Short story
တစ်ခန်းရပ်ဇာတ်လမ်း ( ၆ ) 🖌️
စားဖိုမှူးလေးစုန့်ရန် ကိုယ်အလေးချိန်နှစ်ပေါင် တက်လာခြင်း
စုန့်ရန်က ကြွက်သားများအပေါ် အလွန်အမင်း စွဲလန်းနေသည်။ လွန်ခဲ့သည့်နှစ်လအတွင်း Gymတွင်တစ်နေ့လျှင် မိနစ်ကိုးဆယ်ခန့် ချွေးထွက်သည်အထိ မနားမနေ ကြိုးစားခဲ့သည်။
လူကြီးမင်းဟယ်က သူ၏ ဖြူဖြူဖွေးဖွေးစားဖိုမှူးပေါက်စလေးကို အခြားဝံပုလွေများ မျက်စိကျသွားပါက အနာဂတ်တွင် ဖက်ထုပ်မစားနိုင်တော့မည်ကို စိုးရိမ်၍ စုန့်ရန်နှင့်အတူတူ လေ့ကျင့်ခန်းတူတူလုပ်ရန် ကမ်းလှမ်းလိုက်သည်။
စုန့်ရန်က လုံးဝတွေးတောနေခြင်းမရှိပဲ သူ့တောင်းဆိုချက်ကို ငြင်းလိုက်သည်။
" အားလုံးက ကိုယ့်ကြွက်သားအတွက်ကိုယ် ကြိုးစားနေရတာ မနှောင့်ယှက်ပါနဲ့... ခင်ဗျားရဲ့ လက်ရှိအခြေအနေကိုသာ ထိန်းထားပြီး ကျွန်တော်လိုက်မှီလာအောင် အခွင့်အရေးပေးပါဦး ကျေးဇူးတင်ပါတယ်..."
အမှန်တွင် စုန့်ရန်က ဉာဏ်ဆင်ထားခြင်းဖြစ်သည်။ သူက ကယ်လိုရီများပြီး ဝလာစေနိုင်သည့် အစားအစာများကို ပြင်ဆင်ထားပြီး လူကြီးမင်းဟယ်ကို ဝလာအောင် ပြုလုပ်စေလိုခြင်းဖြစ်သည်။ သို့ရာတွင် လူကြီးမင်းဟယ်၏ အကြည့်များက စူးရှသည်။ ကံဆိုးသွား၍ ပထမဆုံးအကြိမ် ထိုအကြံထဲ ကျရှုံးပြီးနောက်ပိုင်းတွင် စုန့်ရန်၏ အလွန်အကြူးဖော်ရွေဟန်ဖြင့် ပြုံးပြနေသည့် လူယုတ်မာအပြုံးကြီးကြောင့် ဒုတိယတစ်ကြိမ်တွင်မူ အနုနည်းနှင့် အကြမ်းနည်းပေါင်းစုံသုံးပြီး ၎င်းတို့ကို စုန့်ရန်ကိုသာ စားခိုင်းစေခဲ့သည်။
စုန့်ရန်၏ အစီအစဉ်က ကျရှုံးသွားခဲ့သည်။ သူကိုယ်တိုင်တူးထားသည့်ကျင်းထဲ ပြုတ်ကျသွား၍ ဆယ်ရက်အတွင်းနှစ်ပေါင်တက်လာပြီး ဒေါသကြောင့် ခြေဆောင့်နေရတော့သည်။ သူ တစ်လတာ ဝိတ်လျှော့ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူက ပုပုနှင့် လူကြီးမင်းဟယ်အတွက် သာမန်ညစာပြင်ဆင်ပေးထားပြီးမှ သူ့အတွက် ဂေါ်ဖီနီအသုတ်ကို ရှာလကာရည် ဆမ်းစားရတော့သည်။
စုန့်ရန်၏ ထိုအပြုအမူကြောင့် လူကြီးမင်းဟယ်က သူ့ပန်းကန်လုံးနှင့်တူကို ချထားလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။ ငါးမိနစ်အကြာတွင် လက်ထဲတွင် ယောက်ချိုကိုကိုင်လာပြီး ရွှေရောင်သန်းနေသည့် ကြက်ဥကြော်နှင့် ကြက်ရင်ပုံကို စုန့်ရန်၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
" ကိုယ် မင်းကို ထောက်ပံ့ပေးလို့ရပါတယ်... မင်း ကြွက်သားတွေလိုချင်တယ်ဆို လုပ်ပါ... ဒါပေမဲ့ အစာငတ်ခံပြီး သေတဲ့အထိတော့ လုပ်စရာ မလိုဘူးလေ..."
စုန့်ရန် ရှက်သွားပြီး အသုတ်ကို အမြန်စားလိုက်သည်။ သူ ထွက်မပြေးနိုင်မီအချိန်တွင် ပြန်အဖမ်းခံလိုက်ရပြီး ပုပုနှင့် ဘေးချင်းယှဉ်ထိုင်ကာ လူကြီးမင်းဟယ်၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးနှင့် အာဟာရသင်တန်းစာကို နားထောင်လိုက်ရပေသည်။
ပုပုက သူ့လက်မောင်းလေးကိုဆန့်လိုက်ပြီး မမြင်ရသည့် လက်ရုံးကြွက်သားများကို ကွေးပြကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
" ပုပုက ဟာကြူလီဖြစ်သွားပြီ..."
စုန့်ရန်က လေးစားအားကျဟန်ဖြင့် ချက်ချင်း လက်ခုပ်တီးလိုက်သည်။
" ပုပုက အရမ်းသန်မာတာပဲ..."
လူကြီးမင်းဟယ်က နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်သည်။
စုန့်ရန် ဖြန်းခနဲကြက်သီးထသွားပြီး တစ်ဖက်သို့လှည့်ကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
" ကျွန်တော် သေချာစားပါ့မယ်... အခုကစပြီး ထမင်းသေချာစားပါတော့မယ်..."
🖌️🖌️🖌️🖌️🖌️