အပိုင်း ၁၁
Viewers 12k

တိတ်တခိုးအကြံအစည်

"ကိုယ်တော် ၀တ်ရုံလဲပြီး ကိုယ်လက်သန့်စင်ချင်တယ်"

မင်းကြီးက ကုတင်ဘေးတွင်ထိုင်ချကာ လက်နှစ်ဘက်ကိုဖြန့်ကားလိုက်သည်။

အထိန်းတော်ရှူကအမိန့်ကိုနာခံစွာပင် သူ၏အနောက်တွင်ရပ်နေသော ကုန်းကုန်းများနှင့် မောင်းမတချို့ကို မင်းကြီးအားကူညီပေးရန် မျက်နှာရိပ်ကဲဖြင့်ခိုင်းလိုက်သည်။

ဒါကိုမြင်ပြီး လင်းရှောင်တစ်စုံတစ်ခုကိုသတိရသွားမိသည်။

ဧကရာဇ်မှာသူ့အနားမှာလူအများကြီး ခစားတာကိုမကြိုက်သဖြင့် အခုချိန်အထိ အနားတွင် အထိန်းတော်ရှူတစ်ယောက်သာ ရှိသည်။ 

သို့သော် အထိန်းတော်ရှူမှာအသက်ကြီးပြီမို့ 

ခြေလက်များမှာ အရင်လိုမသွက်လက်တော့။ ထို့ကြောင့်မနက်ခင်းတွင် မင်းကြီးအား

အိပ်ဖန်စောင့် ကုန်းကုန်းများနှင့် မောင်းမများကသာ 

အမြဲခစားရလေသည်။

အထိန်းတော်ရှူမှာအလွန်ဉာဏ်များလှသည်။

သူ၏နေရာပျောက်မည်စိုးလှသဖြင့် ထိုသို့မင်းကြီးကိုခစားရသောသူများကို တသမတ်ထဲမထားပဲမကြာခဏပြောင်းပစ်လေ့ရှိ၏။

ထို့ကြောင့်လည်း အထိန်းတော်ရှူတွင် လက်အောက်ခံအမှုထမ်း အများအပြားရှိနေသည့်တိုင် 

အမှန်တကယ်ယုံကြည်ရသူ တစ်ဦးမှမရှိပေ။

"လင်းရှောင်" 

လင်းရှောင်သည်မိမိအတွေးများနေစဉ်အတွင်း

မင်းကြီးထံမှာအခေါ်ခံရလိမ့်မည်ဟုမမျှော်လင့်ထားပေ။

သူသည် ခါးကိုညွှတ်လျက်ပင် ဧကရာဇ်ရှေ့သို့သွားကာ

ပြန်ဖြေလိုက်သည်။

ယခုတွင် မင်းကြီးမှာ ကိုယ်လက်သန့်စင်ပြီးဖြစ်ကာ 

မောင်းမတချို့က ၀တ်လဲတော်ကိုကိုင်လျက် 

ဒူးထောက်နေကြသည်။

"ကိုယ်တော့်ကို ၀တ်ရုံလဲကူပါ"

လင်းရှောင်ကမျက်ခုံးများပင့်လျက် အံ့အားသင့်သွားမိသည်။

သို့သော် ခေါင်းကိုငုံ့လျက် အပြုံးဖြင့်ပင်

"ကောင်းပါပြီ အရှင်"

မင်းကြီးသည်အမြဲတစေတည်ကြည်လေးနက်သော အသွင်ရှိသည်။ ၀တ်ရုံတော်ကိုလည်း

နည်းနည်းမှလျော့တိလျော့ရဲဖြစ်နေတာကိုမကြိုက်။

လင်းရှောင်ကဒါကိုသိတော့ မင်းကြီး၏ဝတ်ရုံကော်လာကအစ

ခါးပတ်အဆုံး ခပ်တင်းတင်းပင် ၀တ်ဆင်ပေးလိုက်သည်။

မင်းကြီးလည်းဒါကိုခံစားမိတော့ လင်းရှောင်အားငုံ့ကြည့်လာသည်။

သေချာကြည့်လျှင်မူသူ၏မျက်လုံးများမှာ

မဆိုစလောက် နူးညံ့နေကာ နှုတ်ခမ်းမှာလည်း ပြုံးမယောင်ဖြစ်နေသည်ကိုတွေ့ရလိမ့်မည်။

အထိန်းတော်ရှူသည် 

တော်ဝင်ဥယျာဉ်အတွင်း၌ အစောင့်များချထားပြီးဖြစ်ပြီး

မင်းကြီးအသုံးလိုမည့် ဘယ်အရာကိုမဆိုပြင်ဆင်ထားပြီးဖြစ်သည်။

မင်းကြီးသည် လက်ရုံးရည်ရော နှလုံးရည်ပါပြည့်စုံသည့် ဧကရာဇ်တစ်ပါးဖြစ်ချေသည်။ သိုင်းကစားသည့်အခါတိုင်းလည်း

ဓားရှည်ကိုသုံးလေ့ရှိသည်။ မင်းကြီး၏သိုင်းကွက်များမှာ

တိမ်လို ရေလို နူးညံ့ပြီး ထက်ရှသည်။ ကြည့်ရသူအဖို့ အလွန်ပဒါသဖြစ်စေသည်။ လင်းရှောင်သည်လည်း

မျက်တောင်ခတ်ဖို့မေ့ကာ ကြည့်နေမိပြီး 

တစ်နေ့တော့သူလည်း သိုင်းလေးဘာလေးသင်ရမည်ဟု

တွေးတောမိလေသည်။

လင်းရှောင်လည်း အညှို့ခံရသူလိုကြည့်နေမိရင်း

ရုတ်တရက် မင်းကြီးသည် ဦးတည်ရာပြောင်းကာ 

လင်းရှောင်၏လည်ပင်းရှိရာ ဓားကိုထိုးလိုက်သည်။

လင်းရှောင်လည်းရုတ်တရက်မို့ ကြောက်အားလန့်အားဖြင့်

နောက်သို့နှစ်လှမ်းခန့်ဆုတ်လိုက်ရလေသည်။

အေးစက်သောဓား၏အဖျားက လင်းရှောင်၏လည်စလုပ်ကိုထိနေခဲ့သည်။ 

လင်းရှောင်သည် ဓားကိုကြောက်လန့်စွာငုံ့ကြည့်ရင်း

တုန်တုန်ရီရီဖြင့်ပင်

"အရှင်.."

မင်းကြီးမှာ သူ့ရှေ့မှကုန်းကုန်းလေးအား မျက်မှောင်ကျုံ့လျက်ကြည့်လိုက်သည်။

ကုန်းကုန်းလေးမှာကြောက်လွန်းလို့ လှုပ်တောင်လှုပ်ရဲပုံမပေါ်

သို့သော် သူ၏မျက်လုံးများမှာမူတောက်ပနေဆဲပင်။

လင်းရှောင်သည် နောက်သို့နှစ်လှမ်းခန့်ထပ်ဆုတ်လိုက်ကာ

လုံခြုံသောအကွာအေဝးကနေ ကပြာကယာဒူးထောက်ချသည်။

"ဒီနိမ့်ကျတဲ့ငယ်သားက အမှားလုပ်မိပါတယ် အရှင်!"

ဧကရာဇ်ကမူ မျက်ခုံးပင့်လိုက်မိသည်။

ဆန့်ကျင်ဘက်အားဖြင့်, ဒီကုန်းကုန်းလေးက 

ဘယ်လိုရှောင်ရကွင်းရမလဲ ကောင်းကောင်းသိပုံပင်။

သူကဓားကိုသိမ်းလိုက်ကာ ဓားအိမ်ထဲပြန်ထည့်၍ အနီးရှိအစောင့်အားပစ်ပေးလိုက်သည်။ ထို့နောက်တွင်

ပိုးပုဝါစဖြင့် မိမိ၏လက်ကိုပွတ်သုတ်နေလိုက်သည်။

" မင်းဘာအမှားလုပ်မိတာများလဲ?"

လင်းရှောင် နှုတ်ခမ်းကိုကိုက်လျက်

"ဒီတုံးအတဲ့ ငယ်သားမသိပါဘူး အရှင်"

ဧကရာဇ်မှာ လက်ကိုသုတ်နေခြင်းရပ်သွားပြီး

"မင်းဘာမှားလဲဆိုတာမသိဘူးပေါ့?"

လင်းရှောင်ကား မျက်မှောင်ကျုံ့လျက် လက်ကိုတင်းတင်းဆုပ်မိလေသည်။

မင်းကြီးကဘာကိုဆိုလိုလေသနည်း?

လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လျက် အမြန်ပြန်ဖြေလိုက်ရသည်။

"ဒီငယ်သားက ကောင်းမွန်စွာမခစားနိုင်လို့ အရှင့်ကိုမပျော်မရွှင်ဖြစ်စေမိပါတယ်၊ ဒီငယ်သားမှာအပြစ်ရှိပါတယ်"

ဒါကိုကြားတော့ ဧကရာဇ်မှာ ရယ်လိုက်မိပြီး လင်းရှောင်အားကြည့်ကာ

"ထေတာ့"

လင်းရှောင်ကား အတုန်တုန်အယင်ယင်ဖြင့်ပင် ထရပ်လာသည်။ ထိုကဲ့သို့ တစ်ကိုယ်လုံးတုန်ပြီး လက်တွေခြေတွေအားနည်းနေတဲ့ပုံစံနဲ့တောင် 

သူ့အား ကောင်းမွန်စွာ ခစားဖို့အားထုတ်နေသော

ကုန်းကုန်းလေးကိုကြည့်ကာ ဧကရာဇ်မှာ မတတ်နိုင်ပဲ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိလေသည်။

ထို့နောက်သည် မင်းကြီးကစကားတစ်ခွန်းကိုဆိုလာသည်။

"ကိုယ့်တော်ကို လက်အောက်ငယ်သားတစ်ယောက်က အကြာကြီးစိုက်ကြည့်နေတာကို မကြိုက်ဘူး။ နားလည်လား?"

လင်းရှောင်ရုတ်တရက်ကြောင်သွားမိပြီး 

အခုလေးတင် ဧကရာဇ်သိုင်းကစားနေသည်ကို

မျက်လုံးအပြူးသားနှင့် အကြာကြီးစိုက်ကြည့်နေခဲ့မိသည်ကို

သတိရမိလျှင် တစ်ကိုယ်လုံးဇောချွေးများပြန်သွားမိသည်။

"ဒီနိမ့်ကျတဲ့ငယ်သား သိပါပြီ"

ကုန်းကုန်းငယ်လေးက ခေါင်းလေးငုံ့ပြီး တုန်လှုပ်နေပုံက ကြည့်ရတာသနားစရာလေးရယ်။ 

သို့သော်ရယ်စရာကလည်းကောင်းသေးသည်။

ဧကရာဇ်မှာ မနေနိုင်တော့ပဲ ထိုငုံ့ထားလွန်းလို့ ခေါင်းပဲမြင်ရတော့သော ကုန်းကုန်းငယ်ရှေ့သို့လျှောက်သွားလိုက်ကာ

ရုတ်တရက်ဆိုလိုက်သည်။

"အထိန်းတော်ရှူ, ဒီကုန်းကုန်းလေးက ဒီမနက်မှာကောင်းကောင်းအလုပ်ကြိုးစားခဲ့ရှာတာပဲ။

ဒါကြောင့် သူ့ကိုပိုးထည်လိပ်ဆယ်ခုနဲ့ ငွေတုံးငါးဆယ်ချီးမြှင့်လိုက်"

ထို့နောက်တွင် မင်းကြီးမှာညီလာခံအတွက် အဝတ်အစားလဲရန်ပြန်သွားကာ 

လင်းရှောင်သည်လည်း အနည်းငယ်အနားယူရန် သူ့အခန်းလေးဆီပြန်လာလိုက်သည်။

အခန်းလေးမှာ တကယ်ကိုတကယ်ကိုတစ်ခန်းတည်းသာ ပါလေသည်။ မနေ့ညကမူ အလွန်မှောင်နေသဖြင့် 

သေချာမမြင်ရ။ ယခုကြည့်မိသောအခါတွင်မှ 

ထင်သလောက်မဆိုးသည်ကို တွေ့လိုက်ရသည်။

၄င်းတွင် အိပ်ယာ၊ ဗီဒိုငယ်၊ စားပွဲနှင့် ခုံလေးတစ်ခုရှိသည်။

ဒါက ချူရှိုးနန်းဆောင်မှ သူ၏အိပ်စရာနေရာထက်အများကြီး ပိုကောင်းသေးသည်။

အခန်းထဲပြန်ရောက်တော့မှ လင်းရှောင် အသက်ရှူချောင်တော့သည်။

ဒီမနက်တွင် ဧကရာဇ်၏အပြုအမူမှာ အမှန်ပင်ထူးဆန်းလှသည်။ ပထမတွင်လင်းရှောင်အား

ဓားနှင့်ရွယ်ကာ နောက်ကျတော့လည်း ဆုလာဒ်တွေချီးမြှင့်ပြန်သည်။

လင်းရှောင်သည် ဧကရာဇ်၏သတိပေးချက်က သိပ်မရိုးရှင်းလှဟုတွေးမိသည်။

"ကိုယ်တော့်ကို လက်အောက်ငယ်သားတွေက အကြာကြီးစိုက်ကြည့်နေတာကိုမကြိုက်ဘူး၊ နားလည်လား?"

လင်းရှောင် ထိုစကားတစ်ခွန်းကို အပြန်ပြန်အလှန်လှန်စဉ်းစားရင်း အဓိပ္ပာယ်ကောက်နေမိသည်၊

ဧကရာဇ်ဆိုလိုသည်မှာ လင်းရှောင်မှာ အမြင့်ကိုရောက်နေပြီဟုထင်ပြီးကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေဖို့ သတိပေးခြင်းများလား?

ဒီလိုနည်းနဲ့ ဧကရာဇ်ကသူ့ကိုအရမ်းနားလည်နေပြီမထင်နဲ့ဟု သတိပေးလိုက်တာဖြစ်နိုင်သည်။

လင်းရှောင်မျက်လုံးမှိတ်လိုက်သည်။

အရင်တုန်းက လင်းရှောင်သည် ဧကရာဇ်ရှေ့တွင် အလွန်သတိတကြီးထားကာ ပြုမူခဲ့သည်။

ဒါကြောင့်လည်းမင်းကြီးက သူ့ကို နှစ်ခါကနေသုံးခါအထိ မှင်သွေးခဲ့ခိုင်းခြင်းဖြစ်ပြီး ၀တ်ရုံလဲရာတွင်လည်း ကူညီခွင့်ပြုခဲ့ခြင်းပင်။ ဒါတွေကလည်း ဧကရာဇ်မှာ လင်းရှောင်သည် တခြားသူများထက် မိမိကိုပိုအလိုက်သိနားလည်ကြောင်း ခံစားမိလို့ဖြစ်သည်။

ဒါပေမယ့် မင်းကြီးက ဒီလိုအရမ်းသိအရမ်းတတ်နေတဲ့ပုံစံက စိတ်မချရဘူးလို့များ ခံစားမိလို့များလား?

သာမာန်ကုန်းကုန်းလေးတစ်ယောက်က သူ့ရဲ့အကြိုက်တွေ အမူအကျင့်တွေအကုန်လုံးကို သိနေတယ်၊

ဧကရာဇ်ရဲ့သတိကြီးကြီးထားတတ်တဲ့ ပုံစံနဲ့ဆို သံသယဝင်မိမှာအသေအချာပဲပေါ့။ 

လင်းရှောင်တွေးလေတွေးလေ ဧကရာဇ်မှာ အလွန်နားလည်ရခက်လွန်းသည့် အစွန်းရောက်တစ်ဦးလို ခံစားလာမိသည်။

သူကျေနပ်အောင် လုပ်ဖို့ခက်လိုက်တာ။

ဒါပေမယ့်လည်း စဉ်းစားကြည့်မယ်ဆိုရင် မင်းကြီးက

သူ့ကိုသတိပေးပြီးမှ ဆုချတာဆိုတော့ 

မင်းကြီးကသူ့အပြုအမူတွေကိုမကြိုက်ဘူးဆိုပေမယ့်

အလိုက်တသိလုပ်ကိုင်ပေးတာကိုတော့ ကြိုက်တယ်ဆိုတဲ့သဘောပေါ့?

ပြောရမယ်ဆို သူ့ကိုလုံးဝကြီးငြင်းပယ်နေတာတော့မဟုတ်ဘူးပဲ။

လင်းရှောင်က စိတ်ရှုပ်ထွေးစွာခေါင်းကိုကုတ်လိုက်သည်။

မိုးနတ်မင်းရေ အရှင်မင်းကြီးကဘာလို့ ဒီလောက်တောင်နားလည်ရခက်ရတာပါလိမ့်​နော်၊

အတိတ်ဘဝမှာတုန်းက မိုရွီဘေးကနေ အကြံပေးလေးလုပ်ခဲ့ရတုန်းကတော့ မင်းကြီးကိုသူကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်နေရတာမှမဟုတ်တာ။ သူကနောက်ကွယ်ကနေအကြံလေးဘာလေးပေးရုံပဲ။

ဒါပေမယ့် ကိုယ်တိုင်ခစားရတော့မှ ဘာလို့ခက်ခဲနေရတာလဲ?

လင်းရှောင်၏ ခေါင်းထဲတွင် လေဆင်နှမောင်းများတိုက်ခတ်နေစဉ်မှာ

အထိန်းတော်ရှူရောက်လာခဲ့သည်။

သူကမျက်နှာသေဖြင့်။

သူ၏နောက်တွင်တော့ ကုန်းကုန်းငယ်တချို့က မင်းကြီးချီးမြှင့်လိုက်သော ဆုလာဒ်တော်တို့ကို သယ်ဆောင်လာကြသည်။

လင်းရှောင်က အလျင်အမြန်ပင် အထိန်းတော်ရှူအား အရိုအသေပေးလိုက်သည်။

အထိန်းတော်ရှူကမူ လင်းရှောင်အား အကြည့်ချင်းပင်ဆုံချင်ပုံမပေါ်။ 

ကုန်းကုန်းငယ်များအား ဆုလာဒ်များကို အခန်းထဲတွေနေရာချစေပြီးနောက် ချက်ချင်းပင်ထွက်သွားခိုင်းလိုက်သည်။

လင်းရှောင်က အခန်းထဲမှ ပစ္စည်းများကိုကြည့်လိုက်ပြီး မျက်လုံးကတချက်လက်သွားသည်။

ထို့နောက်အထိန်းတော်ရှူသည် စားပွဲထံလျှောက်လာကာ

ငွေတုံးများနှင့် ပိုးထည်လိပ်များကို မည်သည့်စကားမျှမဆိုပဲ

ထိကြည့်နေသည်။

"မင်းကသာမာန်ကုန်းကုန်းလေးတော့ ဟုတ်ပုံမရဘူးပဲ၊

အရှင့်ဆီအခစားဝင်တဲ့ပထမဆုံးနေမှာတင် ဆုလာဒ်တွေချီးမြှင့်ခံရတယ်ဆိုတော့"

လင်းရှောင်က ခေါင်းကိုငုံ့ကာ အရိုအသေပေးလျက်ပင်

"ဒါကဘာမှမဟုတ်ပါဘူး။ ဒါတွေအကုန်လုံးက 

အထိန်းတော်ကြီးက ဒီငယ်သားကို ကောင်းကောင်းသင်ပြပေးလို့ပါ"

"ဟာ..ဟ" အထိန်းတော်ရှူကအေးစက်စွာရယ်လိုက်ကာ

"မင်းငါ့ကိုအဲလိုခေါ်နေသေးတယ်ပေါ့? မင်းဒီလိုတွေလုပ်နေတာ အရှင်မင်းကြီးဘေးမှာ ခစားခွင့်ရဖို့ပဲမဟုတ်ဘူးလား?"

ဒါကိုကြားတော့ လင်းရှောင်ခေါင်းငုံ့၍ ပြုံးလျက်သည်။

"အထိန်းတော်ကြီး ကြားလိုက်မှာပါ။

ဒီငယ်သား အရှင့်ဘေးမှာခစားခွင့်ရဖို့ တောင်းဆိုခဲ့တာက

ဒီငယ်သားလုံခြုံဖို့အတွက်ပါ"

အထိန်းတော်ရှူကသရော်ဟန်ပြုလိုက်သည်။

သေချာပေါက်ကိုမယုံကြည်ပေ။

လင်းရှောင်က မျက်လုံးကိုမှိတ်ကာ ဆုံးဖြတ်ချက်ချလိုက်ပြီး

စားပွဲအနီးသို့တိုးလာလိုက်သည်။

ထို့နောက် ပြုံးလျက်

"အထိန်းတော်ကြီး ဒီငယ်သား ဒီနေ့ဒီနေရာမှာ ရှိနေတာ အကုန်လုံး အထိန်းတော်ကြီးနဲ့ အရှင့်ရဲ့ကျေးဇူးတွေပါပဲ။

ဒီပစ္စည်းတွေကို အထိန်းတော်ကြီးသာ စိတ်မရှိရင် လက်ခံပေးပါ"

အထိန်းတော်ရှူအံ့အားသင့်လျက် လင်းရှောင်အား ကြည့်လာသည်။ သူ၏မျက်လုံးတွင်မူ ကျေနပ်မှုတို့က ဖုံးကွယ်၍ပင်မရနိုင်ပေ။

"ဒါတွေက အရှင်ကိုယ်တိုင် မင်းကို ချီးမြှင့်ထားတာ

ငါကဘယ်လိုယူလို့ဖြစ်မှာလဲ?"

လင်းရှောင်က သူ့မျက်လုံးလေးများ မှေးသွားသည်အထိပြုံးပြလိုက်ကာ

"ဒီငယ်သားပိုင်ဆိုင်တာတွေဟာ အထိန်းတော်ကြီးရဲ့ပိုင်ဆိုင်မှုပဲပေါ့ မဟုတ်ဘူးလား?

အချင်းချင်းသာ လျှို့ဝှတ်ထားရင် ဒါတွေက အရှင်မင်းကြီး ဒီငယ်သားကိုချီးမြှင့်လိုက်တာဟုတ်မဟုတ် ဘယ်သူသိနိုင်မှာလဲ?"

အထိန်းတော်ရှူ၏မျက်နှာမှာဝင်းပသွားပြီး 

နှုတ်ခမ်းမှာလည်း မချုပ်တည်းနိုင်အောင် ပြုံးဖြီးလာသည်။

လင်းရှောင်က ဒါကိုမြင်တော့ အခွင့်အရေးကိုအမိအရယူလျက်ပင်

"ဒီငယ်သားက အရှင့်အပါးမှာ တိတ်တိတ်ဆိတ်ဆိတ် ခစားနေချင်ရုံပါပဲ။ ဒီအတွက်လဲ အရှင်နဲ့ အထိန်းတော်ကြီးပေါ်မှာ ဒီငယ်သားအမြဲအကြွေးတင်နေတော့မှာပါ"

ဒါကိုကြားတော့ အထိန်းတော်ရှူကြီးမှာ မူရင်းရည်ရွယ်ချက်ကို သတိရသွားပြီး မျက်နှာကြီးက တဖန်ပြန်လည်မဲမှောင်သွားကာ

"ဒီပစ္စည်းလေးတွေနဲ့ပဲ မင်းငါ့ကိုသိမ်းသွင်းလို့ရမယ်ထင်နေလား?"

လင်းရှောင်မှာ လောဘကြီးသောမြေခွေးအိုကြီးကို စိတ်ထဲမှာ အကြိမ်ကြိမ်ဆဲရေးလိုက်မိသည်။ သို့သော်အပြင်ဘက်တွင်မူ အလွန်ရိုကျိုးစွာပင်" ဒီငယ်သားမလုပ်ရဲပါဘူး"

"ဒါပေမယ့်လည်း ဒီငယ်သားက အထိန်းတော်ကြီးအပေါ်အကြွေးတင်နေတဲ့အတွက်၊

နောင်များမှာ အရှင်က ဒီငယ်သားကို ချီးမြှင့်တာမှန်သမျှနဲ့ အထိန်းတော်ကြီးကိုပြန်ဆပ်ခွင့်ပြုပါ"

အထိန်းတော်ရှူမျက်ခုံးများကိုပင့်လျက် ဒီကိစ္စကသိပ်တော့မရိုးရှင်းဘူးဟုတွေးတောလိုက်သည်။

သို့သော်လည်း ယခုလောလောဆည်တွင် လင်းရှောင်၏ ဆုလာဒ်များကိုအလွန်လောဘတက်နေသည်မို့ ထိုခံစားချက်ကိုဘေးဖယ်ကာ အလွန်ကျေနပ်နေတော့သည်။

သူကငွေတုံးများထည့်ထားသည့်အိတ်ကို မယူကာ

"မင်းကိုကြည့်စမ်း၊ မင်းကအတော်လည်တဲ့လူငယ်လေးပဲ ဟမ်? ကောင်းပြီလေ၊ အခုကစပြီးငါ၊တွေကိုဂရုစိုက်လိုက်မယ်။ ကျန်တာတွေကို ညနေတစ်ခေါက် လာသယ်ခိုင်းလိုက်မယ်"

လင်းရှောင်က အရိုအသေပေးကာ အထိန်းတော်ရှူအား တံခါးဝသို့လိုက်ပို့လိုက်သည်။

သူကအထိန်းတော်ရှူ၏နောက်ကျောအား ကြည့်ကာ သရော်လိုက်သည်။

ဒီဘဝင်မြင့်နေတဲ့အထိန်းတော်အိုကြီးကို ရက်နည်းနည်းလောက် ပျော်ခွင့်ပြုထားလိုက်ဦးမယ်။

ပြီးရင်တော့ သူဘယ်လိုသင်ခန်းစားပြန်ပေးမလဲ စောင့်နေလိုက်ပေါ့။

ထို့နောက် ကျန်သည့်နေများတွင် လင်းရှောင်မှာ မင်းကြီးအားကျေနပ်အောင် ခစားနိုင်ရန် အစွမ်းကုန်ကြိုးစားတော့သည်။ ညဘက်ဆိုလျှင်လည်း

အရှင်မင်းကြီးအိပ်ပျော်အောင်အထိ စောင့်ပြီးမှ သူ့နေရာသို့ပြန်လေသည်။

တစ်နေ့တွင် သုံးနပ်ကိုမပြတ်စားဝင်စေရန်၊ လင်းရှောင်က 

မင်းကြီးနှစ်သက်သောဟင်းလျာများကိုသာတည်ခင်းပေးသည်။

ဧကရာဇ်ကိုယ်တိုင်ပင် လင်းရှောင်၏လုပ်ရည်ကိုင်ရည်ကို တိတ်တိတ်လေးချီးကျူးမိသည်အထိပင်။

အထိန်းတော်ရှူမှာ လင်းရှောင်အား သိပ်မကျေနပ်လှသော်လည်း ဆုလာဒ်များအကြောင်းကို တွေးမိလျှင် အံကြိတ်၍သာလွှတ်ထားပေးလိုက်တော့သည်။

ထို့နေ့များတွင် လင်းရှောင်၏ လုပ်ရည်ကိုင်ရည်ကြောင့် မင်းကြီးမှာ သူ့အား ဆုလာဒ်များထပ်၍ ချီးမြှင့်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ ငွေတုံး ၂၀၀တောင်ဖြစ်သည်။

သို့သော်လည်း ဒါတွေအကုန် အထိန်းတော်ရှူ၏ အိတ်ကပ်ထဲသို့သာ စီးဆင်းသွားခဲ့သည်။

လင်းရှောင်မှာ အထိန်းတော်ရှူအား စိတ်ထဲမှသာ လက်ခလယ်ထောင်ပြကာ မင်းကြီးအား ပို၍ကြိုးစားကာ အလုပ်အကျွေးပြုနေခဲ့ရှာသည်။

မင်းကြီးက ကိုယ်လုပ်တော်တစ်ပါးဖြင့် လကိုရှုစားရန်သွားလျှင်တောင် သူနောက်ကလိုက်ဆဲ။

သူက မင်းကြီးနှင့်သူ၏ကိုယ်လုပ်တော်တို့အတွက် 

ရိုမက်တစ် ဆန်ဆန်အခိုက်အတန့်လေးများကိုပင် ဖန်တီးပေးတတ်ပြီး မင်းကြီးမှာ သူ့ကြောင့် အံ့ဩပြီးရင်းအံ့ဩနေရတော့သည်။

မင်းကြီးက ပထမအကြိမ် သူဖန်တီးပေးသောထိုရိုမက်တစ်အခိုက်အတန့်ကို ကြုံရချိန်က ဘာမှမပြောခဲ့ပေ။

ဒါကိုလင်းရှောင် မင်းကြီးကမငြင်းပယ်ဘူးပဲဟု တွေးကာ

မင်းကြီးနှင့်ကိုယ်လုပ်တော်တို့အား ကောင်းမွန်သော အခိုက်အတန့်များရှိစေရန် အစွမ်းကုန်ဖန်တီးပေးနေတော့သည်။

ဤရက်ပိုင်းတွင်လင်းရှောင်တွေ့ရှိလာရသော

ထူးဆန်းသည့်အချက်မှာ

မင်းကြီးက ဘယ်ကိုယ်လုပ်တော်၏ အဆောင်ကိုမှ ညကိုကုန်ဆုံးရန်မသွား​တော့ခြင်းပင်။

ကိုယ်လုပ်တော်ဆောင်ကိုမသွားရုံသာမက

ဘယ်ကိုယ်လုပ်တော်ကိုမှခေါ်ကိုမတွေ့တော့တာဖြစ်သည်