Short story
တစ်ခန်းရပ်ဇာတ်လမ်း ( ၉ ) 🖌️
နွေးထွေးသော ဆောင်းရာသီ
ပုပုက ယခုနောက်ပိုင်းတွင် ဂဏန်းများရေတွက်ခြင်းကို သင်ယူထားသည်။
သူက စိတ်အားထက်သန်မှုရှိလွန်း၍ အိမ်တွင်သာမက ကျောင်းနှင့် စားသောက်ဆိုင်သွားချိန်တွင်လည်း ရေတွက်နေလေ့ရှိပြီး သူ၏ ဒစ်ဂျစ်တယ်ကတ်ပြားစာအုပ်ဘေးကို သွားသမျှနေရာတိုင်း ယူဆောင်သွားသည်။
စုန့်ရန်က သူ့ကို တစ်မှတစ်ရာအထိ ရေတွက်နည်း သင်ပေးထားပြီးနောက် တစ်ရာမှတစ်အထိ ပြန်လည်ရေတွက်နည်းကိုပါ သင်ပေးလိုက်သည်။
ကလေးလေးက ဧည့်ခန်းထဲတွင် ကတ်ပြားများဖြင့် ရေတွက်ခြင်းကို လေ့ကျင့်နေချိန်၌ လူကြီးမင်းဟယ်က အေးဆေးအလုပ်မလုပ်ရပေ။
ဥပမာအားဖြင့် ...
" သုံးဆယ့်ခြောက်..."
လူကြီးမင်းဟယ်က အလုပ်ခန်းထဲမှ ထွက်လာသည်။
" ဟမ်..."
စုန့်ရန် သူ့ကိုပြုံးပြလိုက်သည်။
" ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး ကျွန်တော်တို့ ဂဏန်းရေနေကြတာ..."
ပုပုကလည်း သူ့အတိုင်းလိုက်ပြောသည်။
" ဂဏန်းရေနေတာ..."
" သုံးဆယ့်ခြောက်..."
လူကြီးမင်းဟယ်က အလုပ်ခန်းထဲမှ ထွက်လာရပြန်သည်။
" ဟမ်..."
စုန့်ရန် သူ့ကိုပြုံးပြလိုက်ပြန်သည်။
" မဟုတ်ဘူး ကျွန်တော်တို့ ဂဏန်း နောက်ပြန်ရေနေကြတာ..."
ပုပုကလည်း သူ့အတိုင်းလိုက်ပြောပြန်သည်။
" ဂဏန်း နောက်ပြန်ရေနေတာ..."
လူကြီးမင်းဟယ်က မိဘတစ်ယောက်ပုံစံဖြင့် စုန့်ရန်ကို လေးနက်စွာ သတိပေးလိုက်သည်။
" အခုကစပြီး နံပါတ် ၃၆ကိုရောက်တိုင်း ပုပုကိုပဲ အသံထွက်ခိုင်းလိုက်၊ မင်း အဲဒါကို ကျယ်ကျယ်မပြောရဘူးနော် ဟုတ်ပြီလား..."
" ကျွန်တော်သိပါပြီ..."
စုန့်ရန်က ကော်ဇောပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဘယ်ဘက်လက်တွင် "၃" ဟူသော ကတ်ပြားကိုင်ထားကာ ညာဘက်လက်တွင် "၆" ကို ကိုင်ထားပြီး လူကြီးမင်းဟယ်ကို မျက်လုံးမှိတ်ပြလိုက်သည်။
လူကြီးမင်းဟယ်က အခန်းထဲ ပြန်ဝင်သွားပြီး အလုပ်ဆက်လုပ်နေချိန်တွင် ပုပုက ခေါင်းစောင်းလာပြီး သိချင်စိတ်ကြီးစွာဖြင့် မေးလိုက်သည်။
" ကိုကြီး ပါပါးက ဘာလို့ ကိုကြီးကို ၃၆ကို မရွတ်ခိုင်းတာလဲ..."
" ရှူး..."
စုန့်ရန်က ပုပု၏နှုတ်ခမ်းပေါ် လက်တစ်ချောင်းတင်ထားလိုက်ပြီး တီးတိုးပြောလိုက်သည်။
" ဘာလို့လဲဆိုတော့ နံပါတ်၃၆က သားရဲကြီးတစ်ကောင်ကို ဆင့်ခေါ်နိုင်တယ်လေ..."
ပုပု အံ့သြသွားသည်။
" ဟမ်... အဲ့လောက်တောင်ပဲလား..."
ညအိပ်ရာဝင်ခါနီးတွင် စုန့်ရန်က လူကြီးမင်းဟယ်၏ ရင်ခွင်ထဲ ဝင်လာပြီး သူ့နားရွက်ကို ငြင်သာစွာ ဖိကိုက်လိုက်သည်။
" အမ်... ကျွန်တော်အခု နေမကောင်းမဖြစ်တော့ပါဘူး...၃၆ ဆိုတဲ့အသံကြားတိုင်း ထွက်လာစရာ မလိုတော့ပါဘူး..."
ဟယ်ကျစ်ယွမ်က သူ့ကို ငုံ့ကြည့်လိုက်သည်။
" မင်း နေမကောင် မဖြစ်တော့ဘူးလား..."
စုန့်ရန် အထပ်ထပ်အခါခါ ခေါင်းငြိမ့်ပြလိုက်သည်။
" မဖြစ်တော့ဘူး..."
ဟယ်ကျစ်ယွမ် : " အဲ့လောက်တောင် စွမ်းတာလား..."
စုန့်ရန် : " ဟုတ်ပါ့ မှော်ပညာလိုပဲ..."
ဟယ်ကျစ်ယွမ်က သူ့လက်ဆန့်ထုတ်လိုက်ပြီး စုန့်ရန်၏ဆံပင်ကိုပွတ်သပ်ကာ စိတ်ရင်းဖြင့် ပြောလိုက်သည်။
" ဒါပေမဲ့ စုန့်ရန်... ကိုယ်တို့ ကတိတစ်ခုလုပ်ထားတယ်လေ... မင်း ၃၆ဆိုတဲ့ဂဏန်းကို ရွတ်လိုက်တိုင်း ကိုယ်မင်းဆီ ရောက်အောင်လာဖို့ အကောင်းဆုံး ကြိုးစားရမယ်လေ... ဒီကိစ္စကို ကိုယ် ခြွင်းချက် မထားနိုင်ဘူး..."
စုန့်ရန် စိတ်ရှုပ်ထွေးသွားမိသည်။
" ဘာလို့လဲ..."
" ဘာလို့လဲဆိုတော့ မန္တန်ပျက်သွားရင် အကျိုးမသက်ရောက်နိုင်တော့ဘူးလေ..."
ဟယ်ကျစ်ယွမ်က နူးညံ့စွာ ပြောလိုက်သည်။
" ကိုယ်က အရမ်း ဉာဏ်ကောင်းတဲ့လူမဟုတ်တော့ တခြားနည်းလမ်းတွေအများကြီး မစဉ်းစားနိုင်ဘူး... တကယ်လို့ မင်း ထပ်ပြီး ပိတ်လှောင်မိသွားမယ်ဆိုရင် ကိုယ်မင်းကိုကယ်ဖို့ နည်းလမ်းမရှိတော့တာလည်း ဖြစ်နိုင်တယ်လေ... တောင်းပန်ပါတယ်စုန့်ရန် ကိုယ် မစွန့်စားရဲဘူး..."
" ဟင်း... ကောင်းပါပြီလေ..."
စုန့်ရန်က နူးညံ့သော နှာသံလေးဖြင့် ပြန်ဖြေလိုက်သည်။ ရုတ်တရက် သူ ရှေ့တိုးလာပြီး လူကြီးမင်းဟယ်ကို အငမ်းမရ နမ်းလိုက်သည်။
( တစ်ခန်းရပ် ဇာတ်လမ်းလေး ၉ခု ပြီးသွားပါပြီ ဒါပေမဲ့ နောက်မှာ တခြားဟာလေးတွေ ကျန်ပါသေးတယ်ရှင့် 💙 )
🖌️🖌️🖌️🖌️🖌️