အပိုင်း ၇
Viewers 12k

(အမတ်ကြီးအိမ်တော်အားမျက်နှာဖြတ်ရိုက်ခြင်း)
လင်းရှောင်က တွေးရုံပဲတွေးနိုင်သည်။
သေချာပေါက် ဘယ်ထုတ်ပြောရဲမလဲ။
လင်းရှောင်ရဲ့ကိုယ်က ကြောက်ရွံ့မှုကြောင့် အလိုလိုတဆတ်ဆတ်တုန်နေပြီး ဒူးထောက်ကာ ခေါင်းငုံ့ထားလိုက်သည်။
သူ့ကခေါင်းကိုတအားငုံ့ထားတာကြောင့် မင်းကြီးရဲ့ခြေထောက်နားကိုပဲမြင်ရသည်။ သို့သော်ကြည့်ရသည်မှာ မင်းကြီးကတစ်ယောက်တည်း ဖြစ်ပုံရသည်။ နောက်မှအထိန်းတော်နဲ့တခြား အစောင့်ရဲမက်တွေမပါပေ။
လင်းရှောင်က ကြောင်တောင်တောင်တွေးလိုက်သည်။
'မင်းကြီးက တစ်ယောက်တည်း နန်းတွင်းထဲပတ်ပြီးသွားနေတာကို ကြိုက်တာလား..
ပထမဆုံးအကြိမ်တုန်းကတော့ တိုက်ဆိုင်တာလို့တွေးပေးလို့ရတယ်။
ဒုတိယအကြိမ်ကလည်း တော်၀င်ဥယျာဉ်ထဲမှာမို့ တိုက်တိုက်ဆိုင်ဆိုင်ဆုံတယ်ဆိုတာ ဖြစ်နိုင်သေးတယ်။
ဒါပေမယ့်တတိယအကြိမ်ကြီးကတော့...
လင်းရှောင်က သူ့ဘာသူ ချူရှိုးနန်းဆောင်ကတဖဝါးမှမခွာပဲ လိမ်လိမ်မာမာနေပါသော်လည်း
အဘယ်ကြောင့် ဘုရင်မင်းမြတ်က
သူ့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကြွလာရပြန်သနည်း။
သေချာပါသည် သူ့ကံကိုကဆိုးဝါးနေခြင်းဖြစ်လိမ့်မည်။
လင်းရှောင်ကအလွန်စိတ်ဓာတ်ကျနေပုံပေါ်သည်။
သို့တည်းမဟုတ် မင်းကြီးကပျင်းပျင်းရှိ၍ ချူရှိုးနန်းဆောင်မှအရွေးချယ်ခံအပျိုတော်များကို စောစောစီးစီးလာအကဲခတ်ခြင်းပေလော...
"ထနိုင်ပြီ "
လင်းရှောင်အတွေးများနေတုန်း ဧကရာဇ်ရဲ့အသံကိုကြားလိုက်ရသည်။
သူမနာခံပဲမနေရဲပေ။
သူရဲ့၀တ်ရုံကိုနေရာတကျချရင်း လင်းရှောင်ကနာခံစွာရပ်လိုက်သည်။ သို့သော်ဖြောင့်ဖြောင့်မရပ်ရဲပေ။ သူ၏ခါးကရိုသေလေးစားသမှုပြသည့်အနေဖြင့် အလွန်အမင်းကိုင်းလျက်ရှိသည်။
သို့သော်ထိုသို့ရပ်လိုက်စဉ်တွင်ပင် သူ၏လက်ထဲမှ တစ်စုံတစ်ခုသည် 'ခလွမ်'ဟုအသံပြုလျက်ပင် ဧကရာဇ်၏ခြေထောက်နားသို့လွင့်ကျသွားခဲ့သည်။
လင်းရှောင်ကထိတ်လန့်သွားပြီး အခုချက်ချင်းပဲ ပြေးကောက်လိုက်ရမလား ပြီးမှကောက်ရမလား ယောက်ယက်ခတ်အတွေးများသွားရသည်။
သို့သော် သူ့၏ပြူးနေသောမျက်လုံးနှစ်လုံးရှေ့၌ပင် ဧကရာဇ်ကခါးကိုကိုင်းကာ သူ၏ခြေထောက်နားမှ ထိုအရာကိုကောက်ယူလိုက်လေသည်။
ဧကရာဇ်သည် လက်ထဲမှ အရည်အသွေးမြင့်ကျောက်စိမ်းပြားကိုတစ်ချက်ကြည့်ပြီးနောက် သူ့ထံသို့အကြည့်ရောက်လာခဲ့သည်။
"ခေါင်းကိုမော့လိုက်"
လင်းရှောင်ကားတုန်သွားမိပြန်၏။ ဧကရာဇ်က သူ့ကိုတကယ်ပဲဘာဖြစ်စေချင်နေတာလဲ နားမလည်နိုင်ပေ။
သူကလိပ်လိုနှေးကွေးစွာ ခေါင်းကိုမော့လိုက်မိသည်။
သူမြင်လိုက်ရသည်မှာ ဧကရာဇ်၏စူးရှသောအကြည့်များဖြစ်သည်။
ထိုအကြည့်တို့က အေးစက်ပြီးရုန်းထွက်ရခက်သော အမိန့်တချို့ပါ၀င်နေသည်ကိုခံစားရပြီး သူ့ထံတွင်မြဲမြံနေသည်။
ဧကရာဇ်ကရှေ့သို့လှမ်းလာခဲ့ပြီး လင်းရှောင်က သူ့ခေါင်းကိုကပြာကယာ ပြန်ငုံ့လိုက်ပြန်သည်။
"မင်းက ကြည့်ကောင်းသားပဲ။ ဒါပေမယ့် ကုန်းကုန်းနဲ့တော့မတူဘူး"
ဧကရာဇ်၏စူးရှသောအကြည့်များက သူ၏အောက်ပိုင်းတစ်နေရာတွင်ရှိနေသည်ကိုမြင်သော် လင်းရှောင်တစ်ကိုယ်လုံးတောင့်တင်းသွားမိသည်။
လင်းရှောင် အမူအယာမပျက်စေရအောင် အတတ်နိုင်ဆုံးသတိထား၍
"ဒီငယ်သားက နန်းတွင်းကိုရောက်လာတာမကြာသေးပါဘူး..."
ဧကရာဇ်က သူ၏လက်ထဲမှ ကျောက်စိမ်းထဲသို့အကြည့်ပြန်ပို့လိုက်သည်။
"အဲလိုလား..."
လင်းရှောင်သည် ခေါင်းကိုငုံ့လျက်ကျင့်ထုံးနှင့်အညီတည်ငြိမ်စွာရပ်နေသည်မှာ
အသစ်ရောက်လာသော ကုန်းကုန်းတစ်ယောက်နဲ့တောင်မတူပေ။
"ကိုယ်တော်နဲ့ လိုက်ခဲ့"
ဧကရာဇ်ကသူ့ရှေ့ကနေလက်ကိုနောက်ပစ်ရင်း
ခပ်အေးအေး ဆက်လျှောက်သွားခဲ့သည်။
ကျောက်စိမ်းပြားမှာလည်း ဧကရာဇ်လက်ထဲတွင် ငြိမ်သက်စွာရှိနေဆဲ။
လင်းရှောင်နားမလည်နိုင်သော်လည်း
ခါးကိုကိုင်းထားလျက် အလွန်ရိုကျိုးသောအမူအယာဖြင့် မင်းကြီးနောက်မှ လိုက်ပါရလေသည်။
ဧကရာဇ်သည် နောက်သို့လှည့်က သူ့ထံတစ်ချက်ကြည့်လိုက်သည်။
"မင်းကဒီကိုရောက်တာမကြာသေးပေမယ့်
ပြုမူရမယ့် ကျင့်၀တ်တွေကို ကောင်းကောင်းသိပုံပဲ"
လင်းရှောင်မှာချွေးအေးများပင်ပြန်လာမိသည်။
သူကျင့်၀တ်တွေကိုအလိုလိုသိနေခြင်းမှာ အတိတ်ဘ၀တွင်လည်း နန်းတွင်း၌အတော်ကြာနေဖူး၍ဖြစ်သည်။
ထိုစဉ်ကလည်း သူနန်းတွင်းကိုရောက်ရောက်ချင်းတော့ ကျင့်၀တ်ထုံးတမ်းများကို ကောင်းစွာမသိခဲ့ပေ။
အကြီးအကဲများနှင့် ကုန်းကုန်းအိုကြီးများလည်း
အသစ်ရောက်လာသောကုန်းကုန်းငယ်များကို ဧကရာဇ်ရှေ့တွင် ချက်ချင်းခစားခွင့်မပြုခဲ့ချေ။
ထိုမတိုင်ခင်တွင် ကုန်းကုန်းတစ်ယောက်ပြုအပ်သော ကျင့်၀တ်အပြုအမူတို့ကို ကောင်းစွာလေ့ကျင့်ရသည်။
အတိတ်ဘ၀တွင် သူကသာမာန်အသစ်ရောက်လာသော ကုန်းကုန်းငယ်သာဖြစ်သော်လည်း မိုရွီ၏ဇာတ်လိုက်မာရောင်ဝါကြောင့် သူပါညပ်ပါကာ ဧကရာဇ်ကိုခဏခဏတွေ့ရသည်။
သူကဧကရာဇ်ရှေ့တွင်အမှားလုပ်မိတိုင်း အပြစ်ပေးခံခဲ့ရသည်။ သူဒါတွေကိုလုံး၀မမေ့သေးချေ။
ထို့ကြောင့်ယခုဘ၀တွင် ဧကရာဇ်ကိုတွေ့သည့်အခါတိုင်း
ကုန်းကုန်းတစ်ယောက်အဖြစ်အလွန်ပြီးပြည့်စုံစွာ အလိုအလျောက်ပြုမူမိပြီး သူကအခုမှနန်းတွင်းသို့ ရောက်လာသောအသစ်တစ်ယောက်ဆိုတာကိုပင် မေ့မေ့သွားမိသည်။ ထို့ကြောင့်ဧကရာဇ်သံသယ၀င်သည်မှာလည်းမဆန်းလှပေ။
လင်းရှောင်သည် မည်သို့ပြန်ဖြေရမလဲ မသိပဲ
အသားအရည်တို့ကလဲ ထိတ်လန့်မှုကြောင့် အလွန်ဖြူဖျော့နေလေသည်။
လိမ်လို့ကတော့ ထူးမှာမဟုတ်ပေ။
ဧကရာဇ်သည် လိမ်ညာခြင်းအားမုန်းကြောင်းသူကောင်းကောင်းသိပေမယ့်
အမှန်အတိုင်းပြောတော့ရောဘာထူးမည်နည်း.။
ထိုသို့ အခက်တွေ့နေမိစဉ်တွင် ဧကရာဇ်သည်သူသွားလိုသောနန်းဆောင်ရှေ့သို့ တိုက်ဆိုင်စွာရောက်လာပြီဖြစ်သည်။
ထို့အပြင် နောက်ထပ်လည်းထူးထူးခြားခြား ဘာကိုမှမေးမလာတော့သည်မို့ လင်းရှောင်မှာ အသက်ရှူချောင်သွားရလေသည်။
ချူရှိုးနန်းဆောင်၏အလယ် အနောက်ဆောင်ကိုဖြတ်လာပြီးသည်နှင့် ဧကရာဇ်၏တော်၀င်စာကြည့်ဆောင်သို့ရောက်လာခဲ့သည်။
ဧကရာဇ်သည် ဖြေရှင်းစရာအလုပ်ကိစ္စရှိပါက ဤနေရာတွင်ဆောင်ရွက်လေ့ရှိသည်။
လင်းရှောင်ကမူ မျက်မှောင်ကြုတ်လျက် မင်းကြီးမှာ အဘယ်ကြောင့်မိမိကိုစာကြည့်ဆောင်သို့ ခေါ်လာသနည်းဟု တွေးနေမိသည်။
သူတွေးနေမိစဉ်တွင် အနီရောင်တိမ်ပုံတွေပါသည့် ၀တ်ရုံကို၀တ်ထားသော အထိန်းတော်ရှုသည် အနောက်မှကုန်းကုန်းငယ်တချို့နှင့်အတူ မင်းကြီးရှေ့သို့ ရောက်လာကာ အရိုအသေပြုလိုက်လေသည်။
ဧကရာဇ်သည် ခေါင်းကိုတစ်ချက်ငြိမ့်ပြကာ...
"ထနိုင်ပြီ
ကိုယ်တော် ခေါ်ထားတဲ့သူရောက်ပြီလား..."
အထိန်းတော်ရှုကခေါင်းငုံ့လျက်ပင်ပြန်ဖြေလိုက်သည်။
"မှန်လှပါ အမတ်ကြီးရော သူရဲ့သားပါ ရောက်နေပါပြီ အရှင်"
ဧကရာဇ်ကဒါကိုကြားပြီးတာနဲ့ ရှေ့ကိုဆက်ပြီးလျှောက်သွားပြီးတော့
အထိန်းတော်ရှုကလည်း နောက်ကလိုက်သွားခဲ့သည်။
လင်းရှောင်လည်း နောက်ကလိုက်မလို့ပြင်လိုက်သေးသည်
သို့သော် အထိန်းတော်ရှုထံမှ သူ့ကိုစိုက်ကြည့်နေသော အကြည့်ကြီးကိုမြင်လိုက်ပြီးနောက် နောက်တွင်သာ ကျန်နေခဲ့လိုက်သည်။
ဧကရာဇ်ကနောက်သို့လှည့်ကြည့်ကာဆိုလိုက်သည်။
"သူ့ကိုလိုက်လာခိုင်းလိုက်"
ထိုစကားကြောင့် အထိန်းတော်ရှုရဲ့အိုမင်းနေတဲ့မျက်နှာကြီးကမကျေနပ်မှုကြောင့် စိမ်းပုပ်သွားသည်။သူ့အား ကြောက်မက်ဖွယ်တစ်ချက်စိုက်ကြည့်ကာ ရှေ့သို့ပြန်လှည့်ပြီး ဧကရာဇ်နောက်မှ မခွာပဲလိုက်သွားလေသည်။
"ဒီငယ်သားက အရှင်မင်းကြီးကိုအရိုအသေပေးပါတယ်။
အရှင်မင်းကြီးသက်တော်ရာကျော် ရှည်ပါစေ"
"ဒီငယ်သား လန်ဝေ့က အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။ အရှင်မင်းကြီးသက်တော်ရာကျော် ရှည်ပါစေ"
အခန်းထဲသို့လှမ်းလိုက်သည်နှင့် အရိုပြုသော နှုတ်ဆက်သံနှုတ်ခုကိုကြားလိုက်ရသည်။ တစ်ခုမှာအနည်းငယ်အိုမင်းပုံပေါက်ပြီး
နောက်အသံတစ်ခုမှာမူ အနည်းငယ် ငယ်ရွယ်သေးပုံပေါ်သည်။
လင်းရှောင်တစ်ချက်ခိုးကြည့်လိုက်တော့
ဒူးထောက်ကာအရိုအသေပြုလျက်ရှိသော
လန်ဝေ့နှင့်၄င်းအဖေ အမတ်ကြီးကိုတွေ့လိုက်ရသည်။
အတိတ်တုန်းကလည်းသူနန်းတွင်းသို့မ၀င်ရမီ အမတ်ကြီးအိမ်တော်တွင်နေခဲ့ဖူးသည်မို့ သူအနည်းငယ်တော့သိသည်။
အတိုင်ပင်ခံအမတ်ကြီး လန်ခန်သည် အသက်ငါးဆယ်ရှိပြီးဖြစ်ကာ သူ၏ဆံပင်နှင့်မုတ်ဆိတ်တို့ကမူ
ဖြူဖွေးနေချေပြီ။ သူသည်သစ္စာရှိသောအမှုထမ်းဟု ထင်ရသော်လည်း အာဏာကိုအလွန်မက်မောသူဖြစ်သည်။
လန်ဝေ့ကမူ သူ၏တစ်ဦးတည်းသောသားဖြစ်သည်။
ဒါနဲ့ မင်းကြီးကဘာလို့ ဒီနှစ်ယောက်ကိုရော သူ့ကိုပါ ဒီနေရာကိုခေါ်လာတာပါလိမ့်?
လင်းရှောင်က သူ့ဘာသူအူကြောင်ကြောင် ဖြစ်နေစဉ် လန်ဝေ့ကခေါင်းငုံ့နေရာမှ မော့လိုက်ရာ လင်းရှောင်နှင့် တိုက်ရိုက်အကြည့်သွားဆုံမိလေသည်။
လန်ဝေ့မျက်လုံးတို့ကအံ့ဩမှုကြောင့်ပြူးကျယ်သွားပြီး သတိလက်လွတ် အော်လိုက်သည်။
"မင်းပဲ!"
ဧကရာဇ်ကမူ မျက်ခုံးကိုပင့်ကာ လန်ဝေ့အားကြည့်လိုက်သည်။
အမတ်ကြီးသည်လန်ဝေ့အား အလျင်အမြန်ပြန်ဆွဲချပြီး
ဒူးထောက်ကာပြန်မှောက်နေစေသည်။
အမတ်ကြီးသည်အလွန်အမင်းဖြူဖျော့နေပြီး အလျင်အမြန်တောင်းပန်လိုက်သည်။
"ဒီလူအိုကြီးကဆုံးမမှုညံ့ဖျင်းမိလို့ ဒီလူအိုကြီးရဲ့သားက အခုလိုရိုင်းပြသွားမိပါတယ်။ ဒီမိုက်မဲတဲ့ငယ်သားကို ကျေးဇူးပြုပြီးခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီး"
ဧကရာဇ်ကနောက်သို့လှည့်၍ လင်းရှောင်ကိုကြည့်လိုက်သည်။
လင်းရှောင်၏ပုံစံမှာမူ မထုံတက်တေးနှင့်တည်ငြိမ်နေပုံပေါ် သော်ငြား စိတ်ထဲ၌မှု ချွေးစေးများပြန်လျက် လန်ဝေ့အား အကြိမ်တစ်ထောင်မက ဆဲရေးပြီးနေပြီဖြစ်သည်။
ဧကရာဇ်သည် လူငယ်လေးအား စိတ်၀င်စားစရာတစ်ခုကဲ့သို့ ကြည့်လိုက်ပြီးနောက် ရှေ့သို့ပြန်မလှည်ခင်နှင့် နှုတ်ခမ်းစွန်းက အပြုံးတစ်ခုကြောင့်မြင့်တက်သွားခဲ့သည်။
ဧကရာဇ်သည်သလွန်ဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ပြီးနောက်
" ထနိုင်ပြီ။ အမတ်မင်းကြီးရဲ့သားက ဖြောင့်မတ်ပြီး တဲ့တိုးပြောတတ်ပုံပဲ။ ကိုယ်တော်သဘောကျမိတယ်"
ဒါကိုကြားတော့မှ အမတ်ကြီးက သက်ပြင်းကိုမှုတ်ထုတ်လိုက်ပြီး သူ့သားကိုဆွဲကာထရပ်စေသည်။
"ကိုယ်တော်ဒီနေ့ မင်းတို့နှစ်ယောက်ကို ခေါ်လိုက်တာက
ဟောဒီကချစ်လှစွာသောအမတ်မင်းကို ကိုယ်တော့်မှာ အကူအညီတောင်းစရာလေးရှိလို့ပဲ"
ဒါကိုပြောရင်း မင်းကြီးက အထိန်းတော်ရှုကို တစ်ချက်ကြည့်လိုက်သည်။ အထိန်းတော်ကြီးသည်မပြောလည်း နားလည်နေသော ပုံစံဖြင့် အမတ်ကြီးရှေ့သို့လျှောက်သွားကာ စာရွက်အပိုင်းလေးကို ကမ်းပေးလိုက်လေသည်။
လင်းရှောင်သည် ထိုစာရွက်အပိုင်းလေးကို မှတ်မိလိုက်သည်။
အဲဒါ လန်ဝေ့နဲ့ မိုရွီတို့ရဲ့ အပြန်အလှန်ပေးစာကြီးမဟုတ်လား...
လင်းရှောင်က မျက်ခုံးကိုမသိမသာပင့်လိုက်သည်။
အမတ်ကြီးအိမ်တော်က မကြာခင်ကပ်ဆိုက်တော့မည်ဟု တွေးမိတော့ ရှိုးပွဲကောင်းကောင်းတစ်ခုကို ကြည့်နေရသလို တက်ကြွလာမိ၏။
အမတ်ကြီးမှာမူ စာကိုအဆုံးထိဖတ်ပြီးသည်နှင့် သူ၏မျက်နှာမှာ သွေးမရှိသည့်သဖွယ် ဖြူစုတ်သွားပြန်သည်။
ထို့နောက်သူသည်နံဘေးမှသားဖြစ်သူ လန်ဝေ့ကို ဆွဲချကာနဖူးနဲ့ကြမ်းပြင် ရိုက်မိ၍
'ဘန်း' ခနဲအသံကြီးထွက်လာသည်အထိ ဒူးထောက်ကာခေါင်းကိုငုံ့ချလိုက်သည်။
"အရှင်မင်းကြီး ဒီ..ဒီ.စာက အထင်လွဲနေတာပါ!"
ဧကရာဇ်သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မယူ၍ ဖြည်းဖြည်းချင်းတစ်ငုံမော့သောက်လိုက်သည်။
သူက အမတ်ကြီး၏ပြာယာခတ်နေသော
အသံကိုမကြားမိသကဲ့သို့ပင်
"ဒါကတစ်ခုပဲရှိသေးတယ်။ အမတ်ကြီးက ဘာမှဆက်မပြောခင် နောက်တစ်ခုကိုအရင်ဆုံးကြည့်လိုက်ပါဦး"
အမတ်ကြီးသည်ဖြူဖျော့နေသော အမူအယာဖြင့်မော့ ကြည့်လိုက်စဉ်တွင်
ဧကရာဇ်သည်နံဘေးမှကုန်းကုန်းအား တစ်စုံတစ်ခုကိုကမ်းပေးလိုက်သည်။ ထိုအရာမှာ မတိုင်ခင်က လင်းရှောင်လက်မှလွတ်ကျသွားခဲ့သည့် ကျောက်စိမ်းပြားဖြစ်လေသည်။
ခေါင်းထဲ၌ အချက်ပေးသံများမြည်လာပြီး လင်းရှောင် ရင်းတွေတဒိုင်းဒိုင်းခုန်လာမိသည်။
အထိန်းတော်ရှုသည် ကျောက်စိမ်းကိုယူ၍ လန်ဝေ့အားကမ်းပေးလိုက်သည်။
ထို့နောက်တွင် ဧကရာဇ်သည် လင်းရှောင်ကိုကြည့်နေရင်း နှင့်ဆိုလိုက်သည်။
"ကိုယ်တော်မှတ်မိတာသာမမှားဘူးဆိုရင် ဒီကျောက်စိမ်းက
အရင်ဧကရာဇ်က ဟောဒီက အမတ်မင်းကြီးရဲ့သားကို ချီးမြှင့်ခဲ့တဲ့ ကျောက်စိမ်းပြားမဟုတ်ဘူးလား...
ဒီကျောက်စိမ်းက အရည်အသွေးအရမ်းမြင့်ပြီး သိပ် တန်ဖိုးကြီးတယ် အမတ်ကြီးရဲ့သားကို မပျောက်စေပဲသိမ်းထားဖို့ ပြောလိုက်ပါဦး"
ပြောနေရင်းနဲ့ ဧကရာဇ်ရဲ့အကြည့်တွေက လင်းရှောင်ဆီကနေ လန်ဝေ့ဆီရောက်သွားပြန်သည်။
လန်ဝေ့ကကျောက်စိမ်းပြားကိုကြည့်ပြီး တစ်ကိုယ်လုံးပျော့ခွေကုန်သည်။
အမတ်ကြီးသည် တုန်တုန်ယင်ယင်ဖြင့်
"ဒီငယ်သားက မိုက်မဲတဲ့သားဖြစ်သူကို ကောင်းကောင်းမသင်ကြားမိလို့ သားဖြစ်သူက အဖိုးတန်တဲ့ပစ္စည်းကိုပျောက်ရှစေမိပါတယ်။
ဂရုဏာထားပြီးဒီငယ်သားကို ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီး!"
ဧကရာဇ်ကမူ ခေါင်းကိုငုံ့ကာ လက်ထဲမှ လက်ဖက်ရည်ခွက်အား အသာလှုပ်ယမ်းနေသည်။ ထို့နောက် အမတ်ကြီး၏စကားသံကိုမကြားသကဲ့သို့ အေးအေးလူလူတစ်ငုံမော့သောက်လိုက်ပြန်သည်။
ထိုသို့တိတ်ဆိတ်နေခြင်းက အမတ်ကြီးအား ပို၍ပင်တုန်လှုပ်စေလေသည်။
"အ..အရှင်မင်းကြီး ဒီငယ်သားကိုရှင်းပြခွင့်ပြုပါ"
'ခလွမ်'ဟူသောမတိုးမကျယ်သောအသံဖြင့် ဧကရာဇ်သည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ပြန်နေရာချထားလိုက်သည်။
အမတ်ကြီးအားကြည့်လိုက်သော ဧကရာဇ်၏အမူအယာမှာ အလွန်အေးဆေးနေလေသည်။
"ဒါဖြင့်ရင် အမတ်ကြီးက ကိုယ်တော့်ကိုရှင်းပြပါဦး"
အမတ်ကြီးသည် တုန်ယင်စွာ တံတွေးကိုမြိုချလိုက်မိသည်။
"မကြာသေးခင်က ဒီငယ်သားရဲ့ သားဖြစ်သူက မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်ကို ဆုံမိခဲ့ပါတယ်။
မိန်းကလေးရဲ့နာမည်က မိုရွီဖြစ်ပြီး ပန်းကလေးလိုလှပသူပါ။ နောက်အမျိုးသားကတော့ လင်းရှောင်လို့ခေါ်ပြီး မိန်းကလေးရဲ့ နောက်လိုက်အစေခံတစ်ဦးဖြစ်ပါတယ်။
ဒီငယ်သားရဲ့သားဖြစ်သူ အဲဒီလူနှစ်ယောက်ရဲ့အသွင်အပြင်ကို သနားညှာတာစိတ်ဖြစ်မိတာနဲ့ အိမ်တော်ကိုခေါ်လာပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ မိုရွီဆိုတဲ့ မိန်းကလေးနဲ့ ဒီငယ်သားရဲ့သားဖြစ်သူကလည်း မောင်နှမရင်းချာလို အလွန်ရင်းနှီးလာခဲ့ပါတယ်။
မကြာသေးခင်ကမှ အရှင်မင်းကြီးက အနောက်ဆောင်အတွက် အပျိုတော်ရွေးချယ်နေတာကို ကြားမိတော့ ဒီငယ်သားက မိုရွီကလှပတဲ့အသွင်အပြင်ရှိတာကြောင့် အရှင်မင်းကြီးဆီ ခစားဖို့သင့်တော်မယ်လို့တွေးမိပါတယ်။
ဒီငယ်သားက အရှင်မင်းကြီးကို တစ်စုံတစ်ခုတိုက်ရိုက်ဆက်သတာက မသင့်တော်ဘူးလို့တွေးမိတာကြောင့်
မိုရွီကို အနောက်ဆောင်ကိုအရင်၀င်စေပြီး သူ့အရည်အချင်းနဲ့သူ အရှင်မင်းကြီးဆီခစားဖို့ကြိုးစားတာက ပိုပြီးတော့ကောင်းမယ်လို့ထင်ခဲ့မိပါတယ်။
အရှင်မင်းကြီး ဒီငယ်သားအမှန်အတိုင်း လျှောက်တင်ပါတယ်..."
"ဒီငယ်သားရဲ့သားဖြစ်သူနဲ့ မိုရွီဟာ မောင်နှမရင်းချာလို ရင်းနှီးတာမို့ သားဖြစ်သူက မိုရွှီကိုနန်းတွင်းမှာအစစအရာရာ အဆင်ပြေမပြေစိတ်ပူတာကြောင့် လူလွှတ်ပြီးစောင့်ရှောက်စေခဲ့တာပါ။
အရှင်မင်းကြီး ဂရုဏာထားပြီး ခွင့်လွှတ်ပေးတော်မူပါ။"
"လင်းရှောင်ဆိုတဲ့သူကတော့ အရှင့်နောက်မှာရှိနေတဲ့
ကုန်းကုန်းငယ်လေးပါအရှင်။ သူကနန်းတွင်းထဲရောက်ပြီး နောက်ပိုင်းအဆက်အသွယ်ပြတ်သွားတာကြောင့် ဒီငယ်သားလည်းသူဘယ်ရောက်နေမှန်းမသိခဲ့ပါဘူး။
အဲဒါကြောင့်ရုတ်တရက်ပြန်တွေ့တဲ့အခါ ဒီငယ်သားရဲ့သားဖြစ်သူက လန့်သွားတာဖြစ်ပါတယ်"
"အမတ်ကြီးရဲ့ပြောပုံက သိပ်ပြီးသေသပ်တယ်...စာထဲမှာပါတဲ့အကြောင်းအရာအရလည်း တစ်ချက်မှလွဲမနေဘူးပဲ..."
ဧကရာဇ်ကဆိုသည်။
အမတ်ကြီး နဖူးမှချွေးကိုသုတ်လိုက်မိပြီး သူ၏တုံဏိဘာဝေလုပ်နေသော အလိုက်မသိသော သားဖြစ်သူကိုတံတောင်ဖြင့်တွတ်လိုက်ရသည်။
လန်ဝေ့လည်းအံကိုကြိတ်လိုက်ကာ
"ဒီငယ်သားကလည်း ဖခင်ပြောသွားတာတွေကိုထောက်ခံပါတယ်"
ဧကရာဇ်၏အမူအယာမှာအလွန်အေးစက်သွားခဲ့သည်။
အမတ်ကြီးကမူ ခေါင်းကိုတွင်တွင်ငုံ့လျက်
"ဒီငယ်သားက အရဲစွန့်ပြီး အရှင်မင်းကြီးရဲ့ခွင့်လွှတ်မှုကိုတောင်းဆိုပါရစေ!"
ဧကရာဇ်သည် သလွန်၏နောက်သို့မှီကာထိုင်လိုက်ပြီး
လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ထို့နောက် ရှေ့တွင်ဒူးထောက်နေကြသောလူနှစ်ယောက်ကို ကြည့်လျက်
"ကောင်းပြီ။ အမတ်ကြီးနဲ့ သူ့ရဲ့သားက ပြန်သွားနိုင်ပြီ"
အမတ်ကြီးနှင့်လန်ဝေ့ကရိုကျိုးစွာထရပ်ကာ ထွက်သွားရန်ပြင်လိုက်သည်။ သို့သော်လန်ဝေ့မှာမူတစ်စုံကို တစ်ခုကိုမကျေမနပ်ဖြစ်နေသေးပုံဖြင့် မျက်မှောင်ကျုံ့လျက်ပင်
" အရှင်မင်းကြီး ဒီငယ်သားက အတင့်ရဲလို့တစ်စုံတစ်ခုလောက်မေးပါရစေ"
ဧကရာဇ်ကလန်ဝေ့ကိုကြည့်လိုက်သည်။
"ကောင်းပြီ"
"အ..အပျိုတော် မိုရွီကို အရှင်မင်းကြီးဘယ်လိုစီမံမှာလဲ သိပါရစေ"
ဧကရာဇ်က မျက်ခုံးကိုပင့်လိုက်သည်တွင် အမတ်ကြီးကမူ
သူ၏မိုက်မဲသောသားဖြစ်သူကို သေလောက်သောအကြည့်ကြီးနှင့်ကြည့်လိုက်မိသည်။
"အရှင်မင်းကြီး မိုရွီဆိုတဲ့မိန်းမငယ်လေးက ထူးဆန်းပါတယ်။ ပြီးတော့ဒီငယ်သားရဲ့သားဖြစ်သူနဲ့လည်း ထွေထွေထူးထူးပါတ်သတ်မှုမရှိပါဘူး။ သူတို့ကတစ်ယောက်နဲ့တစ်ယောက် မောင်နှမလိုခင်တွယ်နေကြရုံပါ။ ကျေးဇူးပြုပြီး ဒီငယ်သားရဲ့ တုံးအတဲ့သားဖြစ်သူကိုခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်"
"အမတ်ကြီးကိုယ်တိုင်ဆက်သတယ်ဆိုမှတော့
သေချာပေါက် ကိုယ်တော်ကကောင်းကောင်းဂရုစိုက်ပေးရမှာပေါ့"
အမတ်ကြီးသည် ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းကိုချလိုက်ပြီး အရိုအသေပြုလိုက်လေသည်။
ဧကရာဇ်သည် နှုတ်ခမ်းကိုဖွင့်၍ ဖြည်းညင်းစွာဆိုလိုက်သည်။
"အမတ်ကြီးက ဒီတောအတွင်း တိုင်းပြည်အတွက်အမှုထမ်းရင်း စိတ်ရောလူပါပင်ပန်းနေရမှာပဲ။ ကိုယ်တော်က အမတ်ကြီးရဲ့သစ္စာစောင့်သိမှုအပေါ် သိပ်ပြီးကျေနပ်မိတယ်။
ဒါကြောင့်အမတ်မင်းကြီးက နှစ်လကြာသူ့အိမ်တော်မှာ တိတ်ဆိတ်စွာအနားယူပါစေ"
အမတ်ကြီးသည် အလျင်အမြန်ဒူးထောက်ရန်ပြင်လိုက်ပြန်သည်။
"အရှင်မင်းကြီး.. ဒီ..ဒီငယ်သား.."
"အထိန်းတော်ရှု"
ဧကရာဇ်ကဖြတ်၍ပြောလိုက်သည်။
"အမတ်ကြီးကိုအနားယူဖို့ပြန်ပို့ပေးလိုက်"
အထိန်းတော်ရှုသည် နာခံကြောင်း ခေါင်းငြိမ့်ကာ
သူ၏၀တ်ရုံကိုမ၍ ရှေ့မှလျှောက်သွားကာ ဖြူလျော်နေသော အမတ်ကြီးအားလမ်းပြလိုက်သည်။
"အမတ်ကြီး ကျေးဇူးပြပြီး "
လန်ဝေ့နှင့်အမတ်ကြီးနှစ်ဦးစလုံးထွက်သွားပြီးနောက် ဧကရာဇ်၏အကြည့်တွေက လင်းရှောင်ထံကျရောက်လာခဲ့သည်။
ခေါင်းထဲမှ အရေးပေါ်အချက်ပေးသံများနှင့်အတူ
တော်၀င်စာကြည့်ဆောင်ထဲတွင် လင်းရှောင်၏ ဒူးထောက်လိုက်သောအသံကလည်း
ထွက်ပေါ်လာခဲ့လေသည်။