အပိုင်း ၁၂
Viewers 12k

သကြားလိုချိုမြမြပျားရည်
သည်ညမှာတော့၊ မင်းကြီးကအလွန်တရာမှပျင်းလာတာကြောင့်
ကိုယ်လုပ်တော်တစ်ယောက်နဲ့အတူ တော်၀င်ဥယျာဉ်ထဲ လမ်းလျှောက်တော်မူလေသည်။
သည်တစ်ကြိမ်တွင်တော့ ကိုယ်လုပ်တော် ရှန်းနဲ့။
ကိုယ်လုပ်တော် ရှန်းက မောင်းမဆောင်ရဲ့ခေါင်းဆောင်ဖြစ်ပြီး
နှစ်သက်ခံရဆုံးတစ်ယောက်ဖြစ်သည်။ သူမတွင်ထွေထွေထူးထူး မိသားစုနောက်ခံကြီးကြီးမားမားမရှိပေမယ့် အရမ်းကိုလှပသည်။
ပန်းလေးလိုနူးညံ့သည်ဟုဆိုလျှင်အပိုမဟုတ်ချေ။
သူမကနန်းတွင်းထဲ၀င်၀င်လာခြင်းမှာပင် ဧကရာဇ်ဆီကတော်ကောက်ခံလိုက်ရခြင်းဖြစ်သည်။
ထို့နောက် တစ်နှစ်တောင်မပြည့်ခင်မှာပဲ မောင်းမဆောင်ရဲ့ ဦးစီးသူဖြစ်လာသည်။
အခုတောင်, သူမကဧကရာဇ်ရဲ့ နှလုံးသားမှာနေရာလေးတစ်ခုကို ပိုင်ဆိုင်ထားမှန်း အလွန်သိသာလှသည်၊
ဒီညမှာတော့ ဧကရာဇ်ဟာ ဥပုဒ်မစောင့်လောက်တော့ဘူးလို့ လင်းရှောင်သိပ်ကိုသေချာနေခဲ့သည်။
ဘာလို့ဆို မင်းကြီးက မိန်းမတစ်ယောက်ကိုမှ မထိတွေ့တာကြာလှပြီရယ်။ ဒါကြီးမထူးဆန်းဘူးဆိုလျှင်လိမ်ရာကျလိမ့်မည်။
လင်းရှောင်ရဲ့အတွေးက ဧကရာဇ်သည်သာ အခြားကိုယ်လုပ်တော်ထဲကတစ်ယောက်ယောက်ကို အမှန်တကယ်ချစ်မိသွားခဲ့ရင် ကံသီပေလို့ ကပ်သီးလေး ကိုယ်လုပ်တော်အဖြစ်အရွေးခံလိုက်ရတဲ့ မိုရွီကို ဂရုမစိုက်လောက်တော့ဘူးလို့။
မိုရွီသာမင်းကြီးဆီက အနှစ်သက်မခံရရင်,
အမြင့်ကိုတက်နိုင်မယ့်အခွင့်အလမ်းလည်း နည်းသွားမည်။
ဒါကြောင့်လည်း လင်းရှောင်က မင်းကြီးနဲ့သူ့ကိုယ်လုပ်တော်တွေကို
ရိုမက်တစ်တွေဖြစ်အောင်ဖန်တီးပေးဖို့ အလွန်တက်ကြွနေခြင်းဖြစ်သည်။
ကိုယ်လုပ်တော်ရှန်းက ဒီညမှာ ခရမ်းနုရောင် ပိုးထည်လေးကို၀တ်ဆင်ထားသည်။ သူမကမျက်နှာချေပါးပါးလေးသာပုတ်ထားရက်နဲ့တောင်
ကျက်သရေရှိပြီး အင်မတန်လှနေတုန်းပဲ။
လရောင်ကဖြာကျနေပြီ ပါတ်၀န်းကျင်မှလည်းအလွန်လှပနေသည်။
မင်းကြီးနဲ့ ကိုယ်လုပ်တော်ရှန်းက ရေကန်၏အစွန်းတွင်ရပ်လိုက်ကြသည်။
ဒီမြင်ကွင်းကိုကြည့်ပြီးတော့ လင်းရှောင်က
ခြုံနွယ်တွေနောက်အသာလေး၀င်ပုန်းလိုက်သည်။
ထို့နောက်တွင် သူ၏၀တ်ရုံလက်ထဲမှ ဝါးတောက်ရှည်ပုံသဏ္ဍာန်တစ်ခုကိုထုတ်ယူလိုက်သည်။
လင်းရှောင် ရေကန်၏အစွန်း၌ရပ်နေသော လူနှစ်ဦးကိုချိန်လျက် ပြုံးလိုက်သည်။
ထို့နောက်တွင်အမှောင်ထဲ၌ လင်းရှောင်က ပြင်ဆင်ရင်း တကုန်းကုန်းနှင့်အလုပ်ရှုပ်နေခဲ့သည်မို့ ဧကရာဇ်မှာသူရှိရာဘက်သို့ ကြည့်လာသည်ကို မသိလိုက်ချေ။ ဧကရာဇ်၏မျက်၀န်းများက တစ်နေရာကိုကြည့်လျက် လရောင်အောက်တွင် အပြုံးမှာလည်းလွန်စွာနူးညံ့နေလေသည်။
"အရှင်.. အရှင်?"
ကိုယ်လုပ်တော်ရှန်းက မင်းကြီးအား နားမလည်သလိုကြည့်ကာခေါ်လိုက်သည်။
ဧကရာဇ်လှည့်ကြည့်လာသည်တွင် အခုနားလေးတင် နှုတ်ခမ်းတွင်တွဲခိုနေသောနူးညံ့သည့်အပြုံးမှ မရှိတော့။
သူကအမူအယာမဲ့လျက် တည်ကြည်နေပြန်သည်။
"ဘာများလဲ "
မင်းကြီးရဲ့တုန့်ပြန်မှုကြောင့် ကိုယ်လုပ်တော်ရှန်းမှာ အနည်းငယ်တုန့်ဆိုင်းသွားခဲ့သည်။
သို့သော်လည်း သူမ၏လှပသောမျက်နှာမှာ ကျက်သရေရှိစွာပြုံးနေဆဲ
"အရှင်, အရှင့်ရဲ့မိန်းကလေးတွေးမိတာက
ကြာကန်ကအင်မတန်လှနေသလားလို့ပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကြာကန်လေးမှာ လကိုထိုင်ပြီး
အေးအေးဆေးဆေးရှုစားရအောင် ခုံလေးတွေပြင်ပေးထားတာတွေ့မိလို့၊
အရှင်သွားကြည့်ချင်မလားလို့"
ဧကရာဇ်ကမူ အမှောင်ထဲမှခြုံပုတ်တစ်နေရာကို လှမ်းကြည့်လိုက်ကာ
"ကိုယ်တော်ကတော့ ဒီနေရာအဆင်ပြေသလိုပဲ"
ကိုယ်လုပ်တော်ရှန်းကအနည်းငယ်အံ့ဩသွားသော်ငြား
သူမကပြုံးမြဲတမ်းပြုံးလိုက်ကာ ဘာမှထပ်မဆိုတော့။
ရုတ်တရက်ဆိုသလို အမှောင်ထဲမှ အစိမ်းရောင်ရှိသော
အလင်းစက်လေးများက လရောင်အောက်တွင် ဝဲပျံလျက် ထွက်လာကြသည်။ ကိုယ်လုပ်တော်ရှန်းမှာ လက်ဖဝါးတို့ဖြင့်
မိမိ၏နှုတ်ခမ်းလေးကိုအုပ်ကာ အံ့အားသင့်သွားလေသည်။
ဧကရာဇ်လည်း လှမ်းကြည့်လိုက်ကာ သူ၏အကြည့်တို့က လွန်စွာသိမ်မွေ့နေလေသည်။
"ပိုးစုန်းကြူးလေးတွေပဲ" ကိုယ်လုပ်တော်ရှန်းက လက်ကိုအသာဆန့်ကာ မီးရောင်လေးအား ထိတွေ့လိုက်သည်။ သူမအကြည့်မှာနူးညံ့နေဆဲဆိုသော်လည်း
အံ့ဩနေသောအရိပ်အယောင်လေး အနည်းငယ်စွက်လျက်။
သူမကားလှည့်ကာ ဧကရာဇ်အားကြည့်လိုက်မိတော့သည်။
သူမ၏အကြည့်မှာလွန်စွာနူးညံ့နေပြီး လွမ်းဆွတ်တမ်းတနေဟန်ဖြင့်ပင်
"ဒီမိန်းကလေးက အရှင့်ရဲ့ချစ်မြတ်နိုးမှုကြောင့် အလွန်ပျော်ရွှင်မိပါတယ်"
ဧကရာဇ်ကလှည့်ကာ ကိုယ်လုပ်တော်ရှန်းအား ကြည့်လိုက်သည်။ သို့သော် သူ၏အကြည့်မှာ ကိုယ်လုပ်တော်ရှန်းအားကျော်ဖြတ်လျက်
၄င်းနောက်ရှိခြုံပုတ်ငယ်ထံတွင် မြဲမြံလျက်ပင်။
ကိုယ်လုပ်တော်ရှန်းက ကြောင်တောင်ဖြင့် မင်းကြီးအကြည့်ကိုလိုက်၍ နောက်ကိုလှည့်ကြည့်ရန်ပြင်လိုက်သည်။ ထိုစဉ်တွင် မင်းကြီးကသူမ၏လက်အား အားပါပါဖမ်းဆွဲလိုက်သည်။
ကိုယ်လုပ်တော်ရှန်းလည်းရုတ်တရက်မို့ လန့်သွားကာ
မင်းကြီးဘာကိုကြည့်နေသလဲဆိုတာကို မမြင်လိုက်ရပေ။
ဧကရာဇ်လည်း ထိတ်လန့်ကာ အနည်းငယ်နာကျင်သွားပုံပေါ်သော ကိုယ်လုပ်တော်ရှန်းအား ကြည့်ကာ အနည်းငယ်မကျေမနပ်ဖြစ်နေပုံဖြင့် လွှတ်ပေးလိုက်သည်။
သူကအသံကိုနှိမ့်လျက်" ညလည်းနက်ပြီ။ ကိုယ်လုပ်တော်ရှန်းလည်းအဆောင်ကိုပြန်ပြီးနားချေတော့"
ကိုယ်လုပ်တော်ရှန်းမှာ မင်းကြီးအား နားမလည်ဟန်ဖြင့်လှည့်ကြည့်လိုက်သည်။
သူမက တစ်ခုခုမှားနေသည်ကိုသတိပြုမိသော်လည်း
တည်ငြိမ်စွာဖြင့်ပင် သူမ၏အစေခံမိန်းကလေးနှင့်အတူ ပြန်သွားရတော့သည်။
လင်းရှောင်က ထွက်ခွာသွားသော ကိုယ်လုပ်တော်ရှန်း၏ နောက်ကျောကိုကြည့်ကာ ကြောင်သွားမိပြီး
သံသယ၀င်မိသွားသည်။
အခြေအနေကဒီလောက်တောင်ကောင်းနေတာကို။
လရောင်ကလည်းဒီလောက်သာနေတာကို။
ကိုယ်လုပ်တော်ရှန်းက ဒီတိုင်းပြန်သွားတယ်လား?
ဒါကြီးကမဖြစ်နိုင်လိုက်တာ!
"လင်းရှောင်"
လင်းရှောင်က ကိုယ်လုပ်တော်ရှန်း၏နောက်ကျောအား အတွေးများဖြင့်ငေးကြည့်နေမိစဉ် ဧကရာဇ်၏ခေါ်သံကိုကြားလိုက်ရသည်။
သူလည်းအရိုအသေပေးလျက် အလျင်အမြန်ထွက်လာရတော့သည်။
"အရှင်.."
ဧကရာဇ်၏ နက်နဲ့သိမ်မွေ့သော မျက်၀န်းတစ်စုံက လင်းရှောင်အား စိုက်ကြည့်နေသည်မှာ သူ့အား အပြည့်အ၀နားလည်ရန်ကြိုးစားနေသည်ကဲ့သို့။
လင်းရှောင်၏နှလုံးသားလေးမှာလည်း အနည်းငယ်တုန်လှုပ်မိသွားသည်။ အဆုံးမှာတော့ ဒီရိုမက်တစ်ဆန်တာတွေ လုပ်ဖို့ မင်းကြီးက တရား၀င်ခွင့်ပြုထားတာမဟုတ်ဘူးလေ၊
သူလုပ်နေတာတွေကို မင်းကြီးကဘာမှ၀င်မပြောတာပဲရှိတာ။
အခုတော့ ဧကရာဇ်ကသူ့ကိုဆင့်ခေါ်လိုက်ချေပြီ။
လင်းရှောင်က မလွယ်တော့သလိုခံစားမှုမျိုးနှင့် အနည်းငယ်တုန်လှုပ်နေမိသည်မှာ မဆန်း။
သို့သော် ဧကရာဇ်မှာ ရပ်မြဲရပ်နေကာ မည်သည်ကိုမှဆိုမလာပြန်ချေ။
လင်းရှောင်၏ နှလုံးသားက ပို၍ရှုပ်ထွေးလာခဲ့သည်။
နောက်ဆုံးတွင်တော့ သူကမနေဝံ့တော့ပဲ
"အရှင်, ဒီငယ်သား လုပ်ပေးတာတွေကို သဘောကျပါရဲ့လား?"
ဧကရာဇ်ကမျက်ခုံးကိုပင့်လျက်
လရောင်ထင်နေသောရေကန်ပေါ်တွင်ပျံနေသော ပိုးစုန်းကျူးတို့ကို မော့ကြည့်လိုက်သည်။ ဧကရာဇ်သည်လက်ကိုနောက်ပစ်လျက်ပင်
"မင်းနောက်တစ်ခါဒါမျိုးလုပ်ချင်ရင်
ကိုယ်တော်တစ်ယောက်တည်းရှိတုန်းလုပ်တာ
ပိုကောင်းမယ်"
လင်းရှောင်ကမျက်လုံးပြူးကာ
'အရှင်ဘာကိုဆိုလိုတာပါလိမ့်'
ကိုယ်တော်တစ်ယောက်တည်းရှိနေတုန်း လုပ်တာပိုကောင်းမယ်ဆိုတာဘာကိုပြောချင်တာလဲ?
ဧကရာဇ်ကတစ်ယောက်တည်းကိုပိုကြိုက်တာလား?
အဲလိုဆိုမှတော့ သူလုပ်နေတာတွေကဘယ်အဓိပ္ပာယ်ရှိတော့မလဲ
သူဒါတွေကို မင်းကြီးရဲ့နွေဦးညလေးအဆင်ပြေချောမွေ့စေဖို့ ပြင်ဆင်ပေးခဲ့တာမဟုတ်ဘူးလား?
မင်းကြီးက ရယ်ပြီး နောက်ဆက်တွဲပြောလိုက်သည့်စကားကြောင့်
လင်းရှောင်က ပို၍ပင်ဉာဏ်မမှီတော့ပေ။
"ဒါပေါ့မင်းကနေခဲ့ပြီး ကိုယ်တော့်ကိုအဖော်ပြုပေးလို့ရပါတယ်"
ဟမ်?
ဒါဆို ယောက်ျားနှစ်ယောက်ကြားက ရိုမက်တစ်အခိုက်အတန့်ကြီးဖြစ်မသွားပေဘူးလား?
သူကအခုကုန်းကုန်းတစ်ယောက်လေ။ ဒီတော့ကုန်းကုန်းနဲ့ ယောက်ျားတစ်ယောက်ကြားက ရိုမက်တစ်အခိုက်အတန့်ကြီးလို့ပြောတာပိုမှန်မယ်။
ဟာ.. သူဒါမျိုးတွေးကိုမတွေးသင့်တာ။
လင်းရှောင်က ဧကရာဇ်ရှေ့တွင်ခေါင်းသာငုံ့ထားကာ သူ့အတွေးများအားထုတ်မပြောရဲချေ။
" အရှင်က ဒီငယ်သားကိုနှစ်သက်တော်မူလို့ အလွန်၀မ်းမြောက်မိပါတယ်"
ဧကရာဇ်မှသူ့အား နူးညံ့သောအကြည့်တစ်ချက်ပေးလာသည်။
ထိုအကြည့်မှာ လင်းရှောင်အား ဖောက်ထွင်းကြည့်နေသလိုခံစားရကာ လင်းရှောင်မှာအေးခဲနေမိပြီး နှလုံးမှာလည်း အလွန်မြန်မြန်ခုန်လာခဲ့သည်။
သို့သော်လည်း ဧကရာဇ်မှ သူ့အား သုံးစက္ကန့်ခန့်သာကြည့်ကာ မျက်နှာလွှဲသွားခဲ့သည်။
ထိုတော့မှလင်းရှောင်လည်း အသက်ရှူချောင်သွားတော့သည်။
သူ၏ရင်ဘတ်မှ နှလုံးခုန်သံ တဒုန်းဒုန်းကိုပင် ကိုယ့်နားထဲကိုယ်ပြန်ကြားနေမိသည်အထိ။
ဧကရာဇ်ကသူ့ကိုထွက်သွားရန်မပြောလေတော့
လင်းရှောင်လည်း ဘာမှအထွဋ်မတက်ရဲ။
ထို့နောက်ကုန်းကုန်းငယ်လေးမှာ ဧကရာဇ်၏ဘေးမှနေ၍ သူကိုယ်တိုင်ဖန်တီးထားသော ပိုးစုန်းကျူး ရိုမက်တစ်အခိုက်အတန့်ကြီးတွင်
ကြောင်တောင်တောင်နှင့် ညလယ်အထိ တောင့်တောင့်ကြီးရပ်နေခဲ့ရသည်။
သူ၏လည်ချောင်းမှာခြောက်သွေ့နေပြီး အလွန်နာကျင်နေချေပြီ။ သူကချောင်းဆိုးတာမရပ်သည့်အပြင်
ခေါင်းကိုက်ဝေဒနာကပါထပ်တိုးလာခဲ့သည်။
သူ့မှာခေါင်းလေးထောင်ဖို့ပင် အားမရှိပေ။
အရှင်မင်းကြီးအားခစားရန်လည်းမသွားနိုင်သဖြင့်
အထိန်းတော်ရှူက သူ့အကြောင်း ဘယ်လိုမဟုတ်မမှန်တာတွေ လီဆယ်ပြီးလျှောက်တင်နေမယ်ဆိုတာလည်း မသိနိုင်တော့။
ဒီမြေခွေးအိုကြီးက အကြင်နာတရားမဲ့လွန်းလှသည်။
အရှင်မင်းကြီးမှ လင်းရှောင်ကို ဆုလာဒ်များချီးမြှင့်လာသောအခါ သူတစ်ခုမကျန်သိမ်းယူပြီး
လင်းရှောင်ကိုခွာထုတ်နိုင်မည့်အခွင့်ရလာတော့လည်း
နည်းနည်းမှနောက်မတွန့်ပေ။
လင်းရှောင်ကမူ ဤအထိန်းတော်အိုကြီးအား စိတ်ကုန်လှပြီဖြစ်သည်။ ၄င်းကသူ့နေရာကို တခြားသူလုယူခံရမှာလည်းစိုးသလို လင်းရှောင်ဆီက ဆုလာဒ်တွေယူမရတော့မှလည်းစိုးနေသည်။
သို့သော် ရာထူးအခွင့်အရေးနှင့် ဆုလာဒ်နှင့်ယှဉ်လာလျှင်
ရာထူးကိုပိုဦးစားပေးမည်မှာ သိသာပြီးသားမဟုတ်ပါလား။
ရလဒ်အားဖြင့်, သူကအအေးမိကာ သေမတက်ဖျားနာနေသော်လည်း အထိန်းတော်ရှူမှာ သူ့အားသေပါစေဟုပစ်၍သာထားသည်။
ဤနန်းတွင်းထဲတွင် သူကအရှင်မင်းကြီးအား ကောင်းစွာခစားနိုင်ရေးသာ အာရုံစိုက်ထားခဲ့သောကြောင့်
အသိကုန်းကုန်းလေးများသော်လည်းကောင်း ငွေလေးတစ်တုံးနှစ်တုံး သော်မျှပင်မရှိပေ။
ထို့ကြောင့် သူ့အားပြုစုကူညီပေးမယ့်သူ ဆေးဝါးယူလာပေးမယ့်သူက မရှိအောင်ကိုရှားလှသည်။
လင်းရှောင်က မျက်မှောင်လေးကျုံ့ကာ သက်ပြင်းအသာချမိသည်။ နံရံတွက်အသာမှီရင်း အားယူကာ စားပွဲပေါ်မှ ရေလေးတစ်ခွက်လောက် သောက်ရဖို့ အားထုတ်လိုက်သည်။ သို့သော်လည်း ရေကရားထဲတွင်ရေလည်းတစ်စက်မျှပင်မရှိတော့ပြီ။
လင်းရှောင် စိတ်တိုတိုနှင့် ကရားကိုပြန်ချလိုက်ကာ
အားနည်းသောအခါဖြင့် အော်ခေါ်ရန် နှစ်ကြိမ်ခန့်ကြိုးစားလိုက်ရသည်။
သို့သော် တစ်ဦးမှပြန်ဖြေမလာခဲ့ချေ။
ထို့နောက်လင်းရှောင်လည်း အားပြတ်မှုကြောင့်
အိပ်ယာပေါသို့ပြန်လဲကျသွားကာ မူးဝြေပီး ပြန်လည်အိပ်ပျော်သွားရတော့သည်။
"အထိန်းတော်ကြီး, အဲဒီလင်းဇီလေးက ဖျားနေပုံရတယ်"
ကုန်းကုန်းငယ်လေးတစ်ယောက်မှ အထိန်းတော်ရှူအားပြောလိုက်သည်။
အထိန်းတော်ရှူက အံ့အားသင့်သွားပြီး
မျက်ခုံးပင့်လျက် "ဖျားနေတယ်ဟုတ်လား?"
"ဟုတ်ပါတယ်၊ ဒီငယ်သားသွားကြည့်တာတော့
အိပ်ယာပေါ်လူသေလိုလဲနေတာကိုတွေ့တာပဲ"
"သေချာလား?"အထိန်းတော်ရှူကမျက်ခုံးပင့်လျက်မေးလိုက်သည်တွင်
ကုန်းကုန်းငယ်လေးကဖြေလာသည်။
"ဒီငယ်သား သေချာပါတယ်"
"အထိန်းတော်ကြီးက အခြေအနေကိုသွားကြည့်ဖို့ပြောလို့
ဒီငယ်သားသွားကြည့်ခဲ့ပါတယ်။ ဒီငယ်သားက သူ့ကိုခေါ်ကြည့်ခဲ့ပေမယ့် သူကပြန်မဖြေဘူး။
ဒါကြောင့် ဒီငယ်သား၀င်သွားကြည့်တော့ သူအိပ်ယာပေါ်မှာ လူသေလိုလဲလျောင်းနေတာကိုတွေ့ရတာပဲ"
"အထိန်းတော်ကြီး, သူ့အတွက်ဆေးနဲ့စားစရာလေး သွားယူပေးသင့်လား?" ကုန်းကုန်းလေးကမေးလိုက်သည်။
"မလိုဘူး" အထိန်းတော်ရှူက တားလိုက်ပြီး အလွန်ကျေနပ်စွာတခစ်ခစ်ရယ်လျက်
"ကြည့်စမ်း မိုးနတ်မင်းကငါ့ကိုကူညီပေးနေတာပဲဖြစ်မယ်"
သူကကျယ်လောင်စွာရယ်လိုက်ပြီး ထပ်၍ဖြည့်လိုက်သည်။
"ငါ့အမိန့်မပါပဲ လင်းရှောင်ကို ဘယ်သူမှဆေးသွားမပေးစေနဲ့"
ကုန်းကုန်းငယ်လေးက တုန်လှုပ်သွားသော်လည်း
ခေါင်းကိုငုံ့လျက် နားလည်ဟန်ပြုလိုက်သည်၊
အထိန်းတော်ရှူကမျက်လုံးကိုမှေးလျက်
"မင်းသွားနိုင်ပြီ"
"ဟုတ်ကဲ့"
ထွက်ခွာသွားသောကုန်းကုန်းငယ်၏ ကျောပြင်ကိုကြည့်ကာ အထိန်းတော်ရှူမှာကြည်နူးမဆုံးနိုင်တော့။
ဒီအတောအတွင်း ဧကရာဇ်က သူကြည့်မရတဲ့ လင်းရှောင်ကို အလွန်ပစားပေးလွန်းနေခဲ့သည်။ သူမကျေနပ်သော်လည်း
လင်းရှောင်အားအပြစ်ရှာစရာလည်းဘာမှမတွေ့ခဲ့။
ထို့အပြင် အလွန်သတိကြီးသောအရှင်မင်းကြီးကိုလည်း သူမလှည့်စားရဲချေ။
ဒါပေမယ့် အခုတော့ လင်းရှောင်က ဖျားနာနေချေပြီ။
ဖျားနာပြီးသေသွားတဲ့သူတစ်ယောက်အတွက်နဲ့ ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူးလေ။
အထိန်းတော်ရှူက နတ်ဆိုးလို ကျယ်ကျယ်လောင်လောင်ရယ်လိုက်တော့သည်။
ဧကရာဇ်မှာ ဤနှစ်ရက်အတွင်း တစ်ခုခုထူးဆန်းနေသလိုခံစားမိသည်။
သူ၏၀တ်ရုံများမှာ ၀တ်ရတာတင်းတင်းကျပ်ကျပ်မရှိ၊
သူ၏မနက်စာမှာလည်း အရသာမရှိ၊
ဓားရေးလေ့ကျင့်ရတာလည်း အနှစ်သာရမရှိ၊
သူကမျက်မှောင်ကျုံ့လျက် ပတ်၀န်းကျင်ကိုစစ်ဆေးကြည့်လိုက်ရာ
ဤအတောအတွင်း သူအားအလိုက်တသိ ပြုစုလုပ်ကိုင်ပေးနေသော ကုန်းကုန်းငယ်လေးမှာ ပျောက်ဆုံးနေသည်ကိုတွေ့လိုက်ရသည်။
သူကမျက်မှောင်ကျုံ့လျက် အထိန်းတော်ရှူအားမေးလိုက်သည်။
"လင်းရှောင် ဘယ်မှာလဲ?"
အထိန်းတော်ရှူကအနည်းငယ် လန့်သွားသော်လည်း
သူ့နှလုံးသားထဲတွင်ပြင်ဆင်ထားသော အဖြေရှိပြီးသားဖြစ်သည်။
"အရှင်, လင်းဇီလေးက အအေးမိဖျားနာဖြစ်နေတာ နှစ်ရက်ရှိပါပြီ၊ ဒီငယ်သားက အရှင့်ကိုကူးစက်စေမှာ စိုးရွံ့လို့ သူ့ကိုအဆောင်မှာပဲနားနေစေခဲ့ပါတယ်"
ဧကရာဇ်ကမျက်ခုံးကိုပင့်လိုက်လျှင် အထိန်းတော်ရှူက အလျှင်အမြန်ထပ်ဖြည့်ကာပြောလိုက်သည်။
"ဒီငယ်သားက သူ့အတွက်ဆေးဝါးပြင်ဆင်ပေးပြီးပါပြီ၊
သူကအရှင့်ကိုတစ်ရက်နှစ်ရက်လောက်ပဲ မခစားနိုင်တာပါ"
"အဖျားပြင်းသလား?" ဧကရာဇ်ကနှုတ်ခမ်းကိုတင်းတင်းစေ့လျက်မေးလိုက်သည်။
"မပြင်းပါဘူးအရှင်, သူအနားယူဖို့အချိန်အနည်းငယ် လိုနေရုံပါ"
ဧကရာဇ်သည်သက်ပြင်းအသာချကာ
"ဒါဖြင့်ရင် နှစ်တစ်ရာဂျင်ဆင်းကိုယူသွား၊ တော်၀င်သမားတော်ကို သွားကြည့်ခိုင်းလိုက်"
အထိန်းတော်ရှူက အနည်းငယ်အေးခဲသွားခဲ့သည်။
သူကအရှင်မင်းကြီးမှာ ထိုကုန်းကုန်းလေးကို ဤမျှဂရုစိုက်နေမည်လို့မထင်ထားပေ။ သူ့နှလုံးသားက မကျေမနပ်မှုမှာလည်းပိုတိုးလာခဲ့သည်။
သို့သော်သူကအမူအယာမပျက်ပင်
"မှန်ပါ့အရှင်"