Chapter 167
တစ်ချိန်တည်းမှာပင် သူ နောက်ထပ်နောင်တရသည့်အရာတစ်ခု ရှိသေးသည်။
စုန့်ယွီအပေါ် သူ မည်ကဲ့သို့ ဆက်ဆံခဲ့သည်ကို နောင်တရသည်။
သူသည် အမြဲတမ်း သူရဲဘောကြောင်ပြီး လူလိမ်လူညာလည်း ဖြစ်ခဲ့သည်။ သို့ပေမယ့် သူ စုန့်ယွီကို ရိုးရိုးသားသား သဘောကျခဲ့သည်။
အစပိုင်း၌ သူ စုန့်ယွီကို သူ၏လျှို့ဝှက်ချစ်သူဖြစ်လာစေရန် လှည့်ဖြားခဲ့ပြီး သူသေဆုံးပြီးနောက် စုန့်ယွီက သူ့ချစ်သူဖြစ်ကြောင်း ထုတ်မပြရဲခဲ့ပေ။ စုန့်ယွီကို သူ၏အသက်မွေးဝမ်းကြောင်းအတွက် ခြေနင်းကျောက်အဖြစ်ပင် အသုံးချခဲ့သည်။ ပြန်တွေးကြည့်လျှင် သူသည် အမှန်တကယ်ကို ကိုယ့်ကျင့်သိက္ခါညံ့ဖျင်းလွန်းခဲ့သည်။
ထိုအချိန်တွင် သူ၏အမွေ ဆုံးရှုံးမည်ကို စိုးရိမ်နေသော်လည်း အားလုံးထက် မော့လျှိုကွေ့ သူ့ကို မုန်းတီးလာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
သူ့စိတ်ထဲတွင် မော့လျှိုကွေ့က ညီမတစ်ယောက်ဖြစ်ရုံသာမက သူမသည် နတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။ သူ၏ 'နတ်ဘုရား' သည် သူ့ကို မကြိုက်လျှင် သူ့အပေါ် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဖြစ်ပေလိမ့်မည်။
သို့သော် ဤဘဝတွင် သူ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံရပြီးနောက် လက်စားချေရန်အတွက် စကားဖြင့်ပြောမပြနိုင်သော အရာများကို သူ လုပ်ဆောင်ခဲ့သည်။ နိဂုံးချုပ်အားဖြင့် သူသည် မူလအစမှစ၍ လူကောင်းတစ်ယောက် မဟုတ်ပေ။ 'မန္တာန်' သည် သူ၏ မရိုးသားမှုနှင့် မှောင်မိုက်သော အတွေးများကို ပြင်းထန်ချဲ့ကားပေးရုံသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အပြစ်ကင်းစင်သူ မဟုတ်ပေ။ ထို့အပြင် စုန့်ယွီနှင့် ဘယ်သောအခါမျှ လိုက်ဖက်မညီနိုင်ခဲ့ပေ။
အခု စုန့်ယွီ ပိုပျော်နေရပေလိမ့်မည်။ သူ့ကို ဆွဲဆောင်နိုင်သော ပိုးပန်းနေသူများလည်း သေချာပေါက်ရှိနေမည်ဖြစ်ပြီး သူတို့အားလုံးသည် သူ့လိုမျိုး သူရဲဘောကြောင်သူနှင့် မတူဘဲ သူ့ကိုလည်း ကောင်းမွန်စွာ ဆက်ဆံပေးကြလိမ့်မည်။
သူ့ညီငယ်လေးအတွက်မူ မုထျန်းဟန်က သူ့အပေါ် အမြဲတမ်း ကောင်းလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်နိုင်လျှင် သူ့အတိတ်ဘဝကို မေ့ပစ်လိုက်ခြင်းက သူ့အတွက် ပိုကောင်းလိမ့်မည်။ နောက်ဆုံးအနေဖြင့် သူ ဖြတ်သန်းခဲ့ရသည့် အရာတွေကို ဘယ်သူ့ကိုမျှ မတွေ့ကြုံ မခံစားစေချင်ပေ။ ထိုကိစ္စများက မှတ်ဥာဏ်များအဖြစ်သာ တည်ရှိနေမည်ဆိုလျှင်တောင် ထိုအရာသည် နှိပ်စက်ညှဉ်းပန်းမှု ဖြစ်နေတုန်းပင်။
...........
မော့မိသားစု သူတို့ ထောင်ချောက်ထဲသို့ ကျရောက်ပြီးသည့်အချိန်မှစ၍ မော့တိ အတိတ်ကို ပြန်သတိရလာခဲ့သည်။
အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များကို သူ့မှတ်ဥာဏ်များ၏ အနက်ရှိုင်းဆုံးနေရာ၌ ပိတ်လှောင်ထားခဲ့သည်။ သူ၏နေ့ရက်များကို သူ၏ အသက်မွေးဝမ်းကြောင်း အလုပ်များဖြင့် ကုန်ဆုံးစေခဲ့ပြီး မုထျန်းဟန်နှင့် သူ၏အချစ်အိမ်လေးတွင် ပျော်မွေ့နေခဲ့သည်။
သူ၏ဂိမ်းကုမ္ပဏီမှာ ပွဲဦးထွက်ထုတ်ကုန်ပစ္စည်းဖြစ်သည့် Infinite Life နှင့်မတူ ဈေးကွက်သို့ တရားဝင် ဝင်ရောက်လာခဲ့သည်။ နောက်လာမည့်ဂိမ်းအတွက် လက်ရှိတွင် စာရင်းသွင်းသူပေါင်း တစ်ရာတစ်ဆယ့်ကိုးသန်းကို စုဆောင်းထားရှိပြီး စာရင်းသွင်းသူ အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။
ပရိတ်သတ်များက အဆုံးမဲ့ဘဝကို အချိန်ပိုစောစွာ ထွက်ရှိလာစေရန်အတွက် သူတို့၏ဝဘ်ဆိုဒ်သို့ နေ့စဉ်ဝင်ရောက်ကြည့်ရှုပြီး အလျင်အမြန်ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။
ဂိမ်းပြိုင်ပွဲ ပြီးဆုံးသွားသည့်အချိန်မှစ၍ မူပိုင်ခွင့်များကြောင့် ဂိမ်းများကို အွန်လိုင်းပေါ်တွင် ကစား၍မရရှိနိုင်တော့ပေ။ ပရိသတ်များ ကျေနပ်ချွေးသိပ်နိုင်စေရန် ယခင်အခန်းများကိုပင် မကစားနိုင်ဘဲ အသစ်ထွက်ရှိရန်အတွက် နာကျင်စွာစောင့်ဆိုင်းခဲ့ရသည်။
မော့တိ ပို့စ်များကို ဖတ်ပြီး ပြုံးလိုက်မိသည်။ တရားဝင် ဂိမ်းကို ဖြန့်ချီပေးမည့်ရက်မှာ ဇူလိုင် ၁၅ရက်နေ့ဖြစ်ကြောင်းနှင့် ပရိသတ်တွေ စောင့်မျှော်နေစေရန် တစ်ခုခုကို Weiboပေါ်၌ ပို့စ်တင်ပေးရန် ကျောက်ချွင်ကို ပြောခဲ့သည်။
သူတို့ထုတ်လုပ်သည့်ဂိမ်းပင်ဖြစ်စေ ကုမ္ပဏီမှ ကိုယ်တိုင်ထုတ်လုပ်သည်ဖြစ်စေ လူတော်တော်များများမှာ သူတို့၏ အောင်မြင်နေမည့်အနာဂတ်ကို ကြိုမြင်နိုင်ပါသည်။ နှစ်နှစ်အတွင်းတွင် မော့တိ၏ ဂိမ်းကုမ္ပဏီက ဟွားရှား၏ ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာပြီး ယခင်ရှေ့ကုမ္ပဏီအများအပြားကို ကျော်တက်သွားလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားကြသည်။
ယင်းထုတ်ပြန်ချက်က အင်တာနက်ပေါ်တွင် အခြားဂိမ်းကုမ္ပဏီများ၏ ပရိသတ်များထံမှ သူတို့၏ဝေဖန်မှုများကို ထုတ်ဖော်ပြောဆိုသည့် ကန့်ကွက်မှု လှိုင်းလုံးများ ဖြစ်ပေါ်စေခဲ့သည်။ မော့တိ ကသိကအောက်နိုင်စွာ ရယ်လိုက်သော်လည်း သူ မငြင်းခဲ့ပေ။ နောက်ဆုံး၌ ကြီးစွာသောဒုက္ခမျိုးစုံနှင့်ပင် အတိတ်ဘဝတွင် သူ၏ကုမ္ပဏီမှာ ဟွားရှားရှိ ထိပ်တန်းဂိမ်းကုမ္ပဏီသုံးခုထဲမှ တစ်ခုဖြစ်လာခဲ့သေးသည်။
ဤဘဝတွင် သူ၏ပန်းတိုင်သည် ဟွာရှားတွင်သာမက ကမ္ဘာကြီးအတွက်လည်း အကန့်အသတ်မရှိတော့ပေ။
နှစ်ကုန်ဆုံးခါနီးလာသည်နှင့်အမျှ စာမေးပွဲပေါင်းများစွာနှင့်အတူ ကျင်းသာ့ကျောင်းသားတစ်ယောက်ဖြစ်ရခြင်း၏ အလုပ်တာဝန်က ပိုမိုလေးလံလာခဲ့သည်။ မော့တိ သူ့အစ်ကိုနှင့် ကောင်းကောင်းမွန်မွန် ချိန်းတွေ့ရန် အလုပ်များလွန်းနေခဲ့သည်။ ထို့ကြောင့် စာမေးပွဲနောက်ဆုံးနေ့တွင် သူ စာသင်ခန်းထဲမှ အပြေးအလွှားထွက်ကာ အမည်းရောင် Maybach ကားတစ်စီး စောင့်နေသည့် တံခါးဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။
"ကိုကို...အမ်"
မော့တိ အမောမပြေသေးခင်၌ပင် သူ အားပြင်းပြင်းဖြင့် ဆွဲပွေ့ဖက်ခြင်းခံခဲ့ရပြီး ပြင်းထန်စွာ အနမ်းခံလိုက်ရသည်။
သူ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် အနမ်းများကြား နစ်မွမ်းသွားပြီး မော့တိ မုထျန်းဟန်၏လက်မောင်းများကို မမြင်မစမ်းဖြင့် ပွတ်သပ် ပွေ့ဖက်ကာ တက်ကြွစွာ တုံ့ပြန်ခဲ့သည်။
အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော မုထျန်းဟန်က သူ၏ထိန်းချုပ်ထားမှုကို ဆုံးရှုံးခါနီးဖြစ်နေပေပြီ။ သူ့ကို ပြင်းပြင်းထန်ထန် နမ်းပြီးနောက် မော့တိ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး တိုးတိုးလေးပြောလာသည်။
"ကိုယ် မင်းကို အရမ်းအလိုလိုက်ထားလို့ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့ ဒါမှမဟုတ် ကိုယ် တစ်ခုခုလုပ်လိုက်ရမလား"
"ကျွန်တော် မကြောက်ပါဘူး"
မော့တိ သူ့ခေါင်းကို မော့လိုက်ပြီး နောက်ပြောင်ကျီစယ်လိုစွာဖြင့် မုထျန်းဟန်၏ Adam's apple (လည်စေ့)ကို စုပ်ယူလိုက်သည်။ မုထျန်းဟန်၏ နှလုံးသား ကူကယ်ရာမဲ့စွာ နူးညံ့ပျော့ပျောင်းသွားပြီး သူ့မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။ မုထျန်းဟန် ကိုယ်ကို စောင်းလိုက်ပြီး မော့တိ၏လည်ပင်းတွင် အနီရောင်ရင့်ရင့် ကိုက်ရာတစ်ခုကို ပေးလိုက်သည်။
"နည်းနည်းလောက် အပြစ်ပေးတာ”
မော့တိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အခုက နွေရာသီဖြစ်ပြီး သူ အဲဒါကို ဖုံးထားလို့မရနိုင်ပေ။
မော့တိ၏ မျက်နှာ ရှားရှားပါးပါး အလွန်အံ့အားသင့်သွားသည်ကို ကြည့်ပြီး မုထျန်းဟန် ရယ်မောလိုက်သည်။ သူ့ဆံပင်တွေကို ပွတ်သပ်ပြီး ပါးပြင်ကို နမ်းလိုက်ကာ
“အရမ်း အံ့ဩသွားတယ်ပေါ့။ ဘယ်သူကမှ အဲဒီအကြောင်း မေးမှာမဟုတ်ပါဘူး"
မော့တိ မုထျန်းဟန်၏ လည်ပင်းကို မယုံနိုင်လောက်အောင် ဖမ်းကိုင်လိုက်ပြီး လက်စားချေသည့်အနေဖြင့် ကိုက်ရာတစ်ခုကို ချန်ထားလိုက်သည်။
“တစ်ယောက်ယောက်က မေးရင် ခြင်ကိုက်တယ်လို့ပဲ ကျွန်တော်က ပြောလိုက်မှာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကိုယ်က ကိုယ့်ကလေးလေးတစ်ယောက်တည်းကိုပဲ ကိုက်တဲ့ ခြင်ကြီးပါ"
မုထျန်းဟန် ပြုံး၍ ယုတ်မာသည့်အသံဖြင့် မော့တိ၏ နားရွက်များ နီရဲသွားပြီး ရှက်သွားအောင် ပြောလိုက်သည်။
သူ လည်ချောင်းကို ရှင်းလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
“ကိုကို ဦးလေးစုန့်က ဒီည ညစာစားဖို့ လာလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အချက်အပြုတ် စွမ်းရည်ကို ချပြသင့်လား"
"အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး လိုင်သယ်စစ် သူ ဒီနေ့အတွက် အဓိကစားဖိုမှူး လုပ်ချင်တယ်လို့ ကိုယ့်ကို ပြောတယ်”
မုထျန်းဟန် သံသယများစွာဖြင့် ပြောလိုက်သည်။
"ဟား"
မော့တိ အလျင်အမြန် ခေါင်းခါလိုက်ပြီး
“အဲဒီအကြံ မကောင်းဘူး။ သူ့ကြက်ဥကြော် အရသာက အရမ်းဆိုးတယ်။ ဝက်သားဟင်းချက်နေတုန်းလည်း သူ ဒယ်အိုးကို အမြဲမီးလောင်အောင်လုပ်တယ်။ သူ ဦးလေးစုန့်ကို ကျေနပ်စေချင်တာ နားလည်ပေမယ့် သူ့အဆင့်က အတော်လေးကို… ကြောက်စရာကောင်းလွန်းတယ်"
မော့တိ လိုင်သယ်စစ်အတွက် သက်ပြင်းချလိုက်သည်။
မုထျန်းဟန် ပြုံးပြီး
“ဟုတ်ပါပြီ သူ့ကို ကြိုးစားခွင့်ပေးလိုက်ပါ။ တကယ်တော့ သူ မီးဖိုချောင်ထဲမှာ လေ့ကျင့်နေတာ နှစ်ပတ်လောက်ရှိပြီ။ မနေ့က သူ့ကြက်ဥကြော်နဲ့ ငရုတ်သီးစိမ်းဝက်သားကတော့ စားလို့ရပါတယ်"
"အမှန်တော့…”
မော့တိ နည်းလမ်းကောင်းကို စဥ်းစားမိသောကြောင့် သူ၏ မျက်လုံးများ တောက်ပလာသည်။
“ကိုကို စူပါမားကတ်မှာ အဆင်သင့်လုပ်ထားတဲ့ ဟင်းခတ်အထုပ်တွေ ရှိတယ်မလား။ အဲဒါတွေနဲ့ဆိုရင် အစ်ကိုလိုင်သယ်စစ် ကောင်းမွန်တဲ့ ဟင်းလျာတွေကို လုပ်နိုင်တယ်။ အရေးကြီးဆုံးအချက်က အဲဒီဟင်းလျာတွေကို ဖန်တီးထားတဲ့သူက သူကိုယ်တိုင်ပဲလေ။ အဲဒါက အားလုံးကို ပြင်ပေးမှာ မဟုတ်ဘူးလား"
မုထျန်းဟန် ပြန်ပြောလိုက်သည်။
“ကိုယ် အဲဒီနည်းလမ်းကို အကြံပေးခဲ့သေးတယ်။ ဒါပေမယ့် ရိုးသားမှုမရှိဘူးလို့ ပြောပြီး ကိုယ်ပြောတာကို ငြင်းလိုက်တယ်လေ"
"ရိုးသားမှု…”
မော့တိ ပြောစရာ စကားမဲ့သွားသည်။
“ကောင်းပြီ ဒါဆို သူ့ကိုပဲ လွှဲထားလိုက်ရအောင်"
သူတို့ ဗီလာသို့ပြန်ရောက်သောအခါ မီးဖိုချောင်ထဲတွင် အိုးခွက်ပန်းကန်သံများကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ စွမ်းစွမ်းသည် မော့တိဆီသို့ ကမူးရှုးထိုး ပြေးလာသည်။ သူ သူ၏နောက်ခြေထောက်များဖြင့် မတ်တပ်ရပ်ကာ သူ၏အမြီးအား မရပ်မနား လှုပ်ယမ်းပြီး မော့တိဒူးခေါင်းကို ဆွဲထားသည်။
မော့တိ စွမ်းစွမ်းကို ကောက်ချီလိုက်ပြီး သူ့နှာခေါင်းသေးသေးလေးကို အသာအယာပုတ်လိုက်သည်။
"မင်း ငါ့ကို လွမ်းနေတာလား"
စွမ်းစွမ်းက ဝမ်းသာအားရစွာဖြင့် လျှာကို ထုတ်ပြီး အမြီးကို အားအင်အပြည့်ဖြင့် ဆက်လက်လှုပ်ယမ်းနေသည်။
လိုင်သယ်စစ်၏ အဆမတန် သတိပေးဖော်ပြမှုများကြောင့် စုန့်ယွီ၏ အကြိုက်ဆုံး ဟင်းလျာများမှာ ငါးပေါင်းအစပ်၊ ပုဇွန်စိတ်ကြော် နှင့် ဝက်နံရိုးပေါင်းများဖြစ်ကြောင်း မော့တိ သိခဲ့သည်။ လိုင်သယ်စစ် ဝက်နံရိုးများကို ပြီးပြည့်စုံစွာ ချက်ပြုတ်နိုင်သည်ဟု စဥ်းစားကြည့်ရန်မှာ အတော်လေးကို အထင်ကြီးစရာကောင်းလှသည်။
မော့တိ၏ အံ့အားသင့်နေသော အကြည့်ကို မြင်လိုက်ရပြီး လိုင်သယ်စစ် ဂုဏ်ယူဝံ့ကြွားစွာဖြင့်
“ငါ ပုဇွန်တွေကိုလည်း ဝယ်ထားပေမယ့် အခုအချိန်ထိ ရှောင်ယွီရဲ့ အကြိုက်ဆုံး ပုစွန်ကြော်ကို မချက်နိုင်သေးဘူး။ အခုလောလောဆယ်တော့ အဲဒါကို ဂျင်းရယ် ရှာလကာရည်ရယ်နဲ့ ပေါင်းလိုက်မယ်။ ရှောင်ယွီ သူတို့ကို သဘောကျနှစ်သက်နေအုံးမှာပါ"
လိုင်သယ်စစ်၏ အလေးအနက် တွေးခေါ်မှုကို မြင်သောအခါ မော့တိ ကြက်သီးပင်ထသွားခဲ့သည်။
“အစ်ကိုတို့ရဲ့ဆက်ဆံရေးက ဘယ်လိုဖြစ်နေပြီလဲ။ အစ်ကို ဝန်ခံပြီးသွားပြီလား"
'ဝန်ခံခြင်း' ဟူသော စကားလုံးကိုကြားပြီး လိုင်သယ်စစ်၏ မျက်နှာမှာ မုန့်လာဥနီကဲ့သို့ နီရဲလာခဲ့သည်။ အသက်သုံးဆယ်နီးပါး အရွယ်ရောက်ပြီးသောသူဖြစ်သော်လည်း သူ့ထက် အသက်ငယ်သူ၏ စကားကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။
"ငါ ငါ့မှာ သတ္တိမရှိသေးဘူး။ ဝန်ခံဖို့အတွက် ငါ့အသက် သုံးဆယ်ပြည့်တဲ့နေ့အထိ စောင့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ့မွေးနေ့မှာ ဆိုရင်တော့ ရှောင်ယွီ ငါ့ကို ငြင်းပစ်လိုက်ဖို့ နှလုံးသားရှိမှာ မဟုတ်ဘူး"
"အသက် သုံးဆယ်ပြည့် မွေးနေ့"
လိုင်သယ်စစ်သည် မုထျန်းဟန်ထက် အသက်တစ်နှစ်ခွဲ ပိုကြီးကြောင်း မော့တိ ယောင်ဝါးဝါး မှတ်မိနေသည်။ ထို့ကြောင့် သူ့မွေးနေ့သည် ဩဂုတ်လထဲတွင် ဖြစ်ပြီး နှစ်လလောက်သာ ကျန်တော့သည်။
လိုင်သယ်စစ် အောင်မြင်လိမ့်မည်ဟု မော့တိ မျှော်လင့်မိသည်။ အမှန်တကယ်တွင် လိုင်သယ်စစ်၏ ကြိုးစားအားထုတ်မှုမှာ လျစ်လျူရှုခံရလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။ စုန့်ယွီ မနှစ်သက်သည့်သူတစ်ယောက်ဆီမှ သူ့ကို လက်ဆောင်ပစ္စည်းအမြောက်အများ ပေးလာလျှင် သူ ထိုအရာများကို ငြင်းပယ်လိမ့်မည်။ ယခုအခါတွင် ထိုကဲ့သို့မဟုတ်ပါဘဲ မျက်နှာသာပေးသည့် အနေဖြင့် ထမင်းတစ်နပ် ပြန်ကျွေးရန် စုန့်ယွီ ကမ်းလှမ်းခဲ့သည်။ ထိုသို့မဟုတ်ဘူးဆိုလျှင် လိုင်သယ်စစ်အတွက် သူ့နှင့် တွေ့ခွင့်ရရန် အခွင့်အရေးပေးခြင်းလည်း ဖြစ်နိုင်သည်။
ထို့အပြင် စုန့်ယွီလည်း ထိုကိစ္စကို သိထားပြီးဖြစ်သည်။
မော့တိ လေးလေးနက်နက် တွေးတောနေသောကြောင့် 'ငါ့အသက်သုံးဆယ်ပြည့်တဲ့နေ့အထိ' ဟု လိုင်သယ်စစ်ပြောလိုက်ချိန်၌ မုထျန်းဟန်၏မျက်နှာ ပြောင်းလဲသွားသည်ကို သူ သတိမထားမိလိုက်ပေ။
လိုင်သယ်စစ်သည် သူသဘောကျသည့်သူကို စိတ်ကျေနပ်စေရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေသည်ကို မုထျန်းဟန် သိသော်လည်း သူကိုယ်တိုင်လည်း မော့တိအတွက် ချက်ပြုတ်ချင်ပါသေးသည်။ နောက်ဆုံး၌ သူ့ကလေးလေး အိမ်ပြန်လာသည်မှာ ရှားရှားပါးပါးဖြစ်ပြီး လိုင်သယ်စစ်၏ အစမ်းသပ်ခံကြွက်အဖြစ် အရောက်မခံနိုင်ပေ။
မုထျန်းဟန် မီးဖိုချောင်ကို သိမ်းပိုက်ရန် ရောက်ရှိလာပြီး ငရုတ်သီးငါးခေါင်း၊ ဝက်ချိုချဥ်၊ ခရမ်းချဥ်သီးနှင့် ပေါင်းထားသော အမဲရင်အုံသားနှင့် ပင်လယ်ငါးကြီးသားပေါင်းစသည့် ဟင်းပေါင်းများစွာကို ချက်ပြုတ်ခဲ့သည်။ မွှေးရနံ့တစ်ခုတည်းနှင့်တင် လိုင်သယ်စစ်ကို သွားရည်ယိုလောက်အောင်ဖြစ်စေပြီး တစ်ချိန်တည်းမှာပင် သူတို့၏ ဟင်းပွဲများကြားရှိ ကွာခြားချက်ကြီးမားမှုကို နာကျင်စွာ မြင်တွေ့ခဲ့ရသည်။
မော့တိသည်လည်း မုထျန်းဟန်နှင့်အတူ ကူညီပေးခဲ့သည်။ တစ်ခါတစ်ရံတွင် မုထျန်းဟန်က ကိုယ်ကိုကိုင်းပြီး သူ့ဆံပင်နှင့် ပါးကို နမ်းသည်။ ပျော်ရွှင်ကြည်နူးနေကြသည့် သူတို့နှစ်ယောက်ကို ကြည့်နေရသည်မှာ လိုင်သယ်စစ်၏ မျက်လုံးများကို ဓါးနှင့်ထိုးနေသကဲ့သို့ပင်။
သူ့လို ချစ်သူကောင်းလေးမရှိသည့် သူတစ်ယောက်အနေနှင့် ဒီအိမ်မှာ ဆက်မနေနိုင်တော့ဘူး။
နောက်ဆုံး၌ ယွီယွီ သူ့လက်ထဲရောက်လာအချိန်တွင် အထူးသဖြင့် မော့တိ ကျောင်းသို့ မပြန်သေးခင် ထိုနှစ်ယောက်ရှေ့၌ သူတို့၏ချစ်ခြင်းကို ပြန်လည်ပြသမည်ဟု လိုင်သယ်စစ် ကျိန်ဆိုလိုက်သည်။ ထိုသားရဲကောင် မုထျန်းဟန်ကို လက်တွေ့ ပြသပေးမည်။
…..
ညနေ ခြောက်နာရီတွင် ချိန်းဆိုထားသည့်အချိန်အတိုင်း စုန့်ယွီ ရောက်လာသည်။
တံခါးခေါက်သံကြားရသည်နှင့် လိုင်သယ်စစ်က စနစ်တကျလေ့ကျင့်ထားသည့် ရဲခွေးတစ်ကောင်ကဲ့သို့ မျက်နှာပေါ်တွင် ကြီးမားကျယ်ပြန့်သည့်အပြုံးကို ချိတ်ဆွဲထားပြီး မီးဖိုချောင်ထဲမှ တက်ကြွစွာ ပြေးထွက်လာသည်။
"ရှောင်ယွီ မင်းရောက်လာပြီပေါ့"
ဧည့်ခန်းထဲတွင် စွမ်းစွမ်းနှင့် ကစားနေသော မော့တိက လိုင်သယ်စစ်၌ အမြီးတစ်ခုသာပျောက်ဆုံးနေသည်ဟု ခံစားမိသည်။
မုထျန်းဟန် သူ့ဆံပင်တွေကို ပွတ်လိုက်ပြီး "သွားရအောင်"
"အင်း" မော့တိ ခေါင်းညိတ်ပြလိုက်သည်။
သူတို့ကို မြင်သောအခါ စုန့်ယွီ ပြုံးလိုက်ပြီး မော့တိကို ပြောလိုက်သည်။
“ရှောင်တိ အရပ်ပိုရှည်လာပြီလား။ 180cm လောက်ရှိရမယ်"
"ကျွန်တော်တို့ အရင်ရက်အနည်းငယ်လောက်တုန်းက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်။ ကျွန်တော် အခု 180.66cm ရှိပြီ"
မော့တိ ဂုဏ်ယူစွာပြောလိုက်သည်။
"ကျွန်တော့်ရဲ့ ပန်းတိုင်က 182cm ပဲ။ အဲဒီလောက် ကျွန်တော် အရပ်ရှည်လာမယ်လို့ ယုံကြည်တယ်"
"သေချာတာပေါ့ ကိုယ်တို့ရဲ့ ရှောင်တိက အရမ်းထူးခြားတယ်”
စုန့်ယွီ သူ့လက်ထဲ၌ရှိသည့် ဝိုင်ပုလင်းနှစ်ပုလင်းကို မြှောက်ပင့်ပြောဆိုနေသော လိုင်သယ်စစ်ဆီ ကမ်းပေးရင်း ပြောလိုက်သည်။ လိုင်သယ်စစ် တောက်ပစွာပြုံးပြီး
"ရှောင်ယွီ ကိုယ် ဒါကို ကူသယ်ပေးမယ်"
"ရှောင်ယွီ ဝင်လာပြီး ဧည့်ခန်းထဲမှာ ထိုင်လေ။ ခဏလောက်ဆို အစားအသောက်တွေ အဆင်သင့်ဖြစ်တော့မယ်။ ဒီနေ့ ကိုယ်ကိုယ်တိုင် ချက်ထားတာ မင်း ငါ့ရဲ့ အစားအသောက်တွေကို မြည်းစမ်းကြည့်သင့်တယ်"
မိုက်မဲသည့် ခွေးပေါက်လေးကဲ့သို့ ပြုမူနေသည့် အရပ်ရှည်ပြီး လူကောင်းကြီးသည့် လိုင်သယ်စစ်ကို ကြည့်ပြီး ပျော်ရွှင်ချိုမြိန်မှုကို စုန့်ယွီ မခံစားရဘဲ မနေနိုင်ပေ။ သူ ပြုံးကာ ပြောလိုက်သည်။
"အိုကေ"
Xxxx