အပိုင်း ၁၀
Viewers 12k

(ရွှေပေါင်ကြီးကိုဖက်ခြင်း)
အထိန်းတော်ရှုနှင့်စားဖိုဆောင်ကစားတော်ကဲကုန်းကုန်းနဲ့ အတော်လေးကြာကြာအတိုက်အခံလုပ်ပြီးတော့မှ ဇီးစိမ်းကစော်စွပ်ပြုတ်တစ်ခွက်အောင်အောင်မြင်မြင်ရလာခဲ့တယ်။လင်းရှောင်က စွပ်ပြုတ်ခွက်ငယ်ကို တော်၀င်စာကြည့်ဆောင်သို့ အမြန်သယ်လာလိုက်သည်။
ဧကရာဇ်ဟာသူ့ရှေ့စားပွဲပေါ်က စွပ်ပြုတ်ခွက်ကို တိတ်ဆိတ်စွာကြည့်နေတယ်။
စွပ်ပြုတ်ရဲ့အမြှုပ်ဖြူဖြူလေးတွေရှိတဲ့အပေါ်မှာတော့ ရေခဲတုံးလေးတွေကပျော်ကျမသွားပဲ အစီအရီပေါ်နေပြီး စွပ်ပြုတ်ခွက်လေးက ရေငွေ့လေးတွေသီးရင်း အအေးဓာတ်လေးကိုထုတ်ပေးနေခဲ့သည်။
ဧကရာဇ်သည်လက်ထဲမှစာအုပ်ကိုချလိုက်ပြီး ဘေးတွင်ဒူးထောက်နေသောလင်းရှောင်ကိုမေးလိုက်သည်။
"ဒါလုပ်ဖို့ ခိုးထွက်သွားတာလား?"
လင်းရှောင်ကအံ့အားသင့်သွား၏။
ဒါဆိုမင်းကြီးကသူ ခိုးထွက်သွားတာသိလိုက်တယ်ပေါ့။
လင်းရှောင်ကတံတွေးကိုမြိုချလိုက်ရင်း ခေါင်းငုံ့ကာအလျင်အမြန်ဖြေရှင်းလိုက်သည်။
"အရှင်မင်းကြီး, ဒီငယ်သားက အရှင်မင်းကြီး ညနေစာကောင်းကောင်းမသုံးဆောင်နိုင်တာတွေ့လို့ ပူပြင်းတဲ့နွေကအရှင့်ရဲ့အစားစားချင်စိတ်ကို ပျက်ဆီးစေတာများလား တွေးမိလို့ပါ။ဒီဇီးစိမ်းကစော်စွပ်ပြုတ်က ဒီငယ်သားမွေးရပ်မြေကနာမည်ကြီးအစားအစာတစ်ခုဖြစ်ပါတယ်။ ဒီစွပ်ပြုတ်ကအပူငြိမ်းစေပြီး အစားစားချင်စိတ်ကိုလည်းလှုံ့ဆော်ပေးပါတယ် အရှင်။
ဒါကြောင့်အရှင်အတွက်ပြင်ဆင်ပေးချင်ခဲ့လို့ ဒီငယ်သား စားဖိုဆောင်ကိုခဏသွားခဲ့တာပါ"
ဧကရာဇ်၏အကြည့်တို့က စားပွဲပေါ်ရှိစွပ်ပြုတ်ခွက်ဆီပြန်ရောက်လာခဲ့သည်။
လင်းရှောင်ကဘေးတွင်ထိုင်နေရာမှ စွပ်ပြုတ်ခွက်ကို ရိုကျိုးစွာလက်လှမ်း၍ တငုံသောက်လိုက်သည်။ ထိုပြီးမှ ဧကရာဇ်၏ရှေ့သို့ ခေါင်းငုံ့လျက် အသာပြန်ချထားလိုက်သည်။
"အရှင် ဒီငယ်သားက အရင်မြည်းစမ်းပြီးပြီမို့ အရှင်စိတ်လိုလက်ရသုံးဆောင်နိုင်ပါပြီ"
ဧကရာဇ်ကမျက်ခုံးကိုပင့်လိုက်သည်။ ဒီကုန်းကုန်းလေးကတစ်ခုခုတော့တစ်ခုခုပဲ။ သူအမိန့်မပါပဲနဲ့တောင်သူ့ဘေးကနေခိုးထွက်သွားရဲသေးတယ်။ ပြီးတော့သူ့ဟင်းပွဲကိုလည်းအဆိပ်ရှိမရှိတိုက်ရိုက်ကြီး မြည်းစမ်းပြလိုက်သေးတယ်။
ဟ.. အသစ်အဆန်းပဲဟုတ်လား?
ဧကရာဇ်ကသူ့ရှေ့တွင်ခေါင်းငုံ့နေသော ကုန်းကုန်းငယ်ကိုတစ်ချက်ကြည့်လိုက်သည်။
သူကအလွန်အမင်းရိုကျိုးပုံပေါ်သော်လည်း နှိမ့်ချသလိုမခံစားရပြန်။
ထိုဘေးတိုက်အနေအထားမှ ငုံ့နေသောမျက်နှာငယ်၏ ထူးဆန်းသောအမူအယာတစ်ခုချင်းဆီကို လှမ်း၍မြင်နေရသည်။
ရုတ်တရက်ပင်, ဧကရာဇ်ကလင်းရှောင်ယူလာသော ဒီတစ်ခုခုကိုစိတ်၀င်စားမိသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင်သူကအကြည့်ကိုရွေ့ကာ စွပ်ပြုတ်ခွက်ကိုမယူလိုက်သည်။ မတိုင်ခင်ကုန်းကုန်းငယ်မြည်းစမ်းခဲ့သောနေရာတွင် နှုတ်ခမ်းရာရှိပြီးထိုနေရမှ ရေသီးငွေ့တို့မှာ ပျက်ပျယ်လျက်ရှိသည်။ ဧကရာဇ်ကအကြည့်ကိုရုတ်လိုက်ပြီး စွပ်ပြုတ်ခွက်ကိုမကာတငုံအပြည့်သောက်သုံးလိုက်လေသည်။
အစာအိမ်အတွင်းသို့စီးဆင်းသွားသော အေးမြသောစွပ်ပြုတ်ကသူ့ကိုကောင်းမွန်သောနှစ်သိမ့်ခြင်း မျိုးပေးစွမ်းသည်။ဧကရာဇ်သည်စိတ်သက်သာရာရသောသက်ပြင်းကို ချကာ ခွက်အလွတ်ကိုစားပွဲပေါ်ပြန်တင်လိုက်ရင်း ရယ်မောကာဆိုလာသည်။
"တကယ်ကိုမဆိုးဘူးပဲ"
လင်းရှောင်က ခေါင်းကိုငုံ့နေရင်း ပြုံးလိုက်သည်။
ဧကရာဇ်သည်စားပွဲပေါ်မှခွက်အလွတ်၏နှုတ်ခမ်းသားကို
လက်ချောင်းဖြင့်အဝိုင်းသဏ္ဍာန်ပွတ်သပ်နေရင်း
"မင်းကကိုယ်တော့်ကို ဒီလိုနည်းနဲ့မျက်နှာသာရအောင်လုပ်တယ်ဆိုတော့..
မင်းကိုယ်တော့်ဆီကဘာလိုချင်တာများလဲ ဟမ်?"
လင်းရှောင်ကတုန်လှုပ်စွာ ခေါင်းကိုကြမ်းပြင်နှင့်ထိမတက်ငုံ့ကိုင်းရင်း
"ဒီနိမ့်ကျတဲ့ငယ်သား မရဲဝံ့ပါဘူးအရှင်!"
ဧကရာဇ်ကမျက်လုံးကိုမှေးကျဉ်းလျက် ခွက်ပေါ်မှလက်ကိုရုတ်လိုက်သည်။ ထို့နောက်ငုံ့ကိုင်းနေသောကုန်းကုန်းငယ်အား ဖောက်ထွင်းမြင်ရသည်ဟုထင်ရသောအကြည့်များဖြင့် ကြည့်လိုက်သည်။
အချိန်အတန်ကြာအထိ ဧကရာဇ်ကလင်းရှောင်အစပျိုးလာမည်ကို စောင့်နေသည့်အလားပင် တခွန်းမှမဆိုပေ။
လင်းရှောင်ကစိတ်ပျက်စွာပြုံးလိုက်မိသည်။ ဧကရာဇ်၏အမြင်ကလွန်စွာစူးရှသည်။
သူ့ရဲ့ရည်ရွယ်ချက်တွေကိုအလွယ်တကူပဲမြင်ချေသည်။
စဉ်းစားမိတော့လင်းရှောင်မှာ ကြာကြာမကွယ်ဝှတ်ထားရဲတော့ချေ။ ခေါင်းကိုငုံ့ရင်းသာ အမြန်လျှောက်တင်လိုက်ရသည်။
"အရှင်, ဒီငယ်သားမှာအမှန်ပဲ တောင်းဆိုစရာလေးရှိနေပါတယ်"
"ကိုယ်တော်ကြားချင်တယ်"
ဧကရာဇ်ကလက်ကိုယှက်လိုက်ရင်း နောက်မှီတွင် ကျောကိုမှီလိုက်သည်။
လင်းရှောင်ကနှုတ်ခမ်းကိုသပ်လိုက်ပြီး ဆိုလိုက်သည်။
"ဒီ..ဒီနိမ့်ကျတဲ့ငယ်သားကိုအရှင့်ရဲ့ဘေးမှာခစားခွင့်ပြုဖို့အတင့်ရဲစွာတောင်းဆိုပါရစေအရှင်"
တစ်ကိုယ်လုံးအကြံအစည်များဖြင့်ပြည့်နေသော
ကုန်းကုန်းငယ်ကိုကြည့်လျက် ဧကရာဇ်မှာ မျက်ခုံးအသာပင့်လိုက်မိ၏။
လင်းရှောင်ဆက်ပြောသည်။
"အခုဆိုသခင်လေးလန်ဝေ့က ကိုယ်လုပ်တော်မိုရွီနဲ့ မဆက်သွယ်ဝံ့တော့ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်တော်မိုရွီက
ဒါကိုမသိပဲ ဒီငယ်သားကို စာတွေတဆင့်ပို့ပေးဖို့ တွန်းအားပေးနေတုန်းပါ။ ဒီငယ်သား ဘယ်လိုလုပ်ဝံ့မှာလဲ"
ပြောရင်းဆိုရင်း လင်းရှောင်က ဧကရာဇ်အား တစ်ချက်ခိုးကြည့်လိုက်သည်။
ဧကရာဇ်၏မျက်နှာတွင် မည်သည့်အမူအယာမှရှိမနေပေ။
အရှင့်၏ဒီလိုမျက်နှာကို လင်းရှောင်အကြောက်ဆုံးပေ။
သို့သော်ရွေးချယ်စရာမရှိ မျက်နှာပြောင်တိုက်ရန်ရာ ရှိသည်။
လင်းရှောင် အရဲစွန့်၍ဆက်ပြောလိုက်ပြန်သည်။
"ဒါပေမယ့်လည်း ကိုယ်လုပ်တော်မိုရွီက ဒီငယ်သားရဲ့ သခင်ဟောင်းဖြစ်တော့ ဒီငယ်သားဘယ်လိုငြင်းဆန်ဝံ့မှာလဲ အရှင်၊ ဒီငယ်သားအရှင့်ကိုအပြစ်ပြုမိမှာလည်း စိုးလှပါတယ်။ဒီအတွက်ကြောင့်နဲ့ ဒီငယ်သား နေ့နေ့ညညစိုးရိမ်ပူပန်နေရပါတယ်အရှင်..
ဒါကြောင့်ဒီငယ်သားတွေးမိတာက.."
လင်းရှောင်ခတ္တရပ်တန့်သွားပြီးမှ နှုတ်ခမ်းကို ကိုက်ရင်း ဆက်ကာ "ဒီငယ်သားတွေးမိတာက ဒီနိမ့်ကျတဲ့ငယ်သားသာ အရှင့်ဘေးမှာ ခစားခွင့်ရမယ်ဆိုရင် ကိုယ်လုပ်တော်မိုရွီလည်း ဒီငယ်သားကို ခက်ခဲအောင်မလုပ်နိုင်လောက်တော့ဘူးလို့..'
"ဒီငယ်သားက အလွန်ညံ့ဖျင်းပြီး အရှင့်ကိုကောင်းကောင်းမခစားနိုင်မှာလည်း စိုးရွံ့မိပါတယ်။
ဒါပေမယ့်ဒီငယ်သားရဲ့ စိတ်ရင်းနဲ့ အရှင့်ဘေးမှာတာ၀န်ထမ်းချင်ပါတယ်"
လင်းရှောင်၏နဖူးက ကြမ်းပြင်တွင်ထိကပ်နေပြီး
ထိုအအေးဓာတ်ကသူ့တစ်ကိုယ်လုံးထိပျံ့နှံ့လာနေသည်၊
ဧကရာဇ်၏ရှေ့တွင် အလွန်ရိုကျိုးစွာ ၀ပ်တွားနေသည့် ကုန်းကုန်းငယ်လေးပုံစံမှာ တမျိုးတဖုံသနားစဖွယ် ကောင်းနေခဲ့သည်။
ဧကရာဇ်၏အနားတွင်ခစားခွင့်ရအောင် ကြိုးစားနိုင်သည့် နည်းပေါင်းစုံရှိသည်။ သို့သော်သူလုပ်သလိုမျိုး ဘယ်သူမှ ဧကရာဇ်ကိုထိပ်တိုက်မတောင်းဆိုဝံ့ကြ။ ဧကရာဇ်သည် အလွန်သတိရှိပြီး တပါးသူစိတ်တွင်းမှ
အကြံအစည်များကိုဖောက်ထွင်းမြင်နိုင်သူပင်။
မည်သူကဧကရာဇ်ကိုထိပ်တိုက်ရင်ဆိုင်ကာ အပြစ်ပြုဝံ့မည်နည်း။ သို့သော်လည်း ထိုသို့ရဲဝံ့စွာတောင်းဆိုသော လုပ်ရပ်က ရိုးသားမှုနှင့် စိတ်ရင်းကိုပြသခြင်းလည်းဖြစ်သည်။ ဧကရာဇ်အားနှစ်ဘ၀တိုင်ခစားဖူးပြီမို့ လင်းရှောင်ကား မည်သည့်လုပ်ရပ်က အရှင့်၏နှလုံးကို ကိုင်လှုပ်နိုင်ကြောင်း ကောင်းကောင်းသိနေလေပြီ။
ဧကရာဇ်က၄င်းရှေ့မှ ကုန်းကုန်းငယ်ကိုကြည့်ကာ သူ၏မျက်နှာတွင်အံ့ဩခြင်း၊ မယုံနိုင်ခြင်းတို့တို့ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် မျက်မှောင်ကျုံ့လျက်ပင်
သလွန်မှ လက်ရန်းကိုတင်းတင်းဆုပ်ကာ
ကျယ်လောင်စွာအော်ခေါ်လိုက်တော့သည်။
"အထိန်းတော် ရှု!"
အပြင်ဘက်တွင်စောင့်နေသော အထိန်းတော်ရှူမှာ
လျင်မြန်စွာ၀င်လာပြီး လင်းရှောင်ရှေ့၌ပင် ဧကရာဇ်အား၀ပ်တွားအရိုသေပြုလိုက်သည်။
"ငယ်သားရှိပါတယ် အရှင်"
"ဒီကုန်းကုန်းကို ကိုယ့်တော့်ဘေးမှ ခစားရအောင် ပြင်ဆင်ပေးလိုက်"
အထိန်းတော်ရှူကခဏမျှကြောင်သွားပြီးမှ အမိန့်ကိုနားလည်လိုက်တော့သည်။
လင်းရှောင်ကသက်ပြင်းချလိုက်ပြီး တိတ်တိတ်လေးခိုးပြုံးလိုက်မိသည်။
'ငါလုပ်နိုင်ခဲ့ပြီ!'
"သူ့ကိုမင်းနဲ့အတူခေါ်သွားချေ"
လင်းရှောင်တိတ်တိတ်လေးပျော်နေတုန်း
ဧကရာဇ်ကထပ်ပြောလာသည်။
လင်းရှောင်အေးခဲသွားသည်။
သူအခုလောလောဆည်အောင်မြင်သွားပေမယ့်
သူ့ရဲ့အခုလေးတင်ရဲတင်းလွန်းသောပြုအမူကြောင့်
ဧကရာဇ်ကိုမကျေမနပ်ဖြစ်စေမိမှာပဲလေ။
ကိစ္စတော့မရှိပါဘူး။ ဧကရာဇ်ဘေးမှာခစားနေရသ၍
သူ့မှာအခွင့်အရေးတွေအများကြီးရှိလာမှာပဲ။
လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ ဧကရာဇ်ကို အရိုအသေပြုလိုက်ပြီး အထိန်းတော်ရှူနောက်မှ လိုက်သွားရတော့သည်။
အပြင်သို့ရောက်သည်နှင့် အထိန်းတော်ရှူက နှုတ်ခမ်းမဲ့လိုက်ပြီး
"အတော်လည်တဲ့ ကုန်းကုန်းလေးပဲ ဟမ်?"
လင်းရှောင်ခေါင်းကိုသာငုံ့ထားလိုက်သည်။
ဧကရာဇ်နှင့်ပိုနီးကပ်လေ အထိန်းတော်ရှူက သူ့ကိုပို၍မကျေမနပ်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူတွေးမိပြီးသားပင်။
ဤနန်းဆောင်ထဲတွင် အကုန်လုံးက ဧကရာဇ်မျက်နှာသာရဖို့သာကြိုးစားနေကြသူများသာ။
ဧကရာဇ်ထံမှမျက်နှာသာပေးမှုကသာ သင့်ကို အာဏာနှင့် ချမ်းသာကြွယ်၀မှုတွေယူဆောင်ပေးလိမ့်မည်။
ထို့ကြောင့်လူတိုင်းက ဧကရာဇ်၏မျက်နှာသာပေးမှုအတွက် တိုက်ခိုက်ကြလိမ့်မည်။
သို့သော် ယခုချိန်အထိ ဧကရာဇ်ဘေးတွင် အမှန်တကယ် ခစားခွင့်ရသူမှာ သူ့ရှေ့တွင်ရပ်နေသော အထိန်းတော်ရှူ တစ်ယောက်သာရှိခဲ့ဖူးသည်။
ယခုမူ ဧကရာဇ်ကိုယ်တော်တိုင်က လင်းရှောင်းအား သူ့ဘေးတွင်ခစားဖို့ ကြည်ဖြူစွာခွင့်ပြုလိုက်ချေပြီ။
အထိန်းတော်ရှူမှာ အရှင့်ဘေးတွင်ခစားနိုင်သော တစ်ဦးတည်း မဟုတ်တော့ပေ။
အထိန်းတော်ရှူက ဘယ်ဒေါသမထွက်ပဲနေမလဲ?
အထိန်းတော်ရှူမှာ ဤကုန်းကုန်းငယ်ကိုအထင်မသေးရဲတော့ပေ။
ယခင်က ဤကုန်းကုန်းငယ်ကြောင့် အကျိုးအမြတ်အနည်းငယ်ရဖူးသည်ကိုထောက်ရှု၍
ရေခဲတုံးအနည်းငယ်ပေးလိုက်မိသည်။
ထိုရေခဲတုံးများဖြင့် အရှင့်ဆီကမျက်နှာသာရအောင်
လုပ်သွားနိုင်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း?
အခုတော့ဧကရာဇ်က ဒီကုန်းကုန်းကို သူ့နားမှာခစားဖို့ခွင့်ပြုလိုက်ပြီ!
ဒါသူ့မျက်နှာကိုဖြတ်ရိုက်လိုက်တာပဲမဟုတ်ဘူးလား?
အထိန်းတော်ရှူမှာ တွေးလေတွေးလေ ဒေါသထွက်လေပင်။
လင်းရှောင်မျက်နှာကိုမြင်နေရရုံနဲ့တောင် ဒေါသအထွက်လွန်ကာ သေတော့မလိုပင်။
လင်းရှောင်လည်း အထိန်းတော်ရှူ၏ အတွေးများကိုနားလည်လေသည်။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ်ဧကရာဇ်၏ဘေးမှ ယုံကြည်အားထားရဆုံးအမှုထမ်းတစ်ဦးဖြစ်လာဖို့ဆိုလျှင်
အထိန်းတော်ရှူကိုလည်းအနှေးနဲ့အမြန်ဖယ်ထုတ် ပစ်ရမည်ပင်။
သို့သော်လည်း လောလောဆည်တော့ သူ့အခြေအနေအရအထိန်းတော်ရှူကို မထီမဲ့မြင်ပြု၍မဖြစ်ပေ။
လင်းရှောင် တွေးတော့ဆင်ခြင်လိုက်ပြီး အထိန်းတော်ရှေ့တွင် ပို၍ သတိထား ရိုကျိုးစွာပြုမူနေလိုက်သည်။
အတိတ်ဘ၀တုန်းက ဧကရာဇ်နှစ်သက်သမျှ အဖုံဖုံကို သိရေစေရး အထိန်းတော်ရှူအား မျက်နှာလိုမျက်နှာရ လုပ်ခဲ့ဖူးပါ၏။ လောဘကြီးကာ ဘ၀င်မြင့်သည့်အပြင်
အထိန်းတော်ရှူမှာ အမြှောက်အပင့်လည်း အင်မတန်ကြိုက်တတ်ပေသေး၏။
သူ့ရှေ့တွင် ငတုံးငအလို ရိုရိုကျိုးကျိုးလေးနေနေသ၍
လင်းရှောင်သည် သိပ်ပြီးပစ်မှတ်ထားခံရမည် မဟုတ်ဟု ယုံကြည်ချက်ရှိသည်။
တကယ်တော့ဧကရာဇ်မှာ တပါးသူအပေါ်အလွန်မယုံကြည်တတ်သော စရိုက်မျိုးရှိ၍ အထိန်းတော်ရှူက ဧကရာဇ်အနားတွင် မြဲနေခြင်းသာ။
သို့သော်လည်း ဒါကိုလင်းရှောင် စိတ်ထဲမှာသာတွေးရဲသည်။
ယခုလောလောဆည်သူလုပ်ရမည်က
အထိန်းတော်ရှူရှေ့တွင် အတတ်နိုင်ဆုံး နှိမ့်ချစွာ ရိုကျိုးစွာနေရမှာဖြစ်သည်။ ဒါမှ အထိန်းတော်ရှူက သူ့ကိုအထင်သေးကာ
သူ့နေရာကိုလုယူမည် ရန်သူလို အဆက်ဆံမခံရမှာဖြစ်သည်။
သို့သော် အရာရာတိုင်းက စီစဉ်ထားသလို ဖြစ်မလာတတ်ပါချေ။
လင်းရှောင်ကမိမိဘာသာ ဧကရာဇ်အပါးတွင် ခစားခွင့်ရဖို့တောင်းဆိုပြီးကတည်းက
အထိန်းတော်ရှူက သူဘာလုပ်လုပ် မကျေမနပ်ဖြစ်နေတော့တာဖြစ်သည်။
အထိန်းတော်ရှူ၏အမူအယာမှာ အလွန်ကြည့်ရဆိုးလျက်
"အရှင့်နားမှာခစားရတယ်ဆိုပြီး ဟုတ်လှပြီထင်မနေနဲ့"
"အရှင့်အနားမှာခစားဖူးတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး။
အမှားလည်းမလုပ်မိစေနဲ့ပေါ့။ မဟုတ်ရင် မင်းခေါင်းနဲ့လည်ပင်း တကွဲတပြားဖြစ်သွားတာ ဘယ်တုန်းကလည်းတောင် သိလိုက်မှာမဟုတ်ဘူး"
အထိန်းတော်ရှူကသူ့ကိုခြိမ်းခြောက်လာသောအခါ
လင်းရှောင်လည်း ကြောက်ချင်ယောင်ဆောင်၍
ရိုရိုကျိုးကျိုးပင်ပြန်ဖြေပေး လိုက်သည်။
"ဒီငယ်သား မှတ်ထားပါ့မယ်"
"ဟမ့် " အထိန်းတော်ရှူက နှာမှုတ်လိုက်ပြီး
သူ့အား အခန်းငယ်တစ်ခုသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။
"ဒါ အခုကစပြီး မင်းနေရမယ့်နေရာပဲ၊ အရှင်ကမနက် ၆နာရီမှာနိုးပြီး ညဆို ၁၁နာရီမှာအိပ်တယ်။ မင်းလည်းမနက်၆နာရီမှာထပြီးအရှင့်ကိုခစားရမယ်။
ညနေခင်း အရှင်ခဏအနားယူတဲ့အခါ မင်းထွက်သွားရမယ်
နားလည်လား?"
"ဒီငယ်သားသိပါပြီ" လင်းရှောင်ဂရုတစိုက်ပြန်ဖြေလိုက်သည်။
အထိန်းတော်ရှူဆက်၍
"မင်းမနက်ဖြန်ကစပြီး အမှုထမ်းနိုင်တယ်၊
ဒီနေ့အဖို့ အရှင့်မှာ ခစားမယ့်သူတွေမှအများကြီးပဲ၊
မင်းကိုမလိုဘူး။ အရင်လူတွေပဲသူတို့ တာ၀န်ကိုလုပ်လိမ့်မယ်"
အထိန်းတော်ရှူက လှောင်ပြုံးပြုံးလိုက်ကာ သူ၏မြင်းမြှီးယပ်ကို ခါယမ်းလိုက်ပြီးထွက်သွားတော့သည်။
ကျောခိုင်းသွားသော အထိန်းတော်ရှူအား လင်းရှောင်လက်ခလယ်ထောင်ပြလိုက်ပြီး စိတ်ထဲမှ ဆဲရေးလိုက်သည်။
သူ့ကိုမနက်ဖြန်မှာစပြီးအမှုထမ်းဖို့ပြောတယ်၊
မနက်ခြောက်နာရီမှာအရင်ရောက်နှင့်ပြီး ဧကရာဇ်ကိုခစားရမယ်လို့လည်းပြောသွားသေးတယ်၊
ဒါပေမယ့် ဧကရာဇ်နန်းဆောင်ကဘယ်မှာဆိုတာရယ်၊
ဘယ်နေရာမှအသင့်စောင့်နေရမယ်ဆိုတာကိုကျ
ပြောမသွားဘူး?
သူအတိတ်ဘ၀တုန်းက နန်းဆောင်တွေရဲ့နေရာအတိအကျကို သိနေခဲ့ပြီးသားမို့ တော်သေးတာပေါ့။ နို့မို့်ဆိုမနက်ဖြန် ဧကရာဇ်ရဲ့ဒေါသနဲ့တင်
မြေကျင်းထဲအရှင်လတ်လတ်မြှုပ်ခံရပြီးလောက်ပြီ။
ပြီးတော့ အရှင်က စောစောအိပ်ပြီးစောစာထတယ်ဆိုတာပဲ
ပြောသွားတာလေ၊ ဧကရာဇ်ဘာကိုမကြိုက်ဘူး၊ ဘာကိုသတိထားရမယ်ဆိုတာ တစ်ခွန်းမှကိုပြောမသွားတာ။
ဒါသူ့အတွက်ကျင်းတူးပေးသွားတာအသိသာကြီး
လင်းရှောင်အေးစက်စွာရယ်လိုက်သည်။
သူ့အတိတ်ဘ၀တစ်ခုလုံးနီးပါး ဧကရာဇ်၏ အကြောင်းကိုအလွတ်ရအောင်လေ့လာခဲ့ပြီးပြီ။
အထိန်းတော်ရှူဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာမှာစိုးမိပါရဲ့။
မနက်၆နာရီထတာနဲ့ပါတ်သတ်ပြီးတော့ပြောရရင်
သူသာတကယ်ကိုအဲဒီအချိန်မှထပြီး ဧကရာဇ်ဆီခစားဖို့သွားရင် တစ်ခါတည်းခေါင်းပြုတ်ပြီးသားပဲ။
ဧကရာဇ်ကအမြဲ၆နာရီထက် နာရီ၀က်စောနိုးပြီးတော့
တော်၀င်ဥယျာဉ်တွင် သိုင်းကစားရန်သွားလေ့ရှိသည်။
အဲဒါပြီးရင်တော့ နန်းဆောင်ကိုပြန်လာပြီးတော့ ကိုယ်လက်သန့်ရှင်းပြီး မနက်ခင်းညီလာခံတက်လိမ့်မယ်။
ပြီးတော့မနက်၈နာရီမှာ မနက်စာစားမယ်။
အဲဒါပြီးရင်တော့ ဧကရာဇ်ဟာရေချိုးပြီး အ၀တ်ပြောင်ပေါ့ပေါ့ပါးပါးကို၀တ်ပြီး အရေးအခင်းစာလိပ်များကို ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။
၁၂နာရီလောက်မှာဆိုရင် ဧကရာဇ်ဟာနန်းဆောင်ကိုပြန်ကာ အနားယူမှာဖြစ်ပြီး ညနေ၆နာရီလောက်မှာတော့ ညနေစာစားလိမ့်မယ်။ အဲဒါပြီးရင်တော့ ကိုယ်လုပ်တော်တစ်ယောက်ယောက်ကိုရွေးပြီး အိပ်ဆောင်၀င်လိမ့်မယ်။
နေ့လည်နေ့ခင်းတွေမှာဆို တော်၀င်ဥယျာဉ်မှာလမ်းလျှောက်တတ်တယ်။
ပြောရကြေးဆို တော်၀င်ဥယျာဉ်ထဲမှာပဲမဟုတ်ဘူး။
နန်းတွင်းတစ်ခုလုံးကို ပါတ်လျှောက်ရတာကို ကြိုက်တာပင်။
နန်းတွင်းထဲလမ်းပါတ်လျှောက်ရသည်မှာ
ဘာစိတ်၀င်စားစရာများကောင်းသလဲ လင်းရှောင်ဖြင့် နားမလည်ပါချေ။
အတိတ်ဘ၀မှာတုန်းက ဧကရာဇ်သည်တော်၀င်နန်းဆောင်ဘက်တွင် ခဏခဏပေါ်လာတတ်သည်။ ပေါ်လာတိုင်းလည်း လင်းရှောင်က မဆုံမိအောင်ရှောင်ရသည်သာ။
အခုဘ၀မှာလား? ပြောမနေပါနဲ့တော့
တည့်တည့်တိုးတာသုံးခေါက်တောင်ရှိနေပြီပဲ။
နောက်တစ်နေ့တွင် လင်းရှောင်အိပ်ယာမှနိုးနိုးချင်း မျက်လုံးမပွင့်ခင်မှာပင် အ၀တ်အစားလဲကာ ဧကရာဇ်နန်းဆောင်သို့ ခပ်သုတ်သုတ်သွားလိုက်သည်။
မနေ့ညတုန်းကမူ စောစောမထမိပဲ အချိန်လွဲသွားမှာစိုး၍ သူ့မှာကောင်းကောင်းပင်အိပ်မပျော်ပေ။
လောလောဆည်ကောင်းကင်မှာ ထိန်လင်းနေကာ
အနည်းဆုံး၆နာရီတော့ရှိလောက်ပြီ။ လင်းရှောင်နောက်မကျဝံ့ပါချေ။
ညစောင့်တာ၀န်ကျသောကုန်းကုန်းမှာ နန်းဆောင်ရှေ့တံခါးတွင် ရပ်လျက်ရှိနေဆဲ။ အဆောင်တွင်းကမူ မည်သည့်အသံမျှမကြားရသေးချေ။
လင်းရှောင်အခုမှအသက်ရှူချောင်သွားသည်။
ကြည့်ရတာ သူသိပ်နောက်ကျမသွားပုံပါပဲ။
အချိန်ကားအနည်းငယ်စောနေသေးပုံပေါ်ပေမယ့်
ရောက်လာပြီးမှတော့မထူးတော့ဘူးဟု ညစောင့်ကုန်းကုန်းနှင့်အတူပင် နန်းဆောင်တံခါးတွင်ရပ်နေလိုက်သည်။
ထို့နောက် သိပ်မကြာပေ။
အထိန်းတော်ရှူရောက်လာပြီး လင်းရှောင်ကိုမြင်လျှင်
ထူးဆန်းစွာပြုံးလျက်
"မင်းက အတော်လေးစောသားပဲ?"
လင်းရှောင်ကခေါင်းငုံ့လျက်ပင်
"ဒီငယ်သား အထိန်းတော်ကြီးပြောခဲ့တာကို စိတ်ထဲမှာစွဲနေလို့ပါ။ အရှင့်ကိုနောက်ကျစွာခစားပြီး
အပြစ်ပြုမိမှာစိုးလို့ စောစောထခဲ့ပါတယ်"
"ဟမ့်. မင်းကစဉ်းစားတွေးခေါ်တတ်သားပဲ?"
အထိန်းတော်ရှူက သူ့ကိုမကျေမနပ်ကြည့်ကာဆိုလိုက်သည်။
"အစေခံတွေ!"
ဧကရာဇ်၏ ဩရှသောအသံက အခန်းတွင်းမှထွက်လာခဲ့သည်။
အထိန်းတော်ရှူက နန်းဆောင်တံခါးကိုဖွင့်ကာ ၀င်လိုက်ပြီး ဧကရာဇ်ရှေ့တွင်ဒူးထောက်လိုက်သည်။
"ငယ်သားရှိပါတယ် အရှင်"
လင်းရှောင်လည်း ရှေးမနှောင်းပင် အခန်းတွင်း၀င်လိုက်ပြီး
အထိန်းတော်ရှူနောက်မှပင် ဒူးထောက်နေလိုက်သည်။