အပိုင်း ၇၄ (End)
Viewers 10k

Chapter 74 (The End)


ဟယ်ကျစ်ယွမ်က ဆန်ပြုတ်တစ်ဇွန်းကို ခွံ့ကျွေးလိုက်သည်။ 


" ကိုယ် သူ့ကို ကျောင်းပို့လိုက်ပြီ..."


" ဟင်..."


စုန့်ရန် ခေါင်းထောင်ကြည့်လိုက်သောအခါ ဟယ်ကျစ်ယွမ်က ညဝတ်အင်္ကျီမဟုတ်ပဲ ရှပ်အင်္ကျီတစ်ထည်ကို ကြယ်သီးတစ်လုံးဖြုတ်၍ ဝတ်ဆင်ထားခြင်းဖြစ်သောကြောင့် အပြင်သွားခဲ့ကြောင်း သိသာပေသည်။ ရုတ်တရက် သူ့စိတ်ထဲ ချဉ်တူးသွားမိသည်။


" ကလေးစုတ်လေး အခု သု့အဖေပြန်ရောက်လာတော့ အစ်ကိုကြီးကို မေ့သွားပြီပေါ့... သူ ကျွန်တော့်ကို 'ကောင်းသောမနက်ခင်းပါ' ဆိုပြီး လာပြောဖို့တောင် သတိမရတော့ဘူး..."


ဟယ်ကျစ်ယွမ် အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ 


" သူ လာပြောတုန်းက မင်း အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ပြန်တောင်မဖြေနိုင်ဘူးလေ... မျက်နှာတစ်ဝက်လောက်မှာ သွားရည်တွေနဲ့ပြည့်နေလို့ ကိုယ်တောင် သုတ်ပေးလိုက်သေးတယ်... မုန်ညင်းချဉ်စားမလား တို့ဟူးစားမလား..."


" မုန်...မုန်ညင်းချဉ်..."


စုန့်ရန်၏စိတ်ထဲ အနည်းငယ်နေရခက်သွားပြီးနောက် ပါးစပ်ဟကာ ဆန်ပြုတ်တစ်ဇွန်းသောက်ပြီးနောက် မုန်ညင်းချဥ်ကိုပါ ဝါးစားလိုက်သည်။ သူ့မျက်လုံးထောင့်မှ ဟယ်ကျစ်ယွမ်၏ လက်ပတ်နာရီထံသို့အကြည့်ရောက်သွားသည့်အခါ အံ့ဩလွန်း၍ စားလက်စများကိုပါ ထွေးထုတ်မိမတတ်ဖြစ်သွားသည်။


" နေ့လယ်တောင်ရောက်ပြီလား... ကျွန်တော် တစ်မနက်လုံး အိပ်နေတာပေါ့..."


" သေချာစားပါ စကားမပြောနဲ့... ပြီးတော့ မနင်စေနဲ့ဦး..."


ဟယ်ကျစ်ယွမ်၏ သူ၏ပါးဖောင်းဖောင်းလေးကိုထိ၍ သတိပေးလိုက်သော်လည်း သူ့လေသံက အလွန်ငြင်သာနေသည်။ 


" မင်း အေးအေးဆေးဆေးအိပ်ဖို့အခွင့်အရေးက တော်ရုံမရဘူး... ဘာမှမဖြစ်ပါဘူး မင်း မနေ့ညက ကြိုးစားခဲ့တာပဲ..."


မှန်ပေသည်။ သူ အလွန့်အလွန် ကြိုးစားခဲ့ရသည်။ 


စုန့်ရန် ရှက်ရှက်နှင့် ဆန်ပြုတ်ကို မျိုချလိုက်သော်လည်း မည်သို့စကားဆက်ရမည်မသိ ဖြစ်သွား၍ အသည်းအသန်စဉ်းစားနေသည်။ သူ ရိုးသားစွာဖြင့် နှိမ့်ချပြီးပြောလိုက်သည်။


" မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး... ကျွန်တော် အလုပ်မကြိုးစားခဲ့ရပါဘူး... ပြီးတော့ ကျွန်တော်က ဘာမှသိပ်မလုပ်လိုက်ရဘူးလေ လှဲပဲလှဲနေပြီးတော့ ခင်ဗျားကပဲ... အမ် ခင်ဗျားပဲ လှုပ်ရှားနေခဲ့ရတာပါ... လူကြီးမင်းဟယ်က ကြိုးစားခဲ့တာမို့ ကိုယ့်ဘာသာပဲစိတ်ပူပါ... ကျွန်တော့်ကို သိပ်မစိုးရိမ်ပါနဲ့ ကျွန်တော် ပင်ပန်းပြီး မသေပါဘူး..."


“…”


စုန့်ရန်က ရံဖန်ရံခါတွင် အတက်ကြွလွန်နေ၍ သူ့စကားလုံးများကို သတိမထားမိပဲ ရမ္မက်မီးတောက်ကို ယပ်တောင်ဖြင့် ခတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ဟယ်ကျစ်ယွမ်၏ အသက်ရှုသံမြန်ဆန်သွားပြီး သူ့အကြည့်က စုန့်ရန်၏ မက်မွန်သီးရှိရာသို့ရောက်သွားပြီး ပေါင်မှ ကြွက်သားများ တောင့်တင်းသွားသည်။ 


စုန့်ရန်က တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိမပြုမိပဲ ပါးစပ်ဟပြီး ဆန်ပြုတ်နောက်တစ်ဇွန်းကျွေးမည်ကို စောင့်နေသည်။ ခဏအကြာတွင် သူ့မြင်ကွင်းက တစ်ပတ်လည်သွားသည်။ ဟယ်ကျစ်ယွမ်က သူ့ကိုချီ၍ ခုတင်ခေါင်းရင်းတွင် ချပေးလိုက်ကာ ခါးမတ်မတ်ထိုင်စေလိုကမပြီး လက်ထဲသို့ ပန်းကန်လုံးနှင့်ဇွန်းကို ထည့်ပေးလိုက်သည်။ 


" ကိုယ် ဖုန်းဆက်လိုက်ဦးမယ် ကိုယ့်ဘာသာစားလိုက်တော့နော်..."


ဟယ်ကျစ်ယွမ်က ထိုစကားများကို အက်ရှရှအသံဖြင့် ပြောလိုက်ပြီးသည့်နောက်တွင် သဘာဝမကျသောအမူအရာမျိုးဖြင့် မတ်တပ်ရပ်ပြီး အိပ်ခန်းထဲမှ ထွက်သွားသည်။ 


တစ်ခုခုမှားယွင်းနေကြောင်းကို စုန့်ရန် ထိုအချိန်မှသာ ရိုးတိုးရိပ်တိတ် သိသွားသည်။ ဟယ်ကျစ်ယွမ်က စိတ်ထိန်းထားပြီး တည်ငြိမ်စွာဖြင့် ဧည့်ခန်းထဲမှ ဆိုဖာပေါ်ထိုင်ကာ တီဗီကြည့်နေသည်။ စုန့်ရန်က ကိုက်ခဲနေသောခါးကိုကိုင်၍ ဆိုဖာနားကိုလျှောက်လာပြီး ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ထို့နောက် ဟယ်ကျစ်ယွမ်၏ပခုံးကိုတိုက်ပြီး မေးလိုက်သည်။


" ခုနက... မာသွားတာလား..."


ဟယ်ကျစ်ယွမ်က တီဗီကိုသာ စိုက်ကြည့်နေသည်။


" အင်း..."


" ဒါဆိုလည်း ကျွန်တော့်ကို ဒဲ့ပဲပြောလေ ဘာလို့ထွက်သွားတာလဲ ကျွန်တော်တို့ တစ်ကြိမ်လုပ်ဖူးပြီးပြီပဲလေ..."


စုန့်ရန်က သူ့နားကို အမြန်ကပ်လာပြီး လက်နှစ်ဖက်ကို ဟယ်ကျစ်ယွမ်၏ လည်ပင်းတွင်ဖက်လိုက်ပြီး နူးညံ့သောအသံဖြင့် ကျီစယ်လိုက်သည်။


" ခင်ဗျားဘက်က တုံ့ပြန်မှုဖြစ်လာရင် ကျွန်တော်အရမ်းပျော်တယ်... ကျွန်တော်လည်း လိုချင်တယ်..."


ဟယ်ကျစ်ယွမ် မပြုံးပဲ မနေနိုင်တော့ပေ။ 


သူ ရီမုကိုဆွဲယူပြီး တီဗီကို ပိတ်လိုက်ပြီးနောက် စုန့်ရန်ကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ သူတို့နှစ်ယောက်လုံး ဆိုဖာတွင် မှီထိုင်နေကြသည်။ 


" ဒါလင်... ကိုယ် ပွင့်ပွင့်လင်းလင်းပြောပြရမလား... မင်း အခုချိန် ကိုယ့်ဟာမပြောနဲ့ လက်တစ်ချောင်းတောင် လက်ခံလို့ မရဘူးမလား..."


“…”


ကတ်ဂိမ်းကစားနေတုန်း ဘေးကလူက အကုန်သိသွားသလို ခံစားချက်ကြီးပါလား...


စုန့်ရန်၏ မျက်နှာက ရှုံ့မဲ့သွားသည်။ 


အမှန်တွင်မူ သူတို့နှစ်ယောက် ယမန်နေ့ညက အလွန်ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့မိသည်ကို သူကိုယ်တိုင်လည်း သိသည်။ ဖက်ထုပ်ဆိုင်က ရေကြီးသွား၍ ယာယီမဖွင့်နိုင်တော့ပေ။ အများဆုံးပြုလုပ်နိုင်သည်က ဝန်ဆောင်မှု အသေးစားလေးများသာဖြစ်ပြီး ၎င်းတို့ကလည်း သူချစ်ရသော လူကြီးမင်းဟယ်ကို စိတ်ကျေနပ်စေနိုင်မည်မဟုတ်ပေ။


သူ သတိလက်လွတ်နဲ့ ထိကပါးရိကပါး မလုပ်လိုက်သင့်ဘူး...


သူ့အမှားကိုသူ ဝန်ခံလိုက်ရပေသည်။


မုန်တိုင်းများအကြားမှ မျက်စိလည်လမ်းမှားပြီး ကမ်းခြေသို့မျောလာသည့် အဖြူရောင်နဂါးပေါက်စလေးတစ်ကောင်သဖွယ်ဖြင့် စုန်ရန်က ဟယ်ကျစ်ယွမ်၏ ရင်ခွင်ထဲ ခေါင်းနှစ်ထားလိုက်သည်။ သူ့လက်တစ်ဖက်က ဟယ်ကျစ်ယွမ်ကို ဖက်ထားတာ အခြားတစ်ဖက်တွင်မူ နှစ်ယောက်လုံး၏ လက်များအချင်းချင်းယှက်၍ ဆုပ်ကိုင်ထားကြသည်။ 


တောက်ပသော နေ့လည်ခင်း‌နေရောင်ခြည်က ဧည့်ခန်း၏ နေရာအတော်များများကို လွှမ်းခြုံထားသည်။ 


ဤနေရာတွင် လာရောက်နေထိုင်ရန် ဖိတ်ခေါ်ခံရသည့် ပုသို့သို့က အားသွင်းထားသော ရှောင်ကျူ၏ဘေးမှ ခေါင်းအုံးအထူတစ်လုံးပေါ်တွင် လှဲလျောင်းပြီး အနားယူနေသည်။ သေးငယ်သော ဟိုက်ဒရိုပိုနစ်အပင်များက ငါးကန်မှန်နံရံတွင် သေးငယ်သော အမှုန်အမွှားများ ပျံ့နှံ့လာစေပြီး ကမ္ဘာသစ်ကို စူးစမ်းနေကြသည်။ သူ့နားထဲတွင် တည်ငြိမ်သောနှလုံးခုန်သံနှင့် အသက်ရှုသံကိုသာ ကြားနေရသည်။ 


အရာအားလုံးက အလွန်အေးချမ်းနေ၍ အစစ်အမှန်မဟုတ်ဟု စုန့်ရန် ခံစားလာရသည်။


" လူကြီးမင်းဟယ် ခင်ဗျားက တကယ်ရှိတာလား..."


စုန့်ရန်က ဟယ်ကျစ်ယွမ်ကိုမော့ကြည့်ပြီး နူးညံ့စွာဖြင့် မေးလိုက်သည်။ 


" ကျွန်တော် အိပ်ပျော်သွားပြီး ပြန်နိုးလာရင် ခင်ဗျားက ပျောက်သွားမှာလား..."


ဟယ်ကျစ်ယွမ် ပြုံးလိုက်သည်။


" ကိုယ် မပျောက်သွားပါဘူး..."


စုန့်ရန် မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်နေမိဆဲဖြစ်သည်။ 


" ခင်ဗျား အမြဲတမ်း ဒီနေရာမှာပဲနေပြီး ဘယ်မှမသွားတော့ဘူးလား..."


" အဲ့လိုလုပ်ဖို့ မလိုပါဘူး..."


ဟယ်ကျစ်ယွမ်က စုန့်ရန်၏နှုတ်ခမ်းကို အသာထိလိုက်သည်။ 


" အနာဂတ်က အဝေးကြီးလိုသေးတယ်လေ... ကိုယ်တို့ အိမ်ပြောင်းတာဖြစ်ဖြစ် နေတဲ့မြို့ပြောင်းသွားတာဖြစ်ဖြစ် အကုန်ဖြစ်နိုင်တာပဲ... ဒါပေမဲ့ ကိုယ်ကတော့ မင်းနဲ့တစ်နေရာတည်းမှာပဲ အမြဲရှိနေမှာပေါ့..."


စုန့်ရန်က မျက်တောင်နှစ်ကြိမ်ခတ်လိုက်ပြီးနောက် အပြုံးလေးဖြင့် ပြောလိုက်သည်။


" ကျွန်တော်က အရမ်းကံကောင်းတာပဲ..."


" ဘာလို့ အဲ့လိုပြောတာလဲ..."


" ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ လူကြီးမင်းဟယ်က အရမ်းထူးချွန်လွန်းတယ်လေ... တကယ်လို့ ကျွန်တော် ခြေတစ်လှမ်းနောက်ကျသွားတာပဲဖြစ်ဖြစ်၊ သုံးလေးရက်လောက် အချိန်ဆွဲနေရင်ပဲဖြစ်ဖြစ် အဲ့လိုတွေလုပ်ခဲ့မိရင် အခုဒီနေရာမှာမှီပြီး ခင်ဗျားနဲ့ တီတီတာတာတွေ ပြောနေမယ့်လူက တခြားတစ်ယောက် ဖြစ်ကောင်းဖြစ်နေမှာ..."


ဟယ်ကျစ်ယွမ် ငြင်သာစွာရယ်လိုက်သည်။ 


" အဲဒါတော့ မဖြစ်နိုင်ပါဘူး... ကိုယ် မင်းနဲ့မတွေ့ခင်အချိန်ထိ မိသားစုတစ်ခုတည်ထောင်ဖို့ မတွေးခဲ့ဖူးဘူး..."


စုန့်ရန် သူ့ကိုကြည့်နေပြီး မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။ 


စုန့်ရန် သူ့ကိုမယုံကြည်နိုင်သည်က အံ့ဩစရာမဟုတ်ပေ။ သူ့အတွက် ထိုစကားက 'ကိုယ် မင်းကိုချစ်တယ်' ဟူသော စကားထက်ပင် ပိုထိမိနေ‌၍ စိတ်ထဲတွင် ခံစားသွားရပြီး လက်ခံရန် မလွယ်ကူသည့်ပုံ ဖြစ်သွားသည်။ 


စုန့်ရန်ကို ဖက်ထားစဉ်တွင် ဟယ်ကျစ်ယွမ်က လူငယ်လေး၏ ဆံပင်ကို ဆွဲဖွလိုက်ပြီး တဖြည်းဖြည်းချင်း ပြောလိုက်သည်။ 


" ကိုယ် ငယ်ငယ်တုန်းကဆိုရင် ကိုယ့်မိဘတွေက အမြဲတမ်း စကားများနေကြတာ... ထူးတော့ထူးဆန်းတယ် သူတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့အပြင် စိတ်တိုလွယ်တဲ့လူတွေ မဟုတ်ပဲနဲ့ကို တစ်မိုးအောက်ထဲနေတာတောင် အဆင်မပြေခဲ့ကြဘူး... ကိုယ်ကလေးဘဝတည်းက အရမ်းစိတ်ညစ်လို့ အိမ်ကို အမြဲမပြန်ချင်ဘူး အိမ်မှာက ယမ်းနံ့တွေလှိုင်နေတယ်လို့တောင် ထင်ခဲ့တာ... ဘယ်အချိန်မဆို ကြောက်ဖို့ကောင်းတဲ့စစ်ပွဲထဖြစ်မယ်ဆိုတာ မသိနိုင်ဘူးလေ... စကားများတဲ့အကြောင်းအရင်းတွေက ဆားတစ်ဇွန်းကြောင့်၊ ပေါင်မုန့်တစ်ချပ်ကြောင့်၊ လက်သည်းညှပ်တစ်ခုကြောင့် ဒါမှမဟုတ်ရင်လည်း တစ်ယောက်က စကားကိုပြန်ဖြေတာ နည်းနည်းနောက်ကျသွားလို့ အဲ့လိုမျိုးတွေပဲ... တခြားလူတွေရဲ့ မိသားစုတွေက ဘယ်လိုလဲဆိုတာ သေချာမသိပေမယ့် ကိုယ့်မိသားစုကတော့ တည်ငြိမ်တယ်ဆိုတာ မရှိခဲ့ဘူး..."


" ကိုယ့်မိဘနှစ်ယောက်လုံးက မကောင်းတဲ့လူတွေတော့ မဟုတ်ပါဘူး... သူတို့က စိတ်ချင်းမနီးစပ်ကြတာပေါ့... ခွေးတွေကြောင်တွေလိုပဲ အမြဲတမ်းရန်ဖြစ်နေကြတော့ အချိန်ကြာလာတာနဲ့ ရန်လိုစိတ်တွေက ပိုများလာတယ်...နောက်ဆုံးတော့ သူတို့ ကွာရှင်းလိုက်ကြပြီး တစ်ဘဝလုံးတစ်ယောက်ကိုတစ်ယောက် မတွေ့ဖို့ သစ္စာဆိုခဲ့ကြတယ်... ကိုယ်က အဲ့အချိန်မတိုင်ခင်တည်းက ထမင်းစားပွဲမှာထိုင်ပြီး အေးအေးဆေးဆေး ထမင်းမစားခဲ့ရတာ ..."


" ကိုယ့်နိုင်ငံကနေ ကိုယ့်ဘာသာအားကိုးပြီးထွက်လာခဲ့ပြီးတော့ ကျောင်းက ထမင်းစားခန်းမတွေ၊ လမ်းဘေးက အစားအသောက်ရောင်းတဲ့ ထရပ်ကား၊ ဈေးပေါတဲ့စားသောက်ဆိုင်က အသင့်စား စားစရာတွေနဲ့ စူပါမားကတ်က အအေးခံထားတဲ့ စားစရာတွေ စားပြီး နေခဲ့တာ... အဲ့စားစရာတွေက အိမ်က ထမင်းစားပွဲက ထမင်းတစ်နပ်ထက်ပိုပြီး သက်တောင့်သက်သာဖြစ်တယ်... အနည်းဆုံးတော့ ဘယ်သူကမှ ကိုယ်စား‌လက်စ ပန်းကန်ကို ကြမ်းပေါ်ရိုက်ခွဲပြီး တက်နင်းတာတို့ ကိုယ်စားနေတုန်း စားပွဲကို မှောက်ပစ်တာတို့ မလုပ်ဘူးလေ..."


" စုန့်ရန် မိသားစုတွေအတူတူ စားပွဲမှာစုပြီး ထမင်းစားကြရင် ဘယ်လိုပုံစံမျိုးလဲဆိုတာသိလား... အဲဒါက တော်တော်လေး ရိုးရှင်းတဲ့အကြောင်းတစ်ခုဆိုပေမယ့် ပုပုက သူ့အတွက် မင်းချက်ကျွေးတဲ့ ဟင်းတွေအကြောင်းကို ဖုန်းထဲကတစ်ဆင့် ပျော်ပျော်ပါးပါးနဲ့ ပြောပြပေးခဲ့တဲ့နေ့ကမှ ကိုယ် အဲဒါက ဘယ်လိုမျိုးလဲဆိုတာ သိခဲ့ရတယ်..."


" မင်းကြောင့် ကိုယ် အိမ်ကို အမြန်ပြန်ချင်လာခဲ့ပြီး မင်းတဲ့ တစ်မိုးအောက်မှာ တူတူနေ၊ အိပ်ရာတစ်ခုတည်း တူတူအိပ်၊ စားပွဲတစ်လုံးတည်းမှာ ထမင်းတူတူစားပြီး ဒီကလေးတစ်ယောက်တည်းကို တူတူပျိုးထောင်ချင်စိတ် ဖြစ်လာခဲ့ရတာ... ဒီအိမ်က ကိုယ်မင်းကို ပေးထားတဲ့အရာမဟုတ်ပဲ မင်းက ကိုယ့်အတွက် ဖန်တီးပေးထားတဲ့ နားခိုရာလေးတစ်ခုဖြစ်ခဲ့တာ နားလည်ရဲ့လား..."


စုန့်ရန် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့မျက်လုံးထောင့်များ စိုစွတ်လာသည်။


" ကျွန်တော် နားလည်ပါတယ်..."


" အဲဒါကြောင့်မို့ မင်းကိုယ်မင်း နည်းနည်းယုံကြည်ချက်ရှိပြီး ကိုယ့်အပေါ်ကိုလည်း ယုံကြည်မှုထားပေးပါ ဟုတ်ပြီလား..."


" ဟုတ် ကျွန်တော်သိပါပြီ..."


စုန့်ရန်က ဟယ်ကျစ်ယွမ်ကို ပိုမိတင်းကြပ်စွာ ဖက်တွယ်လိုက်ပြီး ပခုံးပေါ် မေးတင်ကာ တစ်ဖက်လူ၏ နူးညံ့သော နှုတ်ခမ်းများကို အနမ်းခြွေလိုက်သည်။


ထိုနေ့ညနေတွင် စုန့်ရန်က သူ၏ ‌ဧပရွန်အကွက်လေးကိုဝတ်ပြီး အခန်း8012A၏။ရေခဲသေတ္တာထဲမှ အားလုံးကိုထုတ်ကာ အခန်း8012Bဘက်သို့ ပြောင်းထည့်လိုက်သည်။ သူက လူကြီးမင်းဟယ်တစ်ယောက်တည်းအတွက် ခမ်းနားသော ညနေစာပြင်ဆင်ပေးမည်ဟုလည်း ပြောခဲ့သည်။ 


ဟယ်ကျစ်ယွမ်က ပါဝင်ပစ္စည်းများ ပြင်ဆင်သည်ကို ကူညီပေးနေသည်။ ပန်းကန်ဆေးခြင်း၊ လှီးခြင်း၊ အခွံခွာခြင်း၊ နုတ်နုတ်စင်းခြင်း စသည်တို့ကို တစ်လှည့်စီ တာဝန်ကိုယ်စီယူပြီး ပြုလုပ်နေကြသည်။ ဝက်ပေါင်ခြောက်ကို သေးငယ်အောင် ပြုလုပ်ထားပြီး တို့ဟူးကို ပါးပါးလှီးထားကာ အရောင်စုံသည့် ဟင်းပွဲဖြစ်အောင် ငရုတ်သီးပွအနီနှင့် အစိမ်းတို့ကိုလှီးထားသည်။ ကမာများကိုလည်း ရေဆူဆူထဲ ပြုတ်ထားသည်။ 


အလုပ်ရှုပ်နေကြ၍ ညနေ ၃နာရီခွဲတွင်မှ စုန့်ရန်က နာရီလှမ်းကြည့်လိုက်မိ၍ ပုပုကို ကျောင်းသွားကြိုရန် ဟယ်ကျစ်ယွမ်ကို အမြန်လောလိုက်ရသည်။ သူတို့သားအဖနှစ်ယောက် အိမ်ပြန်ရောက်လာချိန်တွင် အလှပဆုံးသော ညနေစာကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားမည်ဟုလည်း ကတိပေးလိုက်သည်။ 


ဟယ်ကျစ်ယွမ်က ကားသော့ကိုယူလိုက်သည်။ သူ အပြင်မထွက်မီတွင် စုန့်ရန်ကို ကောင်တာပေါ်တင်၍ အနမ်းချွေနေသည်မှာ ကြာမြင့်လွန်း၍ အိုးထဲမှရေများပင်ဝေကျလာသည်။ 


ညနေ ၄နာရီ ၁၀မိနစ်တွင် စုန့်ရန်က ပန်းကန်လုံးကြီးတစ်ခုယူပြီး သူတည်ထားသော မုန်လာဥစွပ်ပြုတ်ကို ဖြည့်လိုက်သည်။ ၎င်းက ယနေ့အတွက် နောက်ဆုံးဟင်းလျာဖြစ်သည်။ မည်သည့်နေရာကမှန်းမသိ ဖြစ်တည်လာသော အလိုလိုသိစိတ်ကြောင့် တစ်ဝက်တစ်ပျက်ဖြည့်ထားသော ပန်းကန်လုံးကို ချထားလိုက်ပြီး မီးဖိုချောင်ပြတင်းပေါက်ကို လှမ်းဖွင့်လိုက်သည်။ 


သူ ခေါင်းပြူ၍ အောက်ငုံ့ကြည့်လိုက်စဉ်တွင် ငွေမှင်ရောင်Infinitiကားလေးက သူ့မြင်ကွင်းထဲ တဖြည်းဖြည်းရောက်လာပြီး အောက်ဘက်မှ ကားပါကင်ထဲ ထိုးရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ 


လူကြီးမင်းဟယ်က ပုပုနှင့်အတူ ပြန်ရောက်လာခြင်းဖြစ်သည်။


သွေးတမျှနီရဲနေသော ဝင်လုဆဲဆဲနေလုံးကြီးက ရေတိမ်ပိုင်းကိုဖြတ်၍ လူသူကင်းမဲ့နေသည့် သေးငယ်ပြီး အထီးကျန်နေသော တံတားလေးအပေါ် နေရောင်ခြည် ဖြာကျနေသည်။


စုန့်ရန်၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာသည်။ 


အခုတော့ ငါ အဲဒီ တံတားလေးပေါ်က ရပ်ကြည့်နေရတာမဟုတ်ပဲ သူတို့နဲ့တူတူ ဒီနေရာမှာ ရှိနေပြီပေါ့...


မုန်လာဥဟင်းချိုပန်းကန်ကြီးကို အပြည့်ဖြည့်ပြီးသည့်နောက်တွင် ၎င်းတို့ကို စားပွဲ၏ အလယ်ဗဟိုတွင် ထားလိုက်ပြီး ထမင်းသုံးပန်းကန်၊ အချိုရည်သုံးခွက်နှင့် တူသုံးစုံ ချထားလိုက်သည်။ 


သူ အားလုံးပြင်ဆင်ပြီးသည်နှင့် တစ်ပြိုင်နက် ချိုသာသော တံခါးဘဲလ်သံကိုကြားလိုက်ရပေသည်။


🖌️🖌️🖌️🖌️🖌️


MAIN STORYလေးက ဒီနေရာမှာပြီးသွားပေမယ့် တစ်ခန်းရပ်ဇာတ်လမ်းလေးတွေ၊ဟယ်ကျစ်ယွမ်နဲ့ စုန့်ရန်တို့နှစ်ယောက်ရဲ့ အင်တာဗျူးမေးခွန်းတစ်ရာနဲ့ Extra လေးတွေ ကျန်နေပါသေးတယ်ရှင့် 💙💙💙


Xxxxxxxx