အပိုင်း ၂၀၂
Viewers 92k

Chapter 202




နှလုံးသားချင်း ဆက်နွယ်မှု၏ အလှတရားကို တမေ့တမော ခံစားနေကြသည့်အတွက် သူတို့ရှေ့သို့ မတော်တဆ ဖြစ်စေ၊ တမင်တကာဖြစ်စေ ဖြတ်လျှောက်နေကြသော ဝန်ထမ်းအားလုံး တအံ့တဩ ဖြစ်ကုန်ကြတော့၏။ 


ရှောင်ကျားရှုကို ကြည့်ရတာ တအားပျော်နေတဲ့ပုံပဲ သီချင်းတောင် ဆိုလိုက်သေးတယ် ဒါက လူချမ်းသာမိသားစုရဲ့ စွန့်ပစ်ခံသားတစ်ယောက် ဖြစ်ရမယ့်ပုံစံ မဟုတ်ဘူးလေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ... 


များမကြာမီမှာပင် တရုတ်ပြည်၏ နံပါတ်တစ် ပါပါရာဇီအဖွဲ့က ထုတ်ပြလာသည့် အချက်အလက်များကြောင့် ယခင်ကတည်းက ဆူပူအုံကြွနေပြီးဖြစ်သော လူထု၏ စိတ်ဝင်စားမှုတို့ အထွတ်အထိပ်အထိ ရောက်သွားတော့သည်။ ဤအဖွဲ့မှာ အရှောင်အတိမ်းကောင်းရာ၌ နာမည်ကျော်လှကာ သူတို့ ဓာတ်ပုံမရိုက်နိုင်သည့် စတားဟူ၍ မရှိ၊ သူတို့ မရနိုင်သည့် မကောင်းသတင်းဟူ၍ မရှိ။ သူတို့ တင်သမျှတိုင်းသည် အနုပညာလောကကို ကိုင်လှုပ်နိုင်သည့် သတင်းကြီးများသာ ဖြစ်ပေသည်။ ပြီးခဲ့သည့်နှစ်က အနုပညာလောက၏ ထိပ်တန်းအတင်းအဖျင်း ဆယ်ခုအနက် ခြောက်ခုမှာ ထိုအဖွဲ့၏ လက်ချက်ပင် ဖြစ်ပေသည်။ ဖရဲသီးစားသူများက ဤအဖွဲ့၏ စွမ်းရည်ကို ခြွင်းချက်မရှိ ယုံကြည်သည့်အတွက် ထိုသတင်းတွင် ပါဝင်သည့် စတားတို့၏ ပရိသတ်များမှအပ သူတို့၏ သတင်းကို မည်သူကမှ ယုံမှားသံသယ မရှိကြပေ။ 


[ဒီပုံထဲက မိန်းမက ချန်းမန်နီ ဖြစ်နေလိမ့်မယ်လို့ ထင်ကို မထင်ထားဘူးဟေ့ ] 


ကြောက်လန့်လွန်း၍ စားလက်စ ဖရဲသီးများပင် ပြုတ်ကျသွားပြီဟု တစ်ညီတစ်ညာတည်း ဆိုလာကြတော့၏။ 


သူတို့ မယုံနိုင်သည့်တိုင် ရှင်းလင်းပြတ်သားလှသည့် ဓာတ်ပုံမှာ အတုလုပ်ထားခြင်း မဟုတ်နိုင်၊ ကာလအားဖြင့်လည်း နှစ် ၂၀ ကျော် ကြာမြင့်ကာ ထိုပုံများအားလုံးမှာ လူငယ်ဘဝမှသည် သက်လက်ပိုင်းဘဝအထိ ဒွိဟဖြစ်ဖွယ် ကောင်းစွာ ရင်းနှီးပူးကပ်ကာ ပြုံးရယ်နေကြသည့် သူမနှင့် ရှောင်ချီကျဲ၏ ဓာတ်ပုံများ ဖြစ်ပေသည်။ မြောက်များစွာသော ဓာတ်ပုံများတွင် လျှိုရီလိန်၏ ပုံများလည်း ပါဝင်နေရာ သူတို့၏ ဆက်ဆံရေးကို ကလေးထံ ဖုံးကွယ်မထားကြောင်း သိသာလှသည်။ သို့သော် တရုတ်တွင် တွေ့ဆုံခဲလှကာ အကယ်၍ တွေ့လေတိုင်းလည်း သင့်လျော်သည့် အကွာအဝေးတစ်ခု ခြားထားကြသည်။ 


ဓာတ်ပုံ၏ နောက်ခံရှုခင်းအများစုမှာ နိုင်ငံရပ်ခြား ဒေသများဖြစ်ကာ တစ်ကမ္ဘာလုံးအနှံ့ ခရီးသွား၍ အမှတ်တရကောင်းများ ချန်ထားခဲ့ကြသည့်ဟန်။ သူတို့ကို မရင်းနှီးသူများအဖို့ ဤစုံတွဲမှာ အချင်းချင်း လွန်စွာ ချစ်ခင်ကြသည်ဟုသာ ထင်ကြမည်ဖြစ်သည်။ 


လူသိများမှုအရာတွင် ရွှယ်မြောင်သည် လူထုတစ်ခုလုံးက ရင်းရင်းနှီးနှီး မြင်တွေ့သိရှိဖူးသည့် မင်းသမီးတစ်ယောက် ဖြစ်သော်လည်း ချန်းမန်နီမှာမူ နိုင်ငံရပ်ခြားတွင်သာ တစ်နှစ်ပတ်လုံး နေထိုင်ကာ  ခပ်လျှိုလျှို နေတတ်သည့် နိုင်ငံတကာ အသိအမှတ်ပြု အနုပညာရှင် ဖြစ်ပေသည်။ သူမ၏ ဘဝမှာ လွန်စွာ လျှို့ဝှက်သည့်အပြင် ရွှယ်မြောင်ထက်လည်း ဂုဏ်သတင်း ကြီးမားသေးသည်။  အနုပညာရှင်နှင့် နာမည်ကျော်သရုပ်ဆောင် ဟူသည်မှာ အမြဲလိုလို မတူညီသည့် အဆင့်အတန်းနှစ်ခုပင် ဖြစ်ပေသည်။ 


အမြှောင်မယား ဖြစ်နေကြသော ကြယ်ပွင့်များ အများအပြား ရှိသော်ငြား အနုပညာရှင်တို့၏ အကျင့်စာရိတ္တပိုင်းဆိုင်ရာနှင့် ပတ်သက်၍မူ မီဒီယာတွင် တွေ့ခဲလှသည်။ ထို့ကြောင့်လည်း လူထု၏ စိတ်ဝင်စားမှု ရုတ်ချည်း မြင့်တက်လာရခြင်း ဖြစ်ပေသည်။ လူထုသည် အမြဲ သူတို့ ယုံကြည်လိုသည့် အချက်ကိုသာ ယုံကြည်ကြရာ သက်သေအထောက်အထား ခိုင်လုံသည့်တိုင် သူတို့၏ အကြိုက်နှင့် မကိုက်ညီပါလျှင် ထိုသုံးသပ်ချက်ကို လုံးဝ လက်မခံကြပေ။ ရံဖန်ရံခါတွင် အလွယ်တကူ လှည့်စားခံရသော်ငြား တစ်ခါတစ်လေတွင်မူ သူတို့၏ ထင်ကြေးအပေါ် လွန်စွာ ခေါင်းမာတတ်လှပေသည်။ 


အခု အတင်းအဖျင်းနှစ်ခုမှာ ဘယ်ဟာက ပိုစိတ်ဝင်စားဖို့ ကောင်းမယ်ထင်လဲ ကြယ်ပွင့်ရဲ့ သတင်းလား ဒါမှမဟုတ် အနုပညာရှင်ရဲ့ အတင်းလား ... 


အားလုံး ရွှယ်မြောင်အကြောင်း မေ့လျော့ကာ ချန်းမန်နီ၏ Weibo ကိုသာ တရစပ် ထိုးစစ်ဆင်လိုက်ကြ‌ပြန်တော့သည်။ အချို့က သူမ၏ ခင်ပွန်းဟောင်းကို ဖောက်ပြန်ကာ ရှောင်ချီကျဲ၏ တရားမဝင်သား လျှိုရီလိန်ကို မွေးခဲ့သလားဟုပင် မေးလာကြတော့သည်။ သို့မဟုတ်ပါလျှင် ရှောင်ချီကျဲသည် သားအရင်းကို ဆယ်နှစ်ကျော်ကြာ နိုင်ငံခြား ပို့ထားပြီး ကွယ်လွန်သူ၏ သားကို ဂရုစိုက်ပေးလိမ့်မည် မဟုတ်ချေ။ 


[ငါတို့ ရှောင်ရှုလေးအတွက် စိတ်မကောင်းလိုက်တာ ပြီးတော့ ငါတို့ရဲ့ နတ်ဘုရားမ အတွက်ရောပဲ နတ်ဘုရားမနဲ့ ချန်းမန်နီက ရုပ်ရည်ရော စိတ်နေစိတ်ထားရော တူကြတယ်ကွာ နှစ်ယောက်လုံးက လက်လှမ်းမမီနိုင်လောက်အောင်ကို ကျက်သရေရှိတဲ့ အလှလေးတွေ ရှောင်ချီကျဲကတော့ တကယ်ပဲနော် သူ့မှာ တစ်ယောက် ရှိပြီးသားကိုတောင် နောက်တစ်ယောက် ထပ်လိုချင်သေးတယ် သူက လူကို မဟုတ်လောက်ဘူး] 


ပရိသတ်များ၏ ပစ်မှတ်သည် ရှောင်ချီကျဲ ဖြစ်လာတော့သည်။ 


ရှောင် ဆေးဝါးလုပ်ငန်းစု၏ တရားဝင် Weibo စာမျက်နှာက ချက်ခြင်းပင် ရှောင်ချီကျဲနှင့် လျှိုရီလိန်အကြား သားအဖ ဆက်ဆံရေး မရှိဟုဆိုကာ DNA စစ်ဆေးချက် ရလဒ်များကိုပါ တစ်ပါတည်း ပူးတွဲ တင်ပြလာတော့သည်။


အိုး သူက ရှောင်ချီကျဲရဲ့ တရားမဝင်သား မဟုတ်ဘူးပေါ့ ဒီ DNA စစ်ဆေးချက်က ဘာကို သက်သေပြနိုင်မှာလဲ ရှောင်ချီကျဲနဲ့ ချန်းမန်နီက အပြစ်ကင်းတယ်လို့ သက်သေပြ‌လေ လာစမ်းပါ ဓာတ်ပုံထဲမှာ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတာတွေ ပြီးတော့ ဟော်တယ်ထဲ ဝင်ထွက်နေတာတွေတောင် ပါနေတာ အဲဒီ့အထဲမှာ နှစ်ရက်သုံးရက်လောက်တောင် နေကြတာက စောင်အတူတူခြုံပြီး စကားပြောရုံလေးပဲပေါ့ ဟုတ်လား ဒါသာ အမှန်ဆိုလို့ကတော့ live လွှင့်ပြီးတောင် ချီးစားပြလိုက်ဦးမယ် ] 


ဖရဲသီးစားကြသူများမှာ တရားဝင် Weibo ၏ ရှင်းလင်းချက်ကိုပင် မယုံကြည်နိုင်ကြ။ တွေးလေလေ ရွှယ်မြောင်ကို သနားမိလာလေပင်ဖြစ်သည်။ 


ယောကျာ်းက ပထမဇနီးကိုရော ဒုတိယဇနီးကိုရော ဖောက်ပြန်ခဲ့တယ် ပြီးတော့ ဖောက်ပြန်တာကလည်း လူတစ်ယောက်တည်းနဲ့ ဒါက အချစ်စစ်ရဲ့ စွမ်းပကားလား နိုး နိုး နိုး တွေ့ဖူးသမျှထဲတော့ ဒီလို ရွံစရာကောင်းတဲ့ အချစ်မျိုးကို ပထမဆုံး တွေ့ဖူးတာပဲ ... 



ရှောင်ဆေးဝါးလုပ်ငန်းစု၏ ပို့စ်အပြီးတွင် ရှောင်တင်းပန်းက သူ့ကိုယ်ပိုင် Weibo မှ တစ်ဆင့် ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်သည်။ 


[အဖေနဲ့ အန်တီရွှယ်က အမေဆုံးပြီး ခြောက်လအကြာ ၂၀xx ဇွန်လမှ စတွေ့ခဲ့တာ ဆိုတော့ သူမက အမြှောင်မယားဆိုတာ လုံးဝ မဟုတ်ဘူး သူမနဲ့ အဖေရဲ့ ထိမ်းမြားမှု ပျက်ပျက် မပျက်ပျက် သူမက အမြဲတမ်း ကျွန်တော့်ရဲ့ မိသားစုဝင် ရှောင်ရှုက ကျွန်တော့်ရဲ့ ညီငယ်လေးပါပဲ ..." 


သူ့ပို့စ်တွင် ချန်းမန်နီအကြောင်း တစ်ခွန်းမျှပင် မပြော။ ထိုအရေးကိစ္စတွင် ဝင်ပါလိုခြင်း အလျဉ်းရှိဟန်မတူ။ သို့သော် ဟုန်မိသားစုကလည်း ချန်းမန်နီနှင့် ပူးပေါင်းထားသည်များ အားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလာပြန်သည်။ ငွေကြေးပိုင်းဆိုင်ရာတွင် ဟုန်မိသားစုသည်လည်း ရှောင်ဆေးဝါးလုပ်ငန်းစုထက် မနိမ့်ကျလှ။ ထို့အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှုကို လူအများ သိရှိလာအောင် တစ်နှစ်ပတ်လုံး စည်းရုံးလှုပ်ရှားပေးကာ အနုပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများစွာကိုလည်း ကြီးကြီးမားမား အထောက်အပံ့ ပေးတတ်သူဖြစ်ပေသည်။ 


ဟုန်မိသားစု၏ အကူအညီကြောင့်သာ ချန်းမန်နီတစ်ယောက် နိုင်ငံတကာ စင်မြင့်ပေါ် ရောက်ရှိကာ ထင်ပေါ်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ အကြွေးများကို အမြန်ဆုံး ပြန်ဆပ်နိုင်ရန် အလို့ငှာ ကြိုးကြိုးစားစား အလုပ်လုပ်ကာ နှစ်နှစ်လျှင် စန္ဒယားဖျော်ဖြေပွဲ ငါးပွဲမှ ဆယ်ပွဲအထိ ကျင်းပခဲ့ပြီး ဟုန်အုပ်စုသည် သူမ၏ အကြီးမားဆုံး ထောက်ပံ့သူ ဖြစ်ပေသည်။ 


သူ နှစ်ပေါင်းများစွာ ထောက်ပံ့လာခဲ့သည့် မိန်းမမှာ သူ့သမီးကို သေစေခဲ့သည့် မယားငယ်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဟုန်အကြီးအကဲမှာ သွေးပွက်ပွက်အန်သည်အထိ ဒေါသတို့ ဆူဝေသွားတော့သည်။ ထို့အပြင် သူနှင့် သူ့မြေးကို လှည့်ဖျားခဲ့သည့် ရှောင်ချီကျဲအားလည်း မုန်းတီးလာတော့၏။ ချန်းမန်နီကို ထောက်ပံ့ထားသည်များအား ရပ်စဲလိုက်ခြင်းသည် ပထမဆုံးခြေလှမ်းမျှသာ ဖြစ်ပြီး တစ်ဆင့်ချင်း စာရင်းရှင်းဦးမည် ဖြစ်ပေသည်။ 


ဟုန်မိသားစု၏ တုန့်ပြန်ချက်မှာ ချန်းမန်နီသည် ရှောင်ချီကျဲနှင့် ဖောက်ပြန်ကာ ဟုန်ရင်ကို သေစေခဲ့သူဖြစ်ကြောင်း ထောက်ခံလိုက်သည်နှင့် အတူတူပင် ဖြစ်သည့်အတွက် သူမ၏ ပရိသတ်များသည်ပင်လျှင် အငြင်းမပွားရဲတော့။ ဖရဲသီးစားသူများမှာတော့ တပျော်တပါး စောင့်ကြည့်နေလိုက်ကြတော့သည်။ 


ရှောင်ချီကျဲရဲ့ ဇနီးနှစ်ယောက်စလုံးက သူမကြောင့် သွားပုတ်လေလွင့် အပြောခံရတဲ့အပြင် သားနှစ်ယောက်လုံးကလည်း သူစိမ်း လျှိုရီလိန်နဲ့တောင် မယှဉ်နိုင်ဘူး ချန်းမန်နီက တကယ်ကို အစွမ်းရှိတာပဲ ... 


သူမ၏ ပျက်ယွင်းသွားသော ဂုဏ်သတင်းနှင့်အတူ အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်း ချက်ခြင်း ပျက်စီးသွားတော့သည်။ ယခုနှစ်တွင် စန္ဒယား ဖျော်ဖြေပွဲ ၁၅ ပွဲ ပါရှိမည့် တစ်နိုင်ငံလုံးအနှံ့ နယ်လှည့်ဖျော်ဖြေပွဲ ကျင်းပရန် ပြင်ဆင်ထားကာ လက်မှတ်အများစုကို ‌ရောင်းချပြီး ဖြစ်သော်ငြား ဟုန်အုပ်စုက ရင်းနှီးမြှုပ်နှံမှုကို ရပ်စဲလိုက်သည့်အတွက် ပြဇာတ်ရုံ ငှားရမ်းရန်၊ ဝန်ထမ်းခန့်ထားရန်နှင့် ဇာတ်စင်တည်ဆောက်ရန် ကုန်ကျစရိတ်များကို တတ်နိုင်ခြင်း အလျဉ်းမရှိတော့။ ထောက်ပံ့ပေးမည့်သူ အသစ်တစ်ယောက်ကိုသာ အမြန်ဆုံး မရှာဖွေနိုင်ပါလျှင် ဖျော်ဖြေပွဲ ၁၅ ပွဲလုံး အလဟဿဖြစ်ကာ ရေစုန်မျောသွားရတော့မည်ဖြစ်သည်။ ပရိသတ်၏ ဆုံးရှုံးမှုကိုလည်း မည်သူမှ ပြန်လည်ပေးလျော်နိုင်မည် မထင်။ 


သူမ၏ လက်ရှိအခြေအနေမှာ အပူမီးဝိုင်းရုံမျှသာ ရှိပေသေးသည်။ သူမနှင့် အတူတူ အလုပ်တွဲလုပ်ခဲ့သည့် မိတ်ဆွေ တစ်ဒါဇင်နီးပါးခန့်ကို ဆက်သွယ်ခဲ့သော်ငြား တစ်ယောက်ကမှ သူမကို မကူညီရဲ။ အကျိုးအမြတ် မရသည့် စီးပွားရေးကို လုပ်ရဲမည့်သူ ရှိအံ့မထင်။ 


ချန်းမန်နီကို ဟိုးအရင်ကလို တောက်ပဝင်းလက်တဲ့ အနုပညာရှင်လို့ ထင်နေသေးတာလား အခု တရုတ်ပြည်က လူတွေက သူမကို "ကမ္ဘာ့အသန်မာဆုံး မယားငယ်" လို့တောင် ခေါ်နေကြပြီလေ ဘာလို့လဲ သိလား ရှောင်ချီကျဲရဲ့ ဇနီးနှစ်ယောက်လုံးကို အလဲထိုးနိုင်ပြီး သားအရင်းကိုပါ သူစိမ်းလို ဆက်ဆံစေနိုင်လို့ပေါ့ သူမက တကယ်ကို တော်လွန်းတယ်လို့ မထင်မိဘူးလား ...


ချန်းမန်နီမှာ ရူးသွားတော့လုမတတ်ပင်။ အဆက်မပြတ် တိုးပွားလာသော ရုန့်ရင်းကြမ်းတမ်းသည့် ဆဲရေးစကား မှတ်ချက်များကို ပိတ်ချကာ ရှောင်ချီကျဲကိုသာ အကူအညီ တောင်းလိုက်တော့သည်။ ရှောင်ချီကျဲ သူမကို ဘယ်တော့မှ ပစ်ထားမည် မဟုတ်ဟု အထင်မှားနေဟန်။ နှစ် ၂၀ ကျော် ကြာမြင့်ပြီးနောက် သူမက သူကို အကြပ်ကိုင် ခြိမ်းခြောက်ခဲ့ခြင်းသာဖြစ်ကြောင်း မေ့လျော့သွားတော့သည်။  


အခု ခြိမ်းခြောက်တာက အလုပ်မှ မဖြစ်တော့တာ ရှောင်ချီကျဲက သူမစကားကို နားထောင်နေဦးမှာတဲ့လား သေချာပေါက်ကို မဟုတ်ဘူးပေါ့ ... 


အိမ်ဟောင်းသို့ ပြန်လာကာ အကြီးအကဲအား အကြောင်းစုံ ရှင်းပြပြီးနောက် ရှောင်ချီကျဲမှာ စိတ်သက်သာရာ ရသွားသည့်ဟန် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့နှလုံးသားထဲရှိ ဝန်ထုပ်ဝန်ပိုးအားလုံး ပျောက်ကွယ်သွားသည့်ဟန်ပင်။ 


အဲဒီ့အချိန်တုန်းက သူသာ မြောင်မြောင်ကို ဝန်ခံခဲ့မိရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ သူ့ကို မုန်းလို့ အဝေး ထွက်သွားဦးတော့ အခုလို သူစိမ်းတွေ ဖြစ်သွားမှာနဲ့စာရင် အများကြီး ကောင်းသေးတယ် မဟုတ်လား ... 


ပြီးတော့ သူ့ရဲ့ အချစ်ဆုံးသားကိုပါ ဆုံးရှုံးလိုက်ရတယ် ဒါကိုတောင် ဘယ်အချိန်မှ နားလည်ခဲ့မိမှန်း မသိခဲ့ဘူး သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ နှလုံးသားထဲ‌မှာတော့ ရှောင်ကျားရှုက သူအချစ်ရဆုံးသားပဲ သူ့သားကို ချစ်တဲ့ အချစ်တွေနဲ့ သူ့အပေါ် အပြစ်မကင်းတဲ့ စိတ်တွေက တိုက်ရိုက် အချိုးကျနေခဲ့လို့လည်း ဆယ်နှစ်လုံးလုံး သူနဲ့ မျက်နှာချင်း မဆိုင်ရဲခဲ့တာ ... 


ဒါပေမယ့် အခုတော့ အားလုံး မူလအတိုင်း ပြန်ဖြစ်ပြီး ထိုက်သင့်တဲ့ ရလဒ်တွေ ခံစားရစေဖို့ သူလုပ်သင့်တာကို လုပ်ရတော့မယ် ... 


ထိုသို့တွေးကာ စာရင်းသွင်းပြီးကတည်းက တစ်ခါမှ ဖွင့်မကြည့်ဘူးသည့် Weibo account တွင် စာအရှည်ကြီးတစ်ပုဒ် တင်လိုက်သည်။ 


[ကျွန်တော့်ရဲ့ ဇနီးဟောင်း ဟုန်ရင်၊ အကြီးဆုံးသား ရှောင်တင်းပန်း၊ ဒုတိယဇနီး ရွှယ်မြောင်၊ သားငယ် ရှောင်ကျားရှုတို့ကို ဒီနေရာကနေပဲ တကယ်ကို လေးနက်စစ်မှန်တဲ့ စိတ်ရင်းနဲ့ အနူးအညွတ် တောင်းပန်ပါရစေ နှစ် ၂၀ လုံးလုံး ကျွန်တော်ရဲ့ ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အဖြစ် ကျေပွန်ရမယ့် ဝတ္တရားတွေကို ပျက်ကွက်ခဲ့မိတယ် ပြီးတော့ သူတို့ ဘယ်လိုနည်းနဲ့မှ မကြုံတွေ့သင့်တဲ့ နာကျင်မှုတွေကို အမျိုးမျိုး အဖုံဖုံ ခံစားမိစေခဲ့တဲ့အတွက်လည်း နက်နက်ရှိုင်းရှိုင်းကို စိတ်မကောင်းဖြစ်ရပါတယ် တကယ် တကယ်ကို ပြောမပြတတ်လောက်အောင် အပြစ်ရှိတဲ့စိတ်ကို ခံစားနေရပါတယ် မစ္စစ်ချန်းမန်နီနဲ့ ဆက်ဆံရေးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဖြတ်တောက်ပြီးဖြစ်ပြီးတော့ အခု နှစ်ယောက်လုံး ကိုယ့်လမ်းကြောင်းကိုယ် လျှောက်နေကြပါပြီ ဒါကြောင့် ကျွန်တော့်မိသားစုကို ဝေဖန်တိုက်ခိုက်နေတာတွေ ရပ်ပြီးတော့ အေးအေးဆေးဆေး နေခွင့်ပေးဖို့ ဒီနေရာကနေပဲ တောင်းဆိုပါရစေ အားလုံးကို ‌တာဝန်ယူ ခေါင်းခံရမယ့်သူက ကျွန်တော် တစ်ယောက်တည်းပါပဲ] 


ထိုပို့စ် ထွက်လာပြီးနောက် ရှောင်ဆေးဝါးလုပ်ငန်းစုကလည်း ရှောင်ချီကျဲ နှုတ်ထွက်သည့် ကြေငြာစာနှင့်အတူ သူ့အမည်အောက်ရှိ ရှယ်ယာများကို သုံးစု အညီအမျှခွဲကာ ဇနီးဟောင်း ရွှယ်မြောင်၊ အကြီးဆုံးသား ရှောင်တင်းပန်းနှင့် သားငယ် ရှောင်ကျားရှုတို့ထံ လွှဲအပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်တော့သည်။ ပိုင်ဆိုင်မှုကိုပါ အညီအမျှ ခွဲဝေပေးသည့်အတွက် သူ နှုတ်ထွက်ခြင်းမှာ အစစ်အမှန်ဟု ယူဆ၍ ရပေသည်။ 


ထိုသတင်းက အရှုပ်အထွေးအားလုံး၏ ထိပ်ဆုံးအထိ ရောက်ရှိသွားတော့သည်။ ဖောက်ပြန်သည့် ဆန်ကုန်မြေလေးကောင် အများအပြား ရှိသော်ငြား အမှားကို ဝန်ခံရဲသူမှာ လက်တစ်ဆုပ်စာမျှပင် မရှိ။ ဆန္ဒရမ္မက်ကို မထိန်းချုပ်နိုင်သည့် ယောကျာ်းတို့၏ သဘာဝဟု‌ ပြောလျှင်ပြော၊ သို့မဟုတ်ပါလျှင် သူတို့ကို တမင်တကာ ဆွဲဆောင်ဖျားယောင်းပါသည်ဟု မိန်းမများကိုသာ အပြစ်တင်တတ်ကြရာ ... 


ရှောင်ချီကျဲကဲ့သို့ ဝန်ချတောင်းပန်မှုမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည့်အတွက် လူအများအတွက်မူ ဤသည်မှာ ရှားပါးဖြစ်ရပ်ပင်။ လူထု၏ အမြင် အထူးသဖြင့် လက်ထပ်ထိမ်းမြားသည့် ကိစ္စရပ်များအပေါ် လူထု၏ အမြင်သည် အမျိုးသားများအပေါ် ပိူမိုကာ သက်ညှာမှု ရှိပေသည်။ ယောက်ျားများ ဖောက်ပြန်ပါလျှင် ခွင့်လွှတ်၍ ရသော်ငြား မိန်းမများ ဖောက်ပြန်ပါလျှင်မူ သေသည်အထိ ရိုက်သတ်သင့်သည်ဟူသော သဘောထားများမှာ အားလုံး လက်ခံထားသည့် အမှန်တရားတစ်ခုပင်။ ထို့ကြောင့် ရှောင်ချီကျဲ၏ တောင်းပန်လွှာက အများပြည်သူ၏ နားလည်မှုကို ပိုင်ဆိုင်ကာ သူ့ကို "ယောကျာ်းကောင်း" ဟု ချီးကျူးသူများပင် ရှိလာတော့သည်။ 


အချိန်ကိုက် တာဝန်ယူလိုက်ခြင်းကြောင့် ရှောင်ဆေးဝါးလုပ်ငန်းစုအပေါ် ကျရောက်လာမည့် အဆိုးမြင်မှုများလည်း လျော့နည်းသွားတော့သည်။ ၎င်းမှာ မကောင်းသတင်းမျှသာဖြစ်ကာ အမှန်တကယ် ပါဝင်ပတ်သက်သူမှာလည်း ရှယ်ယာများ လွှဲပြောင်းကာ နှုတ်ထွက်သွားပြီဖြစ်ပေသည်

။ 


ထိုအခါ လူထု၏ တိုက်ခိုက်မှုအားလုံး ချန်းမန်နီထံ ဦးတည်လာကြပြန်တော့သည်။



Xxxxx