတစ်ယောက်အနေနဲ့ မင်းမှာ အသိတရားရှိရမယ်"

"ယောင်းမ ဘာပြောတာလဲ...သမီးကို ဘာလို့ စိတ်အနှောင့်ယှက်​ ပေးနေရတာလဲ?! ငါတို့အားလုံးကို သေသွားပြီလို့ ထင်​နေတာလား?"

ရွမ်ချင်းတန့်က ဒေါသမျက်လုံးဖြင့် ဒုတိယအဒေါ်ကို စိုက်ကြည့်လိုက်သည်။

"နင့်သမီးကို နှောင့်ယှက်နေတယ်​ပေါ့...နင့်ကို ​မေးပါဦးမယ် နင့်သမီးက ဒီမိသားစုကို ဘယ်နှစ်ခါ​လောက်​တောင် ဒုက္ခပေးခဲ့လဲ...ဒီတစ်ခါ သူ့ကို ဆေးရုံမပို့ရင် သူ ငါ့သားကို ဒုက္ခ​ရောက်အောင် လုပ်လိမ့်မယ်။ သူထောင်ကျပြီး ငါ့သားလည်း ဖမ်းခံရရင် သူ့ကို ဘယ်သူမှ မကူညီနိုင်တော့ဘူး! ဒီလိုဖြစ်လာရင် ဒုက္ခအ​ရောက်ဆုံးက နင့်သမီးပဲဖြစ်လိမ့်မယ်!"

အခြေအနေကို ကြည့်ပြီး အကြီးဆုံးအဒေါ်က ဆက်​ပြောလာသည်။

"ယောင်းမ ဒါကို မင်း မ​ကျေနပ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အခု​လော​လောဆယ်​တော့ ​ရှောင်​ကွေ့က လူမြင်ကွင်းက​နေ ​ရှောင်သင့်တယ်။ သူမကို ဂရုစိုက်​ပေးဖို့ အာ့ချမ်လည်းရှိပြီး ချန်းယီကလည်း နေရာပြင်​ပေးထားတာကြောင့် အားလပ်ရက်တစ်ခုလို ဖြစ်နေမှာပါ။ အရာအားလုံး အဆင်​ပြေသွားရင်​ ပြန်​လာလို့ရပါတယ်​။ မဟုတ်ရင် သူမ ပိုကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရပြီး အပြင်ကနေ သူ့ကို ထောက်ပံ့​ပေးမယ့်သူလည်း မရှိဘူး။ အဲဒါဆို ပိုဆိုးမှာ မဟုတ်ဘူးလား? သေသေချာချာ စဉ်းစားဖို့ လိုတယ်!"

ရွမ်ချင်းတန့် ​မော့လျှို​ကွေ့ကို ဖက်ကာ ငိုလိုက်သည်။

"အို ငါ့သမီး​လေး သမီးဘဝက ဘာလို့ ဒီလောက်သနားစရာကောင်းရတာလဲ... ငါ့​ရှောင်​ကွေ့..."

​မော့လျှို​ကွေ့လည်း သူမမျက်လုံးတွေ ​ဖောင်း​နေ​အောင် ငိုနေပေမယ့် မမိုက်မဲ​ပေ။ ဘယ်အရာက ပိုကောင်းသည့် ရွေးချယ်မှုလဲဆိုသည်ကို သူမလည်း သိပါသည်။

သို့ပေမယ့် သူမ လုံးဝပင် သွားရန် ဆန္ဒမရှိ​ပေ။

​မော့လျှို​ကွေ့ ​ဒေါသထွက်​နေပြီး သူမ နှလုံးသားထဲတွင် ဝမ်းနည်းနေသည်။ အရည်အချင်းမရှိသော ​မော့မိသားစုကို သူမ မုန်းတီးသော်လည်း အမုန်းဆုံးမှာ ​မော့တိဖြစ်သည်။ သိုလှောင်ခန်းထဲတွင် ကြိုးနှင့်ချည်ထားသည့်အချိန်က သူ့ကို ဓားနှင့်ထိုးမသတ်မိသည့်အတွက် သူမ တကယ် နောင်တရသည်။

သူမကိုယ်တိုင် သူ့ကို သတ်ပြီး သိုလှောင်ခန်းစောင့်အ​ပေါ် ဘာ​ကြောင့် အပြစ်ပုံမချခဲ့ရတာလဲ။ အဲလိုဆိုရင် သူမ ဒီလောက် ဆင်းရဲဒုက္ခ​တွေကို ကြုံရမှာမဟုတ်ဘူး။

…..

သူတို့ သူမကို အဝေးသို့ ပို့ရန် မည်မျှပင် ဆန္ဒမရှိပါ​စေ ​မော့မိသားစုက ထိုသို့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြရသည်။

​မော့လျှို​ကွေ့ ​နေရမည့်ဆေးရုံမှာ ချင်ချန်းယီ ဆက်သွယ်​ပေးထားသော ပုဂ္ဂလိကဆေးရုံဖြစ်သည်။

ဤသီးသန့်ဆေးရုံက ဆင်ခြေဖုံးရပ်ကွက်များတွင် တည်ရှိပြီး လှပသောခြံဝင်းများနှင့် ချိတ်ဆက်ထားသော ဇိမ်ခံအခန်းများရှိသည်။ ထိုနေရာတွင် ​နေထိုင်​သော လူနာ နှစ်မျိုးရှိသည်။ တစ်မျိုးသည် အမှန်တကယ် စိတ်မကျန်းမာသူများဖြစ်ပြီး သူတို့၏ မိသားစုဝင်​များသည် သူတို့အတွက် ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်ကို ရရှိ​စေလို​သော​ကြောင့်​နေရခြင်းဖြစ်သည်။ နောက်တစ်မျိုးသည် ​မော့လျှို​ကွေ့ကဲ့သို့ပင် အသနားခံမှုကြောင့် ဤ​နေရာ၌နေရသည့် သူများဖြစ်သည်။

​မော့လျှို​ကွေ့ကို ပို့​ဆောင်သည့်နေ့တွင် သူမက ပြင်းထန်စွာ ငိုကြွေးခဲ့ပြီး ရွမ်ချင်းတန့်သည်လည်း အလားတူပင်။ ​မော့ရှစ်ဟုန်က သူမအတွက် အလွန်ဝမ်းနည်းခဲ့ရပြီး ကျိန်ဆဲ​ကာ ညစ်ညမ်း​သော စကားများဖြင့် ​မော့တိကို ​စော်ကား​ပြောဆိုခဲ့သည်။

ဆေးရုံဒါရိုက်တာ ​ကျောက်ချွမ်းလင်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် နှုတ်ဆက်ခဲ့သည်။ ​မော့လျှို​ကွေ့အနေဖြင့် အ​ကောင်းဆုံး ပတ်ဝန်းကျင်တွင် ​နေထိုင်ရပြီး အ​ကောင်းဆုံး ဝန်​ဆောင်မှုများ ရရှိ​စေရမည်ဖြစ်​ကြောင်း ​မော့အာ့ချမ်နှင့် ချင်ချန်းယီကို သူ အာမခံခဲ့သည်။ သူ၏ ဧည့်ဝတ်ကျေပွန်မှုကို မြင်လိုက်ရပြီး ​မော့လျှို​ကွေ့ကို သူ၏ ပြုစုစောင့်ရှောက်မှု၌ ထားခဲ့ရမည်ကို ​မော့အာ့ချမ် စိတ်သက်သာရာ ရသွားသည်။ သူမ ထိုနေရာတွင် တစ်ပတ်ခန့်သာ နေရန် လိုအပ်ပြီး ထို့​နောက် သူတို့ သူမကို အိမ်ပြန်ခေါ်သွားနိုင်သည်။

​ကျောက်ချွမ်းလင်သည် အသက်ခြောက်ဆယ်ကျော် အသက်ကြီးသူတစ်ဦးဖြစ်သည်။ သူက ခေါင်းညိတ်ပြီး သူတို့ကို ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့ စိတ်မပူပါနဲ့။ မစ္စတာချင်က အစစအရာရာ စီစဉ်ပေးခဲ့ပါတယ်။ ငါ ဘာလုပ်ရမှန်း သိပါတယ်။ မင်းလိုချင်တဲ့အချိန်တိုင်း သူ့ကို လာ​ခေါ်သွားလို့ရတယ်"

"ဒါ​ပေါ့ ကျွန်​တော်တို့ ဦး​လေးကို ယုံပါတယ်" ​

မော့အာ့ချမ် ယဥ်​ကျေးစွာပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်​တော်တို့မိသားစုရဲ့ ​ရှောင်​ကွေ့ကို ဂရုစိုက်​ပေးပါ။ သူမက အနည်းငယ် ရှက်​ကြောက်တတ်ပြီး ဒီနေရာမှာ တကယ့် စိတ်ဝေဒနာရှင်​တွေလည်း ရှိလို့ သူမကို ထိတ်လန့်သွား​စေမှာ စိုးတယ်"

"အဲဒါက ပြဿနာ လုံးဝ မရှိပါဘူး။ မစ္စ​မော့ကို အဆောက်အဦး နံပါတ် 6 ရဲ့အပေါ်ဆုံးထပ်မှာ နေဖို့ စီစဉ်ပေးထားပါတယ်။ အဲဒါက ဆေးရုံတစ်ခုလုံးမှာ သီးသန့်အဖြစ်ဆုံးနေရာဖြစ်ပြီး အနီးနားမှာလည်း စိတ်ဝေဒနာရှင်​တွေ မရှိပါဘူး။ မင်းသိတဲ့အတိုင်း ဦး​လေးတို့ဆေးရုံမှာ လူနာ အနည်းငယ်ပဲရှိပြီး သူတို့က ​ရောဂါ မပြင်းထန်တဲ့ လူနာ​တွေပါ။ မင်း စိတ်ချထားလို့ရပါတယ်။ မစ္စ​မော့၏ လုံခြုံရေးကို အန္တရာယ်ဖြစ်​စေမှာ မဟုတ်ပါဘူး။

"သူမ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့အတွက်လည်း တစ်ယောက်​ယောက် ရှိသင့်တယ်”

ရွမ်ချင်းတန့် ငိုပြီး ​မော့လျှို​ကွေ့ အမှန်တကယ် အားလပ်ရက်ခရီးထွက်နေသကဲ့သို့ ဖြစ်​စေရန် တောင်းဆိုခဲ့သည်။

​ကျောက်ချွမ်းလင် စိတ်ထဲမထားဘဲ ပြုံးလိုက်ပြီး

“ရှိပါတယ် ရှိပါတယ် မစ္စမော့ကို ပြုစုစောင့်ရှောက်ဖို့ အထူးပြု သူနာပြုတစ်ဦးကို ကျွန်တော် စီစဉ်ပေးထားပါတယ်။ သူမက အရမ်းနှုတ်လုံပြီး ​ငွေလည်း ချေပြီးသွားပါပြီ။ သူမနဲ့ ​ဖြေရှင်းလို့ရတဲ့အတွက် ပြဿနာ မရှိပါဘူး"

"​​ကောင်းပါပြီ” ​

မော့ရှစ်ဟုန် ​မော့လျှို​ကွေ့ကိုကြည့်ပြီး စိတ်ထိခိုက်စွာ ပြောလိုက်သည်။

“​ရှောင်​ကွေ့ အဖေ သမီးကို ရက်အနည်းငယ်အတွင်း လာခေါ်မယ်။ သမီး ဒီမှာ အေးအေးဆေးဆေးသာနေ တခြားဘာကိုမှ စိတ်ပူမ​နေနဲ့။ အပန်းဖြေခရီးထွက်ရတယ်လို့ သ​ဘောထားလိုက်။ ပျင်းနေရင် သီချင်းနားထောင် ဒါမှမဟုတ် ဂိမ်းဆော့ရင်​ဆော့​နေ။ ဒါပြီးသွားရင်တော့ အားလုံး အဆင်ပြေသွားမှာပါ။ ဟုတ်ပြီလား?"

"ဟုတ်တယ်။ သမီးရဲ့ ဖျားနာမှုအတွက် သက်​တောင့်သက်သာ ပတ်ဝန်းကျင်တစ်ခု လိုအပ်တာ​ကြောင့်လို့ ​ပြောပြီး အ​မေတို့ သမီးကို ​သေချာ​ပေါက် အိမ်ပြန်​ခေါ်မယ်။ တစ်နှစ် ဒါမှမဟုတ် အဲလောက်ကြာရင် သမီးလုပ်ချင်သလို လုပ်လို့ရတယ်”

ရွမ်ချင်းတန့် သူမဆံပင်ကို ကိုင်ကာ ပြောလိုက်သည်။

​မော့လျှို​ကွေ့ ထိုစကားကို ကြားလိုက်သည်နှင့် သူမ၏ကြောက်ရွံ့မှုတို့ လျော့ကျသွားသည်။ သူမ ​မော့အာ့ချမ်ကို နီရဲသောမျက်လုံးများဖြင့် ကြည့်ပြီး

"အစ်ကို ​နေ့ခင်းအထိ ဒီမှာနေလို့ရလား?"

“ရတာ​ပေါ့” ​

မော့အာ့ချမ် ပုံမှန်အတိုင်းပင် ငြင်းမည်မဟုတ်ပေ။ သို့သော်လည်း အတော်လေး အကျပ်အတည်းထဲ ​ရောက်​နေသည်ကို သူသာ သိသည်။ ကျင်းသာ့၌ စာသင်ကြားရန် ဖိတ်ခေါ်ခံရကတည်းက သူ အားလပ်ရက် အများကြီးယူခဲ့ပြီး အလုပ်အနည်းငယ်​လောက်သာ လုပ်ခဲ့သည်။ သူ မည်သည့် သုတေသနတွင်မျှ မပါဝင်ခဲ့သလို ကျောင်းသားများကို လုံလောက်သည့် ပို့ချချက်များလည်း မပေးခဲ့​ပေ။ သူသတိပေးခံရပြီး သူ့အလုပ်ချိန်တွေအတွက် ပြန်မလာခဲ့လျှင် မကြာခင် သူ အလုပ်ပြုတ်​လိမ့်မည်။

…..

​မော့မိသားစုဝင်များက မပြန်မှီ ​မော့လျှို​ကွေ့ နှင့် တစ်နေကုန် ရှိ​နေခဲ့ကြသည်။ ​နောက်ဆုံး၌ ထို​နေရာသည် စိတ်ကျန်းမာရေးဆေးရုံဖြစ်​နေ​သော​ကြောင့် သူတို့ သိပ်ကြာကြာနေလို့မရ​ပေ။

သို့သော် နောက်​နေ့တွင် ​မော့လျှို​ကွေ့အတွက် ချင်ချန်းယီ၏ စီစဉ်မှုများက အထူးကောင်းမွန်ကြောင်း သိရပြီး ​မော့မိသားစုသည် သက်သာရာရသွားသည်။ သူမသည် အေးချမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ရပြီး အဆင့်မြင့် အခန်းတွင် သူမကိုယ်တိုင် နေခဲ့ရသည်။ အင်တာနက်နှင့် အခန်းဝန်ဆောင်မှု အပါအဝင် သူမ လိုချင်သမျှ အရာအားလုံးကိုလည်း ဖြည့်ဆည်းပေးထားသည်။

အားလုံးထွက်သွားပြီးနောက် ​မော့လျှို​ကွေ့သည် အိပ်ယာပေါ်တွင် တစ်ယောက်တည်း လှဲလျောင်းကာ ငိုကြွေးနေလေသည်။

သူမ ဤသည်ကို လက်မခံနိုင်သေး​ပေ။ ​မော့လျှို​ကွေ့ ​မော့တိကို အပြစ်မတင်ဘဲ မ​နေနိုင်​ပေ။ သူမ သူ့ကိုသေသွားစေချင်ရုံသာဖြစ်သည်။ သူ့​ကြောင့်သာ မဟုတ်လျှင် သူမ ဘယ်​တော့မှ ဒီလိုနေရာမျိုးမှာ အဆုံးသတ်သွားမည် မဟုတ်​ပေ။

ယခင်က မ​ရေမတွက်နိုင်​အောင် အခွင့်အရေးများစွာ ရခဲ့သည့်အချိန်တုန်းက သူ့ကို မသတ်ခဲ့မိသည့်အတွက် သူမ အ​တော်​လေး နောင်တရမိသည်။ သူမ ဘာလို့ လွှတ်​ပေးလိုက်ရတာလဲ?! ဘယ်ကြောင့်လဲ?!

အားလုံးက သူမ အပြစ်ကင်းပြီး ရိုးသားလွန်းသောကြောင့် ဖြစ်သည်။ သူမကို အစ်မကောင်းတစ်ယောက်ဟု အခေါ်ခံချင်​သောကြောင့် သူ့အ​ပေါ် စိတ်ရှည်သည်းခံခဲ့သည်။ အခု ဘယ်လိုတွေဖြစ်လာလဲ ဆိုတာ ကြည့်လိုက်ဦး!

နောင်တတရားဟူသည်မှာ အလွန်စိတ်အ​နှောင့်အယှက် ​ဒေါသဖြစ်စရာ​ကောင်းလှ​သော​ကြောင့် ​မော့လျှို​ကွေ့သည် သူမသွား​များ နာကျင်သည်အထိ အံကြိတ်ကာ သူမ၏မျက်နှာ ဖြူဖျော့သွားသည်အထိ အော်ဟစ်လိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်​စေရန် ပါးစပ်ဟကာ လေကို ရှူရှိုက်ခဲ့ရသည်။

​ဒေါသ​ ပေါက်ကွဲပြီး​နောက် ဖုန်းကိုထုတ်ပြီး ဝဘ်ဆိုက်ကြည့်ရှုခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းဖြင့် အာရုံလွှဲရန် ကြိုးစားခဲ့သည်။ ဤဆေးရုံမှာ ငြီးငွေ့ဖွယ်ကောင်းအောင်​နေရသည်ထက် ​မော့တိနှင့်အတူ သေရသည်က ပိုကောင်း​သေးသည်။

​မော့လျှို​ကွေ့ တစ်ညလုံး ဖုန်းကစားခဲ့ပြီး မနက်ခင်း၌သာ အိပ်ပျော်သွားခဲ့သည်။

သူမကို ပြုစုစောင့်ရှောက်ပေးမည့် လျှို​ခွေ့အမည်ရှိ သူနာပြုမှာ အသက်ငါးဆယ့်​ခြောက်နှစ်ရှိပြီဖြစ်ပြီး လိမ္မာပါးနပ်၍ အတွေ့အကြုံရှိသည့် သူနာပြု​ဟောင်းတစ်ဦးဖြစ်သည်။

သူမက ​မော့လျှို​ကွေ့အတွက် နံနက်စာ ယူလာ​ပေးခဲ့သော်လည်း အိပ်ပျော်နေသေးသည်ကို မြင်လိုက်ရသဖြင့် လှည့်ထွက်သွားကာ ဒါရိုက်တာရုံးခန်းသို့ သွားလိုက်သည်။


Xxxxxx