မမျှော်လင့်ထားသောတန်ပြန်တိုက်ခိုက်မှု
အထိန်းတော်ရှူ၏မူမမှန်သောအပြုအမူသေးသေးလေးကို
ဧကရာဇ်သတိထားမိသွားခဲ့ပြီး သူ့အားစေ့စပ်စွာစိုက်ကြည့်လာခဲ့သည်။
ထိုအကြည့်ကြောင့် အထိန်းတော်ရှူမှာ ပို၍ပင်တောင့်တောင့်ကြီးဖြစ်သွားမိသည်။
ဧကရာဇ်ကတစ်စုံတစ်ခုမှာ မမူမမွန်ဘူးဟုခံစားရကာ
"ကိုယ်တော် မင်းနဲ့အတူလိုက်ကြည့်မယ်"
"မသင့်တော်ပါဘူး အရှင်!"
ဧကရာဇ်ကစိုက်ကြည့်လာလျှင် အထိန်းတော်ရှူမှာ ခေါင်းကိုအလျှင်အမြန်ငုံ့လျက်
"ဒီငယ်သားဆိုလိုတာက အရှင်မင်းကြီးကမြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပါ။ နိမ့်ကျတဲ့နေရာကိုသွားကြည့်လို့ မသင့်လျော်ပါဘူးအရှင်။ ပြီးတော့ လင်းဇီလေးကဖျားနေတာပါ။ သူ့ဆီကအဖျား အရှင့်ကိုကူးစက်စေလို့မဖြစ်ပါဘူး အရှင်"
ဧကရာဇ်ကဘာမှပြန်မပြောသဖြင့် အထိန်းတော်ရှူမှာ
အလျင်အမြန်ဒူးထောက်လိုက်ကာ
"အရှင့်ရဲ့ နဂါးလိုမြင့်မြတ်တဲ့ကိုယ်ကို ဂရုစိုက်သောအားဖြင့် ပြန်လည်စဉ်းစားပေးတော်မူပါအရှင်!"
"ထစေတာ့" ဧကရာဇ်သည် အထိန်းတော်ရှူအား နေ့တ၀က်ခန့်နီးပါးစိုက်ကြည့်နေပြီးမှ
အမိန့်ပေးလာသည်။
အထိန်းတော်ရှူလည်း အတုန်တုန်အယင်ယင်ဖြင့်ထရပ်လာခဲ့သည်။
"ဒါဖြင့်ရင် ဒီငယ်သား လင်းဇီလေးကိုကြည့်ဖို့
တော်၀င်သမားတော်ကို သွားပင့်ပါရစေ"
"အင်း " ဧကရာဇ်ကပြန်ဖြေသည်တွင်
အထိန်းတော်ရှူလည်း ခေါင်းကိုငုံ့လျက် ထွက်ခွာသွားတော့သည်။
လူအိုကြီး၏နောက်ကျောကိုကြည့်ပြီး ဧကရာဇ်၏အမူအယာကအေးစက်သွားသည်။
သူ့ကိုငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်လာခဲ့တဲ့သူကတောင် အလိမ်အညာတွေပြောလာပြီ။ တကယ်အိုနေပြီပဲ?
ဧကရာဇ်၏မျက်စိအောက်မှ ထွက်လာပြီးနောက်
စတိုခန်းသို့လာရောက်ကာ နှစ်တစ်ရာဂျင်ဆင်းကို ထုတ်ယူလိုက်ပြီး သူကခဏမျှရပ်တန့်သွားသည်။
သူ၏အရေးကြောင်းများဖြင့်ပြည့်နေသော မျက်နှာမှာ
မနာလိုမှုများနှင့်ပြည့်နှက်နေသည်။
ဧကရာဇ်ကမထင်မှတ်ထားစွာပင် ထိုလင်းရှောင်အကြောင်းကိုမေးလာခဲ့သည်!
သူကထိုကုန်းကုန်းလေးအတွက် နှစ်တစ်ရာဂျင်ဆင်းကိုလည်းထုတ်ပေးစေပြီး
တော်၀င်သမားတော်ကိုတောင် ကြည့်ရှုစေချင်နေသည်။
အထိန်းတော်ရှူမှာ တွေးလေတွေးလေ မကျေမနပ်ဖြစ်လေပင်။ နောက်မှရောက်လာတဲ့ အမှုထမ်းလေးက အရှင့်ရဲ့ပစားပေးမှုကိုခံနေရပြီ။
အကယ်၍ဆက်ရှိနေမယ်ဆို အနာဂါတ်မှာ ၀န်လေးစရာဖြစ်လာမှအသေအချာပဲ။
တွေးတောလိုက်ပြီးနောက်, အထိန်းတော်ရှူမှာ သည်အတိုင်းမနေနိုင်တော့ချေ။
နှစ်တစ်ရာဂျင်ဆင်းကိုကိုင်လျက် အထိန်းတော်ရှူမှာ လင်းရှောင်၏အခန်းကိုလျှောက်သွားလိုက်တော့သည်။
အခန်းထဲတွင် အထိန်းတော်ရှူကသူ၏၀တ်ရုံလက်ကို ခါယမ်းလိုက်ကာ လင်းရှောင်၏အိပ်ယာဘေးတွင် ရပ်လိုက်သည်။
လင်းရှောင်က မူးဝေနေပြီးကောင်းကောင်းမမြင်နိုင်သော်လည်း
သူ့ဘေးမှလူရိပ်ကိုမူ သတိထားမိသေးသည်။
အရိပ်အယောင်အရပင် ဒါကအနီရောင်တိမ်ချည်ထိုး အ၀တ်ကို၀တ်သောအထိန်းတော်ရှူဆိုတာကိုလည်း ပြောနိုင်လေသည်။ သို့သော်လည်း လင်းရှောင်မှာ ဘာမှပြောချင်စိတ်မရှိပေ။
နှစ်ရက်တောင်ကုန်လွန်သွားခဲ့ပြီ။
တစ်ယောက်မှသူ့ကိုလာမကြည့်ကြသလို၊
တစ်ယောက်ယောက်ကမှလည်း သူ့ကိုရေတစ်ခွက်တောင် ယူလာမပေးကြပေ။ အစတွင် သူကဖျားရုံသာဖျားနေခဲ့ခြင်းဖြစ်သော်လည်း
ယခုတွင်မူ သူ၏ကိုယ်မှအလွန်အားနည်းနေခဲ့ပြီ။
သူ့မှာသေချင်စိတ်မရှိသေးလို့သာ အားအင်ကိုချွေတာရင်း
အဖျားသက်သာလာအောင် တဖြည်းဖြည်းစောင့်နေခဲ့ရခြင်းပင်။
ထိုမှသာသူအိပ်ယာမှထ၍ ရေတစ်ခွက်လောက်ဖြစ်ဖြစ် သောက်နိုင်လိမ့်မည်။ ထို့ကြောင့်သူ့မှာ အထိန်းတော်ရှူအား အာရုံစိုက်နေဖို့အားပင်မရှိချေ။
သို့သော် အထိန်းတော်ရှူကမူ သူ့အား အလွတ်ပေးချင်ပုံမပေါ်။
"လင်းရှောင်, လင်းမျိုးနွယ်လေး..
အခုငါ့လက်ထဲမှာကိုင်ထားတာ ဘာလို့ထင်လဲ?"
အထိန်းတော်ရှူက သူ၏လက်ထဲမှ ဗူးငယ်လေးကိုဖွင့်ကာ
လင်းရှောင်အားပြလာသည်။
လင်းရှောင်လည်း တံတွေးကိုသာမြိုချကာ ၊ ခြောက်သွေ့နေသော သူ့လည်ချောင်းကိုရှင်းလိုက်မိတော့သည်။
"ဒါကအရှင်မင်းကြီးကချီးမြှင့်လိုက်တဲ့ နှစ်တစ်ရာဂျင်ဆင်းပဲ"
"ဒါကမင်းအတွက်ဆိုပေမယ့်လည်း.."
အထိန်းတော်ရှူက မကောင်းဆိုးဝါးဆန်ဆန်ရယ်လိုက်ကာ
"အခုတော့ငါ့ဟာဖြစ်သွားပြီလေ"
"ဒါလေးတင်မဟုတ်ဘူးနော်၊
မင်းသေပြီတာနဲ့ မင်းကြီးကိုငါတစ်ယောက်ပဲ ခစားရတော့မှာဆိုတော့ အကုန်လုံးကိုငါပဲပိုင်တော့မှာ"
လင်းရှောင်မျက်မှောင်ကျုံ့လိုက်သည်။
ဒီကုန်းကုန်းအိုကြီးကဘာတွေပြောနေတာလဲ?
"လင်းရှောင်,ကုန်းကုန်းလေး မင်းကသိပ်ပြီးတော်ပါတယ်။
မင်းသာငါ့အပေါ်သစ္စာစောင့်သိရင် ငါလည်းဒီအဆင့်အထိလုပ်စရာမလိုလောက်ဘူးပေါ့၊
မင်းသိရဲ့လား?"
လင်းရှောင်က အံကိုတင်းတင်းကြိတ်လျက် စိတ်မရှည်စွာမေးလိုက်တော့သည်။
"တော်လိုက်တော့ ခင်ဗျားဘာလိုချင်နေတာလဲ"
"ဟင်း" အထိန်းတော်ရှူက လှောင်ရ်ာလိုက်ကာ
"မင်းကနားမလည်ဘူးလား? မင်းနားမလည်လည်း ကိစ္စမရှိတော့ပါဘူး။ ငါကမင်းကိုအခုပဲရှင်းပြတော့မှာဆိုတော့"
"အရှင်က ငါ့ကိုမင်းကိုဂရုစိုက်ပေးဖို့လွှတ်လိုက်တယ်လေ"
လင်းရှောင်ကအံ့ဩသွားပြီး မျက်မှောင်လည်းကြုံ့လိုက်မိသည်။
အထိန်းတော်ရှူက ဆက်ပြောလာသည်။
"ဒီနန်းတော်ထဲမှာ ကုန်းကုန်းလေးတစ်ယောက်နှစ်ယောက်လောက် ဖျားနာပြီးသေသွားတာကပုံမှန်ပဲလေ၊ ငါကမင်းအအေးဒဏ်ကြောင့် ဖျားနေတယ်ဆိုတဲ့အကြောင်း အရှင့်ကိုလျှောက်တင်ပြီးပြီ။ နောက်ပြီးတော့ ငါအရှင့်ကိုထပ်ပြီးလျှောက်တင်ရဦးမှာ။ မင်းရဲ့ကိုယ်ကအားနည်းလွန်းလို့ အဖ်ားဒဏ်ကို ကြာကြာမခံနိုင်ခဲ့ဘူးဆိုပြီးတော့လေ။ ပြီးတော့မင်းလည်းနောက်ထပ်ပေါ်လာတော့မှာမဟုတ်ဘူး"
ဤရက်ထဲတွင် အထိန်းတော်ရှူကသူ့အား သေစေချင်သဖြင့်တမင်ပစ်ထားမှန်း လင်းရှောင်ခန့်မှန်းမိပြီးသားပင်။
သို့သော် ဤမျှစိတ်မရှည်နိုင်တော့ပဲ ကိုယ်တိုင် လက်နဲ့လာသတ်ရသည်အထိ လင်းရှောင်သူ့အပေါ် ဘာများကျူးလွန်ခဲ့ဖူးသလဲမစဉ်းစားမိနိုင်အောင်ပင်။
သူ့ကိုသတ်ပြီး, အရှင့်ကိုအဖျားကြောင့် သေသွားတယ်ဆိုပြီး လိမ်ပြီးလျှောက်တင်မယ်ပေါ့?
ဟင့်အင်း,သူဒီလိုပဲထိုင်ပြီး သေဖို့စောင့်မနေနိုင်ဘူး။
လင်းရှောင်က အားနည်းစွာထရပ်လိုက်သည်။
သူဒီနေရာကဘယ်လိုလွတ်အောင် လုပ်ရမလဲ အကြံထုတ်နေစဉ်မှာပင် အခန်းထဲကို လူတချို့ကရုတ်ချည်း၀င်လာခဲ့သည်။
"အရှင်မင်းကြီးကြွချီလာပါပြီ"ဟူသော အော်သံနှင့်အတူပေါ့?
အနက်ရောင်၀တ်ရုံနှင့် ဧကရာဇ်က မောင်းမများ ကုန်းကုန်းများနှင့်အတူ ၀င်လာခဲ့သည်ကိုမြင်တော့ လင်းရှောင်၏မျက်လုံးများမှာအနည်းငယ် ၀င်းပသွားခဲ့သည်။
ဘာကြောင့်မှန်းမသိ၊ သူ၏နှလုံးသားမှာလည်း စိုးထိတ်မနေတော့ပေ။
"အရှင်..အရှင် မင်းကြီး.."
အထိန်းတော်ရှူမှာ ဧကရာဇ်ကိုမြင်လျှင် ကြောက်လန့်ကာပျော့ခွေကျသွားတော့သည်။
သူကအလျင်အမြန်ဒူးထောက်ကာ အရိုအသေပေးရန်ကြိုးစားလိုက်ရ၏။
သူ့စကားတွေဘယ်လောက်များများ ဧကရာဇ်နားထဲရောက်သွားပြီလဲဆိုတာကို သူမတွေးရဲတော့။ သူကပါးစပ်တောင်မဟရဲပဲ တုန်ယင်နေတော့သည်။
ဧကရာဇ်မှာ တိတ်ဆိတ်စွာကြည့်နေရာမှ ရုတ်တရက်မေးလာခဲ့သည်။
"အထိန်းတော်ရှူ ကိုယ်တော့်ကိုခစားလာတာ ဘယ်လောက်ကြာပြီလဲ?"
အထိန်းတော်ရှူမှာ ခေါင်းကိုငုံ့လျက်
"အရှင် ဒီငယ်သားက အရှင်ငါးနှစ်အရွယ်ကတည်းက ပြုစုစောင့်ရှောက်လာခဲ့တာပါ"
"ငါးနှစ်ကတည်းက.."
"ဒါဖြင့် ကိုယ်တော်ဘာကို မကြိုက်ဘူးလဲဆိုတာ မင်းသေချာသိသင့်တာပေါ့"
အထိန်းတော်ရှူအားကြည့်ရင်း ဆက်ပြောလိုက်သည်။
"ကိုယ်တော့်ကို လိမ်ဖို့ကြိုးစားတာကိုအမုန်းဆုံးပဲ"
အထိန်းတော်ရှူက ဇောချွေးများပြန်နေခဲ့သည်။
သူပြောတာအကုန်လုံးနီးပါးအရှင်ကြားသွားခဲ့ပြီ ဆိုသောအသိက သူ့အားမထိန်းချုပ်နိုင်အောင် တုန်ယီနေစေသည်။ သူနှစ်ပေါင်းများစွာ ကြာသည့်တိုင် အရှင့်အားလှည့်စားရန်တစ်ခါမျှမတွေးခဲ့ဖူးပေ။ ဤတစ်ခါ၌သာ သူစိတ်လွတ်သွားခဲ့ခြင်း။
တွေးတောလျက် အထိန်းတော်ရှူမှာ အလျင်အမြန်ပင်
"အရှင် အရှင့်ရဲ့ငယ်သားက အရှင့်ကိုမလှည့်စားဝံ့ပါဘူး။
ဒီငယ်သား အရှင့်အပေါ်သစ္စာရှိပါတယ် အရှင်!"
ဧကရာဇ်ကဂရုစိုက်ပုံမပေါ်လျှင် အထိန်းတော်ရှူမှာ အံကိုကြိတ်လိုက်ကာ အိပ်ယာပေါ်တွင်လဲနေသော လင်းရှောင်ကိုကြည့်လိုက်ပြီး
"အဲဒါသူပဲ!"
"အရှင်မင်းကြီး အဲဒါသူပါ! သူကလူတွေကိုလိမ်ညာလှည့်ဖြားနေတာ။ ဒီလူအိုကြီးကိုလည်း ဒီလိုမဟုတ်မမှန်တဲ့စကားတွေပြောထွက်လာအောင် သူပဲလှည့်စားခဲ့တာပါ။ အရှင် အရှင့်ရဲ့ငယ်သားက မှားယွင်းစွပ်စွဲခံရတာပါ!"
အထိန်းတော်ရှူ အားပြတ်ကာ ကောင်းစွာပင်အရိုအသေမပေးနိုင်ရှာသော အိပ်ယာပေါ်မှ လင်းရှောင်အား ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
ဧကရာဇ်ကမူ အမူအယာပင်မပြောင်းပဲ အထိန်းတော်ရှူအားတိုက်ရိုက်စိုက်ကြည့်လာသည်။
အထိန်းတော်ရှူ၏အရေမရအဖတ်မရတို့ကိုနားထောင်ပြီး
နောက် သက်ပြင်းချလိုက်ကာ
"ရှူ ချီရှန်း ,အသက်ကြီးပြီ, ကိုယ်တော့်ဘေးမှာ ခစားဖို့မသင့်တော်တော့ဘူး။ ဒီနေ့ကစပြီး သူ့ကို ရာထူးကနေထုတ်ပယ်ပြီး နန်းတွင်းကနေထွက်စေတော့။
ဒီနှစ်တွေအတွင်းကိုယ်တော့်အပေါ်ခစားခဲ့တာကို ငဲ့ညှာလို့ ပိုး၀တ်ရုံနဲ့ပဲ နေရပ်ကိုပြန်စေတော့"
"အရှင်..အရှင်မင်းကြီး." အထိန်းတော်ရှူက ကြောင်အသွားတော့သည်။ သူဧကရာဇ်ကို နှစ်ပေါင်းများစွာ ခစားလာခဲ့တာ ဒီထုတ်ပယ်ခံရဖို့သပ်သပ်လား?
သူ့တစ်ဘ၀လုံးနန်းတွင်းထဲမှာကုန်းကုန်းအဖြစ် ဖြတ်သန်းခဲ့ပြီးမှတော့သူ့မှာ တခြားနေရပ်ဆိုတာလည်းရှိပါဦးမလား?
အထိန်းတော်ရှူ၏မျက်နှာမှာ လူသေလိုဖြူဖျော့သွားတော့သည်။
ဧကရာဇ်ကမူသူ့အားထပ်၍ကြည့်မနေတော့ပဲ
"သူ့ကိုခေါ်ထုတ်သွားတော့"
ကုန်းကုန်းငယ်လေးနှစ်ယောက်က အမိန့်ကိုနာခံ၍ အသေကောင်လိုပျော့ခွေနေသော အထိန်းတော်ရှူအား ဆွဲထုတ်သွားကြလေသည်။
ထို့နောက်တွင် မင်းကြီးက လင်းရှောင်၏ဘေးသို့ လျှောက်သွားလိုက်သည်။ သူမြင်လိုက်တာကတော့ ဒီကုန်းကုန်းလေးက သူ့ရဲ့အားနည်းနေတဲ့ကိုယ်ကို ထူမပြီးသူ့ကိုအရိုအသေပေးဖို့ကြိုးစားလိုက်သေးတယ်။
ဒါပေမယ့် အားနည်းလွန်းနေတဲ့ကိုယ်ကမခံနိုင်တော့ပဲ လဲကျပြီးတစ်ခါတည်းသတိလစ်သွားတော့တာပဲ။
သူနောက်တစ်ကြိမ်နိုးလာသည့်အခါတွင်မူ
လင်းရှောင်သည် နေရတာအလွန်သက်သာသွားကြောင်း တွေ့လိုက်ရသည်။ သူ၏လည်ခြောင်းမှာ ခြောက်သွေ့မနေတော့သလို သူ၏၀မ်းဗိုက်မှာလည်း ဟာတာတာဖြစ်မနေတော့။
ကြည့်ရတာသူမေ့နေတုန်း တစ်ယောက်ယောက်က သူ့ကိုရေနဲ့စားစရာတွေ တိုက်ကျွေးထားပုံပဲ။
သို့သော် သူနိုးထလာသည့်နေရာမှာ သူ၏အခန်းငယ်လေးတွင်မဟုတ်။
ထိုထက်ပိုကြီးက ပိုခမ်းနားသော နေရာတွင်ဖြစ်သည်။
သူထလာသောအခါတွင် ကုန်းကုန်းငယ်လေးနှစ်ယောက်က သူ့ထံသို့အပြေးအလွှားရောက်လာလေသည်။
"အဆင်ပြေပါရဲ့လား အထိန်းတော်လင်း"
ခေါ်ပုံခေါ်နည်းကြောင့် လင်းရှောင် အံ့ဩသွားရသည်။
သူသည်မိမိရှေ့မှ အလွန်ရိုကျိုးပုံဖြင့် ရပ်နေသော ကုန်းကုန်းငယ်နှစ်ယောက်အားကြည့်ကာ
ကုန်းကုန်းနှစ်ယောက်က ခေါင်းငုံ့လျက်ပင်
"အထိန်းတော် လင်းလို့ပါ"
လင်းရှောင် နားမလည်နိုင်တော့ပေ။
ဒါကိုမြင်တော့နှစ်ယောက်ထဲက ပိုပြီးလည်လည်၀ယ်၀ယ်ရှိတဲ့ ကုန်းကုန်းငယ်လေးကရှင်းပြလာသည်။
"ကုန်းကုန်း, ဒါကဒီလိုပါ။ အရှင်မင်းကြီးက
ကုန်းကုန်းကို အထိန်းတော်ကြီးနေရာကိုချီးမြှင့်ခဲ့ပါတယ်"
အထိန်းတော်နေရာကို ဟုတ်လား?
လင်းရှောင်ကလန့်သွားပြီး
"အဲဒါဆို အထိန်းတော်ရှူ ကရော?"
"အထိန်းတော်လင်း, အထိန်းတော်ရှူက ရာထူးကနေဖယ်ရှားပြီး နန်းတွင်းကအထုတ်ခံလိုက်ရပါပြီ"
လင်းရှောင်လည်းနည်းနည်းပြန်သတိရသွားသည်။
အထိန်းတော်ရှူက မလျော်ကန်တာတွေအများကြီး ပြောခဲ့ပြီးတော့ သူ့ကိုသတ်ရန်လည်းကြံစည်ခဲ့သည်။
သို့သော်မင်းကြီး၏လက်ပူးလက်ကြပ်မိခြင်းနှင့်သာ အဆုံးသတ်သွားသည်။
ဒီတော့ အရှင်မင်းကြီးက သူ့ကို ချက်ချင်းဖယ်ထုတ်လိုက်သည်။
အထိန်းတော်ရှူမရှိတော့ဘူးဆိုမှတော့ လစ်လပ်နေတဲ့နေရာကိုဖြည့်ဖို့လိုလာပြီပေါ့။
မင်းကြီးဘေးမှာ အထိန်းတော်ရှူပြီးရင် သူပဲရှိတာ။
ဒီတော့ သူဒီရာထူးကိုခုန်တက်လာနိုင်တာလည်း မဆန်းပါဘူး။ အဲဒါကြောင့် သူ့အခန်းကလည်းတပါတည်းပြောင်းသွားတာပဲ။
လင်းရှောင်ကဘေးပါတ်ပါတ်လည်ကိုအကဲခတ်လိုက်သည်။
ဤနေရာကအမှန်ပင် သူယခင်နေခဲ့သော နေရာထက် ပိုကောင်းလွန်းသည်။ အိပ်ယာဘေးတွင် လိုက်ကာများရှိကာ၊ စားပွဲနှင့်ခုံများကိုလည်း စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည်။
နံရံတို့ကိုလည်း အလှကျောက်တို့ဖြင့်ဆင်ယင်ထားသည်။
အခန်းအပြင်အဆင်ကိုထားလိုက်တော့
စားပွဲတွေမှာလည်း မီးထွန်းလို့ရတဲ့ ဖယောင်းတိုင်ရှည်တွေရှိနေတာကအကောင်းဆုံးပဲ။
နောက်ဆုံးတော့ ညဘက်တွေမှာ သူအမှောင်ထဲခွေနေစရာမလိုတော့ဘူး။
သူကရုတ်တရက်ကြီး သူ့ရန်သူထဲကတစ်ယောက်ကို ရှင်းပစ်နိုင်ပြီးတော့ နေစရာအဆောင်တစ်ခုတောင် ရလိုက်သေးတယ်!
"အထိန်းတော် လင်း"
တံခါး၀ဆီမှ ခေါ်သံထွက်လာခဲ့ရာ လင်းရှောင်မှာ လည်ချောင်းကိုရှင်းလျက် ပြန်ဖြေလိုက်သည်။
သို့နှင့် ရုတ်တရက်ကြီး မောင်းမတချို့နှင့်ကုန်းကုန်းများက
ငွေတုံးများ၊ ပိုးထည်များနှင့် ဆေးဖက်၀င်ပစ္စည်းတို့ကို သယ်ဆောင်လျက် အလျိုအလျို၀င်လာကြကုန်သည်။
အကုန်လုံးက နှစ်ဘက်စီတန်းလျက် ညီညာစွာရပ်နေကြသည်။
ရှေ့ဆုံးမှဦးဆောင်လာသော ကုန်းကုန်းလေးက လင်းရှောင်အား အရိုအသေပေးလျက်
"အထိန်းတော် လင်း , ဒါတွေက အရှင်မင်းကြီးက အထိန်းတော်လင်းကို ချီးမြှင့်တော်မူလိုက်တာတွေပါ"
"ငါ့အတွက်?"
လင်းရှောင်က အိပ်ယာမှထရန်ကြိုးစားလိုက်သောအခါ ဘေးတွင်ရပ်နေသော ကုန်းကုန်းငယ်နှစ်ဦးက သူ့အားဖိနပ်စီးပေးရန် ဒူးထောက်လိုက်ကြသည်။
လင်းရှောင်က ထိုသို့လုပ်ပေးခံရတာကို နေသားမကျပေ။
သို့သော်လည်း သူအိပ်ယာမှထွက်ကာ ထိုငွေတုံးများ၊ ပိုထည်များနှင့် ဆေးဖက်၀င်အမယ်များကို ကြည့်မိလိုက်လျှင်
ကြောင်တောင်တောင်ဖြစ်သွားမိသည်။
ငါအိပ်မက်မက်နေတာမဟုတ်ပါဘူးနော်?
ဧကရာဇ်က ရုတ်တရက်ကြီး ငါ့အပေါ်ဘာလို့ကောင်းနေတာလဲ?
လင်းရှောင်က သူ့မျက်နှာအား အနည်းငယ်ရိုက်ပုတ်ကြည့်လိုက်သည်။
နာတယ်ဟ! အိပ်မက်မဟုတ်ဘူးပဲ။
ဦးဆောင်လာသောကုန်းကုန်းငယ်က လင်းရှောင်၏ကြောင်တောင်တောင်အမူအယာကို မြင်လျှင်ပြုံးလျက်ပင် "အထိန်းတော်လင်း၊ မစိုးရိမ်ပါနဲ့။
ဒါအမှန်တွေပါ"
"မင်းငါတွေးနေတာကိုသိတယ်ပေါ့"
လင်းရှောင်က ထိုကုန်းကုန်းငယ်အား ကြည့်လိုက်သည်။
၄င်းမှာငယ်ရွယ်ကာ နူးညံ့လှပသော အသွင်အပြင်ရှိကာ အရွယ်ပင်ရောက်ပုံမပေါ်သေးပေ၊
ကုန်းကုန်းငယ်ကပြုံးလျက်ပြောလျက်ပြောလိုက်သည်။
"အထိန်းတော်လင်းရဲ့မျက်နှာမှာ အကုန်ပေါ်နေလို့ပါ"
"အဲလိုလား?" လင်းရှောင်ကလေသံနိမ့်နိမ့်ဖြင့်ဆိုကာ
သူ၏မျက်နှာကိုအသာထိတွေ့လိုက်သည်။
ကုန်းကုန်းငယ်က လင်းရှောင်၏မပျော်မရွှင်သော အမူအရာကိုကြည့်ပြီး ဆက်မပြောတော့ပဲ ခေါင်းစဉ်ပြောင်းလိုက်တော့သည်။
"အထိန်းတော်လင်း၊ ဒါတွေကအထိန်းတော်ကြီးကနစ်နာမှုအတွက် အရှင်မင်းကြီးက ချီးမြှင့်လိုက်တာပါ"
"ငါ့အတွက် နစ်နာကြေးဟုတ်လား?"
ကုန်းကုန်းလေးက ခေါင်းငြိမ့်လျက် ရှင်းပြလိုက်သည်။
"ဒီငယ်သားက အထိန်းတော်လင်းကို အရှင်ချီးမြှင့်ထားတဲ့ ဆုလာဒ်တွေအကုန်လုံးကို အထိန်းတော်ရှူရဲ့ အခန်းထဲမှာတွေ့ခဲ့ရပါတယ်။ အရှင်မင်းကြီးကဒါကိုသိပြီးတော့ အထိန်းတော်လင်းရဲ့အဆောင်ငယ်လေးမှာ အ၀တ်အစားနှစ်စုံအပြင်မရှိပဲ ခက်ခက်ခဲခဲနေရတာကို စိတ်မကောင်းဖြစ်ပြီး အထိန်းတော်လင်းအတွက် ဆုလာဒ်တွေထပ်ပြီးချီးမြှင့်လိုက်တာပါ"
လင်းရှောင်က ခေါင့်းကိုမော့လိုက်သည်။
နောက်ဆုံးတော့သူရှင်းလင်းသွားပြီ။
ဒီတော့ ဒီလိုမျိုးဖြစ်ခဲ့တာကိုး!
သူကအရှင်မင်းကြီး သူ့အပေါ်ရုတ်တရက်ဘာလို့ အရမ်းကောင်းနေပါလိမ့်လို့
ဒါကအထိန်းတော်ရှူကို သူ့မှာရှိသမျှအကုန်ပေးပြီး
သည်းခံနေခဲ့တဲ့အကျိုးကိုး!
သူက သူ့ကိုယ်သူအပင်ပန်းခံပြီး နှိမ့်ချနေခဲ့လို့ ရန်သူကသူ့ကိုယ်သူအထင်ကြီးပြီးသတိလွတ်သွားခဲ့တာ။
အစကေတာ့ သူ့ဘာသူသည်းခံနေပြီး နောက်မှသေချာပညာပေးနိုင်အောင်ကြိတ်ကြံနေတာပဲ။
ဒါပေမယ့်လည်း အခွင့်အရေးကြီးက တိုက်တိုက်ဆိုင်ဆိုင် ဒီလိုကြီးရောက်လာပြီး သူလည်းအကျိုးအမြတ်တွေအများကြီးရလိုက်မယ်လို့ မထင်ထားဘူး။
ငွေတုံးများဖြင့်ပြည့်နေသော လင်ဗန်းကိုကြည့်လျက် လင်းရှောင်နတ်ဆိုးကဲ့သို့ပြုံးလိုက်သည်။
ဒီတစ်ခါဖျားသွားတာ တကယ့်ကိုအချိန်ကိုက်ပါလား။
လင်းရှောင်ကဘာမှမပြောတော့သည်ကို မြင်လျှင် ကုန်းကုန်းငယ်လေးကခေါင်းငုံ့ကာ အရိုအသေပေးလျက်
"အထိန်းတော်လင်း, ဒီငယ်သားကို ပြန်ပြီး အရှင်မင်းကြီးကို သတင်းပို့ဖို့ခွင့်ပြုပါဦး"
"ခဏနေဦး" လင်းရှောင်ကရပ်တန့်လိုက်သည်တွင်
ကုန်းကုန်းငယ်လေးက လင်းရှောင်ရှေ့မှာပဲ ရိုကျိုးစွာ ရပ်နေလေသည်။ လင်းရှောင်က ကုန်းကုန်းငယ်လေးအား အပေါ်အောက်သေချာစူးစမ်းလိုက်သည်။ ဤကုန်းကုန်းငယ်၏သဘောထားမှာအလွန်ရှင်းသည့်အပြင် သူ၏အပြုအမူမှာလည်း ကုန်းကုန်းတစ်ယောက်ပုံ လုံး၀မပေါက်ပေ။ထို့အပြင်သူ၏အပြုံးမှာလည်း ရှက်ကိုးရှက်ကန်းနိုင်သည်။ ဤသည်မှာ နန်းတွင်းထဲမှ အမြဲတွက်ချက်ကြံစည်နေတတ်သော အခြားသူများနှင့်မတူပေ။ သို့သော်လည်း သူကတုံးအပုံလည်းလုံး၀မပေါ်။
လင်းရှောင်ကျေနပ်စွာ နှုတ်ခမ်းကိုစေ့လျက်
"မင်း နာမည်က ဘာတဲ့လဲ?"
ကုန်းကုန်းငယ်က အံ့အားသင့်ချက် ရိုကျိုးစွာပြန်ဖြေလာသည်။
"ဒီငယ်သား နာမည်က ရှောင်လိဇီပါ"
လင်းရှောင်ရေရွတ်ကြည့်လိုက်သည်။ "ရှောင်လိဇီ."
"ဒီငယ်သားရှိပါတယ်" ရှောင်လိဇီကပြန်ဖြေလာသည်။
လင်းရှောင်ကပြုံးလိုက်ပြီးနောက် ခဏမျှစဉ်းစားကာမေးလိုက်သည်။
"အရှင်မင်းကြီး ဘယ်မှာရှိလဲ"
"အရှင်က တော်၀င်စာကြည့်ဆောင်မှာ အမှုအခင်းစာလိပ်တွေကိုဖြေရှင်းနေပါတယ်"
လင်းရှောင် ခဏမှစဉ်းစားပြီးနောက်
"ခဏစောင့်ဦး"
သူကအ၀တ်တချို့ကိုကောက်စွပ်လိုက်ပြီး အခန်းထဲမှထွက်လာခဲ့သည်။
"အထိန်းတော်လင်း.." ရှောင်လိဇီကအံ့ဩသွားသည်။
"ငါလည်းမင်းနဲ့အတူ အရှင့်ကိုသွားတွေ့မယ်"
လင်းရှောင် ရောက်လာချိန်တွင် ဧကရာဇ်မှာ အမှုကိစ္စများကိုဖြေရှင်းနေချိန်ဖြစ်သည်။
သူ၀န်မခံချင်ပေမယ့် အဲဒီတုန်းက အရှင်မင်းကြီးက အချိန်ကိုက်ရောက်လာခဲ့လို့သာ သူအသက်ရှိနေသေးတာပင်။
လင်းရှောင်သည် မိမိအပေါ်ကိုမကောင်းသူတို့ကို မကောင်းသလိုလက်တုန့်ပြန်မည်။
မိမိအပေါ်ကောင်းလျှင်တော့ ထိုလူကို အဆပေါင်းများစွာပြန်ကောင်းပေးမှာဖြစ်သည်။
ဤတစ်ခေါက် အရှင်မင်းကြီး၏ကြင်နာမှုကို သူသေချာပေါက်မှတ်ထားရတော့မည်။
သူတွေးတောရင်းနှင့်ပင် ရှေ့မှဦးဆောင်၍ ဒူးထောက်ကာ
အရိုအသေပေးလိုက်သည်။
ရှောင်လိဇီသည်လည်း လင်းရှောင်နောက်မှပင် ဒူးထောက်ကာအရိုအသေပေးလိုက်သည်။
ဧကရာဇ်ကခေါင်းမော့ကြည့်လိုက်ချိန် လင်းရှောင်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။
"ဒီငယ်သားက အရှင်မင်းကြီးရဲ့ ကြင်နာမှုကြောင့် ၀မ်းမြောက်မိပါတယ်" လင်းရှောင်က ခေါင်းငုံ့၍ပြန်ဖြေလိုက်သည်။
ဧကရာဇ်မှာနှုတ်ခမ်းကိုစေ့လိုက်ပြီး
"ထပါ။ ရှောင်လိဇီ မင်းသွားနိုင်ပြီ"
လင်းရှောင်၏ အနောက်မှ ကုန်းကုန်းငယ်မှာ တဖြည်းဖြည်းချင်းထ၍ထွက်သွားခဲ့သည်။
လင်းရှောင်လည်း အသာအယာထ၍ ခြေလှမ်းသေးသေးလေးများနှင့် အရှင်မင်းကြီးဘေးသို့ညင်သာစွာလျှောက်သွားလိုက်ပြီး
"ဒီငယ်သား အရှင့်ကိုမှင်သွေးပေးပါရစေ"
"မင်းနေကောင်းတော့မှလုပ်ဖို့ထားလိုက်ပါ"
ဧကရာဇ်ကလင်းရှောင်အား သေချာအကဲခတ်လျက် ကြည့်လာသည်။
"မင်းဘယ်လိုနေသေးလဲ?"
"သက်သာပါတယ် အရှင်" လင်းရှောင်က အလွန်ရိုရိုသေသေပြန်ဖြေလိုက်သည်။
"ဒီငယ်သားရဲ့ ဝေဒနာကအမြန်ဖြစ်ပြီး အမြန်ပျောက်သွားနေကျပါပဲ"
ဧကရာဇ်ကပြောလိုက်သည်။
"ကိုယ်တော် မင်းကိုပိုးထည်တွေချီးမြှင့်ထားတယ်။
၀တ်စရာတွေသွားချုပ်ချေ"
လင်းရှောင်အံ့အားသင့်သွားရသည်။
အရှင်က သူ့ကိုတကယ်စိတ်ပူပေးတာပဲ..
သူ့နှလုံးသားမှ နွေးထွေးမိသွားရခြင်းကို မငြင်းပယ်နိုင်ပေ။
"အရှင့်ရဲ့ ကြင်နာမှုတွေကြောင့် ဒီငယ်သားအလွန်၀မ်းမြောက်မိပါတယ်"
ဧကရာဇ်ကခေါင်းငြိမ့်ကာ ကြည့်လက်စအမှုကိစ္စ စာလိပ်များထံ တဖန်ခေါင်းပြန်ငုံ့သွားလေသည်။
စာလိပ်တစ်ခုပြီးသွား၍ ပြန်မော့ကြည့်လိုက်သောအခါ
လင်းရှောင်က ရပ်နေဆဲဖြစ်သည်ကိုတွေ့လျှင်
"ဘာကိစ္စရှိသေးလို့လဲ?"
လင်းရှောင်ကနှုတ်ခမ်းကိုအသာကိုက်လိုက်ပြီး
ဒူးထောက်က "ဒီငယ်သားက အရှင့်ရဲ့ကြင်နာမှုကိုပြန်ပေးဆပ်ချင်လို့ပါ အရှင်"
"ဒီငယ်သားရဲ့နိမ့်ကျတဲ့အသက်ကိုကယ်တင်ပေးလို့ အရှင့်ကိုကျေးဇူးတင်ပါတယ်။ ဒီငယ်သားကို ယုံကြည်ပေးလို့အရှင့်ကိုကျေးဇူးတင်ပါတယ်။
ဒီငယ်သားကို ဆုလာဒ်တွေအများကြီး ချီးမြောက်တဲ့အတွက်လည်း အရှင့်ကိုအလွန်ပဲကျေးဇူးတင်မိပါတယ်"
ကုန်းကုန်းငယ်လေး၏မျက်နှာမှာ အတန်ငယ်ဖြူဖျော့နေဆဲဖြစ်သော်လည်း
သူ၏အမူအယာမှာမူ အလွန်အသက်၀င်နေသည်။
အထူးသဖြင့်အခုလေးတင် သူ့ကိုစကားပြောလာသည့်အခါတွင်ဖြစ်သည်။
သူကနောက်ဆုံးတော့ မျက်နှာဖုံးကို ခွာချဖို့ဆုံးဖြတ်လိုက်သလိုမျိုး သူ၏မျက်လုံးလေးများအထိ
အလွန်ကိုနူးညံ့၍ညင်သာနေခဲ့ခြင်း။
ဧကရာဇ်ကမနေနိုင်ပဲ စိုက်ကြည့်နေမိသည်။
သူမတတ်နိုင်။ အမှုကိစ္စများကိုဆက်ကြည့်ရန်လည်း စိတ်မပါတော့သည်မို့ စာလိပ်ကိုချလိုက်ကာ
"ထပါ။ မင်းနေကောင်းသေးတာလည်းမဟုတ်ပဲနဲ့။
အလွန်အကျွံလုပ်နေစရာမလိုပါဘူး"
လင်းရှောင် ထရပ်လိုက်သည်တွင် ဧကရာဇ်ကဆက်ပြောလိုက်သည်ကိုကြားလိုက်ရသည်။
"မင်းက ကိုယ်တော့်ကြင်နာမှုတွေကို အမှတ်ရနေတယ်ဆိုမှတော့ မြန်မြန်နေကောင်းအောင်လုပ်ပြီး ကိုယ်တော့်ကိုကူညီနိုင်အောင်လုပ်ပေါ့။"
"ဒီငယ်သား ကြိုးစားပါ့မယ်" လင်းရှောင်ကပြန်ဖြေလိုက်သည်။
ဧကရာဇ်သည် မိမိရှေ့မှကုန်းကုန်းငယ်၏ နွမ်းနယ်နေသောအမူအယာကိုမြင်သော်
"ကိစ္စအထွေအထူးမရှိတော့ရင်, ပြန်ပြီးနားချေတော့"
"ဒီငယ်သားသိပါပြီ " လင်းရှောင်လည်းမိမိခန္ဓာကိုယ်၏ အခြေအနေကိုသိသည်မို့ အတင်းမနေတော့ပေ။
ဧကရာဇ်အား အရိုအသေပေးခဲ့ပြီးနောက် ထွက်လာခဲ့တော့သည်။