ရည်မှန်းချက်၏ထိပ်ဆုံးကိုရောက်ရန်)
ငါးရက်အကြာတွင် လင်းရှောင်ကပြန်လည်၍ သက်သာလာခဲ့သည်။ ထိုငါးရက်အတွင်းတွင် လင်းရှောင်က ရှောင်လိဇီအား သူ့အစားအရှင်မင်းကြီးကို အခစား၀င်စေခဲ့သည်။
သူက အရှင်မင်းကြီး၏ အကြိုက်တို့ မနှစ်သက်သည်တို့ကိုတောင် ပြောပြခဲ့သည်။
ဘယ်လောက်ထိမှတ်ထားပြီး အလေးအနက်ထားမလဲဆိုတာ
သူ့အပိုင်းပင်။
သို့သော်လည်း အရှင့်ထံမှ သတင်းဆိုးဆိုးဝါးဝါးသတင်းများပြန်မကြားရသဖြင့်
အရှင်မင်းကြီးမှ ရှောင်လိဇီ၏ လုပ်ပုံကိုင်ပုံများအား ကျေနပ်တော်မူသည်ဟုထင်ရသည်။
လင်းရှောင်မှာ အထိန်းတော်တစ်ဦးဖြစ်လာသည့်အလျောက်
ဂရုစိုက်ရမည့်အရာများတိုးလာသည်မှာလည်း
သဘာ၀ပင်။ ရာထူးအနိမ့်ဆုံးမှ အမြင့်ဆုံးအထိ မောင်းမဆောင်မှ ကုန်းကုန်းများအကုန်လုံးမှာ ယခုသူ့လက်အောက်သို့ရောက်နေခဲ့ပေပြီ။
ဒါကဘာကိုဆိုလိုလဲဆိုတော့ သူသာဆန္ဒရှိရင် မိုရွီရဲ့ တံဆိပ်ပြားဘယ်တော့မှအလှန်မခံရအောင် လုပ်လို့ရနေပြီဖြစ်သည်။
သို့သော်လည်း အရှင်မင်းကြီးက အတော်လေးစောင့်ထိန်းနိုင်သူဖြစ်သည်။
သူ့မတိုင်ခင် အထိန်းတော်ရှူတုန်းကလည်း အိပ်ဆောင်၀င်ဖို့ တံဆိပ်ပြားတစ်ခါမှမလှန်ခဲ့ရချေ။
လင်းရှောင်လည်း အရှင်မင်းကြီးဆန္ဒမရှိပဲ ဘာကိုမှမလုပ်ရဲပါ။
ငါးရက်အကြာတွင် လင်းရှောင်လည်း သူ၏မူလတာ၀န်ကိုယူရန် အထိန်းတော်၀တ်ရုံကိုပြောင်းလဲ၀တ်ဆင်လိုက်ရတော့သည်။
၀တ်ရုံ၏ပုံစံမှာ ယခင်အထိန်းတော်ရှူ၏၀တ်ရုံနှင့် တပုံစံထဲ။
ရွှေရောင်အနားသတ်များရှိသောအနီရောင်ပိုးထည်တွင် တိမ်ပုံစံချည်ထိုးထားခြင်းဖြစ်သည်။
အရှင်မင်းကြီးအားအခစား၀င်ရန်လာသောအခါ
လင်းရှောင် မြင်းမြှီးယပ်ကိုတောင် ကျော့ကျော့မော့မော့ ကိုင်လာခဲ့သည်။
ဧကရာဇ်ကသူ့အားမြင်လျှင် သေချာစေ့စေ့စပ်စပ်ကြည့်လာပြီး
"မင်းရဲ့ ခန္ဓာကိုယ်ဘယ်လိုနေသေးလဲ"
လင်းရှောင်ကခေါင်းကိုငုံ့ကာ အရိုအသေပေးလျက်ပင်
"အရှင့်ရဲ့ ကြင်နာမှုကြောင့်, ဒီငယ်သားအပြည့်အဝြပန်ကောင်းမွန်လာပါပြီအရှင်"
ဧကရာဇ်မှာကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး လက်ကိုဆန့်လိုက်ကာ
"ဒီကိုလာပြီး ကိုယ်တော့်ကို၀တ်ရုံလဲကူ"
လင်းရှောင်ကအမိန့်ကိုနာခံက အပြုံးလေးဖြင့် ဧကရာဇ်၏အနားတိုးသွားလိုက်သည်။
ဧကရာဇ်ကသူ့၏လှုပ်ရှားမှုလေးများအား သေချာစိုက်ကြည့်နေခဲ့သည်။
ဤကုန်းကုန်းငယ်လေးမှာ နောက်ဆုံးတော့ဖြူဖျော့မနေတော့ပဲ အသားအရည်မှာလည်းနှင်းဆီရောင်ပြေးနေခဲ့ချေပြီ။
အ၀တ်အစားအသစ်များမှာလည်း သူနှင့်လိုက်ဖက်ပုံရသည်။
ဒါက အထိန်းတော်၀တ်ရုံဖြစ်နေသေးတယ်ဆိုပေမယ့်လည်း။
ကြည့်ရတာ ရိုးရိုး အ၀တ်အစားတွေဆို သူနဲ့ပိုလိုက်ဖက်မည့်ပုံပါပင်။
ဧကရာဇ်တွေးလိုက်ကာ အကြည့်ကိုပြန်ရုတ်လိုက်တော့သည်။
လင်းရှောင်က ဧကရာဇ်အား၀တ်ရုံကိုကျကျနန၀တ်ဆင် ပေးပြီးသည့်နောက် နံဘေးတွင်ရိုကျိုးစွာရပ်နေလိုက်သည်။
ဧကရာဇ်ကသူ၏၀တ်ရုံလက်ကိုအသာခါယမ်းလိုက်ကာ
လက်ကိုနောက်ပစ်လျက်ရှေ့မှ ထွက်ခွာလိုက်သည်တွင်
လင်းရှောင်သည်လည်း မိမိ၏ နောက်လိုက်များဖြင့်
ဧကရာဇ်၏နောက်မှာ အသာလျှောက်၍လိုက်သွားခဲ့သည်။
ဧကရာဇ် ဓားရေးလေ့ကျင့်ရန် သွားလေ့ရှိသော တော်၀င်ဥယျာဉ်တွင်လည်းအကုန်ပြင်ဆင်ပြီးဖြစ်သည်။
ထိုနေရာတွင်ရှိနေသော ကုန်းကုန်းများနှင့် မောင်းမများမှာ
သူဤနေရာတွင်ပထမဆုံး ဆုလာဒ်ချီးမြှင့်ခံရချိန်တွင် ရှိခဲ့ဖူးသူများဖြစ်ကာ သူ့ထံဆုလာဒ်များသယ်ဆောင်လာ ပေးသူများလည်းဖြစ်သည်။
သူ၏အမြင်တွင် ဤလူများအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အလွန်အလုပ်ကြိုးစားကြသူများပင်။
လင်းရှောင်မှာ အထိန်းတော်ရှူလိုမဟုတ်ပေ။
ကိုယ့်နေရာပျောက်မှာစိုး၍ လူတိုင်းကိုလိုက်ပြီး သံသယ၀င်နေမည်မဟုတ်။ သူကအမှန်တကယ်ယုံကြည်ရသူတချို့ကို ရွေးကာအရှင်မင်းကြီးအား ကောင်းစွာခစားနိုင်အောင် သင်ပေးမှာဖြစ်သည်။
ဤနည်းဖြင့် သူ့ကိုယ်သူလည်းကူညီရာရောက်သည်။
အကယ်၍သာ ဒီလူတွေထဲတွင် အရှင်မင်းကြီးထံမှ
မျက်နှာသာရအောင် ကြိုးစားလိုသူများရှိနေပါက
ထိုလူတွင် ထိုသို့လုပ်နိုင်သော အရည်အချင်းရှိမရှိကိုပဲ
အရင်စောင့်ကြည့်မှာဖြစ်သည်။ ပြီးတော့ အရှင်မင်းကြီးဆီမှ မျက်နှာသာပေးခံရဖို့ အဲသလောက်တောင် လွယ်လားပဲကြည့်ကြသေးတာပေါ့။
ယခင်နှင့်ကွဲပြားစွာ, အရှင်မင်းကြီးဓားရေးမလေ့ကျင့်မီ လင်းရှောင်ကတစုံတဦးအားရေခဲရေတချို့ပြင်ဆင် ခိုင်းထားခဲ့သည်။ အရှင်လေ့ကျင့်ပြီးသောအခါတွင်
မျက်နှာသစ်ကာ လည်ပင်းမှ ချွေးတို့အား ဖယ်ရှားနိုင်လိမ့်မည်။
ဧကရာဇ်မျက်နှာသစ်ပြီး ချွေးများကိုရေခဲရေဖြင့် ဖယ်ရှားသုတ်သင်လိုက်ပြီးသော် စိတ်ကျေနပ်သော သက်ပြင်းတစ်ခုကိုချလျက် လင်းရှောင်အား အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်သည်။
လင်းရှောင်ကအသာပြုံးလျက် ခေါင်းကိုဆက်၍ငုံ့နေလိုက်သည်။
ဧကရာဇ်မှာ ပေါ့ပါးစွာတစ်ချက်ရယ်လိုက်ပြီး
နဂါး၀တ်ရုံတော်အားလဲလှယ်ရန် အတွင်းဆောင်သို့ပြန်လေသည်။
လင်းရှောင်သတိထားမိသော သိသိသာသာပြောင်းလဲမှုတစ်ခုမှာ ညီလာခံအတွက် စီမံပေးမည့် ကုန်းကုန်းတစ်ဦးကို မင်းကြီးဘာသာရွေးထားခြင်းပင်။
ထို့ကြောင့်လင်းရှောင်မှာ တခြားဘာမှပူစရာမလိုပဲ
မင်းကြီးသုံးဆောင်မည့် မနက်စာအတွက်သာ စီမံဖို့လိုသည်။
မင်းကြီး၏ပုံမှန်မနက်စာမှာ အထူးပြင်ဆင်ထားသော ဆန်ပြုတ်နှင့် နူးညံ့သည့် ဂျုံဖြင့်ဖုတ်သောမုန့်တချို့ဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ လင်းရှောင်က လက်ဖက်ရည်ပေါ့ဆိမ့်လေး၊ ဆေးဘဲဥနှင့်အဆီနည်းသောအသားဆန်ပြုတ်နှင့်၊
ကြက်ဥကိတ်လေးကိုပါ တွဲ၍ပြင်ဆင်ထားလိုက်သည်။
ဧကရာဇ်ပြန်လာသည်တွင် ပုံမှန်တွင် စားပွဲအပြည့် ပြည့်လျှံနေသောဟင်းလျာများအစား ဟင်းပွဲအနည်းငယ်ကိုသာ တွေ့လိုက်ရ၍ လင်းရှောင်အားကြည့်လိုက်သည်။
လင်းရှောင်က ခေါင်းကိုငုံ့လျက် ရှင်းပြလိုက်သည်။
" ပုံမှန်လူလတ်တန်းစားတွေစားသုံးတဲ့ မနက်စာမျိုးတွေက
မြင်ရတာထက် ပိုအရသာရှိပါတယ်အရှင်။
ဒီငယ်သားက အရှင့်ကို အပြောင်းအလဲလေးဖြစ်ပြီး ခံတွင်းတွေ့စေချင်လို့ပါ"
"ပြီးတော့ ဒီဟင်းပွဲတွေအကုန်လုံး ဒီငယ်သားလက်နဲ့ ကိုယ်တိုင်ချက်ပြုတ်ထားခြင်းပါ။ အရှင့် အကြိုက်တွေချည်းပါပဲ "
ဧကရာဇ်၏နှုတ်ခမ်းက ခပ်ထေ့ထေ့ပြုံးလျက်ပင်
"ကိုယ်တော်မကြိုက်ရင်တော့ မင်းရဲ့အထိန်းတော်နေရာကို အခြားတစ်ခြားကိုပေးဖို့ စဉ်းစားရလိမ့်မယ်"
လင်းရှောင်က အနည်းငယ် တုန်သွားပေမယ့်
တည်ငြိမ်စွာပင်ပြန်ဖြေလိုက်သည်။
ဧကရာဇ်မျက်ခုံးအသာပင့်လိုက်သည်။
သူ့ရှေ့ကကုန်းကုန်းငယ်မှာ မတုန်မလှုပ်ပဲ အလွန်ယုံကြည်ချက်ရှိနေပုံပင်။
သူမနေနိုင်ပဲ စားပွဲပေါ်မှ ရိုးရှင်းသောမနက်စာကို နောက်တစ်ခေါက်ပြန်ကြည့်မိသွားသည်။
အဆုံးမှာတော့ တူကိုမလိုက်ကာ ကြက်ဥကိတ်တစ်ခုအား ကိုက်၍အရသာခံကြည့်လိုက်သည်။
မမျှော်လင့်ထားစွာပဲ, အရသာကအတော်လေးကောင်းနေသည်။
ကြက်ဥကိတ်၏ အနည်းငယ်စပ်သောအရသာရှိပြီး တကယ်ကိုသူ့အကြိုက်ပင်။ ဆန်ပြုတ်မှာလည်း ခပ်ပေါ့ပေါ့လေးဖြင့်ပင်။ သူခါတိုင်းစားနေကျ ငှက်သိုက်ဆန်ပြုတ်လို အီလည်လည်ကြီးဖြစ်မနေပါ။
အလွန်လတ်လတ်ဆတ်ဆတ်ဖြင့် အရသာရှိသည်။
ဧကရာဇ်ရုတ်တရက် လင်းရှောင်အားကြည့်လိုက်မိရာ
ခေါင်းငုံ့နေရင်း သူ့အားခိုးကြည့်နေသော ကုန်းကုန်းငယ်လေးကိုတွေ့လိုက်ရသည်။
တကယ်တော့ သူအပြည့်အဝြကီးယုံကြည်ချက်ရှိနေတာမျိုးမဟုတ်ပေ။
ဘာကြောင့်မှန်းမသိထိုကုန်းကုန်းလေးအား
ဆက်ပြီးစိုးရိမ်မနေစေချင်တော့သည်မို့ ဧကရာဇ်မှာ တူကိုချလိုက်ကာ "သာမာန်လူတွေလို စားရတာလည်း တကယ်မဆိုးလှဘူးပဲ၊ အခုကစပြီး ကိုယ်တော့် အစားအသောက်တွေနဲ့ပါတ်သတ်လို့ မင်းပဲတာ၀န်ယူလိုက်တော့"
လင်းရှောင်၏မျက်လုံးလေးများက တောက်ပသွားပြီး ပြုံးလျက်အရိုအသေပေးလိုက်သည်။
"ငယ်သား နားလည်ပါပြီ"
ဧကရာဇ် ရယ်လိုက်မိတော့သည်။ ထို့နောက်တွင် ဤသေးငယ်သောကုန်းကုန်းလေး ပြန်ကောင်းလာတာမကြာသေးဘူးဟုတွေးမိလျှင်
"ကိုယ်တော် ဒီနေ့လည်ခင်းမှာ တရားရေးရာအမတ်ကြီးနဲ့
ဆွေးနွေးစရာရှိတယ်။ ဒါကြောင့်မို့ မင်းလည်းဘာမှထွေထွေးထူးထူးလုပ်မနေတော့ပဲ အဆောင်ပြန်ပြီးနားချေတော့။"
လင်းရှောင်က အံ့ဩသွားမိသော်လည်း မငြင်းလိုက်ပါချေ။
ဧကရာဇ်ထွက်ခွာသွားသည့်နောက် ရှောင်လိဇီအား သူ့ကိုယ်စား အရှင့်ကိုသေချာခစားရန်မှာထားခဲ့သည်။
သို့သော်လည်း အတောအတွင်းမှာ အလုပ်များလွန်း၍ လှုပ်မရခဲ့သော လင်ရှောင်မှာ အခုအားယားနေပြန်တော့
ဟိုတွေးဒီတွေးဖြင့်ရွပိုးလေးများထိုးလာသည်။
သူပထမဆုံးတွေးမိသည်က သူလက်စားချေချင်သည့် တစ်ဦးတည်းသောသူမှာ မိုရွီသာဖြစ်ပုံရသည်ဟု။
ထို့အပြင် ဒီလောက်ထိ သတင်းမကြားဘာမကြားရပဲ တိတ်ဆိတ်နေသည်မှာ မိုရွီ၏ပုံစံမဟုတ်။
သူမ၏အကျင့်ကိုသိနေတော့၊ သူမကအေးအေးဆေးဆေး နေတာနဲ့လုံး၀မအပ်စပ်သူဖြစ်ကြောင်းသိပြီးသားပင်၊
ကြည့်ရတာ တစ်စုံတစ်ယောက်က သူမကိုအကြံပေးပြီး ကူညီနေပုံပင်။
မိုရွီကိုကူညီချင်မည့်သူများအား လင်းရှောင်တွေးမိသည်မှာ
လန်ဝေ့နှင့် အမတ်ကြီးအပြင်မရှိပေ။
သို့သော် အမတ်ကြီးမှာ မင်းကြီးကအနားယူစေခြင်း ခေါင်းစဉ်တပ်ကာ အသွားအလာပိတ်၍ တိတ်တိတ်နေခိုင်းထားသော ကာလမို့ လက်လွတ်စပယ် လုပ်ရဲဦးမယ်မထင်။
သည်တော့ လန်ဝေ့သာလျှင်ကျန်တော့သည်။
ဧကရာဇ်ထံမှ သတိပေးခံရပြီးတာတောင် လန်ဝေ့မှာ မိုရွှီကိုစာတွေ ဆက်ပို့ချင်စိတ်ရှိနေဦးမည်ဟု မထင်ထားပေ။
ကြည့်ရတာ မိုရွီရဲ့ Mary Sueရောင်ဝါက အားကောင်းနေဆဲဖြစ်တာကြောင့်
လန်ဝေ့ကမျက်ကန်းလို မိုရွီအတွက် ဘာမဆိုလုပ်ရဲနေတာဖြစ်မည်။
ဒါပေမယ့် သူတို့ကို စာတွေပို့ပေးနေတာဘယ်သူလဲ။
လန်ဝေ့အရင်တုန်းက လာဘ်ထိုးပေးထားတဲ့ ကုန်းကုန်းတွေလည်းအရှင်းခံလိုက်ရပြီလေ။
ဒီလိုဆိုရင် လန်ဝေ့နောက်ထပ် လာဘ်ထိုးထားတဲ့သူက ဘယ်သူလဲ?
လင်းရှောင် အကြံအိုက်သွားသည်။
အတိတ်ဘ၀မှလန်ဝေ့၏ လက်ပါးစေတွေအကုန်လုံးကို သူသိသည်။ သို့သော်ထိုသည်က အတိတ်ဘ၀ကသာ။
မိုရွီက ချူရှိုးနန်းဆောင်မှ ထွက်လာနိုင်ခဲ့ပြီး တခြားနန်းဆောင်မှ ကုန်းကုန်းများနှင့်သိကျွမ်းခဲ့တာမို့ပင်။
ဤဘ၀တွင် မိုရွီမှာ ချူရှိုးနန်းဆောင်၌သာရှိသေးသည်။
ဒါကြောင့် လန်ဝေ့ကပဲ တခြားနန်းဆောင်က ကုန်းကုန်းတွေကို အတိတ်ဘ၀မှာလို လာဘ်ထိုးလိုက်သည်လား? ချူရှိုးနန်းဆောင်က ကုန်းကုန်းတွေပဲလားဆိုတာ မသိတောပေ။
လင်းရှောင်က အကြံအိုက်စွာ သူ့မေးကိုပွတ်သပ်နေစဉ်
အကြံတစ်ခုထွက်လာခဲ့သည်။
လက်ထဲမှ မြင်းမြှီးယပ်ကို ဝေ့ယမ်းလိုက်ပြီး နတ်ဆိုးလိုပြုံးလိုက်ကာ ထွက်လာခဲ့တော့သည်။
စာပို့ပေးမယ့် ကုန်းကုန်းတွေသာပြောင်းရင်ပြောင်းသွားမယ်။
စာပို့တဲ့နေရာကတော့ပြောင်းမှာမဟုတ်ဘူး။
ကံကောင်းစွာပင်, အတိတ်ဘ၀ကလင်းရှောင်က စာပို့ရာတွင် အကြိမ်များစွာကူညီခဲ့ဖူးသည်။ ဒါကြောင့်မို့ သူကနေရာတိုင်းကို ရှင်းရှင်းလင်းလင်းကို သိသည်။
သူ့လက်ထဲမှ မြင်းမြှီးယပ်ကိုယမ်းလျက် အရှေ့နန်းဆောင် ဂိတ်ပေါက်ဆီသို့သွားလိုက်သည်။
ဤနန်းဆောင်မှာ ကုန်သိုလှောင်ရေးအတွက် တာ၀န်ယူထားရသော ကုန်းကုန်း၏နေရာဖြစ်သည်။
ပထမဆုံးတွင် စာပို့ရာ၌မသိသာစေရန်
လင်းရှောင်ကအရင် အရှေ့နန်းဆောင်ဂိတ်ပေါက်ကို ယူသွားရသည်။ ထိုမှတဆင့် လန်ဝေ့ထံသို့ပို့လိမ့်မည်။
လတ်ဆတ်သောအသီးအနှံများရွေးရန်ဟုအကြောင်းပြကာ
စာကို လန်ဝေ့၏လက်ပါးစေတစ်ဦးထံထည့်ပေးလိုက်ရုံပင်။
လန်ဝေ့ဘက်မှ စာထည့်စရာရှိလျှင်လည်း ဤနည်းဖြင့်ပင် အရှေ့နန်းဆောင်ဂိတ်မှတဆင့် ပို့လာလိမ့်မည်။
မြွေကိုခြောက်ဖို့ မြက်ကိုမရိုက်မိသ၍တော့ လန်ဝေ့လာဘ်ထိုးထားသော ကုန်းကုန်းကို သူဖမ်းမိနိုင်သေးသည်။
ထိုနေရာတွင် ချီလန်ဟုခေါ်သော လူလတ်ပိုင်းအရွယ် ကုန်းကုန်းတစ်ဦးရှိနေဆဲ။ သူကထိုသိုလှောင်ရေးတွင် လုပ်ကိုင်သော လောဘကြီးသူတစ်ဦးဖြစ်သည်။
သူမှတဆင့် တွေ့ဆုံသူမှာ တော်၀င်စားဖိုဆောင်မှ
ရှောင်ကျိုးဇီပင်။
လင်းရှောင်သက်ပြင်းချမိသည်။
အကုန်လုံးကအရင်ဘ၀တုန်းကနဲ့အတူတူပဲဆိုမှတော့
လုပ်ရကိုင်ရလွယ်သွားတာပေါ့။ လင်းရှောင် မြင်းမြှီးယပ်ကိုခါယမ်းလိုက်ကာ မိမိအဆောင်သို့ပြန်လာလိုက်သည်။
ထို့နောက် သူမှတ်မိသမျှလူအကုန်လုံးကို အခေါ်တော်လွှတ်လိုက်လေသည်။
အထူးသဖြင့် တော်၀င်စားဖိုဆောင်က
ရှောင်ကျိုးဇီနဲ့ ရှောင်ကွေ့ဇီတို့ကိုပေါ။
ပြီးတော့ ကုန်သိုလှောင်တဲ့နေရာက ချီလင်း။
ပြီးတော့ ရှောင်ကျဲဇီနဲ့ ရှောင်ကျန်းဇီရောပါသည်။
တကယ်တော့ အနောက်ဆောင်မှာ ဟိုစပ်စပ်ဒီစပ်စပ် ထည့်ထားတဲ့ တခြားကုန်းကုန်းလေးတွေကိုလည်း သူမှတ်မိသေးတယ်။ ဒါပေမယ့် လင်းရှောင်ကတော့ လန်ဝေ့တစ်ယောက် သည်လောက်မြန်မြန်ကြီး လှုပ်ရှားနိုင်ဦးမယ်မထင်ပေါင်။
ဒါကြောင့်မခေါ်လိုက်တော့ပေ။
အခုလောလောဆည်သူခေါ်လိုက်တဲ့သူတွေက
စာပို့စာယူလုပ်တာတွေမှာ ကျိန်းသေပါ၀င်နေပြီး
ခေါင်းရှောင်လို့မရတဲ့သူတွေချည်းပဲဖြစ်သည်။
လင်းရှောင်က ခုံပေါ်တွင်ခန့်ခန့်ကြီးထိုင်ပြီး ကြမ်းပြင်ပေါ်တွင်ဒူးထောက်နေကြသူများကို ကြည့်လိုက်သည်။
တချို့ဝါရင့်သမာရင့်တွေကတော့ အမူအယာတောင်မပြောင်းဘူး။ တချို့ကျတော့အခေါ်ခံရကတည်းက ကြောက်လွန်းလို့တုန်နေပြီ။
လင်းရှောင်လည်းအမှန်တော့ စိတ်လှုပ်ရှားနေပေမယ့် ခပ်တည်တည်နဲ့ တစ်ယောက်ချင်းစီကိုလိုက်ကြည့်ပြီး
ကိုယ်တိုင်၀န်ခံလာမှာကိုစောင့်နေလိုက်သည်။
နောက်ဆုံးတော့ မနေနိုင်တော့သူတစ်ဦးက ခေါင်းအသာထောင်ကာမေးလာခဲ့သည်။
"အထိန်းတော်ကြီးလင်း, ကျွန်တော်တို့ကိုဘာအတွက်ခေါ်တာပါလဲခင်ဗျာ"
လင်းရှောင်က ခြောက်ကပ်ကပ်ရယ်လိုက်ကာ ပြန်မဖြေပေ။
ထိုအစား သူကထရပ်ကာ ထိုလူတွေရှေ့တစ်ပါတ်လောက် လမ်းပါတ်လျှောက်လိုက်သည်။
ထို့နောက်သူက ချူရှိုးနန်းဆောင်မှ ရှောင်ကျန်းဇီရှေ့တွင် ရပ်လိုက်ပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။
အခြားသူများနှင့်ယှဉ်လျှင် ရှောင်ကျန်းဇီမှာ အလွန်စိတ်လှုပ်ရှားနေပုံပင်။ လင်းရှောင်ကသူ့ကိုကြည့်လာသောအခါ
သူ၏ခြေလက်များသာမက တစ်ကိုယ်လုံး တုန်ရီနေသည်။
လင်းရှောင်၏အကြည့်တို့က သူ၏မျက်နှာမှ ရင်ဘတ်သို့တဖြည်းဖြည်းကျဆင်းသွားသည်။
ရှောင်ကျန်းဇီမှာ မလုံမလဲဖြင့် တဖက်သို့လှည့်ရှောင်ချင်သော်လည်း လင်းရှောင်လက်က လျှပ်စီးကဲ့သို့ပင်လှုပ်ရှားလိုက်သည်။
လျှက်တပြက်အတွင်း၌ ရှောင်ကျန်းဇီ၏ ၀တ်ရုံရင်ဘတ်အတွင်းမှ စာတစ်စောင်ကိုနှိုက်ထုတ်လိုက်တော့သည်။
လင်းရှောင်က လက်ကိုနောက်ပစ်လျက် လက်တစ်ဖက်ကမူစာကိုကိုင်ကာ နတ်ဆိုးလိုရယ်လိုက်ပြီးနောက် စာကိုစတင်ဖတ်လိုက်တော့သည်။
ဤသည်မှာ လန်ဝေ့မှမိုရွီထံရေးလိုက်သော စာအစစ်ပင်။
အများစုမှာ မိုရွီအား အားမငယ်စေရန်နှစ်သိမ့်ထားခြင်း ဖြစ်ပြီးအဆုံးနားတွင်တော့ သူမကို စိတ်ရှိတိုင်းလျှောက်မလုပ်ရန်နှင့် အမတ်ကြီးမှတစ်ခုခုမစဉ်းစားမိခင်အထိ စိတ်ရှည်ရှည်စောင့်ရန်ပြောထားခြင်းပင်။
စာကိုဖတ်လိုက်ရုံဖြင့် မိုရွီတစ်ယောက် ဘယ်လောက်တောင်ငိုယိုပြီး လန်ဝေ့ကို ဂျီကျထားကြောင်း သူတွေးလို့ရသည်။
လင်းရှောင်က စာကိုဆွဲထုတ်လိုက်သည်ကိုမြင်လျှင် ကုန်းကုန်းငါးယောက်စလုံးပြာသွားကြသည်။
လင်းရှောင်က မျက်မှောင်ကျုံ့လျက် ၄င်းတို့ကိုကြည့်ကာ ပြုံးလိုက်သည်။ သူ၏အပြုံးမှာငရဲမှတက်လာသလို အေးစက်နေပြီး စူးရှသောမျက်လုံးတို့ကမူ မြေခွေးတစ်ကောင်လိုဉာဏ်များလွန်းလှ၏။
အကုန်လုံးက သူတို့ကိုလင်းရှောင်ဘာကြောင့်ခေါ်လဲ ချက်ချင်းသိသွားကြသည်။ စာကြောင့်!
သူတို့အစကထင်ထားမှာ မိုရွီအတွက်စာပို့ပေးရသည်မှာ ဘာမှထွေထွေထူးထူးမဟုတ်ဘူးဟု။ အဆုံးမှာတော့သူမက နှစ်သက် ပစားပေးခံရတဲ့သူမှမဟုတ်တာ၊ မင်းကြီးလည်းဂရုတောင်စိုက်မှာမဟုတ်ဘူးလို့်။
ဒါပေမယ့်လည်းအခုတော့ အထိန်းတော်လင်းကမိသွားခဲ့ပြီ!
ဘယ်လိုနည်းနဲ့မှပေါ့သေးသေးကိစ္စမဟုတ်တော့။
စာကိုကြားကနေဟိုကနေဒီကိုပို့ပေးနေတဲ့သူတွေဟာလည်း
ကြီးကြီးသေးသေးအပြစ်ကတော့လွတ်မှာမဟုတ်။
အကယ်၍အမှုသေးရင်တော့ လင်းရှောင်ဆီကအပြစ်ပေးခံရရင်တောင် သူတို့အသက်နဲ့ခန္ဓာမြဲချင်မြဲဦးမယ်။
အမှုကြီးသာဆိုရင် ဧကရာဇ်နားဆီပေါက်သွားပြီး သူတို့အကုန်လုံး ခေါင်းဖြတ်ခံရလိမ့်မည်။
ထိုခဏတွင် သူတို့၏ကံကြမ္မာမှာ လင်းရှောင်လက်ထဲသို့ရောက်သွားတော့သည်။
ဒါကိုတွေးမိတဲ့သူတွေကတော့ လင်းရှောင်ကိုအပြေးအလွှားဒူးထောက်ကာ ခြေထောက်ကိုဖက်ကုန်ကြသည်။သူတို့ကမျက်ရည်များ နှပ်ရည်များဖြင့်စိုးရွှဲကာ ခွင့်လွှတ်ပေးရန် ပြာပြာသလဲတောင်းပန်ကြတော့သည်။
ကျန်တဲ့ခေါင်းမာသူတွေကတော့ မျက်နှာတွေဖြူဖျော့နေပေမယ့် ဘာမှပြောမလာကြ။
လင်းရှောင်က ဒီလူတွေကို အေးစက်စွာကြည့်လိုက်ပြီး
သူ၏ခြေထောက်တွင်ဖက်တွယ်နေသော အရူးနှစ်ယောက်ကိုကန်ထုတ်လိုက်သည်။