Chapter 166
မော့လျှိုကွေ့ ထိုအရာကို ရှင်းလင်းစွာ နားမလည်သော်လည်း သူမစိတ်တွေ ကမောက်ကမ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ အလွန်အမင်းချီးမွမ်းမှု၊ အဂတိလိုက်စားမှု၊ ဘက်လိုက်မှုနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော အလိုလိုက်မှုတို့မှာ သူမခံယူရမည့်အရာဖြစ်ကြောင်း စိတ်ထဲ၌ ပြောင်းလဲ မှတ်ယူလာခဲ့သည်။
အမှန်တကယ်၌ သူမက ကိုယ်တိုင်ဖန်တီးထားသည့် အလိမ်အညာ ကမ္ဘာကြီးတွင် နေထိုင်နေရသည်။
သူမ၏ လှပသောအတိတ်ဘဝကို တွေးတောနေစဥ် သူမ မင်္ဂလာဆောင်သည့်နေ့၏ အမှတ်တရများကို ပြန်အမှတ်ရလာသည်။ ရာစုနှစ်တစ်ခုစာ ခမ်းနားပြီး စိတ်ကူးယဥ်ဆန်သည့် မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့သည်။ ဟွာရှားတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးတွင် ထိုမင်္ဂလာပွဲကို ထုတ်လွှင့်နေခဲ့ပြီး သူမကို ဂုဏ်ပြုပေးခဲ့ကြသည်။
ထိုနေ့က မော့တိ သေဆုံးသည့်နေ့လည်း ဖြစ်သည်။
ဝတ္ထု၏ ဇာတ်ဆောင် မော့တိ မရှိတော့သောကြောင့် systemမှ ဤကမ္ဘာကို ပြောင်းလဲရန်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ထွက်သွားရန် အချိန်တန်ပေပြီ။ ထိုအချိန်တွင် systemက သူမ လာခဲ့သည့် မူလကမ္ဘာသို့ ပြန်ချင်လား သို့မဟုတ် အသက်ကြီးသည်အထိ ဤနေရာတွင် ဆက်နေချင်လားဟု မော့လျှိုကွေ့ကို မေးလာခဲ့သည်။
သူမက တစ်စက္ကန့်မျှမတွေးဘဲ နောက်အချက်ကို ရွေးချယ်ခဲ့သည်။
ရယ်စရာကောင်းသည်ပင်။ သူမကို ချစ်ခင်နှစ်သက်သူတွေ မရေမတွက်နိုင်အောင် များပြားပြီး သူမ ဘဝမှာ လှနိုင်သမျှ လှပနေခဲ့သည်။ အရူးတစ်ယောက်သာလျှင် ပြန်သွားရန် ရွေးချယ်ပေလိမ့်မည်။
systemက သူမ ထိုသို့ဖြေမည်ကို မျှော်မှန်းထားသောကြောင့် ချက်ချင်းပျောက်သွားသည်။
ထို့နောက် သူမကို ချစ်မြတ်နိုးပြီး အလိုလိုက်ကြသည့် မရေမတွက်နိုင်သော လူများနှင့်အတူ သူမ၏ဘဝက ပြီးပြည့်စုံနေခဲ့သည်။
သူမ အသက်လေးဆယ်အထိပင်...
သူမ ရသစုံရှိုးပွဲတစ်ခု၏ ရိုက်ကွင်းသို့ သွားနေစဥ် အရူးတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အကြောင်း ပြန်သတိရမိသည်! သူမ၏ဗိုက်ကို ဓားဖြင့် အထိုးခံရသောကြောင့် သူမမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ဘာကိုမျှ မမြင်ရတော့ပေ!
နောက်ထပ်မှတ်ဥာဏ်တစ်ခုက သူမဘယ်သောအခါမျှ ပြန်မမှတ်မိချင်သည့် မြင်ကွင်းတစ်ခုပင်။ မော့၊ ချင်နှင့် ယဲ့မိသားစုအားလုံး အဆုံးသတ်သွားချိန်တွင် သူမက ဆေးရုံခုတင်ပေါ်တွင် အဆက်မပြတ် ဝေဒနာ ခံစားနေရသည်။ သူမကို အမြဲကာကွယ်ပေးခဲ့သည့် ချင်ချန်းယီနှင့် ယဲ့ချန်းဖုန်တို့သည် ထောင်ထဲသို့ ရောက်သွားခဲ့ကြသည်။ မော့မိသားစုနှင့်အတူ သူတို့၏မိသားစုများသည် နေ့ချင်းညချင်း ပြိုလဲသွားခဲ့ကြပြီး သူတို့၏ ကြွယ်ဝချမ်းသာမှုသည်လည်း လုံးဝမရှိလောက်အောင်ပင် လျော့နည်းလာသည်။
ကမ္ဘာကြီးသည် ရုတ်တရက် ပြိုလဲသွားသကဲ့သို့ ထင်ရပြီး သူမ၌ ဘာမှမကျန်ရှိတော့ပေ။
နောက်ဆုံးတွင် သူမက ဒုတိယအဒေါ်၏ မီးလောင်တိုက်သွင်းခြင်းကို ခံခဲ့ရပြီး ထိုကဲ့သို့ပင် သူမ၏ဘဝ နိဂုံးချုပ်သွားခဲ့သည်။
မှတ်ဥာဏ်များအားလုံး ပြန်မှတ်မိလာသည်။ မော့လျှိုကွေ့ သူမ၏ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
ထိုအရာကို သူမ လက်မခံပေ။ သူမ၏ အရင်ဘဝက ဘာကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်လဲ။ အဘယ်ကြောင့်လဲ။
ထို့အပြင် ယခုဘဝ၌ သူမ၏ကျဆုံးမှုက အရင်ကထက်ပင် စောသေးသည်။
သူမအရှိန်အဝါ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဆိုလိုတာမလား။ ဒီsystenက အလိမ်အညာပဲ။
မော့လျှိုကွေ့ သူမ၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ရိုးရှင်းစွာ လက်မခံနိုင်ခဲ့ပေ။ ဒေါသက သူမ၏ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားပြီး အခန်းတွင်းရှိ အရာအားလုံးကို ဒေါသတကြီး ဖျက်ဆီးပစ်သည်။
စိတ်ဝေဒနာရှင် တစ်ယောက်ကဲ့သို့ပင်။
သို့သော် မော့လျှိုကွေ့ပြောသည့်ထဲတွင် အချက်တစ်ချက်တော့ မှန်ပေသည်။
မော့တိက သူနေထိုင်သည့် ဝတ္ထုအကြောင်း မသိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ဖတ်ခဲ့သောဝတ္ထုမှာ မူလကမ္ဘာတွင် မော့လျှိုကွေ့ဖတ်ခဲ့သောဝတ္ထုနှင့် မတူသောကြောင့်ဖြစ်သည်။ ထိုဝတ္ထုက သူမနှင့် system၏ဖျက်လိုဖျက်စီးလုပ်မှုကြောင့် 'လူတိုင်း ငါ့အတွက် ရူးသွပ်ရမယ်' ဟူသော ခေါင်းစဉ်အောက်တွင် လုံးဝခြားနားသောဝတ္ထုအဖြစ် ပြောင်းလဲသွားသည့်ဝတ္ထုဖြစ်သည်။ system၏ စုဆောင်းထားသော စွမ်းအားဖြင့် ဤဝတ္ထုက မော့လျှိုကွေ့ လာခဲ့သည့် မူလကမ္ဘာမဟုတ်ဘဲ အခြားကမ္ဘာတစ်ခုရှိ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။
မယ်ရီဆူးဇာတ်ကောင်၏ ဆွဲဆောင်မှုဖြင့် မော့လျှိုကွေ့နှင့် အတွေးတူသည့် စာဖတ်သူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် လူအတော်များများက ဝတ္ထုကို နှစ်သက်ကြသော်လည်း၊ ၎င်းကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာသူများကပိုများသည်။ သူတို့က မော့တိကို ခြေနင်းကျောက်အဖြစ် အသုံးချခဲ့သည့် အမျိုးသမီးခေါင်းဆောင်နှင့် အခြေခံအကျဆုံး တွေးခေါ်မှုကင်းမဲ့သောသူမ၏ နောက်လိုက်များကို ရွံရှာခဲ့ကြသည်။
သူတို့က အဓိကကွန်ရက်ဆိုက်များပေါ်တွင် သူတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ဆုံးတွင် ပရိတ်သတ်များ စိတ်ကူးယဉ် ရေးသားထားသည့်ဝတ္ထုပုံစံနှင့် ထောက်ခံမှုများစွာရရှိခဲ့သည်။ တော်တော်များများက မော့တိအတွက် မတူညီသည့်အဆုံးသတ်ကို လိုချင်ကြသည်။
ထိုအယူအဆကို လူအများ ထောက်ခံလာသည်နှင့်အမျှ စိတ်ကူးယဉ်ဇာတ်လမ်းများက ပိုမိုရေပန်းစားလာပြီး နောက်ဆုံးတွင် ဤလှုပ်ရှားမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် နာမည်ကြီး ကျော်ကြားသူများ၏ ချီးကျူးမှုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ ထိုဝတ္ထုကို ရေးပြီး ထောက်ခံလာသည်နှင့်အမျှ ထိုစာအုပ်၏ မူရင်းအသိစိတ်ကို နိုးထလာစေရန် အားကောင်းလာခဲ့သည်။
ထိုအသိစိတ်က မုထျန်းဟန် သိမ်းဆည်းထားသည့် မေတ္တာ၏ သိမ်းသွင်းစုပ်ယူခြင်းခံရပြီး မော့တိအတွက် အမျိုးမျိုးသော ချစ်ခြင်းမေတ္တာအဖြစ်ပြောင်းလဲသွားသည်။ နောက်ဆုံး၌...
ထိုအချက်က မော့တိ ဒုတိယအကြိမ်ပြန်လည်မွေးဖွားနိုင်လောက်အောင် သန်မာပြင်းထန်ခဲ့သည်။
...........
မော့လျှိုကွေ့၏ မှတ်ဥာဏ်များ လုံးဝ ပြန်ရလာပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် မော့လျှိုကွေ့နှင့် system ရှုပ်ထွေးအောင်ပြုလုပ်ခဲ့သော ကမ္ဘာကြီးသည် ၎င်း၏ မူလလမ်းကြောင်းသို့ ပြန်ရောက်ရှိသွားခဲ့ပြီး ဤကမ္ဘာ၏ စစ်မှန်သော အသိစိတ်မှာ အပြည့်အဝ ပြန်လည်အသက်ဝင်လာခဲ့သည်။
ပုံမှန်ကမ္ဘာကြီးက မော့တိကို ပြန်လည်အသက်သွင်းနိုင်ခဲ့သော်လည်း ရှုပ်ထွေးနေသော ကမ္ဘာ၏အသိစိတ်မှာ သူ၏ စွမ်းအားကို ကာကွယ်ဟန့်တားနေဆဲပင်။ ယခုအချိန်မှသာလျှင် အပြည့်အဝ ပြန်လည်ရရှိလာပေပြီ။
မော့လျှိုကွေ့ သူမအခန်းထဲရှိ ပစ္စည်းများကို ဖျက်စီးရန် အလုပ်ရှုပ်နေချိန်တွင် သူမအရှိန်အဝါ၏ လွှမ်းမိုးမှုအောက် ညှို့ယူဖမ်းစားခံထားရသော လူများက တစ်ယောက်ပြီးတစ်ယောက် အသိဥာဏ်ပြန်ရလာကြသည်။
မော့လျှိုကွေ့ လုပ်ခဲ့သည့်အကြောင်း၊ သူမသည် ကူးပြောင်းလာသူဖြစ်ပြီး စနစ်တစ်ခုရှိကြောင်းနှင့် သူတို့၏ အတိတ်ဘဝများအကြောင်းကို မသိခဲ့ကြသော်လည်း သူတို့၏ပုံမှန်စဥ်းစားတွေးခေါ်နိုင်သည့်အစွမ်းကိုတော့ ပြန်ရရှိလာခဲ့သည်။
ထောင်ထဲ၌ရှိနေသည့် ချင်ချန်းယီ၏ မျက်နှာမှာ စက်ဆုပ်ဖွယ်ရာများ စားရသည့်အတိုင်း ရွံစရာကောင်းလှသည်။
သူ မော့လျှိုကွေ့အပေါ် ရူးသွပ်ခဲ့သော်လည်း သူ့ပင်ကိုယ် သဘောသဘာဝသည် ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေနှင့် လူ့အသက်များကိုလည်း ဂရုမစိုက်ခဲ့ပေ။ သူ ကျိန်စာတိုက်ခံရသကဲ့သို့ မော့လျှိုကွေ့အတွက် သူလုပ်ခဲ့သမျှအားလုံးကို ပြန်တွေးကြည့်လျှင် သူ သူမကို သေချာပေါက် စုတ်ဖြဲပစ်ချင်နေလိမ့်မည်။
ထိုတန်းဖိုးမရှိသည့် မိန်းမသည် သူ့အပေါ် ကျန်းထုန်ကို အသုံးပြုခဲ့ခြင်းဖြစ်ရမည်။
(ကျန်းထုန် - မှော်အတတ်၊ စုန်းအတတ်)
ချင်ချန်းယီ သူ့အချုပ်ခန်း၏ သတ္တုလက်ရန်းများကို မခံမရပ်နိုင်စွာ ဒေါသတကြီး ကန်ထုတ်လိုက်သည်။ ကံမကောင်းစွာပင် ထိုဆူညံသံက တခြားအကျဉ်းသားများဖြစ်သည့် စာနာစိတ်ကင်းမဲ့သော စိတ်ဝေဒနာရှင် လူသတ်သမားများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သူတို့သည် ချင်ချန်းယီကို ဝိုင်းဖွဲ့ကာ မညှာမတာ ရိုက်နှက်ဆုံးမခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ အချုပ်ခန်းတွင် မုထျန်းဟန်မှ သနားကြင်နာစွာ ပံ့ပိုးပေးထားသည့် 'အထူးအခွင့်အရေးများ'ကို ပေးအပ်ထားခြင်းခံရသောကြောင့်ဖြစ်သည်။ မုထျန်းဟန်၏ အခကြေးငွေပေးထားမှုကြောင့် အစောင့်များနှင့် အကျဉ်းသားများသည်လည်း မလှုပ်ရှားရဲပေ။
ချင်ချန်းယီ သူ့မျက်နှာတစ်ပြင်လုံးတွင် သွေးများစီးကျနေပြီး မျက်လုံးများမှာလည်း ဒေါသကြောင့် တောက်လောင်နေသည်။ မုထျန်းဟန်နှင့် မော့တိကို သတ်ပစ်ချင်သကဲ့သို့ ဒီလူတွေကိုလည်း သတ်ပစ်ချင်သည်။
သူ့ကို သူမကျိန်စာအောက်၌ ချုပ်ထားခဲ့သည့် ခွေးမကိုလည်း သူ မုန်းသည်။ သို့သော် သူ အမုန်းဆုံးလူများကမူ မုထျန်းဟန်နှင့် မော့တိ ဖြစ်နေတုန်းပင်။
ချင်ချန်းယီ သူတို့အားလုံးကို လူသားအသားချောင်းများအဖြစ် ပြုလုပ်ပစ်ချင်ပြီး မော့လျှိုကွေ့က ထိုစာရင်း၏ ထိပ်ဆုံး၌ ပါဝင်ခဲ့သည်။
ချင်ချန်းယီ သူမကို မုန်းတီးလာသည်ကို စိတ်ကျန်းမာရေးဆေးရုံရှိ မော့လျှိုကွေ့ မသိခြင်းမှာ ရယ်စရာကောင်းလှသည်။ သူမ ရှုံးနိမ့်မှုအတွက် သူ့ကို အပြစ်ပေးရန် နည်းလမ်းများပင် စီစဉ်နေပြီး သေချာပေါက် သူမ စာနာသနားနေမည် မဟုတ်ပေ။
အမှန်တကယ်ကို မော့လျှိုကွေ့ အိပ်မက်မက်နေသည်ဟု ဆိုရမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မော့မိသားစုသည်လည်း ရုတ်တရက် မူလပုံစံ ပြောင်းသွားသည်ကို ခံစားခဲ့ရသည်။
မော့လျှိုကွေ့၏ အမေဖြစ်သည့် ရွမ်ချင်းတန့်က သူမသမီးကို အမှန်တကယ် ချစ်မြတ်နိုးခဲ့သည်။ ဤနှစ်တွေအကုန်လုံးတွင် သူမအပေါ်ပေးခဲ့သည့် ချစ်ခြင်းမေတ္တာသည် အပေါ်ယံမဟုတ်ခဲ့ပေ။ အကြီးဆုံးနှင့် ဒုတိယအဒေါ်များ မော့လျှိုကွေ့ကို ကျိန်ဆဲနေချိန်၌ပင် သူမ၏ ချစ်လှစွာသော သမီးလေးက အပြစ်မရှိကြောင်း အခိုင်အမာပြောဆိုနေသေးသည်။
မော့တိနှင့်ပတ်သက်၍ သူ့အပေါ် ထိုကဲ့သို့ ဆက်ဆံခဲ့မိသည့်အတွက် သူမ အနည်းငယ် နောင်တရနေခဲ့သည်။ နောက်ဆုံး၌ သူသည်လည်း သူမ၏သွေးသားပင်။ သို့သော် ရွမ်ချင်းတန့်က မော့လျှိုကွေ့ကို တစ်ကိုယ်ကောင်းဆန်ပြီး အမုန်းအာဃာတဖြင့် ပြုစုပျိုးထောင်ထားခဲ့ခြင်းကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူမ မော့တိအပေါ် အပြစ်ရှိစိတ် မဖြစ်မိပေ။ ယခု သူမဘဝမှာ အသက်ရှင်လျှက်ဖြင့် ငရဲကျခံနေရတော့မည်။ ထိုအရာအားလုံးက မုထျန်းဟန်နှင့် မော့တိတို့၏ ကျေးဇူးများကြောင့် မဟုတ်ပေလော။ ထို့ကြောင့် သူ့အပေါ် ပိုကောင်းအောင် ဆက်ဆံသင့်သည်ဟု နောင်တရနေမည့်အစား သူ့အမေ၏ဘဝကို သနားကြင်နာမှုကင်းစွာ ဖျက်ဆီးနိုင်သည့် အကြင်နာတရားကင်းမဲ့သော သားရဲတစ်ကောင်ဖြစ်နေခြင်းအတွက် သူ့ကို မုန်းတီးသည်။
မော့ရှစ်ဟုန်သည်လည်း ထိုနည်းတူစွာပင်။ မော့တိကို ထိုကဲ့သို့ မဆက်ဆံသင့်ကြောင်း သူနားလည်သော်လည်း သူ့ကိုမမုန်းဘဲ မနေနိုင်သေးပေ။ သူ့၌ ဖခင်တစ်ယောက်အနေဖြင့် မော့တိနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှု မရှိခဲ့သည့်အပြင် သူ့ကိုယ်သူထက် မော့တိသည်အရေးမကြီးဟုသာ မြင်ခဲ့သည်။
သို့သော် ရွမ်ချင်းတန့်နှင့် နှိုင်းယှဉ်လျှင် မော့လျှိုကွေ့အတွက် မော့ရှစ်ဟုန်၏ချစ်ခြင်းမေတ္တာမှာ အခုအခါ လျော့နည်းသွားပေပြီ။ သူ တစ်ချိန်က အလိုလိုက်ကာ ချစ်ပေးခဲ့သော သမီးကို စတင်ပြီး မုန်းစပြုလာခဲ့သည်။
ဒုတိယအဒေါ်၊ တခြားသူများနှင့်ပတ်သက်၍ သူတို့က မော့လျှိုကွေ့ကို အရှင်လတ်လတ် အရေခွံဆုတ်ရန် မစောင့်နိုင်တော့ပေ။ ယခုအချိန်တွင် သူတို့အတွက် သူမက သူတို့အား ငရဲသို့ သွားရန် ခိုင်းစေနေသော စုန်းမတစ်ဦးပင်ဖြစ်သည်။
ဤလူများက သူတို့၏ ခန္ဓာကိုယ်ရှိ အမျှင်ဓာတ်တိုင်းနှင့်အညီ မော့တိကို မုန်းတီးခဲ့ကြသော်လည်း ယခုအခါ ထိုရာထူးက မော့လျှိုကွေ့အတွက် ဖြစ်သွားသည်။ မော့တိကို နှိပ်စက်ခဲ့သည့်အတွက် နောင်တရသော်လည်း သူတို့ကို ဒုက္ခရောက်အောင်လုပ်သည့်အတွက် သူ့ကို မုန်းနေတုန်းပင်။
သူတို့ထဲတွင် မော့စန်းကျစ် တစ်ဦးတည်းသာ သူ၏တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး နာကျင်သည့် အရိပ်အယောင်များ မပြခဲ့ပေ။ ဤနှစ်များအားလုံးအတွင်းတွင် သူမကိုကာကွယ်ရန် သူနှင့် သူ့ညီအစ်ကိုတွေ အပြစ်တင်ခံနေရပြီး မော့လျှိုကွေ့နှင့် မော့တိတို့ကို သူ့အမေ ကျိန်ဆဲပြီး ညစ်ညမ်းသောစကားများနှင့် ဆဲဆိုနေချိန်တွင်ပင် သူ့အမူအရာက ပြောင်းလဲခြင်းမရှိခဲ့ပေ။
သူ အစောင့်များထံ တိတ်တဆိတ်သွားပြီး တစ်နေ့တာအတွက် နောက်ထပ်အလုပ်အချို့ကို ပြီးမြောက်အောင် လုပ်ချင်ကြောင်း ပြောခဲ့သည်။
မော့စန်းကျစ်သည်လည်း အတိတ်ဘဝမှ သူ့မှတ်ဥာဏ်များကို ပြန်လည်ရရှိခဲ့သည့် တစ်ဦးတည်းသောလူသားဟု ထင်ရသည်။
ထို့ကြောင့် မော့တိကို စော်ကားနေသည့် သူ့မိဘများနှင့် လူကြီးများကို ကြည့်ပြီး သူတို့အပေါ် မျှဝေမခံစား ပေးနိုင်ခဲ့ပေ။ မော့တိနှင့်ပတ်သက်ပြီး သူ စာနာသနားကာ နောင်တရရုံမျှသာဖြစ်ပြီး အမုန်းတရားဟူသည် မရှိသလောက်ပင်။
သူ့အတိတ်ဘဝ၏ နှောင်းပိုင်းမှတ်ဥာဏ်များနှင့် မော့တိ မည်သို့ ခံစားခဲ့ရပုံကို သူ ရှင်းရှင်းလင်းလင်း မှတ်မိပါသေးသည်။ သူတို့ ကြုံတွေ့ခဲ့ရသည့် အရာများထက် အဆပေါင်းများစွာ ပိုနာကျင်ခဲ့ရပါသည်။ ထို့အပြင် သူ့အပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို မျှဝေခံစားပေးမည့်သူလည်း မရှိသလို ရွေးချယ်ပိုင်ခွင့်လည်း မရှိခဲ့ပေ။
မိသားစုတစ်စုလုံး ညစာစားပွဲသို့ ရောက်လာကြပြီး မော့တိကို မည်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်မည့် အစီအစဉ်အကြောင်း ဆွေးနွေးနေခဲ့သည်ကို သူ ယောင်ဝါးဝါး မှတ်မိပါသည်။ သူတို့ မော့တိကို 'စိတ်ကူးစိတ်သန်းကောင်းသည့်' နည်းလမ်းများဖြင့် မည်ကဲ့သို့ သင်ခန်းစာပေးဆုံးမမည့်အကြောင်း ကြွားဝါပြောဆိုရင်း စားသောက်ခဲ့ကြသည်။
ထို့ကြောင့် သူတို့ထဲမှ မည်သူကမျှ အပြစ်မကင်းပေ။
သူတို့၏ ဆင်းရဲဒုက္ခအားလုံးက တရားမျှတပြီး ထိုက်တန်ကြောင်း မော့စန်းကျစ် သိပေသည်။ လက်စားချေခံရသည် ဟုပြောမည်ထက် သူတို့သည် သူတို့၏ အပြစ်ဒဏ်ကို လက်ခံရရှိသည်ဟု ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။
နောက်ဆုံး၌ သူ့ညီမက အရင်ဘဝနှင့်ပတ်သက်သည့် အထောက်အထားများကို ဗီဒီယိုထဲတွင် ပြောခဲ့သည် မဟုတ်ပါလော။ သူမအနေဖြင့် သူမ၏မှတ်ဥာဏ်များကို ပြန်လည်ရရှိသည်မှာ ဖြစ်နိုင်ချေရှိသည်... ထို့ကြောင့် မော့တိသည်လည်း အလားတူဖြစ်နိုင်သည်။
ဤသို့မဟုတ်လျှင် ယခုကဲ့သို့ ကွာခြားချက်ကြီးမားသည့် ရလဒ်မျိုး မည်ကဲ့သို့ရှိလာနိုင်မည်နည်း။
မန္တာန်ကို ရုတ်သိမ်းလိုက်သောကြောင့် ဖြစ်နိုင်သည်။ မော့တိနှင့်ပတ်သက်သည့် မှတ်ဉာဏ်များသည် သူ့စိတ်ထဲတွင် ပိုမိုရှင်းလင်းလာသည်။
သူ သူတို့၏ ငယ်ဘဝအကြောင်းကို မကြာခဏ သတိရမိသည်။ တကယ်တမ်းတွင် မော့တိက အမြဲနာခံတတ်သည့် ညီငယ်လေးတစ်ယောက်ပင်။ သူ ငယ်ငယ်တုန်းက ခြေထောက်တိုတိုလေးများဖြင့် သူတို့နောက်မှ တကောက်ကောက်လိုက်တတ်သည်။ အဘယ်ကြောင့်ဆိုသော် သူမွေးသည့်နေ့မှစ၍ စက်ဆုပ်ဖွယ်ကောင်းဟု သတ်မှတ်ခြင်းခံရသောကြောင့် သူ့ကို လက်ခံပေးလာစေရန် အမြဲဆန္ဒရှိခဲ့သည်။ သူတို့ကျေနပ်နှစ်သက်စေရန် မျှော်လင့်ချက်ဖြင့် လက်ဆောင်များဝယ်ရန် ခက်ခက်ခဲခဲရရှိထားသော မုန့်ဖိုးများကို သူ မကြာခဏ အသုံးပြုလေ့ရှိသည်။ မကြာခဏဆိုသလို သူတို့အား အချိုရည်နှင့် အစားအသောက်များကိုလည်း ခြွင်းချက်မရှိ ကျွေးမွေးလေ့ရှိသည်။ သူ့မူကြိုမှ ဟာသတစ်ခုကိုကြားရတိုင်း ရတနာလို သဘောထားပြီး သူတို့ကို ရယ်ရအောင် ကြိုးစားခဲ့သည်။
သို့သော် သူတို့ ထိုညီငယ်လေးကို မည်ကဲ့သို့ ဆက်ဆံခဲ့သနည်း။
သူတို့ သူ့ကို ကန်ကျောက်ပြီး ထွက်သွားရန် ပြောဆိုခဲ့ကြသည်။
မော့တိ အသက်နည်းနည်း ကြီးလာသည့်အခါ သူတို့၏ ရိုက်နှက်မှု အကြိမ်အရေအတွက်သည် တိုးလာပြီး နောက်ဆုံးတွင် ရေတွက်၍မရနိုင်လောက်အောင်အထိ များပြားလာသည်။ တစ်ခါတွင် သူ့ခြေထောက် ကျိုးလုမတတ် ဖြစ်သွားသည်။ ပြန်တွေးကြည့်လျှင် သူသည် အမှန်တကယ်ကို ကြမ်းကြုတ်ရိုင်းစိုင်းခဲ့သည်ပင်။
သူတို့ မော့လျှိုကွေ့ကို မည်မျှအလိုလိုက်ခဲ့လည်းဆို သူတို့ မော့တိကို နှိပ်စက်ညှင်းပန်းခဲ့သည့် ပမာဏနှင့် အတူတူပင်။ သူတို့သည် သူမ မပျော်မရွှင်ဖြစ်နေချိန်တိုင်း မော့တိ၏ အမှားဟုတ်သလား မဟုတ်သလားဆိုသည်ကို ဂရုမစိုက်ဘဲ အားလုံးကို မော့တိအပေါ် အပြစ်ပုံချခဲ့ပြီး သူမကို စိတ်အနှောင့်အယှက်ပေးသည့်သူဟု စွပ်စွဲပြောဆိုခဲ့ကြသည်။
သူတို့ သူ့ကို မရေမတွက်နိုင်စွာ လက်သီးနှင့်ထိုးပြီး ကန်ကျောက်ခဲ့သည့်အပြင် စော်ကားသောစကားများဖြင့် ဆဲဆိုကြိမ်းမောင်းခဲ့ကြကာ နောက်ဆုံးတွင် အဆုံးမရှိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် စိတ်ဝေဒနာရှင်များ ခိုလုံရာနေရာသို့ အတင်းအကြပ် ပို့ဆောင်ခဲ့ကြသည်။
သူတို့ထဲရှိ မည်သူကမျှ အပြစ်မကင်းပေ။ လက်ရှိ သူတို့၏ စက်ဆုပ်ဖွယ်ကောင်းသောအခြေအနေသည် အတော်ကို ထိုက်တန်ပေသည်။
သူ၏အရင်ဘဝတွင် သူ့အစ်ကိုကြီးက သူ့ကျောက်ကပ်ကို ထုတ်ယူသွားပြီး ခွဲစိတ်ကုတင်ပေါ်တွင် သူ သေဆုံးသွားခဲ့သည်။ ထိုအရာသည် ပြန်လည်ပေးဆပ်လိုက်ရသော သေးငယ်သည့် လျော်ကြေး ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုညီငယ်လေးအပေါ် မုန်းတီးမှု ရပ်တန့်သွားပြီး အတိတ်ကို ပြန်လည်အမှတ်ရနိုင်ခဲ့သည်။
Xxxxxc