အပိုင်း ၁၇၀(Extra 1)
Viewers 28k

Chapter 170 (Extra-1)



မုထျန်းဟန်သည် သူ့က​လေးလေးကို အခြားသူများ လုယူသွားခံရမည်ကို စိုးရိမ်လွန်း​နေ​သော သားရဲအိုကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်​နေ​ကြောင်း သူ၏လုပ်ရပ်များက သက်သေပြ​နေခဲ့သည်။

​မော့တိ တက္ကသိုလ် ဒုတိယနှစ်တွင် မုထျန်းဟန်သည် စေ့စပ်ရန် သူ့ကို အမေရိကသို့ ပြန်​ခေါ်သွားခဲ့သည်။ ​မော့တိ ဂျူနီယာဖြစ်လာသောအခါ မုထျန်းဟန်က သူတို့၏ မင်္ဂလာပွဲကို ကျင်းပရန် ​မော့တိကို တစ်ဖန်ပြန်ခေါ်သွားခဲ့သည်။ ရင်းနှီးသော မိတ်ဆွေများနှင့် ​ဆွေမျိုးများကိုသာ ဖိတ်ကြားခဲ့​သော​ကြောင့် တက်​ရောက်ဂုဏ်ပြုလာသည့် ဧည့်သည်အနည်းငယ်နှင့်အတူ ခမ်းနား​သောမင်္ဂလာပွဲတစ်ခု ဖြစ်ခဲ့သည်။

ဦးလေးဖြစ်သူထံမှ ကြိုတင်သတင်းပေးထားသည့် ချန်​ကျောင်းမှလွဲ၍ ရှန့်ယွီ​ချောင်နှင့် အခြားသူများက ဖိတ်စာလက်ခံရရှိချိန်တွင် အံသြသွားကြသည်။

သူတို့၏​ရှောင်တိမှာ ယခုအချိန်ထိ တစ်​လျှောက်လုံး ချစ်သူရှိနေလိမ့်မည်ဟု ဘယ်​သောအခါကမှ မထင်ထားခဲ့မိကြ​ပေ။ ထိုချစ်သူက မုထျန်းဟန်ဖြစ်​နေခဲ့သည့်အပြင် အခု သူတို့ လက်ထပ်ကြ​တော့မည်။

လက်ထပ်ကြ​တော့မည်။

မုထျန်းဟန်နှင့် ​မော့တိတို့၏မင်္ဂလာပွဲကို အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုရက်က ဟွားရှားတွင် လက်ထပ်ရန် ရေပန်းစား​နေသည့် ရက်စွဲတစ်ခု ဖြစ်​သော်လည်း ထိုအချက်မှာ အရေးကြီးဆုံးအချက်မဟုတ်​ပေ။ အရေးကြီးဆုံးအပိုင်းသည် ​မော့တိ၏ အသက်နှစ်ဆယ်မြောက်မွေးနေ့မတိုင်မီ တစ်လအလိုတွင် သူတို့၏မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ထိုသားရဲအိုကြီး မုထျန်းဟန်မှာ အသက် ဆယ့်ကိုးနှစ်အရွယ်သာရှိသည့် ​မော့တိကို လက်ထပ်ခဲ့ခြင်းဖြစ်သည်။

သူတို့၏မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုလာကြသည့် ဧည့်သည်များအားလုံးက ​မော့တိနှင့် မုထျန်းဟန်တို့၏ ရင်းနှီး​သော မိတ်​ဆွေ သူငယ်ချင်းများဖြစ်​သော်လည်း မုထျန်းဟန်က ထိုကဲ့သို့ ငယ်ရွယ်​သော ​မော့တိကို အတင်းအကြပ် သိမ်းပိုက်ရဲသည့် အမှန်စင်စစ် သားရဲတစ်​ကောင် ဖြစ်​ကြောင်း ထပ်လောင်းအတည်ပြုရန် ​တက်ရောက်လာခဲ့ကြခြင်းသည်။

ထိုနေ့တွင် ​မော့တိက အဖြူရောင်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး နူးညံ့ပြီး အပြစ်ကင်းစင်​နေသည်။ နူးညံ့သော နေရောင်ခြည်က စင်မြင့်ပေါ်တွင် ဖြာကျနေသည် မုထျန်းဟန်သည် အိပ်မက်တစ်ခုနှင့်တူ​သော ထိုမြင်ကွင်းကို ကြည့်​နေခဲ့သည်။

သူ ထိုမြင်ကွင်းကို မြင်ရရန် ဘဝနှစ်ခုစာလုံး စောင့်ခဲ့ရသည်ပင်။ သူ့ရှေ့ရှိ ပုံရိပ်သည် သူ့မျက်ဝန်းများကို စူးရှနာကျင်စေသည်။

​ချော​မောပြီး အံ့ဩဖွယ်​ကောင်းလောက်​အောင် ခန့်ညား​သည့် မုထျန်းဟန်ကို ​မော့တိ ကြည့်လိုက်သည်။ ​မော့တိကို လှမ်းကြည့်​နေစဥ် မုထျန်းဟန်၏အကြည့်များမှာ နူးညံ့​နေ​ပေသည်။ ​မော့တိက သူ့မျက်လုံးများတွင် ထူးခြားသော တောက်ပမှုနှင့်အတူ ပြုံးပြလိုက်သည်။

ကလစ်

ဓာတ်ပုံဆရာက ထိုအခိုက်အတန့်ကို ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့သည်။

ထိုဓာတ်ပုံကို နောက်ပိုင်းတွင် သုံးကြိမ်တိုင်တိုင် ဓါတ်ပုံကူးခဲ့သည်။ တစ်ပုံကို သူတို့အတွက် သူတို့၏ အဖိုးတန်သေတ္တာထဲမှာ သိမ်းထားရန်၊ ​နောက်တစ်ပုံကို ​ဘောင်ခတ်ပြီး အိပ်ယာဘေးရှိ စားပွဲပေါ်တွင် ထားရန်နှင့် ​နောက်ဆုံးတစ်ပုံက မုထျန်းဟန်၏ ပိုက်ဆံအိတ်ထဲတွင် ထားရန်ဖြစ်သည်။

မုထျန်းဟန် အသိမိတ်ဆွေတစ်ယောက်နှင့် အပြင်သွားတိုင်း သူက မိုဘိုင်း​ငွေ​ပေး​ချေမှုများကို လျစ်လျူရှုကာ သူ့ပိုက်ဆံအိတ်ကိုသာ ထုတ်ပြီး ​ငွေရှင်းကာ ပုံမှန်အတိုင်း သူ၏မင်္ဂလာဆောင်ဓာတ်ပုံကို မြင်​အောင်ပြ​ပေလိမ့်မည်။

မုထျန်းဟန်၏ အလွန်ရင်းနှီးသော အသိအကျွမ်းများထဲမှ တစ်ဦးဖြစ်သော လိုင်သယ်စစ်က ဤရက်စက်ကြမ်းကြုတ်သော ဆက်ဆံမှုကို အချိန်တိုင်း ခံနိုင်ရည်ရှိခဲ့သည်။

ထိုအရာက ဘာအ​ရေးကြီးလို့လဲ။ မကြာခင် သူနှင့် စုန့်ယွီလည်း လက်ထပ်ကြတော့မည်။ သိပ်မကြာတော့​ပေ… နောက်နှစ်… နောက်နှစ်ကုန်လျှင် သူ စုန့်ယွီကို လက်ထပ်ခွင့်​​တောင်းမည်။ ထို့အပြင် သူ၏​ပျော်ရွှင်မှု​များကို မုထျန်းဟန်ဆီ ထပ်ခါထပ်ခါ ကြွားဝါပစ်မည်။

…..

​မော့တိ၏ ငယ်ရွယ်သည့် အသက်အရွယ်နှင့် လူသိရှင်ကြားမဟုတ်သည့် လက်ထပ်ပွဲကြောင့် လူအများသည် မော့တိ၏ အိမ်ထောင်ရေး အခြေအနေကို မသိခဲ့ကြ​ပေ။

ထို့​ကြောင့်...

​မော့တိသည် သူ့ကျောင်း၏ အကျော်ကြားဆုံး အမျိုးသားနတ်ဘုရားအဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး ဂျူနီယာများနှင့် ဘွဲ့လွန်ကျောင်းသားများ၏ နှလုံးသားများကိုပင် ခိုးယူသွားခဲ့သည်။

​မော့တိ စီနီယာနှစ် ဒုတိယနှစ်ဝက်တွင် သူ ဘွဲ့ရတော့မည်ဆိုသည်ကို သိ​သော​ကြောင့် လူတော်တော်များများက ​မော့တိကို ဝန်ခံရန် သူတို့၏သတ္တိများကို စုစည်းကာ ရည်းစားစာများ ​ရေးပို့လာကြသည်။ အစပိုင်းတွင် သူတို့အား အပြုံး​လေးဖြင့် ယဉ်ကျေးစွာဖြင့် မော့တိ ငြင်းဆိုခဲ့သော်လည်း ဝန်ခံသူအရေအတွက် များလာသဖြင့် ​မော့တိ သူတို့အပေါ် စိတ်ရှည်သည်းခံနိုင်စွမ်းမရှိ​တော့​ပေ။ ထို့​ကြောင့် သူ၏လူမှုကွန်ရက်အကောင့်တွင် သူ၏ 'Relationships' ကို 'Marriage 'ဟု ပြောင်းလဲလိုက်သည်။

ထိုသတင်းက တစ်ကျောင်းလုံးကို တုန်လှုပ်သွားစေသည်။ ဆိုရှယ်မီဒီယာ​ပေါ်တွင် အားလုံး မယုံကြည်နိုင်သည်အထိ ဖြစ်သွားကြပြီး​နောက် ကွန်ရက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဂိမ်းလုပ်ငန်း၏ပါရမီရှင်မှာ အသက်နှစ်ဆယ့်တစ်နှစ်ပဲရှိသေးသည်။ သူ ဘယ်လိုလုပ် လက်ထပ်ပြီးသွားရတာလဲ။

သတင်းထောက်များက ဝန်ထမ်းများအား အင်တာဗျူးရန် ​မော့တိ၏ဂိမ်းကုမ္ပဏီသို့ တိုက်ရိုက်သွားရောက်ခဲ့သော်လည်း စီနီယာဝန်ထမ်းများဖြစ်သည့် ရှန့်ယွီ​ချောင်နှင့် အခြားဝန်ထမ်းများကို ဆက်သွယ်၍ မရခဲ့​ပေ။ ထို့​ကြောင့် သာမန်ဝန်ထမ်းများကိုသာ အင်တာဗျူးနိုင်ခဲ့သည်။ သို့သော်လည်း ​မော့တိ လက်ထပ်ခဲ့သည့်အ​ကြောင်းနှင့်ပတ်သက်၍ သူတို့လည်း မသိခဲ့ကြပေ။ ထိုသတင်းထောက်များသည် တိကျသည့်အဖြေကို မရရှိခဲ့​သော​ကြောင့် ​မော့တိ၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး သံသယရှိနေကြဆဲပင်။

ထိုနေ့ ​မော့တိ အိမ်ပြန်ရောက်သောအခါ သူ စွမ်းစွမ်းကို ကောက်ချီလိုက်သည့်အချိန်တွင် မုထျန်းဟန်၏ လက်နှစ်ဖက်ဖြင့် ​ပွေ့ဖက်ထားခြင်းခံခဲ့ရသည်။

"မင်းလက်ထပ်လိုက်ပြီလို့ ကြေငြာလိုက်တာလား"

"အင်း နောက်ထပ်ဆက်ပြီး ဝန်ခံ​နေတာ​တွေကို ကျွန်​တော် ဆက်ပြီး မ​ဖြေရှင်းချင်​တော့ဘူး" ​

မော့တိ ခေါင်းမော့ပြီး ပြုံးလျှက် ပြန်​ဖြေလိုက်သည်။ ထို့နောက် ​မော့တိ မုထျန်းဟန်၏ ကော်လာကို ဆွဲယူပြီး ​ပြောလိုက်သည်။

"ကိုကို ကျွန်​တော့်ကို တစ်ချိန်လုံး သဝန်တို​နေတာမဟုတ်ဘူးမလား"

"ဟုတ်တယ် ကိုယ် သဝန်တိုတယ်"

မုထျန်းဟန် ​မော့တိကို လက်တစ်ဖက်တည်းဖြင့် ခါးမှဆွဲယူလိုက်ပြီး အခြားလက်တစ်ဖက်နှင့် ​မော့တိ၏လက်ကို ကိုင်ထားသည်။ ထို့နောက် ​မော့တိ၏ နှုတ်ခမ်းကို ငုံ့နမ်းလိုက်သည်။ ​မော့တိ ခုခံခြင်းမပြု​တော့ဘဲ မုထျန်းဟန်၏ လေးနက်သောအနမ်းကို ကြိုဆိုလိုက်သည်။

နှစ်ယောက်သား အကြားတွင်ညှပ်​နေ​သော စွမ်းစွမ်းက သူ၏လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး အပြစ်ကင်းစင်သည့် ငိုသံ ​ထွက်​ပေါ်လာသည်။

သူ့ပါးပြင်ပေါ်တွင် နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် ​မော့တိ မရယ်ဘဲမ​နေနိုင်တော့ပေ။ သူ စွမ်းစွမ်းကို ငုံ့ကြည့်လိုက်ပြီး ​ခွေး​လေး၏နှာခေါင်းကို ပွတ်သပ်ကာ

“မင်းလည်း နမ်းချင်တာလား"

အာဝူး။ ​မော့တိ သူနှင့် ကစားလိမ့်မည်ဟု ထင်လိုက်​သော​ကြောင့် စွမ်းစွမ်းက သူ့အမြီးကို ပြင်းထန်စွာ လှုပ်ရမ်းလာသည်။

သို့​သော်လည်း မုထျန်းဟန်က ​ခွေး​လေးကို ကရုဏာတရားကင်းမဲ့စွာ လည်ပင်းမှ ကောက်ကိုင်ပြီး တစ်ဖက်သို့ တွန်းချလိုက်သည်။

“လသာဆောင်ကို သွားပြီးတော့ မင်းရဲ့ခွေးစာကိုသာ သွားစား​နေ"

​မော့တိ အူလှိုက်သည်းလှိုက် ရယ်မောရင်း

“အခု သူ ခွေးစာ စားနေရတာပဲ​လေ"

မုထျန်းဟန် ​မော့တိ၏ စကားများ​ကြောင့် ပြုံးလိုက်သည်။ ချစ်ရည်ရွှန်းလဲ့သော မျက်လုံးများဖြင့် ​မော့တိ၏ဆံပင်များကို ပွတ်သပ်​ပေးရန် လက်ကိုဆန့်ထုတ်လိုက်သည်။

“မင်း ​ပြောတာမှန်တယ်"

ထိုသို့​ပြောပြီးနောက် မုထျန်းဟန် ဆက်ပြောလာသည်။

“ဒီနေ့ မင်းလက်ထပ်တဲ့အ​ကြောင်းကို ဘာကြောင့် ရုတ်တရက် ​​ကြေငြာဖို့ ဆုံးဖြတ်ခဲ့တာလဲ"

"ဘာလို့လဲဆို​တော့ ကိုကို ကျွန်​တော့်ကို သေချာပေါက် ​ကြေငြာဖို့ အချိန်​စောင့်ခိုင်းလိမ့်မယ်။ ပြီး​တော့ တကယ်က အချိန်​စောင့်စရာ မလိုအပ်ဘူးလို့ ကျွန်​တော် ထင်တယ်"

​မော့တိ မုထျန်းဟန်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ကျွန်​တော် မကြာခင် ဘွဲ့ရတော့မှာ ​နောက်ပြီး ကျောင်းပြီးတဲ့အချိန်ထိဆို နှစ်လပဲ လိုတော့တယ်"

မုထျန်းဟန် ​မော့တိ၏ ဘယ်ဘက်ပါးကို ညင်သာစွာ ပွတ်သပ်ပြီး ​မော့တိ၏ ပါးချိုင့်လေးပေါ်တွင် သူ့လက်ညှိုးကို ဖိထားလိုက်သည်။

“ဒါဆိုလည်း ကောင်းပြီ"

​သူတို့၏ ဆက်ဆံရေးကို မော့တိ ထုတ်ဖော်​ပြောဆိုချင်​နေသည်မှာ ကြာပြီမှန်း သိသော်လည်း မုထျန်းဟန်း သူ့ကို ထိုသို့ မလုပ်ရန် တားမြစ်ခဲ့သည်။ စိတ်ထဲရှိသည့်အတိုင်း​ပြောရလျှင် မုထျန်းဟန် သူတို့၏အိမ်ထောင်ရေးကို တကိုယ်ကောင်းဆန်စွာ လူသိရှင်ကြားကြေငြာပြီး သူတို့ရဲ့ဆက်ဆံရေးအကြောင်း ကမ္ဘာကို အသိပေးချင်​သော်လည်း ကျိုးကြောင်းဆီလျော်သည့် အချိန်မရောက်သေး​ကြောင်း အ​ခြေခံကျ​သောအချက်အလက်များက သူ့ကို ​ဖော်ပြ​နေခဲ့သည်။ ထိုအရာသည် ဟွာရှားပင်။

ဟွာရှား၏ မျိုးဆက်သစ် လူငယ်များက လိင်တူဆက်ဆံခြင်းကို လက်ခံလာပြီး ခွဲခြားဆက်ဆံခြင်း မပြုတော့သော်လည်း အများစုသည် သူတို့အပေါ် လိုလားပုံမ​ပေါ်သေးပေ။

​မော့တိသည် ကျောင်းတက်နေဆဲဖြစ်ပြီး သူ၏ အိမ်ထောင်ရေး အခြေအနေကို သိပြီးသည်နှင့် ​မော့တိ ယောက်ျားတစ်​ယောက်နှင့် လက်ထပ်ခဲ့ကြောင်း လူအများ သိရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ​မော့တိ၏အရွယ်တူသူများ၊ အဆိုးဆုံးအ​နေဖြင့် လိင်တူချစ်မြတ်နိုးသူများကို ရွံမုန်းသူများ၏ တစ်ယူသန်စွာ အဆိုးဆုံးပုံစံနှင့် ​မော့တိအား ဆက်ဆံကြမည်ကို မုထျန်းဟန် မလိုလား​ပေ။ အမှန်တကယ်တွင် ကျောင်းသည် လုံးဝ လုံခြုံစိတ်ချရ​ဆုံးနေရာ မဟုတ်သည့်အတွက် မုထျန်းဟန် သဝန်တိုသော်လည်း မော့တိကိုမူ သူတို့၏အိမ်ထောင်ရေးအ​ကြောင်း ထုတ်ဖော်ခွင့်မပေးခဲ့​ပေ။

ကျောင်းအပြင်ဘက်တွင် မုထျန်းဟန် ​မော့တိအား အထင်ကြီးလေးစားသူများကို တားနိုင်​သော်လည်း ​မော့တိကျောင်းမှလူများဆီရောက်သွား​သောအခါ မုထျန်းဟန် မျှော်လင့်ချက်မဲ့သွားသည်။ ​မော့တိကို အကြွင်းမဲ့ယုံကြည်ထားသော်လည်း မုထျန်းဟန် သဝန်မတိုဘဲနေနိုင်ပေ။ ​မော့တိ ​ချဥ်းကပ်လာမှုများအားလုံးကို ငြင်းဆိုမည်ကို သူသိသော်လည်း သူ့ကလေး​လေးသည် ဤမျှလောက် ရဲဝံ့စွာလုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

မုထျန်းဟန် ထိုသတင်းကို ကြားလိုက်ရသောအခါ သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။ ပထမတွင် အံ့သြသွား​သော်လည်း အဆုံးမှာ ဝမ်းသာသွားရသည်။ ထို့နောက် နောက်ဆက်တွဲကိစ္စများကို မည်သို့ ကိုင်တွယ်​​ဖြေရှင်းရမည်ကို တွေးတောဆင်ခြင်ခဲ့သည်။ အနည်းဆုံး​ မော့တိ ဘွဲ့ရသည်အထိ သူ့အိမ်ထောင်ဖက်သည် ယောက်ျားတစ်ယောက်ဖြစ်​နေ​ကြောင်းကို သူ ဖုံးထား၍ရ​သေးသည်။ ထိုကဲ့သို့ပေါက်ကြားခဲ့လျှင်တောင် သူ သတင်းအချက်အလက်တွေကို အင်အားသုံးပြီး ဖယ်ရှားပစ်၍ရ​သေးသည်။

​မော့တိအတွက်မူ မုထျန်းဟန် မည်သည်ကို စိတ်ပူနေသည့်​အ​ကြောင်း သူ အတိအကျ ပြောနိုင်သည်။

​မော့တိ သွားများ​ပေါ်သည်အထိ ပြုံးပြပြီး မုထျန်းဟန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။ မုထျန်းဟန် ​မော့တိကို ကျွမ်းကျင်စွာ ​ပွေ့ချီလိုက်ပြီး သူ့ရင်ခွင်ထဲတွင် ချစ်မြတ်နိုးစွာ ​ပွေ့ဖက်ထားလိုက်သည်။

"ကိုကို အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး။ ကျွန်​တော် မကြာခင် ဘွဲ့ရတော့မှာပါ။ ​နောက်ပြီး ဒီကိစ္စကို ​ဖော်ထုတ်ခံရရင်တောင် ကျောင်းမှာ ဘယ်သူကမှ ကျွန်​တော့်ကို အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ဘူး။ ပြီး​တော့ ကျွန်​တော့်ရဲ့ပါမောက္ခတွေကလည်း ကျွန်​တော့်ကိုအရမ်းသဘောကျတယ်​လေ။ အဲဒါ​ကြောင့် သူတို့က ကျွန်​တော့်ကို ဂုဏ်သိက္ခာထိခိုက်​အောင် လုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်​တော် သေချာ​ပြောရဲတယ်" ​

မော့တိ စကား​ပြော​နေသည်ကို ရပ်လိုက်ပြီး မုထျန်းဟန်၏ပါးကို ပုတ်ကာ ဆက်ပြောသည်။

"ကိုကို ကျွန်​တော်နဲ့ ကိုကို အတူတူရှိ​နေတဲ့အ​ကြောင်းကို တစ်ကမ္ဘာလုံးကိုလည်း ကျွန်​တော် သိစေချင်တယ်။ သဝန်တိုတတ်တဲ့သူက ကိုကို တစ်​ယောက်တည်းလို့ ထင်မ​နေနဲ့"

မုထျန်းဟန် သူတို့လက်ထပ်ပြီးသည့် အချိန်ကတည်းက သူ၏အိမ်ထောင်ရေးအခြေအနေကို ကြေငြာခဲ့သည်။ ထိုသို့​ကြေငြာခဲ့သည့်တိုင် မုထျန်းဟန်ကို သွေးဆောင်ရန် ကြိုးစား​နေသည့် အရှက်မဲ့​သောသူများ ရှိနေဆဲပင်။ မုထျန်းဟန် သူတို့ကို မညှာမတာ ငြင်းဆန်ခဲ့ပြီး သူ့ရှေ့တွင် ဘယ်တော့မှ ​နောက်ထပ် ပြန်မပေါ်လာရန် သေချာ​အောင် ​ပြုလုပ်ခဲ့​သော်လည်း ​မော့တိ ​ဒေါသထွက် စိတ်အ​နှောင့်အယှက်မဖြစ်ဘဲ မ​နေပေ။

ထို့အတွက်ကြောင့်လည်း အရည်အချင်းရှိ​၍ ချောမော​ပြီး ချမ်းသာသည့် ​မော့တိက မုထျန်းဟန်၏ တရားဝင်အိမ်ထောင်ဖက်ဖြစ်သည့်အကြောင်း လူတိုင်းကို သူ သိစေချင်သည်။ အခြားမည်သူကများ သူ့ယောက်ျားကို သွေးဆောင်ရန်​ တွေးရဲ​သေးသလားဟု ကြည့်ချင်​သေးသည်။

မုထျန်းဟန် ​မော့တိ၏ ကိုယ့်ကိုယ်ကို ​ကျေနပ်​နေသည့် အမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။ ​မော့တိကို ဆိုဖာပေါ်တင်ပြီး ချစ်မြတ်နိုးစွား နမ်းရှိုက်လိုက်သည်။

“ကောင်းပြီ။ မင်းသ​ဘောအတိုင်း လုပ်ကြရအောင်။ သတင်းတွေ ပျံ့သွားတဲ့အခါကျရင် ကိုယ်တို့ အဲဒါကို ဖယ်ရှားမပစ်ဘဲ တရားဝင် ထုတ်ပြန်ချက်တစ်ခု ထုတ်လိုက်မယ်"

"အင်း” ​မော့တိ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူ ပြုံးပြီး တခြားအကြောင်းအရာကို ပြောင်း​ပြောလာသည်။

"ကိုကို ဒီနေ့ ကျွန်တော် မထင်မှတ်ထားတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ရခဲ့တယ်။ ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်"

"မထင်မှတ်ထားတဲ့ ဖုန်းခေါ်မှုလား"

မုထျန်းဟန် ခဏတာမျှစဉ်းစားပြီး ​မေးလိုက်သည်။

"အဲဒါ ချင်ကွမ်းကျယ်လား"

"အိုး ကိုကို ကိုကိုက အရမ်းအံ့ဩဖို့ ​ကောင်းတာပဲ။ ပထမဆုံး ကြိုးစားမှုမှာတင် မှန်သွားတယ်။ ဟုတ်တယ် သူပဲ"

"သူ ဘာပြောလဲ"

မုထျန်းဟန် မျက်မှောင်ကြုတ်လိုက်သည်။

ချင်အဖွဲ့ကို မုထျန်းဟန် ဖြုတ်ချခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရဲတပ်ဖွဲ့သည် ချင်းမိသားစု၏ နက်ရှိုင်းသော အကျင့်ပျက်ခြစားမှုများကို ခွင့်ပြု​ပေးခဲ့ခြင်း​ကြောင့် သူတို့ကို လျင်မြန်စွာ ဖယ်ရှားနိုင်ခဲ့ခြင်းလည်း တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်။ ချင်ကွမ်းကျယ်က ချစ်ခင်မြတ်နိုးတတ်သော ဖခင်တစ်ဦးဖြစ်သော်လည်း ​သန့်ရှင်းသောစီးပွားရေးသမားမဟုတ်သည်မှာ သေချာ​ပေါက်ပင်။ သူ၏နည်းလမ်းများက ချင်ချန်းယီနှင့် ဆင်တူသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူ၏ကိုယ်ပိုင်အကျိုးစီးပွားထက် အခြားသူ၏အကျိုးစီးပွားကို ဦးစားပေးခြင်း၌ သူသည် 'ထိန်းချုပ်မှု' မရှိခြင်းပင်ဖြစ်သည်။

ချင်မိသားစု ကျဆုံးသွားသည့်တိုင် ချင်ကွမ်းကျယ်ကမူ ​ငွေ​ကြေးလုံးဝမရှိခြင်း မဟုတ်​ပေ။ သူသည် ဟွာရှား၏ အချမ်းသာဆုံးလူအဖြစ်မှ အိမ်တစ်လုံးနှင့် ကားတစ်စီးရှိသော သာမန်လူအိုတစ်ဦးအဖြစ်သို့ လျှော့ချခံလိုက်ရခြင်းမျှသာဖြစ်သည်။

"သူ ချင်ချန်းယီဆီ အလည်အပတ်သွားခဲ့ပြီး ချင်ချန်းယီလည်း နောင်တရ​နေတယ်လို့ သူက​ပြောတယ် ”

​မော့တိ ပြောပြလိုက်သည်။

"သူပြောတာ ဒါအကုန်ပဲလား"

"မဟုတ်ဘူး။ ဒါပဲ သူပြောနိုင်တယ်။ သူ့အသံကို ကြားတာနဲ့ ကျွန်တော် ဖုန်းချလိုက်လို့ အဲဒီအပိုင်းကိုပဲ ကြားခဲ့တယ်။ ကျွန်​တော် မှားနှိပ်ပြီး ဖုန်းကိုင်မိသွားတာ ကျွန်​တော် ဘယ်တုန်းကမှ နံပါတ်အစိမ်း​တွေဆို လက်မခံဘူး"

သူပြောပြီးသည်နှင့် ​မော့တိ၏ ဖုန်းမြည်လာပြီး ထိုဖုန်း​ခေါ်ဆိုမှုမှာ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်​နေသည်။

​မော့တိ:"..."

​မော့တိ ဖုန်းခေါ်ခြင်းကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်​သော်လည်း သုံးစက္ကန့်အကြာတွင် မုထျန်းဟန်၏ ဖုန်းမြည်လာပြီး ထိုနံပါတ်အတိုင်းပင် တူညီသောနံပါတ်ဖြစ်​နေခဲ့သည်။

မုထျန်းဟန် စဥ်းစားလိုက်ပြီး ပြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။

လိုင်သယ်စစ်၏ အသံ အခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး

“မု၊ ငါ ​ရှောင်တိကို ဖုန်းခေါ်ပေမယ့် သူ ဖုန်းမကိုင်ဘူး။ ဒါက ​ရှောင်ယွီရဲ့ နံပါတ်အသစ်​လေ။ ​သေချာမှတ်ထားလိုက်အုံး"

"လိုရင်းကိုပဲပြော"

စုန့်ယွီ၏ အသံ ဖုန်းထဲသို့ ဝင်လာသည်။

"အိုး ဟုတ်သားပဲ။ မု၊ ​မော့တိနဲ့ မင်းရဲ့ အိမ်ထောင်ရေးအ​ကြောင်းကို ဖော်ထုတ်ပြီးသွားကြပြီ။ ကွန်ရက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေပြီ။ တစ်ယောက်ယောက်က မင်းကို ရောင်းစားခဲ့တာလို့လည်း ငါ သံသယရှိတယ်။ မြန်မြန်ကြည့်လိုက်"



Xxxxxxx