အပိုင်း ၁၆၅
Viewers 28k

Chapter 165



​မော့မိသားစု အပျော်စီးသင်္ဘောပေါ် တက်သွားပြီးနောက် သူတို့၏ခြေရာများကို မုထျန်းဟန် လုံးဝ ဖျက်စီးရှင်းလင်းခဲ့သည်။

ထိုဇိမ်ခံအပျော်စီးသင်္ဘော၏ မူလပိုင်ရှင်မှာ ဟောင်ကောင်၏ ထိပ်တန်းအချမ်းသာဆုံးငါးဦးထဲမှ တစ်ဦးဖြစ်သည့် ဝမ်​ကော​ချောင်ဖြစ်သည်။ သူက မုထျန်းဟန်နှင့် အလုပ်တွဲလုပ်ရန် အခွင့်အရေးကို အမြဲလိုချင်ခဲ့သော်လည်း မရခဲ့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်၌ မုထျန်းဟန် သူ့ကို အကူအညီတောင်းခဲ့ပြီး မယုံနိုင်လောက်စရာ အပေးအယူတစ်ခုကို ပြန်ပေးလာသည့်အခါ တစ်စက္ကန့်​ပင်မစဉ်းစားဘဲ သဘောတူခဲ့သည်။

မုထျန်းဟန် သူ့ကို ကြီးမားသည့် စီးပွားရေးလုပ်ငန်းကြီး သုံးခုနှင့် ကမ်းလှမ်းခဲ့ရုံသာမက ကျေးဇူးတင်မှုအ​နေဖြင့် ယွမ်တစ်ဘီလီယံကိုလည်း ကမ်းလှမ်းခဲ့သည်။

ဝမ်​ကော​ချောင်က ပိုက်ဆံ မပြတ်လပ်​သော်လည်း ယွမ်တစ်ဘီလီယံ ငွေသားကို သူ့လက်ထဲ လွှဲ​ပြောင်း​ပေးလာသည့်အခါ သူမငြင်းနိုင်​ပေ။ မုထျန်းဟန်က ကမ္ဘာ့အချမ်းသာဆုံး သုံးဦးထဲမှ တစ်ဦးဖြစ်ကြောင်း သူသိသော်လည်း ဤမျှရက်​ရောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့အပြင် မုထျန်းဟန်နှင့် စီးပွားရေးလုပ်လျှင် သူရရှိမည့် အမြတ်ငွေဖြစ်စေ နိုင်ငံတကာ ချိတ်ဆက်မှုများဖြစ်​စေ သူ့အတွက် အကျိုးရှိစေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် စိတ်အားထက်သန်စွာဖြင့် မော့မိသားစုဝင်များ လက်ရှိ ပိတ်​လှောင်ခံထားရသည့်​ တုန်ဖန့်​ကော​ဟောင် အပျော်စီးသင်္ဘောတစ်ခုလုံးကို မုထျန်းဟန်အား ချက်ခြင်း ပေးပစ်ခဲ့သည်။

အရာရှိ​ကျောက်နှင့် ပတ်သက်ပြီး သူက အမေရိကတွင် မုထျန်းဟန်၏ အိမ်ထိန်းဟောင်းဖြစ်ပြီး သူ အရွယ်အ​ရောက်လာသည်အထိ ပြုစု​စောင့်​ရှောက်ခဲ့ဖူး​သော အထူးစစ်သားတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ သူက အလွန်အားကိုးထိုက်သူဖြစ်ပြီး ဉာဏ်ရည်ထက်မြက်သူဖြစ်သည်။ သူ့အား ​မော့မိသားစုကို 'စောင့်ရှောက်' ရန် တောင်းဆိုခြင်းမှာ အသင့်တော်ဆုံး ဆုံးဖြတ်ချက်ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ အရာရှိ​ကျောက်က မုထျန်းဟန်အ​ပေါ် လုံးဝ သစ္စာရှိပြီး ယုံကြည်စိတ်ချရသည့် လူယုံတစ်ယောက်ဖြစ်သည်။ သူသည် မုထျန်းဟန်ကို သူ့သားကဲ့သို့ သ​ဘောထား ပြုစုခဲ့ပြီး သူ့လုပ်ရပ်တွေကို ဘယ်​သောအခါမှ သံသယမဝင်ဘဲ မုထျန်းဟန် တောင်းဆိုသည်များကိုသာ သစ္စာရှိရှိ လုပ်ဆောင်​ပေးနေခဲ့သည်။ သူက မုထျန်းဟန်၏ အယုံကြည်ရဆုံးလူယုံ ဖြစ်သည်။

သို့​သော်လည်း အရာရှိ​ကျောက် မမေးခဲ့လျှင်ပင် မုထျန်းဟန်က ​မော့မိသားစု၏ ယခုဘဝနှင့် အရင်ဘဝ၌ လုပ်ခဲ့သည့်အရာများကို ရှင်းပြနေ​ခဲ့သည်ပင်။ မှန်ပါသည်။ အချက်အလက်အချို့ကို​တော့ ဖုံးကွယ်ထားခဲ့သည်။

အရာရှိ​ကျောက် ဒေါသထွက်သွားပြီး ထိုနေ့၌ပင် ဟွာရှားသို့ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

အစဥ်အလာအရ အ၀တ်အစားများ အနည်းငယ် ပြောင်းလဲလိုက်ရုံဖြင့် သူသည် 'တုန်ဖန့်​ကော​ဟောင်' ၏ လက်ရှိခေါင်းဆောင်အရာရှိ ဖြစ်လာခဲ့သည်။

…..

​မော့မိသားစု၏ 'အကျဉ်းချခံရခြင်း' သုံးရက်မြောက်နေ့၌ မြို့တော်၏ အစွန်အဖျားတွင် နေထိုင်သော ​မော့လျှို​ကွေ့မှာ တစ်ခုခုမှားနေ​ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။

​မော့မိသားစုဝင် ဘယ်သူကမှ သူမကို သုံးရက်တိုင်တိုင် ဖုန်းခေါ်ဆိုခြင်း မပြုခဲ့​ပေ။ ထို့အပြင် သူတို့ထဲမှ တစ်ဦးကို ဖုန်းခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ ပထမအကြိမ်၌ ဖုန်းမြည်​သော်လည်း ဘယ်သူမှ ပြန်မ​ဖြေ​ဘဲ နောက်ပိုင်းတွင် လုံးဝဖုန်း​ခေါ်ဆို၍ မရ​တော့​ပေ။ ​တစ်ခုခု လွဲမှားနေသည်မှာ ​သေချာသည်။

​မော့လျှို​ကွေ့ ရုတ်တရက် ထိတ်လန့်စပြုလာသည်။

သူမကို ပြုစု​ပေးနေသည့် သူနာပြုဆရာမကို ဖမ်းဆွဲပြီး ဒါရိုက်တာနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။

​ပြောစရာ မလို​ပေ၊ လျှို​ခွေ့က သူမ၏တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။

​မော့လျှို​ကွေ့ အရှက်ခွဲခံခဲ့ရသည်။ အံ့ဩစရာ​ကောင်းသည်မှာ လျှို​ခွေ့က ​မော့လျှို​ကွေ့၏ ​တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ရုံသာမက သူမ၏လမ်းကိုလည်း ပိတ်ထားရဲ​သေးသည်။ ​ဒေါသထွက်စွာဖြင့် လျှို​ခွေ့ကို ပြင်းထန်စွာ ပါးရိုက်လိုက်သည်။

သို့​သော် ​မော့လျှို​ကွေ့ ဒုတိယအကြိမ် ပါးရိုက်တော့မည့် အချိန်တွင် လျှို​ခွေ့က သူမ၏လက်မောင်းကို တင်းကြပ်စွာ အသေဆုပ်ကိုင်ထားသည်။ ပိန်ပြီး အသက်ကြီး​နေသော်လည်း နှစ်​ပေါင်းများစွာ အလုပ်များ ပင်ပင်ပန်းပန်း လုပ်ခဲ့ရခြင်းက သူမအား ရုပ်ပိုင်းဆိုင်ရာ အလေ့အကျင့်ပေးခဲ့သည်ပင်။ ​မော့လျှို​ကွေ့ကဲ့သို့ အားနည်းသူတစ်ယောက်မှာ သူမ၏ပြိုင်ဘက်မဟုတ်ပေ။

သူမ ​မော့လျှို​ကွေ့အား စိတ်ရှည်သည်းခံ​စွာဖြင့်

“မစ္စ​မော့ မင်းက စိတ်မကျန်းမာတဲ့လူဖြစ်လို့ ငါ မင်းကို သည်းခံနိုင်ပေမယ့် မင်းက​တော့ ​ကောင်း​မွန်စွာ ပြုမူ​နေထိုင်ရမယ်​လေ။ မင်း ဒါရိုက်တာကို တွေ့ချင်ရင် မင်းရဲ့ရောဂါကို စစ်​ဆေးကြည့်ဖို့ တစ်မိနစ်အတွင်း သူ ဒီကို​ ရောက်လာလိမ့်မယ်"

"နင်ကမှ နေမကောင်းတဲ့သူ! နင်က အသက်ကြီးပြီး ရုပ်ဆိုးတဲ့စုန်းမအိုကြီး! နင်က ရူး​​နေတာ!"

​မော့လျှို​ကွေ့ ပိုပြီး စိတ်ပူပန်လာသည်။ ​မော့မိသားစုက ဘယ်သူနှင့်မျှ မဆက်သွယ်နိုင်လျှင် သူမကို ဤ​နေရာမှ မည်သူက ကယ်ထုတ်ပေးမည်နည်း။

သူမ ဒါရိုက်တာ​ကျောက်နှင့် ​တွေ့ရန်လိုအပ်သည်။ သူက ချင်ချန်းယီ စီစဉ်​ပေးထားခဲ့သည့် သူတစ်ယောက်ဖြစ်ပြီး သူမကို ကူညီ​ပေးရမည်ပင်။ မဟုတ်လျှင် ချင်ချန်းယီက သူ့ကို အပြစ်တင် ဆူပူကြိမ်း​မောင်း​ပေလိမ့်မည်။

သူသာ ထက်မြက်လျှင် ဘာလုပ်ရမည်ကို သိပါလိမ့်မည်။

​ကျောက်ချွမ်းလင်က အမှန်တကယ်ပင် ထက်မြက်သူဖြစ်သည်။ ထို့ကြောင့် သူက သင့်​တော်သည့်အချိန်တွင် လျှို​ခွေ့အား ​မော့လျှို​ကွေ့၏ မိုဘိုင်းလ်စက်များအားလုံးကို သိမ်းယူရန် အမိန့်ပေးခဲ့သည်။

သူ၏အဖြူရောင် ဆရာဝန်ကုတ်အင်္ကျီကိုဝတ်ဆင်ကာ ​မော့လျှို​ကွေ့အတွက် ယခင်က စစ်​ဆေးခဲ့သော ​ရောဂါရှာ​ဖွေခြင်း ဆေးမှတ်တမ်းကို ဖွင့်ပြီး သူမအတွက်ပြင်ဆင်ထားသော ကုသမှုများကို စတင်လုပ်​ဆောင်ခဲ့သည်။

လက်စားချေမှုမှာ ​မော့မိသားစုထံ သက်​ရောက်လာ​ပေပြီ။

အချို့က အကျဉ်းချခံခဲ့ရပြီး တစ်ဦးမှာ စိတ်ကျန်းမာရေးဆေးရုံတွင် ပိတ်လှောင်ခံထားရကာ ကျန်လူများမှာ ​မော့တိ ကြုံတွေ့ခဲ့ရသော နှိပ်စက်ခံရမှုများကို ပြန်လည်ခံစားရင်း အပျော်စီးသင်္ဘော​ပေါ်တွင် ရှိနေခဲ့သည်။

ချင်ချန်းယီနှင့် ပတ်သက်ပြီး သူ လက်ခံရရှိသည့် အပြစ်ဒဏ်မှာ လူသတ်မှုစွဲချက်ထက် ပိုမိုကြီး​လေး​သော ပြစ်ဒဏ်များလည်း ပါဝင်လာပြီဖြစ်သည်။ သူ၏ ယခင်ပြစ်မှုများအတွက် သက်​သေ အထောက်အထားများကိုလည်း ထုတ်ဖော်ခဲ့ခြင်း​ကြောင့် လွတ်ငြိမ်းခွင့်မပေးဘဲ ​ထောင်ဒဏ် အနှစ်နှစ်ဆယ်အထိ ချမှတ်ခံခဲ့ရသည်။

​ချင်ချန်းယီ၏ အမှုစစ်​ဆေးခြင်းကို ကြည့်ရှုရန် မော့တိ ကိုယ်တိုင်သွားခဲ့သည်။ သူ့လက်​မောင်းကို ထိန်းချုပ်ထားစဥ်တွင် သူ ​ဒေါသတကြီး အော်ဟစ်​နေသည်ကိုမြင်ပြီး ​မော့တိ မပြုံးဘဲ မ​နေနိုင်​ပေ။

မုထျန်းဟန် ​မော့တိကို ကြည့်ပြီး ဆံပင်ကို ပွတ်သပ်ပေးကာ

"ကိုယ်တို့ အိမ်ပြန်ကြ​တော့မလား?"

"အင်း!"

​မော့တိ၏ မျက်လုံး​လေးများ ​တောက်ပသွားပြီး ဘယ်ဘက်ပါးပြင်တွင် ပါးချိုင့်​သေး​သေး​လေး ပေါ်လာသည်။ သူ မုထျန်းဟန်၏လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

​မော့တိ လုံးဝ ​ပျော်ရွှင်နေ​သော်လည်း ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ တကယ့်အဖြစ်အပျက် မဟုတ်ဘဲ အိပ်မက်မက်​နေသည်ဟု အနည်းငယ် ခံစား​နေရ​သေးသည်။ သူ၏ ပြန်လည်မွေးဖွားခြင်းသည် မ​ကြာ​သေးမီကကဲ့သို့ ထင်ရပြီး ​မော့မိသားစုနှင့် ချင်ချန်းယီကို ​သေချာ​ပေါက် လက်စားချေရန် သစ္စာပြုခဲ့ခြင်းသည် သူ့စိတ်ထဲတွင် အသစ်ဖြစ်နေဆဲပင်။

ယခုမူ ထိုလူများသည် သူတို့နှင့်ထိုက်တန်သောအဆုံးသတ်ကို ရရှိသွားပြီဖြစ်သည်။

ချင်ချန်းယီ ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ခံလိုက်ရသောအခါ သူ့နှလုံးသားသည် ယခင်က တစ်ခါမှ မခံစားဖူးသည့် ပေါ့ပါးမှုမျိုးကို ခံစားခဲ့ရသည်။ သူ့နှလုံးသားအ​ပေါ် ဖိထားသည့် အလေးချိန်တစ်ခု နောက်ဆုံး၌ ပျောက်သွားသကဲ့သို့ပင်။

ယခုမှစ၍ သူ့အတိတ်ဘဝကို ​နောက်တစ်ကြိမ် ပြန်မတွေးတော့​ပေ။

နှိပ်စက်မှု၊ ညှဉ်းပန်းမှု၊ မတရားမှုနှင့် မျှော်လင့်ချက်အားလုံး ဆုံးရှုံးခဲ့ရသည့် ဘဝ၊ အားလုံးကို သူ့ခေါင်းထဲမှ ဖျက်ပစ်လိုက်​တော့​ပေမည်။

သူ၏ဘဝအသစ်ကို သူချစ်ရ​သောသူ၊ သူငယ်ချင်းများနှင့်အတူ ​ပျော်​ပျော်ရွှင်ရွှင် သက်​သောင့်သက်သာဖြင့် ​နေထိုင်သွား​မည်။ သူ့အသက်မွေးဝမ်းကြောင်းတွင် ပိုမိုမြင့်မားသော ​အောင်မြင်မှုများကို ရရှိစေရန် သူ့ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် လုပ်နိုင်သည်။

သူ တစ်ချိန်က ​မှောင်မည်း​သော ချောက်နက်ထဲသို့ ဆွဲချခံခဲ့ရသော်လည်း ယခု နောက်ဆုံး၌ အလင်းရောင်​အောက်သို့ ရောက်ရှိနေပြီဖြစ်သည်။

​ကောင်းကင်ဘုံ၏ ဥပ​ဒေအရ ​ကိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန်လာသည် ဆို​သော မော့တိ ခိုင်မြဲစွာ ယုံကြည်လာခဲ့သည့် ရှေးဆိုးရိုးစကားတစ်ခွန်းရှိသည်။

သို့​သော် ထိုအရာကို ​မော့လျှို​ကွေ့ ဘယ်​သောအခုမျှ လက်ခံနိုင်မည် မဟုတ်​ပေ။

သူမ၏ ဖုန်းနှင့် ကွန်ပျူတာကို သိမ်းသွားပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း နောက်ဆုံးတွင် ​မော့လျှို​ကွေ့ သဘောပေါက်သွားခဲ့သည်။ သူမ ​အလွန် ဒေါသထွက်​သော်လည်း မျှော်လင့်ချက်မရှိ​​တော့ပေ။ အခန်းကျဉ်းလေးထဲတွင် သော့ခတ်ခံထားရပြီး တခြားဘယ်ကိုမှ သွားခြင်း မပြု​တော့​ပေ။

နေ့တိုင်း သူမတွေ့ရသည့် တစ်ဦးတည်းသောသူသည် လျှို​ခွေ့ပင်။

​မော့လျှို​ကွေ့ လူတိုင်းကို ကျိန်ဆဲလိုက်သည်။ အရည်အချင်းမပြည့်မီသော ​မော့မိသားစုကို သူမ မုန်းတီးပြီး သူမကို အကူအညီ မ​ပေးနိုင်သည့် ချင်ချန်းယီကိုလည်း မုန်းတီးသော်လည်း သူမ အမုန်းဆုံးက ​မော့တိဖြစ်နေဆဲပင်။

သူမ စိတ်ထဲတွင် သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်နိုင်မည့် မရေမတွက်နိုင်​သော နည်းလမ်းတွေကို အမြဲတွေးနေခဲ့သည်။ ကြမ်းတမ်းသော အတွေးများက သူမခေါင်းအတွင်း ပြည့်နှက်သွားပြီး ရူးလုမတတ်ပင်။

ချင်ချန်းယီ ပြစ်ဒဏ်ကျခံရန် စေလွှတ်ခံရသည့်နေ့အထိ သူမ ခေါင်းထဲရှိ အတင်းအကြပ် ယုံကြည်ထားခဲ့သည့် အ​တွေးများ ကျိုးပျက်သွားခဲ့သည်။ သူမ အမြင်အာရုံ​တွေ ​မှောင်မည်းသွားပြီး မူးလဲသွားခဲ့သည်။

သူမ နိုးလာသောအခါ ​မော့လျှို​ကွေ့က ပြတင်းပေါက်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူမ၏မျက်နှာမှာ တဖြည်းဖြည်း မှုန်ကုပ်ကုပ် ဖြစ်သွားပြီး ဒေါသူပုန်ထကာ အခန်းတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲပစ်ပေါက်လိုက်သည်။

အရင်ဘဝမှ မှတ်ဥာဏ်များ အားလုံးကို သူမ ပြန်မှတ်မိလာခဲ့သည်။

သူမသည် ဤဇာတ်လမ်း၏ အမျိုးသမီး ဇာတ်ဆောင်ဖြစ်ရန် လိုအပ်သည်။ ဤကမ္ဘာ၏ ဇာတ်လမ်းထဲမှ အဓိကဇာတ်ဆောင်ဖြစ်ရမည်။

ထို့အပြင် ​မော့တိအနေဖြင့် ဘာကိုမျှ သိရန် မလိုအပ်​ပေ။ သူ ပြန်လည်မွေးဖွားလာသော်လည်း ဤကမ္ဘာက စာအုပ်ထဲ၌ ရှိနေသည်ကို သူ မသိသင့်ပေ။

အရေးကြီးဆုံးအချက်မှာ သူမက ဤကမ္ဘာမှ မဟုတ်​ပေ။ သူမက ကူးပြောင်းလာသူဖြစ်ပြီး systemတစ်ခုရှိသည်။

မည်သူ့ကိုမဆို ဆွဲဆောင်နိုင်သည့်အပြင် ချမ်းသာသောမိသားစုတွင် မွေးဖွားလာပြီး ဇာတ်​ကြောင်းကိုလည်း မှတ်မိနိုင်သည့် systemတစ်ခုဖြင့် ချိတ်ဆက်ထားသည့် ကူး​ပြောင်းလာသူပင်... ။ ဤအကျိုးကျေးဇူးများစွာဖြင့် သူမက အနိုင်ရရှိသူ၊ လူအများ အာရုံစိုက်ခံရသူ၊ ဤကမ္ဘာ၏ အခြေခံအုတ်မြစ်ဖြစ်သင့်သည်။

သူမကို လူတိုင်းက ချစ်ခင်နှစ်သက်ပြီး အလိုလိုက်ရန်အတွက် ရည်ရွယ်ခဲ့သည်။

ထို့အပြင် ထိုအရာက သူမအတိတ်ဘဝ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ဖြစ်ပျက်ခဲ့သော်လည်း နောက်ဆုံး၌ သူမ၏လှပ​နေသည့်ဘဝမှာ အရူးတစ်ယောက်၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။အရာအားလုံး ပျက်စီးသွားပြီ။

သူမအတွက် နောက်ထပ် ဘဝတစ်ခုရရန် ခက်ခဲ​သော်လည်း ဤဘဝက အဆပေါင်းများစွာ ဆိုးရွားခဲ့သည်။

​မော့လျှို​ကွေ့ အမုန်းတရား​ကြောင့် အသက်ရှူကျပ်လုနီးပါးဖြစ်သွားသည်။

မူလတွင် သူမက သာမန်ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်ရှင်​နေထိုင်ရန် ​နေ့​ရောညပါ အလုပ်လုပ်​နေရသူ ဖြစ်သည်။ ကံ​ကောင်း​ထောက်မစွာ systemတစ်ခုနှင့် ချိတ်ဆက်မိပြီး သူမ လုံးဝ မုန်းတီးသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ​ခေါ်​ဆောင်သွားခြင်းခံရသည်။

ထိုဝတ္ထုက အဓိက ဇာတ်​ဆောင်ဖြစ်သည့် သူမမောင်​လေးနှင့် မုထျန်းဟန်တို့၏ ​ယောက်ျား​လေးအချစ်ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ အဓိကဇာတ်​ကြောင်းက ဂိမ်းများနှင့် အသက်မွေးဝမ်းကျောင်းဖန်တီးမှုအကြောင်းဖြစ်သောကြောင့် ဝတ္ထုမှာ ရေပန်းစားလာပြီး တီဗီစီးရီးအဖြစ် ပြောင်းလဲရိုက်ကူးလာခဲ့သည်။ ကာမဆက်ဆံသည့် ဇာတ်ဝင်ခန်းများ မပါရှိ​သော်လည်း ထိုဇာတ်လမ်းတွဲက လိင်တူချစ်သူစုံတွဲကို သရုပ်​ဖော်သည့် ပထမဆုံး ထုတ်လွှင့်သည့် စီးရီးဖြစ်လာသည်။

၎င်းက စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။

ထိုကဲ့သို့ ရွံ့စရာကောင်း​သော ဆက်ဆံရေးမျိုးက ဘယ်လိုလုပ် နာမည်ကြီးလာရသည်လဲ။ ထိုအရာကို ရုပ်မြင်သံကြာမှ ထုတ်လွှင့်ရန် သူတို့ ဘယ်လို​တောင် စဥ်းစားနိုင်ရသည်လဲ။

တကယ်ကို သူမအတွက် ရွံ့စရာ​ကောင်းသည်။

သို့​သော် သူမ ထိုဝတ္ထုထဲသို့ ကူးပြောင်းသွားပြီး systemတစ်ခုနှင့် ချတ်ဆက်မိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့​ပေ။

ထိုsystemက ရိုးရှင်းပြီး အံ့သြစရာကောင်းသည်။ ၎င်းက လူများကို မြင်မြင်ချင်းပင် ညှို့ယူဖမ်းစားနိုင်ရုံသာမက လိင်တူဆက်ဆံခြင်းအပေါ် သူမရွံမုန်းသကဲ့သို့ တူညီသည့်ရွံရှာမှုများကိုလည်း မျှဝေခဲ့သည်။

သူမ systemကို အလွန်သ​ဘောကျနှစ်သက်သည်။ ၎င်းက သူမ စိတ်ကူးထက် ကျော်လွန်သော စွမ်းရည်များ ရှိပြီး သူမ အ​မေ ဗိုက်ထဲ၌ရှိစဉ်ကတည်းက ကြီးကျယ်မြင့်မြတ်​ခြင်း အရှိန်အဝါ အ​မြောက်အများကို ​သူမအတွက် ​ပေးအပ်ချီးမြှင့်ထားခဲ့သည်။

သူမ ကြီးပြင်းလာပြီး သူမ ပတ်ဝန်းကျင်ရှိ လူများ၏ ချစ်ခင်မှုကို ပိုရလာလေ systemက ပိုအားကောင်းလာ​ပြီး သာမန်လူထုကို ညှို့ယူဖမ်းစားနိုင်သည့် စွမ်းရည်များ ပိုတိုးလာလေဖြစ်သည်။

တစ်ဖက်တွင်မူ ​မော့တိက လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သူ့ဘဝက ဒုက္ခများနှင့် ပြည့်နေသည်။ သို့သော် ထိုအရာမှာ သူနှင့်ထိုက်တန်သည်ဟု ​မော့လျှို​ကွေ့ ယုံကြည်ခဲ့သည်။ သူ၏လိင်တူကြိုက်နှစ်သက်မှုက မှားယွင်း​နေခဲ့ပြီး သူ၏ဘဝ ဆိုးရွား​နေခြင်းက အပြစ်ဖြေခြင်းပင်ဖြစ်သည်။

ထို့ထက် ပိုအရေးကြီးသည်မှာ ​မော့တိသည် သူမ၏အရှိန်အဝါနှင့် systemအား ခုခံနိုင်စွမ်းရှိပြီး သူက လူကောင်းမဖြစ်နိုင်ပေ။ နောက်ပိုင်း၌ သူက ​မော့မိသားစုနှင့် ဝေးရာသို့ ထွက်ပြေးရဲ​သေးသည်။ လိင်တူကြိုက်နှစ်သက်မှုကို စွန့်လွှတ်ပြီးကတည်းက သူ့ကို လွှတ်ထားရန် စီစဉ်ခဲ့​သော်လည်း သူမ၏ကြင်နာမှုကို ငြင်းဆန်ရဲပြီး သူမကို​တောင် တွန်း​ထုတ်ခဲ့သည်။


Xxxxxxxx