အပိုင်း ၁၇၁(Extra 2)
Viewers 28k

Chapter 171 (Extra-2)



"​ရှောင်တိ ​ရှောင်တိ နင် နင် ငါပို့လိုက်တဲ့ ဒီဗီဒီယိုကို ကြည့်ဖို့ မမေ့နဲ့နော်။ အဲ့ဒီ အဲဒီတစ်ခုက... ဖူး!" ​ကျောက်ချွင်သည် မရယ်မိ​စေရန် ပါးစပ်ကို အတင်းပိတ်ထားရ​သော​ကြောင့် သူမ၏မျက်နှာက နီရဲနေသည်။

​မော့တိ သူမ၏ ဒုက္ခ​ပေး​တတ်သော အပြုအမူများနှင့် ရင်းနှီး​နေပြီဖြစ်ပြီး အေးစက်စွာပြောလိုက်သည်။

"ကြည့်ရတာ အစ်မ အလုပ်ပြီးသွားပြီနဲ့ တူတယ်။ ကျွန်​တော် အစ်မကို တာဝန်သစ်တစ်ခု ထပ်ပေးမယ်"

"အာ မဟုတ်ဘူး။ ငါ ငါးမိနစ်​လောက်ပဲ အနားယူ​နေတာ” ​ကျောက်ချွင် ငြင်းပယ်လိုက်သည်။

​မော့တိ ခေါင်းခါပြီး ရယ်လိုက်သည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ချင်ကွမ်းကျယ်သည် မုထျန်းဟန်နှင့် မော့တိတို့၏ ဆက်ဆံရေးကို မနာလိုမုန်းတီးစွာ ထုတ်ဖော်ခဲ့ပြီးနောက် ထိုကိစ္စသည် သူတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်သည့် တရားဝင်ထုတ်ပြန်ချက်ကို ထုတ်ရန် တွန်းအားပေးခဲ့သည်။ ထိုအချိန်မှစ၍ ဘဝနေထိုင်မှုသည် အနည်းငယ်ကွာခြားသွား​ပေသည်။

အစပိုင်းတွင် လိင်တူဆက်ဆံခြင်းကို ခွဲခြားဆက်ဆံသူများ၏ အွန်လိုင်း​ပေါ်တွင် ပေါ်ပေါ်ထင်ထင် ပြစ်တင်ဝေဖန်မှုများခံခဲ့ရသည်မှာ အမှန်ဖြစ်​ပြီး အချို့သည် ​မော့တိ၏ ကုမ္ပဏီကိုပင် သပိတ်မှောက်ခဲ့ကြသည်။ ​မော့တိ၏ ပြိုင်ဘက်ကုမ္ပဏီများသည် မီးထဲသို့လောင်စာ​​ပေါင်းထည့်ရန် ဤအခွင့်အရေးကိုယူပြီး ​မော့တိ၏ဂိမ်းများကို ​စော်ကား​ပြောဆိုရန်နှင့် နာမည်​ကောင်းကို ထိခိုက်စေရန် ရေတပ်များကို ငှားရမ်းခဲ့ကြသည်။

သို့သော်လည်း ထိုလူများသည် အချိန်ခဏလေး​လောက်သာ ​အောင်မြင်ခဲ့ကြသည်။

ထိုအချိန်တွင် မုထျန်းဟန် တည်ထောင်ခဲ့သော Impression ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်လာခဲ့သည်။ သူ၏လူထုဆက်ဆံရေးအဖွဲ့ (Public Relation Team)သည် အကောင်းဆုံးမဟုတ်​သော်လည်း အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် လျင်မြန်စွာ တန်ပြန်အရေးယူမှုများနှင့် အရာခပ်သိမ်းကို ချောချောမွေ့မွေ့ဖြစ်စေရန် အစီအစဥ်များ ချမှတ်​ဆောင်ရွက်ခဲ့သည်။

သိပ်မကြာခင်မှာပင် လူထု၏သဘောထားကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။ အမှန်တကယ်တွင် ထိုကိစ္စသည် အင်အားကြီးရေတပ်များ​ကြောင့်သာ မဟုတ်လျှင် ယေဘုယျသဘောထားများသည် အ​တော်​လေး အပြုသဘောဆောင်သည်။

ရေတပ်များ၏ အပျက်သဘောဆောင်သော လွှမ်းမိုးမှု လျော့နည်းလာသည်နှင့်အမျှ သူတို့၏ ဆက်ဆံရေးကို ထောက်ခံသည့် ပို့စ်များစွာ ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးထုကြားတွင် သူတို့၏ အမျိုးသားနတ်ဘုရားနှစ်ပါးသည် လက်ထပ်ပြီးဖြစ်သောကြောင့် စိတ်ပျက်သွားကြသည်ဟုလည်း အချို့ကပြောကြ​သော်လည်း သူတို့​ပြောစကားများတွင် ​မော့တိနှင့် မုထျန်းဟန်တို့နှစ်​ယောက်ကို ကွဲကွာ​စေလိုသည့် စိတ်ဆန္ဒမျိုးမရှိကြ​ပေ။ ကျန်သူများသည် သွားရည်များကျကာ အားကျ​နေကြ​သော ဖူဂျိုရှီများဖြစ်ပြီး သူတို့နှစ်ယောက်ကို ချစ်မြတ်နိုးလက်ခံလာကြသည့် အ​ရေအတွက်သည်လည်း အဆမတန် တိုးပွားလာနေသည်။

ထို့အတူ မုထျန်းဟန်၏ အဖွဲ့သည် သူတို့နှစ်ဦး မည်ကဲ့သို့​တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့​ကြောင်း မုထျန်းဟန်ကိုယ်တိုင် ကြိုးကိုင်ဖန်တီးထားသည့် စိတ်ကူးယဉ်ဇာတ်လမ်းမျိုးစုံကို စတင် ဖြန့်ဝေခဲ့ကြသည်။ ဗားရှင်းတစ်ခုသည် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသော မင်းသားတစ်ပါးကို ကူ​ညီ​ပေးသည့် ဧကရာဇ်ဘုရင်တစ်ပါးပုံစံကဲ့သို့ ​မော့တိကို မုထျန်းဟန် မည်ကဲ့သို့ ကူညီ​ပေးခဲ့​ကြောင်း ​ရေးသားထားသည့် တကယ့်အဖြစ်မှန်ဇာတ်လမ်းဖြစ်သည်။

ထိုဇာတ်လမ်းသည် အလွန်ရေပန်းစားလာခဲ့ပြီး နောက်ဆုံးတွင် cp fan အဖွဲ့ကို ဖန်တီးခဲ့ပြီး သူတို့၏ ချစ်လှစွာသောအတွဲကို ​ကောင်းကင်ဘုံနှင့် ကမ္ဘာ​မြေ စုံတွဲ (Heaven and Earth Couple) ဟု အမည်ပေးခဲ့သည်။

ဤစုံတွဲသည် လူအများ မနာလိုစရာ အချက်များအားလုံးနှင့်ပြည့်မီကိုက်ညီ​နေခဲ့သည်။ နှစ်ယောက်စလုံးသည် ထူးချွန်ထက်မြက်သည့် အရည်အချင်းတွေနှင့်အတူ ရုပ်ရည်သည်လည်း အလွန်​ချော​မောကြသည်။ သူတို့နှစ်ယောက်၏ အချစ်ဇာတ်လမ်းသည် ချိုမြိန်ပြီး စွဲမက်စရာကောင်းလွန်းသည်။ ထို့အပြင် သူတို့သည် လက်ထပ်ထားပြီးဖြစ်သည်။ ထို့​ကြောင့် ထိုကိစ္စသည် လူသိများ​ကျော်ကြားလာ​စေရန် လှည့်စားခြင်းမဟုတ်ကြောင်း သက်သေများပင်ဖြစ်သည်။

ပရိတ်သတ်အ​ရေအတွက် တိုးလာသည်နှင့်အမျှ အနုပညာလက်ရာများ၊ စိတ်ကူးယဥ်ဇာတ်လမ်းများ၊ manhua နှင့် ကုန်ပစ္စည်းများကို ပိုမိုဖန်တီးလာကြသည်။ ထိုအရာများသည် ပရိတ်သတ်များက ​ကောင်းကင်ဘုံနှင့်ကမ္ဘာ​မြေကြီး အစုရှယ်ယာများဟုလည်း ​ခေါ်ကြသည့် မော့တိနှင့် မုထျန်းဟန်တို့ ကုမ္ပဏီများ၏ ​ဈေးကွက်တန်ဖိုးကိုလည်း လွှမ်းမိုးနိုင်ခဲ့သည်။ ထိုအရာများကို လက်ဝယ်ပိုင်ဆိုင်နိုင်​ခဲ့လျှင် သင် ဘယ်​သောအခါမျှ စိတ်ဆိုး​ဒေါသထွက်ရမည် မဟုတ်​ပေ။

နောက်ဆုံးတွင် ဤဖြစ်စဉ်သည် ပြည်ပနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ပြီး ယခုအခါ နိုင်ငံတိုင်းတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး စုံတွဲ၏ ပရိသတ်များ ရှိနေပြီဖြစ်သည်။

အစပိုင်းတွင် ​မော့တိ အနည်းငယ်ရှက်ရွံ့သော်လည်း မကြာခဏ​ဖော်ပြခြင်းခံရ​သော​ကြောင့် သူအရှုံးပေးလိုက်ပြီး တစ်ခါတစ်ရံတွင် သူတို့နှင့်ပတ်သက်သည့် စိတ်ကူးယဉ်ဝတ္ထုများကို ဝဘ်ဆိုဒ်များတွင် လျှို့ဝှက်စွာ ရှာဖွေဖတ်ရှုလေ့ရှိသည်။

သူကိုယ်တိုင် သူ့ကိုယ်ပိုင် ခွေးစာများ စားပြီး ထိုနည်းလမ်းသည် မယုံနိုင်လောက်အောင် အရမ်းအံ့ဩဖို့​ကောင်းသည်ဟု သူထင်ခဲ့သည်။

​ကျောက်ချွင်သည်လည်း ​ကောင်းကင်ဘုံနှင့် ကမ္ဘာ​မြေ စုံတွဲ၏ ပရိတ်သတ်တစ်ဦးဖြစ်သည်။ သူမ 'အစားအသောက်ကောင်း' ကို ရှာတွေ့သည့်အချိန်တိုင်း သူမသည် အထူးသီးသန့် တာဝန်တစ်ရပ်ကဲ့သို့ ၎င်းတို့ကို ​မော့တိဆီသို့ ရယ်စရာ​ကောင်းသော မျက်နှာဖြင့် ပေးပို့​လေ့သည်။

​မော့တိ မသိခဲ့သည်မှာ မုထျန်းဟန်သည် ​သူနှင့်ဝေးနေသည့်အချိန်တိုင်း မုထျန်းဟန်ကိုယ်တိုင် ဖန်တီးထား​သော ဇာတ်လမ်းများကို တခါတရံ လှန်ကြည့်တတ်သည်။ ယခုအချိန်တွင် သီးသန့် ​ကောင်းကင်ဘုံနှင့် ကမ္ဘာ​မြေကြီး စုံတွဲဝဘ်ဆိုဒ်တွင် သူ၏ ဇာတ်လမ်းများစွာကို တင်ထားပြီးဖြစ်သည်။ အမြင့်ဆုံးဆုအဖြစ် ယွမ်​ငွေအ​မြောက်အများကို မုထျန်းဟန်ကိုယ်တိုင် ​ထောက်ပံ့ပြီး စာ​ရေးပြိုင်ပွဲကိုပင် ကျင်းပခဲ့သည်။ ထိုသားရဲအိုကြီးနှင့် နှိုင်းယှဥ်လျှင် ​မော့တိသည် အတော်လေး ရိုးသားပြီး အပြစ်ကင်းနေဆဲပင်။

…..

​မော့တိ ဘွဲ့ရပြီး ၃နှစ်အကြာ အသက်နှစ်ဆယ့်လေးနှစ်တွင် သူ၏ကုမ္ပဏီဖြစ်​သော တိယီမုကို တည်​ထောင်ခဲ့သည်မှာ ခြောက်နှစ်ရှိခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဟွာရှားဂိမ်းလုပ်ငန်း၏ နဂါးဟု အမည်​ပေးထားဆဲပင်။ သို့သော် တိယီမုသည် ဟွာရှားတွင် ရေပန်းစားရုံသာမက ၎င်း၏ ဩဇာအာဏာသည် အဆုံးမဲ့စီးဆင်းမှု ဂိမ်းအသစ်များအတွက် အခြေခံဖြစ်သည့် အဆုံးမဲ့ဘ၀ ၏ နည်းပညာများနှင့်အတူ ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည်။ ဂိမ်းအသစ်များထဲမှ မည်သည့်ဂိမ်းကမျှ သူ၏ပလ္လင်ကို မလှုပ်ခတ်နိုင်​သေး​ပေ။

အဆုံးမဲ့ဘဝသည် တိယီမု၏တစ်ခုတည်းသော ကမ္ဘာကျော်ဂိမ်းမဟုတ်သည်မှာ ပြောနေစရာမလိုတော့ပေ။ ဤနှစ်များတစ်လျှောက်တွင် ၎င်းသည် MOBA ဂိမ်း၊ Battle၊ open-world role-playing ဂိမ်း၊ Path of the Immortal၊ dating sim ဂိမ်း၊ Secret Summer နှင့် အခြားထိတ်လန့်ဖွယ်ရာ survival ဂိမ်း၊ The Survivor is King ...အစရှိသည်တို့ကို ထုတ်လုပ်ခဲ့သည်။

ဤဂိမ်းများသည် ​မော့တိ၏ ပိုင်ဆိုင်မှုများကို မုထျန်းဟန်ကို ကျော်လွန်သည်အထိ မမြှင့်တင်နိုင်သော်လည်း ​မော့တိသည် ကမ္ဘာ့အချမ်းသာဆုံးနှစ်ဆယ်စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။ အကယ်၍ တိယီမုသည် ၎င်း၏ဂိမ်းများကို pay-to-win mechanicsများအဖြစ်သို့ ပြောင်းလဲခဲ့ပါလျှင် ​မော့တိ၏ဝင်ငွေသည် မုထျန်းဟန်ကို အလွယ်တကူ ကျော်တက်နိုင်သည်ဟု သုံးသပ်သူ အများအပြားက ပြောကြသည်။

(Pay-to-win mechanicsက ဂိမ်းကစားသူ​တွေကို levelမြင့်ဖို့ ဂိမ်းထဲမှာရှိတဲ့ ပစ္စည်း(items)​တွေကို ​ရောင်း​ပေးတာကို ​ပြောတာပါ။ ဥပမာ-Mobile Legendsမှာ စိန်​တွေ ဝယ်တာနဲ့ တူတူပဲ)

ထိုအ​ကြောင်းကိုဖတ်ပြီး ​မော့တိသည် သူ့အထက်ပုဂ္ဂိုလ်ကို ​စောစီးစွာ ကျော်မတက်ချင်​သော​ကြောင့်ဟု စုံတွဲပရိသတ်များအားလုံးက အော်ဟစ်​ပြောဆိုခဲ့ကြသည်။

တစ်ခါတရံတွင် ​မော့မိသားစုအ​ကြောင်းအား ဖော်ပြထားပြီး ​မော့တိအ​ပေါ် ထိုကဲ့သို့ ပြုမူခဲ့သည်ကို သူတို့ နောင်တရလား သိချင်သည့် ပို့စ်များ အွန်လိုင်းတွင် ရှိနေတတ်သည်။

အဖြေသည် လုံးဝ ဟုတ်ပါသည်။

​မော့မိသားစု ထိုကံကြမ္မာအဆုံးအဖြတ်ဖြစ်​သော အပျော်စီးသင်္ဘောပေါ်တက်သွားသည့်အချိန်မှစ၍ ခြောက်နှစ်ကြာသွားခဲ့သည်။ သူတို့သည် ငါးနှစ်အတွင်း သူတို့၏ အကြွေးများကို ဆပ်နိုင်သင့်သည်မှန်သော်လည်း ​မော့စန်းကျစ်ကဲ့သို့ လူတိုင်းသည် တာဝန်များကို စတင်​ဆောင်ရွက်နိုင်စွမ်း မရှိကြပေ။ ခွဲတမ်းကို ပြီးမြောက်ရန် ပျက်ကွက်လျှင် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သော်လည်း အချို့သောသူများသည် အချိန်ဆွဲရသည်ကို နှစ်သက်​နေဆဲဖြစ်သည်။

ထို့ကြောင့် ​မော့မိသားစုသည် ထို​နေရာတွင် နေထိုင်ရန် နောက်ထပ်တစ်နှစ် ထပ်တိုးသွားခဲ့သည်။ ယခုနှစ် ဇွန်လမှသာလျှင် သူတို့၏ လောင်းကစားကြွေးများအားလုံးကို ပြန်ဆပ်နိုင်ခဲ့သည်။ သို့သော် သူတို့ (ထိုအထဲတွင် ​ထောင်မှလွတ်လာ​ပြီး​နောက် သင်္ဘောဆီသို့ တန်းတန်းမတ်မတ် အပို့ခံရ​သော ​မော့စစ်လန်လည်း အပါအဝင်) လွတ်လာသောအခါတွင် သူတို့အားလုံး လူနှင့်​တောင်မတူ​တော့​ပေ။ သူတို့အရင်က အကျင့်စရိုက်များ ဆုံးရှုံးသွား​ပြီး အာရုံကြောများ အနည်းငယ် ပျက်စီးသွားကြသည်။

လယ်ယာလုပ်ငန်းဖြင့် ရပ်တည်နိုင်သည့် အခြား​ကျေးလက်​ဒေသတစ်ခုတွင် ကြီးမားသော မြေကွက်တစ်ခုကို မုထျန်းဟန် သူတို့အား ပေးခဲ့သည်။ သူတို့ ​ပေးထားသည့်​နေရာတွင် ​နေထိုင်​နေသည်ကို ​သေချာ​စေရန် မုထန်းဟန် လူတစ်ချို့ကို ​စောင့်ကြည့်ခိုင်းခဲ့သည်။ ထို့အပြင် သူတို့နှင့် ပြန်လည်ပေါင်းစည်းရန် ခြောက်နှစ်ကြာ စိတ်ကျန်းမာရေးဆေးရုံတွင် ထိန်းသိမ်းခံထားရသည့် ​မော့လျှို​ကွေ့ကိုလည်း ပို့​ပေးခဲ့သည်။

စိတ်ကျန်းမာရေးဆေးရုံ၌ သူမ ချုပ်နှောင်ခံထားရသည့် ဒုတိယ​မြောက်နှစ်တွင် ​မော့လျှို​ကွေ့၏ စိတ်အခြေအနေသည် အနည်းငယ် စိတ်ဖေါက်ပြန်သွားသည်။

အမှန်တရားကိုသိပြီးနောက် ကမ္ဘာကြီးသည် သူမကို လှည့်ပတ်နေသည်ဟု အခိုင်အမာ ယုံကြည်နေဆဲဖြစ်သည်။ သူမသည် ဤစကြဝဠာ၏ ဗဟိုချက်ဖြစ်ပြီး လူတိုင်း သူမအား ချစ်မြတ်နိုးပြီး ကိုးကွယ်သင့်သည်။ ခြွင်းချက်မရှိ သူမကို ချစ်မြတ်နိုးပြီး သူမအတွက် သူတို့၏ အသက်များကို မြှုပ်နှံထားသင့်သည်။

တကယ့်လက်​တွေ့တွင် ဆန့်ကျင်ဘက်ဖြစ်​​နေသည်မှာဖြင့် ဝမ်းနည်းစရာကောင်းလှသည်။

ထိုကဲ့သို့ ပြင်းထန်​သော ခြားနားချက်များသည် သူမကို ရူးသွပ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ အထူးသဖြင့် စိတ်ဝေဒနာရှင်များရှိသည့် သီးသန့်လူနာ​ဆောင်သို့ ပြောင်းရွှေ့ပြီးနောက်ပင် ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ထိုထူးဆန်းသော အတွင်းလူနာများ၏ ကြောက်မက်ဖွယ် ​အော်ဟစ်သံများနှင့် ထူးဆန်းသော အပြုအမူများသည် သူမကို ဝန်းရံထားကြသည်။ သူမ၏ စိတ်ကျန်းမာ​ရေးသည် တဖြည်းဖြည်း ပြိုလဲလာပြီး သူမ၏ ကိုယ်ပိုင်စိတ်ကူးထဲတွင် စတင်ပုန်းကွယ်လာတော့သည်။

Systemသည် ရှိနေဆဲဖြစ်ပြီး ​မော့တိသည် သူမ နောက်လိုက်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ​တွေးကာ သူမကိုယ်သူမ လှည့်ဖြား​နေခဲ့သည်။ မရေမတွက်နိုင်သော အမျိုးသားများသည် သူမ၏ခြေရင်း၌ ဒူးထောက်ကာ လူအများသည် သူမအား အရူးအမူးစွဲလန်း​နေပြီး တစ်ကမ္ဘာလုံးသည် သူမအား နတ်ဘုရားမအဖြစ် ဆက်ဆံကြ​ပေလိမ့်မည်။

ထို့ကြောင့် ​မော့လျှို​ကွေ့သည် နှိပ်စက်ညှဉ်းပန်းခြင်းမခံရဘဲ သူမ၏ကိုယ်ပိုင် ထင်​ယောင်ထင်မှားယုံကြည်မှုများ​ကြောင့် ရူးသွားခဲ့သည်။

​မော့မိသားစုနှင့် ပြန်လည်ပေါင်းစည်းရန် ပြန်ပို့လိုက်သောအခါတွင် သူမသည် စိတ်ကူးယဥ်တတ်သည့် ပြင်းထန်သော စိတ်ဝေဒနာရှင်အဖြစ်သို့ လုံးဝ​ပြောင်းလဲသွားခဲ့သည်။သူမ၏မျက်လုံးများကို ပထမတစ်ချက်ကြည့်ရုံနှင့်ပင် မည်သူမဆို သူမသည် ပုံမှန်မဟုတ်ကြောင်း ပြောနိုင်သည်။

နောက်ဆုံး သူမ ​မော့မိသားစုဝင်များနှင့် တွေ့သည့်အခါ သူမအတွက် လက်ဖက်ရည်​ဖျော်​ပေးရန် သူတို့ကို ပြောခဲ့သည်။

မော့မိသားစု သည်းခံခဲ့ရသော နှိပ်စက်မှုများအားလုံးမှ ဒေါသကို နှိုးဆွ​ပေးနိုင်သကဲ့သို့ပင် အခု ​မော့လျှို​ကွေ့ကို ​တွေ့လိုက်ရခြင်းသည် ​သူတို့ကို စိတ်အ​နှောင့်အယှက် ဖြစ်​စေသည်။ သူမတွင် သူတို့ကို ​သွေး​ဆောင်ရန် သတ္တိများ ရှိနေသေးသည်ဟု တွေးလိုက်မိသည်။ သူတို့၏ ဒေါသကို မထိန်းနိုင်သည့် အဒေါ်နှစ်ယောက်သည် ​မော့လျှို​ကွေ့၏ ဆံပင်ကိုဆွဲပြီး သူမ၏မျက်နှာကို မထိန်းချုပ်နိုင်စွာ အဆက်မပြတ် ပါးရိုက်ကြ​တော့သည်။

​မော့လျှို​ကွေ့၏အ​မေဖြစ်သူ ရွမ်ချင်းတန့်သည် ​မော့လျှို​ကွေ့အား မရိုက်နှက်ခြင်းသည်ပင် သူမသမီးကို ပေးနိုင်သည့် အကြီးမားဆုံး 'ချစ်ခြင်းမေတ္တာ' ဖြစ်သည်။ တကယ်တမ်းတွင် ရွမ်ချင်းတန့်သည် ဘယ်​သောအခါကမျှ တစ်ကိုယ်​ကောင်းဆန်သည့် မိခင်တစ်ယောက်မဟုတ်​ခဲ့ပေ။သို့သော် သူမ ခံစားခဲ့ရသည့် ခြောက်နှစ်တာကာလအတွင်း သူမသည် ​မော့တိကို မိနစ်တိုင်းမုန်းတီး​နေခဲ့ပြီး ​မော့လျှို​ကွေ့ အ​ပေါ် ချစ်မြတ်နိုးမှုသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ကျန်​မော့မိသားစုဝင်များအားလုံးသည် ​မော့လျှို​ကွေ့ကို အရိုးထိအောင် မုန်းတီးနေကြသည်မှာ ပြောစရာ​မလို​ပေ။

​မော့လျှို​ကွေ့ကို ကောင်းကောင်းရိုက်နှက်ပြီးနောက်တွင်တောင် အဒေါ်များသည် မကျေမနပ်ဖြစ်နေဆဲပင်။ ​မော့လျှို​ကွေ့ ပြစ်ဒဏ် အနည်းငယ်​လောက်သာ ကျခံ​နေရစဥ်တွင် ​မော့မိသားစုဝင်များသည် သူမ​ကြောင့် မရေမတွက်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုများကို ဒုက္ခခံခဲ့ကြရသည်။ ​သူတို့သည် ​မော့လျှို​ကွေ့ကို အလွယ်တကူ မလွှတ်​ပေးနိုင်​ပေ။

သူတို့ ထိုဒုက္ခကို ဘယ်လိုပင် ခံနိုင်ရည်ရှိစေကာမူ သူမကို အဘယ်ကြောင့် မြည်းစမ်းခွင့်မ​ပေးရမည်နည်း။

…..

ထိုသို့သော ထူးထူးခြားခြား ပြန်လည်ဆုံဆည်းမှုနှင့်အတူ ​မော့မိသားစု၏နေ့ရက်များသည် စိတ်လှုပ်ရှားဖွယ်ဖြစ်လာသည်။ သူတို့သည် မိသားစုတစ်စုဖြစ်ရန် တကယ်ကိုသင့်တော်ပေသည်။



Xxxxxxxc