ဆုံးဖြတ်ပြီးတော့ လင်းရှောင်က မင်းကြီးရဲ့အာရုံစိုက်မှုကိုရအောင်ဘယ်လိုလုပ်ရမလဲကြံစည်လိုက်သည်။
နေ့သစ်တစ်နေ့ကအလျင်အမြန်ပဲရောက်ရှိလာသည်။
မိုရွီကလင်းရှောင်ပြောခဲ့တဲ့စကားကို တကယ်ပဲနားထောင်ပြီးတော့ မျက်နှာချေထူထူ တောက်တောက်ပပကြီး၀တ်စားထားတဲ့ သိမ်မွေ့တဲ့မိန်းကလေးလိုမျိုးပြင်ဆင်လာခဲ့သည်။
သူမရဲ့၀တ်စုံကသွေးလိုနီစွေးနေတဲ့အနီရောင်ဖြစ်ပြီး
နူးညံ့ပြီးသန့်စင်ပုံပေါ်တဲ့သူမရံနဂိုပုံနဲ့ပေါင်းလိုက်တဲ့အခါ အလွန်အမင်းဆွဲဆောင်နေပုံပေါက်သည်။
သူမလျှောက်လှမ်းလာတာနဲ့မိုရွက သူ့နံဘေးကအခြားနန်းတွင်းသူတွေကိုကြည့်လိုက်ပြီး အထင်သေးတဲ့အမူအယာပေါ်နေသည်။ သူမကသူ့မရုပ်ရည်နဲ့အပြင်အဆင်ကိုအလွန်အမင်း ယုံကြည်မှုရှိနေလေသည်။
ဒီကမ္ဘာပေါ်သူမထက်သာတဲ့မိန်းမမျိုးရှိဦးမှာလား?
သူမကလူရွေးပွဲတွင်အနိုင်ရဖို့ ကျိန်းသေနေခဲ့သည်။
လင်းရှောင်က အခြားကုန်းကုန်းတွေနဲ့အတူဒီ နန်းတွင်းသူတစ်အုပ်နောက်ကအေးအေးလူလူပဲလိုက်လာခဲ့သည်။ ထို့နောက် ဥယာဉ်ရင်ပြင်သို့ရောက်သည်တွင် အခြားကုန်းကုန်းတွေလိုပဲ နန်းတွင်သူအုပ်၏နောက်မှ အသီးသီးရပ်နေလိုက်သည်။
ညနေလေးနာရီလောက်တွင် ရွှေဝါရောင်၀တ်ရုံ၏အရိပ်ကရောက်လာခဲ့ပြီး ၄င်းနောက်ကျယ်လောင်စူးရှသော ကုန်းကုန်းတစ်ဦး၏အသံကလိုက်လာခဲ့သည်။
"အရှင်မင်းကြီးကြွချီလာပါပြီ!"
အားလုံးက၀တ်တွားကအရိုအသေပြုလိုက်ကြသည်။
သူတို့ထရပ်ပြီးတဲ့နောက် မင်းကြီးကမထူးမခြားနားစွာဖြင့် နန်းတွင်းသူများကိုမျက်လုံးဝေ့ကြည့်လိုက်ပြီးနေုာက် လင်းရှောင်သို့ နှစ်စက္ကန့် သုံးစက္ကန့်မျှအကြည့်ရောက်လာခဲ့သည်။
ထို့နောက် မင်းကြီးက လက်ကိုဆန့်၍တံဆိပ်ပြားတချို့ကိုလှန်လှောလိုက်သည်၊
အထိန်တော်ရှုကနားလည်စွာဖြင့် လှန်လှောခံရသော အမှတ်အသားနှင့် နန်းတွင်းသူများကို တစ်ယောက်ချင်းစီကြေညာလိုက်သည်။
လူအများကိုအံ့အားသင့်စေတာကတော့ ကြေညာခံရတဲ့ နာမည်တွေထဲမှာ မိုရွီလည်းပါနေတာပဲ။
လင်းရှောင်ကမျက်လုံးကိုသာလှိမ့်လိုက်သည်။
ကြည့်ရတာမိုရွီရဲ့ဇာတ်လိုက်မရောင်ဝါက ပေါ့သေးသေးမဟုတ်ဘူးပဲ။
လင်းရှောင်ကစိတ်ပျက်လက်ပျက်သက်ပြင်းချနေတုန်းမှာ
နာမည်ခေါ်ခံရတဲ့ သူတွေအတွက် ဂုဏ်ပုဒ်တွေကိုဆက်ပြီးကြေညာပေးခဲ့သည်။
လင်းရှောင် ကြောင်သွားသည်။
အရင်ဘ၀တုန်းကတော့ ရွေးချယ်ခံရတဲ့ ကိုယ်လုပ်တော်တွေကို ဂုဏ်ပုဒ်ချီးမြှင့်တာက နှစ်ရက်သုံးရက်ကြာပြီးမှလေ။ ဒါပေမယ့်အခုကျတော့ နေရာတင် တခါတည်းကြေညာပေးနေပါရောလား?
အတိတ်ဘ၀တုန်းကတော့ ကိုးယောက်အရွေးချယ်ခံရတာကိုလင်းရှောင်မှတ်မိနေတုန်းပင်။
သံသယကင်းမဲ့စွာပဲ မိုရွီက အဆင့်ဆယ့်တစ်ဆင့်မြောက် ပါရမီရှင်ကိုယ်လုပ်တော် ဘွဲ့ကိုချီးမြင့်ခံခဲ့ရပြီး မိုရွီနဲ့ရန်ဖြစ်ခဲ့တဲ့ ဟယ့်အမျိုးသမီးလေးကတော့ ဆယ့်သုံးဆင့်မြောက်ကိုယ်လုပ်တော်နဲ့ ကောင်းချီးယူဆောင်လာခြင်း ဂုဏ်ပုဒ်ကိုချီးမြင့်ခံရလေသည်။
အဲဒီအချိန်တုန်းကအားလုံးနီးပါးက ပါရမီရှင်နဲ့ လူထုကိုကောင်းချီးယူဆောင်လာပေးခြင်း ဘွဲ့အသီးသီးချီးမြင့်ခံခဲ့ရသည်။
အဲဒီတုန်းကဆိုမိုရွီကအားလုံးထဲမှာ ဂုဏ်ပုဒ်အမြင့်ဆုံးရခဲ့တာဟုပြောနိုင်သည်။
ဒီအကြိမ်မှာတော့ လင်းရှောင်က အထိန်းတော်ရှုကြေညာသမျှကိုအစအဆုံးအာရုံစိုက်နားထောင်လိုက်သည်။
ချူရှိုးနန်းဆောင်မှ အရွေးချယ်ခံမိန်းကလေးတိုင်းသည် အရင်ဘ၀ကအတိုင်းဂုဏ်ပုဒ်အသီးသီးရရှိကြလေသည်။
သို့သော်ယခုမူ မိုရွီတစ်ယောက်သာမည်သည့်ဂုဏ်ပုဒ်မှရရှိပုံမပေါ်ပေ။
မင်းကြီးက မိုရွီရဲ့အမှတ်အသားကိုတံဆိပ်ကို လှန်ခဲ့တယ်။
ဒါပေမယ်ဘာဂုဏ်ပုဒ်မှမချီးမြှင့်ဘူး ဒါကတမင်ရည်ရွယ်ချက်ရှိရှိလုပ်တာလား?
လင်းရှောင်စဉ်းစားရကြပ်နေတုန်းမှာ မင်းကြီးက နောက်လိုက်များ ကုန်းကုန်းများနှင့် ထွက်ခွာသွားပြီဖြစ်သည်။
လင်းရှောင်လည်းတခြားကုန်းကုန်းတွေနဲ့အတူ သူ့တာ၀န်သူပြန်လုပ်ဖို့လှည့်တုန်းရှိသေးတယ်။ အထိန်းတော်ရှုကသူ့ရှေ့ဘွားခနဲပေါ်လာသဖြင့် ထိတ်ထိတ်ပြာပြာဖြစ်သွားခဲ့ရသည်။
သူကအထိန်းတော်ရှုကိုထိတ်လန့်စွာကြည့်ပြီး အရိုအသေပြုလိုက်ရသည်။
"အထိန်းတော်ရှုကျန်းမာပါရဲ့လား"
အထိန်းတော်ရှုကအလွန်ရုပ်ဆိုးသောအပြုံးတုကြီးဖြင့် လင်းရှောင်ကိုစိုက်ကြည့်သည်တွင် လင်းရှောင်သည် ဆံပင်မွှေးများပင်ထောင်ထသွားရသည်။
အထိန်းတော်ရှုကတခစ်ခစ်ရယ်လိုက်ပြီးပြောလိုက်သည်။
"လူငယ်လေး မင်းမှာကြည့်ကောင်းတဲ့ရုပ်ရည်ရှိတာပဲ။
ဒီမျက်နှာလေးကခံစားချက်ကောင်းတွေပေးတယ်။ ဒါကကြောင့်လည်းမင်းကြီးကမင်းကြီးကမင်းကိုမြင်ပြီး သဘောကျသွားတာ။"
လင်းရှောင်ကတော့ထိုစကားများတွင် ချဉ်စူးစူးဖြစ်မှုတွေယိုဖိတ်နေတယ်လို့ခံစားရပြီး နှုတ်ခမ်းများတွန့်သွားရသည်။
အထိန်းတော်ရှုသည်လိုရင်းကိုမပြောမီ အေးစက်စက်နှစ်ကြိမ်ခန့်ရယ်လိုက်ပြီးမှ
"အရှင်မင်းကြီးကမင်းကိုအခေါ်တော်ရှိတယ်။ လိုက်ခဲ့"
အထိန်းတော်ရှုနောက်လိုက်ရင်း ဘယ်ဘယ်ညာညာစူးစမ်းမိတော့ တနေ့ကမင်းကြီးကိုမှင်သွေးပေးခဲ့ရတဲ့ တော်၀င်စာကြည့်ဆောင်ကိုသွားနေမှန်းသိလိုက်ရသည်။
လင်းရှောင်အံ့ဩနေတုန်းမှာ အထိန်းတော်ရှုကတံခါးကိုတွန်းဖွင့်လိုက်ပြီဖြစ်ပြီး ရှေ့တွင် ထိုင်နေသာ မင်းကြီးအား ၀ပ်တွားအရိုအသေပြုလိုက်ပြီမို့ သူလည်းပဲလိုက်ပြီးဒူးထောက်လိုက်ရတော့သည်။
အထိန်းတော်Xuကဆိုသည်။
"သူ့ကိုခေါ်လာခဲ့ပါပြီ အရှင်မင်းကြီး"
မင်းကြီးကကြားဟန်ပြုပြီးခေါင်းကိုခတ္တမျှမော့ကြည့်လာသည် ထို့နောက်ကိုပြန်ငုံ့သွားပြီး လုပ်လက်စကိုအာရုံပြန်စိုက်လိုက်သည်။
"ဒါဖြင့်ရင်မင်းသွားတော့၊ လင်းရှောင် ဒီကိုလာပြီးမှင်လာသွေး"
လင်းရှောင်ကအံ့ဩသွားပြီးနောက် တဆက်တည်းပျော်ရွှင်သွားမိသည်။
ဒါမင်းကြီးကသူ့ရဲ့မှင်သွေးတဲ့စကေးကို သဘောကျသွားတာအသေအချာပဲလေ
လင်းရှောင်ကသွက်သွက်လေးထပြီး မင်းကြီးနောက်ကိုအသာအယာသွားကာ မှင်သွေးကျောက်ကိုလှမ်းကိုင်လိုက်သည်။
သူမှင်ကိုစပြီးသွေးတော့မည်ဆဲဆဲတွင် မင်းကြီးကအမှုကိစ္စ စာလိပ်များကိုကြည့်ရှုနေခြင်းရပ်တန့်သွားကြောင်း
သတိထားမိလိုက်သည်။
မင်းကြီး၏တည်ငြိမ်ပြီးနက်နဲသောအကြည့်တို့က မှင်သွေးကျောက်ကိုကိုင်ထားသော သူ၏လက်ဖဝါးပေါ် ကပ်ညိနေခဲ့သည်။ လင်းရှောင်ကထိတ်လန့်သွားပြီး မှင်သွေးကျောက်ကိုချကာ တောင်းပန်ဖို့ပြင်စဉ်တွင်
မင်းကြီးကသူ့အားရပ်တန့်စေသည်။
"မင်းဆက်လုပ်ပါ။ ကိုယ်တော်ကြည့်ချင်တယ်"
လင်းရှောင်သည်တောင့်တင်းစွာဖြင့် မှင်သွေးကျောက်တုံးကိုယူကာအဝိုင်းပတ်သဏ္ဍာန်သွေးနေရင်း သူ၏နှလုံးသားလေးမှာမူ တုန်လှုပ်နေခဲ့သည်။
မင်းကြီးသည် သူ့အားကြည့်၍ မတတ်နိုင်ပဲရယ်မောလိုက်ကာ။
"ကိုယ်တော့်ကို သိပ်ကြောက်သလား?"
လင်းရှောင်ကပြာသွားပြီး မဖြေခင်နှုတ်ခမ်းကိုကိုက်ကာ အလျင်အမြန်စဉ်းစားလိုက်သည်။
"အရှင်။ ဒီငယ်သား အမှန်အတိုင်းဖြေရမလား။
လိမ်ညာပြီးဖြေသင့်ပါလား အရှင်"
ဧကရာဇ်သည်
ထိုင်ဖုံနောက်မှီတွင် ကျောကိုမှီလိုက်ရင်း မျက်ခုံးတို့ပင့်သွားခဲ့သည်။ လက်တွေကိုယှက်လိုက်ပြီး သူ၏မျက်နှာမှာ ဝေခွဲရခက်လှသည်။
လင်းရှောင်ကတစ်ချက်ခိုးကြည့်လိုက်ပြီး မင်းကြီး၏ဝေခွဲမရသောအမူအယာကိုမြင်လျှင် တိတ်မနေရဲတော့ပဲအမြန်ဖြေရတော့သည်။
"ဒီငယ်သား အရှင့်ကိုရိုသေပါတယ်။ ကြောက်ရွံ့တာမဟုတ်ပါဘူး။ အရှင်က မြင့်မြတ်တယ်။ တော်၀င်တယ် ။ အကြွင်းမဲ့အာဏာရှိပါတယ်။သဘာ၀ကျကျဆိုရရင် အရှင်က ဒီငယ်သားမျှော်ကြည့်ရတဲ့.."
"အမှန်အတိုင်းပဲဖြေ" မင်းကြီးကလင်းရှောင်အားဖြတ်ပြောလိုက်သည်။
လင်းရှောင်ကရှက်ရွံ့စွာ သူ၏နှာခေါင်းထိပ်ကိုပွတ်လိုက်ပြီး
"ကြောက်တယ် ကြောက်ရွံ့ပါတယ်။ အရှင်ကဒီငယ်သားအသက်ကိုအစိုးရတာမို့ ကြောက်ရွံ့ပါတယ်။"
မင်းကြီးကလင်းရှောင်အံ့အားသင့်စွာကိုကြည့်လိုက်သည်။
ဒီကုန်းကုန်းငယ်လေးရဲ့ သတိထားပြီး တုန်လှုပ်နေတဲ့ အမူအယာတွေ။ သူ့ဆီခဏခဏခိုးကြည့်တာတွေ သူ့စိတ်အခြေအနေကိုအမြဲခန့်မှန်းပြီး ဂရုစိုက်နေတာတွေကိုကြည့်ရတာ တကယ်ကိုတွန့်ဆုတ်ပြီးကြောက်ရွံ့နေပုံပါပဲ။
ဒါပေမယ့် ပြောရပြန်ရင်လည်း ဒီလိုတွန့်ဆုတ်ပြီးကြောက်ရွံ့နေတဲ့ ကုန်းကုန်းလေးကသူ့ကိုအမှန်အတိုင်းပွင့်ပွင်းလင်းလင်းပြောဖို့လည်းတွန့်ဆုတ်မနေဘူး။
ဧကရာဇ်ကဒါကိုရယ်စရာကောင်းတယ်လို့တွေးလိုက်ပြီး ပြုံးရင်းခေါင်းကိုခါလိုက်သည်။
လင်းရှောင် အသက်ပြင်းပြင်းရှူလိုက်မိသည်။ ကြည့်ရတာမင်းကြီးကသူအမှန်အတိုင်းဖြေလို့် စိတ်ထဲမထားပုံပါပဲ။
သူကမင်းကြီးရဲ့စိတ်ကိုသိနေပေမယ့်လည်း မင်းကြီးနဲ့အခုလိုနီးနီးကပ်ကပ်ဆက်ဆံဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
မင်းကြီးလည်းကုန်းကုန်းငယ်လေးရဲ့ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေတံ့အမူအယာကိုမြင်တာကြောင့် ဆက်မမေးတော့ပဲမှင်ကိုပဲသွေးစေလိုက်သည်။
သူစောင့်ရင်းစောင့်ရင်းနဲ့ နောက်ဆုံးအထိန်းတော်ရှုက စာကြည့်ဆောင်ကို မင်းကြီးအား ညနေစာသုံးဆောင်ရန်ပြင်ဆင်ပေးဖို့
နောက်တစ်ကြိမ်ရောက်လာခဲ့ချိန်တွင် နေ၀င်ရီတရောတောင်ဖြစ်နေခဲ့ပြီ။
ဧကရာဇ်ကစာကြည့်ဆောင်၌သူ၏ညနေစာကိုသုံးဆောင်စဉ်တွင် ဟင်းလျာများကိုမြည်းစမ်းရသူက လင်းရှောင်ဖြစ်လာခဲ့သည်။
လင်းရှောင်ကဒီတာ၀န်ကိုတော့အထူးနှစ်ခြိုက်လေသည်။ သူကဧကရာဇ်ရဲ့စားတော်ပွဲတွေကို တစ်ခုချင်းစီလိုက်မြည်းနိုင်ပြီး အားလုံးကိုမြည်းပြီးချိန်တွင် သူ့ဗိုက်လည်းပြည့်သလောက်ရှိလောက်ပြီ။ ဧကရာဇ်ရဲ့ရှေ့က ဟင်းပွဲတွေကစားပွဲအပြည့်နေရာယူနေသည်။
ဒါပေမယ့် လင်းရှောင်က အားလုံးကိုခြုံကြည့်လိုက်ပြီးနောက် ဧကရာဇ်အမှန်တကယ်ကြိုက်နှစ်သက်လောက်မယ့်ဟသ်းပွဲတွေကအင်မတန်နည်းနေတာကိုတွေ့လိုက်ရသည်။
ဧကရာဇ်ကချဉ်ချဉ်စပ်စပ်နှင့်အေးမြသော ပြင်းပြသည့်အရသာရှိတာတွေကိုပိုနှစ်ခြိုက်သည်။
ဒါပေမယ့်လည်းစားဖိုဆောင်ကချက်တာတွေကြည့်လိုက်ရင် ဆီတွေနဲ့ ပေါ့ပါးပြီးအရသာပေါ့တာတွေချည်းပဲ။
ကြက်သား၊ဘဲသား၊ငန်းသားနဲ့ ငါးဟင်းပွဲတွေအထိအစုံပါပေမယ့် ကြက်သားကအဖြူထည်ပါးပါးလှီးထားတဲ့ဟင်းပွဲ၊ ဘဲသားကျနှမ်းဆီနဲ့ချက်ထားပြီး၊ငန်းသားကိုကျပျားရည်နဲ့ချက်ထားသည်။ငါးကိုလည်းပေါင်းထားသေးသည်။ အမှန်အတိုင်းပြောရရင် ဒီအချိုအရသာလွန်ကဲနေတဲ့ထမင်းစားပွဲက သေခါနီးဆဲဆဲအားလျော့နေတဲ့သူအတွက်ရည်ရွယ်ထားတဲ့ အားဖြည့်စာစားပွဲကြီးလိုပဲ။ မင်းကြီးကဟင်းပွဲတစ်ပွဲကိုတစ်လုပ်စီစားနိုင်ရင်ပဲကောင်းလှပြီ။
အသေအချာကိုပဲ မင်းကြီးကနှစ်လုပ်လောက်သာစားပြီးတူကိုပြန်ချလိုက်ကာ အစေခံများကိုလှမ်းခေါ်၍စားပွဲကိုရှင်းစေလိုက်သည်။
လင်းရှောင်က ဒါကိုကြည့်ပြီးသက်ပြင်းချလိုက်မိသည်။
အခုလိုနွေရာသီမှာ အပူတွေဖယ်ရှားပေးမယ့် ပဲထမင်းရည်လေးပဲဖြစ်ဖြစ် ဇီးစိမ်းကစော်ဟင်းချိုအေးအေးလေးပဲဖြစ်ဖြစ် ဘယ်သူမှပြင်ပေးဖို့သတိမရကြဘူး။
လင်းရှောင်ကချက်ချင်းပဲဘာကြောင့်လဲဆိုတာကိုသတိရသွားမိတယ်။ အတိတ်ဘ၀တုန်းကမင်းကြီးဟာညနေတိုင်း မိုရွီရံနန်းဆောင်ဆီလမ်းလျှောက်လေ့ရှိတယ်။ ညကိုကုန်ဆုံးစေတာမျိုးမဟုတ်ရင်တောင် တခြားနန်းဆောင်တွေကိုမသွားပဲ မိုရွီရဲ့နန်းဆောင်ကိုသာသွားတာဖြစ်တယ်။ဒါကဘာကြောင့်လဲဆိုတော့ လင်းရှောင်ဟာမိုရွီနန်းဆောင်မှာနေရင်း
ပူလောင်အိုက်စပ်တဲ့နွေရာသီအတွက် ဇီးစိမ်းကစော်ဟင်းချိုလေးကိုအမြဲချက်ပေးနေခဲ့တာမို့ဖြစ်သည်။
ဒါကိုတွေးမိပြီးလင်းရှောင်က မငိးကြီးသတိမထားလိုက်မိခင်
ဟင်းလျာတွေကိုပြန်သိမ်းဆည်းသွားတဲ့ နန်းတွင်းသူတွေနဲ့အတူစားဖိုဆောင်ကို ခပ်ကုပ်ကုပ်လိုက်သွားတော့သည်။