Extra 3
Viewers 10k

Extra 3


၃၂၇ ရက်မြောက်နေ့ 🖌️


ဟယ်ကျစ်ယွမ်နှင့်သိရှိပြီး ၃၂၇ရက်မြောက်နေ့က စုန့်ရန်၏ ၂၄နှစ်ပြည့်မွေးနေ့ဖြစ်သည်။ 


တရုတ်ရာသီခွင်နှစ်ကြိမ်ကို ဖြတ်ကျော်ခဲ့ပြီး သူ၏ ရာသီခွင်နှစ်ကို ဖြတ်ကျော်လာခဲ့ကာ ဟယ်ကျစ်ယွမ်နှင့် ပုပုတို့သားအဖနှင့်အတူ ပထမဆုံးဖြတ်ကျော်ရမည့် ပထမဆုံးမွေးနေ့လည်းဖြစ်သည်။ အထိမ်းအမှတ်နေ့ထူးနေ့မြတ်အဖြစ် မှတ်ယူနိုင်သောကြောင့် အပြင်ထွက်၍ ကြီးကျယ်ခမ်းနားသော ညစာတစ်နပ် စားကြမည်ဖြစ်သည်။ 


ယနေ့တွင် ဟယ်ကျစ်ယွမ်က စုန့်ရန်ကို မောင်းမင်နန်လမ်းသို့ ခေါ်ဆောင်သွားပြီး လွန်ခဲ့သည့်သုံးလတည်းက ကြိုတင်မှာယူထားခဲ့သော အနောက်တိုင်းဝတ်စုံကို လာရောက်ယူဆောင်ကြသည်။ ဝတ်ကြည့်ပြီးသောအခါ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် စုန့်ရန်၏မွေးနေ့မတိုင်မီတစ်ရက်တွင် ဝတ်စုံကို ငွေရှင်းပြီး ယူလာခဲ့ကြသည်။ ထို အင်္ကျီသွားယူသည့်နေ့က လူကြီးမင်းဟယ်က ကောင်တာကိုမှီနေပြီး မှန်ရှေ့တွင်ရပ်နေသောစုန့်ရန်ကို နူးညံ့ငြင်သာသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။ 


စုန့်ရန်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။


" ကြည့်ကောင်းရဲ့လား..."


သူ ပြုံးလိုက်သည်။


" ကြည့်ကောင်းပါတယ်..."


သူ့အတွက် အမှန်ပင် ကြည့်ကောင်းသောမြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။ 


စုန့်ရန်ကို အနောက်တိုင်းဝတ်စုံတစ်ထည်ဝယ်ပေးရန် စည်းရုံးရသည်က လွယ်ကူသောကိစ္စမဟုတ်ပေ။ ဤလူငယ်လေးက ရိုးရိုးရှင်းရှင်းပုံစံဖြင့်သာ အသားကျနေခဲ့ခြင်းဖြစ်ပြီး ပုံမှန်အချိန်တွင်လည်း တီရှပ်အပွနှင့် ဘောင်းဘီတိုများသာ ဝတ်လေ့ရှိသူဖြစ်သည်။ စုန့်ရန်က အိမ်သန့်ရှင်းရေးလုပ်ချိန်တွင် ဗီရိုထဲမှ အနောက်တိုင်းဝတ်စုံများ၏ ပုံစံမျိုးစုံနှင့် အရောင်များကို သဘောတကျဖြစ်သည့် အမူအရာမျိုး ပြသတတ်သော်လည်း ဟယ်ကျစ်ယွမ်က သု့ကိုအင်္ကျီအချို့ဝယ်ပေးမည်ဟု ပြောချိန်တွင် ငြင်းဆန်တတ်သည်။ 


" ကျွန်တော်က အိမ်မှာပဲအမြဲတမ်းနေရတာ အနောက်တိုင်းဝတ်စုံဝတ်ဖို့လည်း သိပ်မလိုပါဘူး... အဲဒါကြောင့်မို့ ငွေမဖြုန်းတာ ကောင်းပါတယ်..."


၎င်းက သူပြောခဲ့သည့်စကားဖြစ်ပေသည်။ 


သို့ဖြစ်၍ စုန့်ရန်၏ မွေးနေ့ရှိသည်ကို အခွင့်ကောင်းယူပြီး ဟယ်ကျစ်ယွမ်က သူနှင့်သိသော အပ်ချုပ်ဆရာတစ်ယောက်ကို စုန့်ရန်အတွက်ဝတ်စုံတစ်စုံချုပ်ခိုင်းခဲ့သည်။


ကြေးမုံပေါ်မှ တောက်ပနေသောပုံစံကိုကြည့်ကာ စုန့်ရန်သည်လည်း သူ့ကိုယ်သူ အံ့အားသင့်နေမိသည်။ 


ကော်လံက ခပ်တောင့်တောင့်ဖြစ်ကာ ပခုံးချုပ်ရိုးများက သပ်သပ်ရပ်ရပ်နှင့် အနေတော်ဖြစ်နေကာ ကျောပြင်တွင် တွန့်နေခြင်းများလည်း မရှိပေ။ အထည်စကလည်း ကောင်းမွန်လွန်း၍ အပြစ်အနာအဆာတစ်ချက်မှမ‌ရှိပဲ လက်မောင်းနေရာများကိုလည်း အဆင်ပြေအောင်ချုပ်ပေးထား၍ လှုပ်ရှားရလွယ်စေသည်။ 


အဖြူရောင်ရှပ်၏ ကော်လံကို ပွတ်နေမိပြီး လူကြီးမင်းဟယ်နှင့် အဆင့်အတန်းချင်း မတိမ်းမယိမ်းဖြစ်လောက်သည့် ချမ်းသာသောသခင်လေးတစ်ယောက်နှင့်တူသည်ဟု ခံစားမိလာသည်။ 


" ကိုယ် အစတည်းက မင်းကိုချုပ်ပေးမယ်လို့ပြောသားပဲ မင်းက ခေါင်းမာမာနဲ့ လက်မခံဘူးလေ..."


ဟယ်ကျစ်ယွမ်က သူ့ရှေ့သို့လျှောက်လာပြီး တီရှပ်ကော်လံကိုပွတ်၍ ပြောလိုက်သည်။


" ရာသီဥတုက ပိုပြီးနွေးလာရင် ကိုယ်တို့ နွေရာသီဝတ်စုံ ထပ်လာချုပ်ကြ‌မယ်လေ... နောက်တစ်ခါဆိုရင်တော့ ငြင်းလို့မရဘူးနော်..."


သူ၏စုန့်ရန်က မော်ဒယ်တစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက်မျိုးရှိ၍ ဝတ်စုံအချို့ထပ်‌ချုပ်ပေးပြီး အလှည့်ကျ ဝတ်စေလိုက်မည်ဟု တွေးလိုက်သည်။ 


စုန့်ရန်က အိမ်တွင်သာနေရသော်လည်း သူတစ်ယောက်တည်းမြင်ရရန် ဝတ်ခိုင်းမည်ဖြစ်သည်။ 


စုန့်ရန်၏ မွေးနေ့တွင်မူ ပုပုကလည်း အနောက်တိုင်းဝတ်စုံအသေးလေးတစ်ထည်ဝတ်ထားပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးကာ နက်ကတိုင်ကို ဖဲပြားပုံစံလေးချည်ထားသည်။


မှန်ရှေ့တွင် သူ့ခန္ဓာကိုယ်ကို ဘေးဘယ်ညာလှည့်ကြည့်နေသည်။ သူ့ကိုယ်သူ အလွန်ခံ့ညားသည်ဟု တွေးမိ၍ ဤဝတ်စုံကို မနက်ဖြန်မနက် ကျောင်းသို့ဝတ်သွားရမည်လားဟု မေးနေသည်။ ဟယ်ကျစ်ယွမ်နှင့် စုန့်ရန်တို့နှစ်ယောက်လုံး ပြုံးလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ပြန်ဖြေလိုက်သည်။


" မရဘူးလေ..."


ပုပုက မကျေမနပ်ဖြင့် ဟမ့်ခနဲအသံပြုလိုက်ပြီး ကြောင်နှစ်ကောင်ကိုသာ စောဒကတက်နေပေသည်။ 


ဟယ်ကျစ်ယွမ်က ယနေ့တွင် မီးခိုးနုရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး စုန့်ရန်အတွက် ရွေးချယ်ပေးထားသည်ကလည်း သူနှင့် အရောင်တူ ဝတ်စုံဖြစ်သည်။ ဟယ်ကျစ်ယွမ်က သူ့နက်ကတိုင်ကို စုန့်ရန်အား စည်းခိုင်းစေလိုက်သည်။ ဤသို့ပြုလုပ်ပေးနေစဉ်တစ်လျှောက်လုံး ဟယ်ကျစ်ယွမ်က သူ့ကို ပြင်းပြသောအကြည့်မျိုးဖြင့် ကြည့်နေ၍ သူ့စိတ်ထဲ မသက်မသာဖြစ်လာမိသည်။ 


" ခင်ဗျားတစ်ခုခုလုပ်ဖို့ တွေးနေပြန်တာလား..."


စုန့်ရန်က သူ့ကိုစိုက်ကြည့်နေပြီး နက်ကတိုင်ကို တင်းကြပ်စွာစည်းပေးလိုက်၍ လူကြီးမင်းဟယ်ကို လည်ပင်းညှစ်မိလုနီးပါးဖြစ်သွားသည်။ 


လူကြီးမင်းဟယ်က နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီးနောက် နက်ကတိုင်ကို ပြန်လျှော့ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ 


" ကိုယ်တွေးနေတာ... ဒီည ကိုယ့်ကို မင်းရဲ့ အင်္ကျီကို ချွတ်ခွင့်ပေးမလားလို့..."


စုန့်ရန် ဝေခွဲမရဖြစ်သွားသည်။ 


" ခင်ဗျား အမြဲတမ်း အင်္ကျီချွတ်နေတာပဲ မဟုတ်ဘူးလား..."


" ကိုယ်ပြောချင်တာက... ဒီတစ်ခါတော့ ဂျာကင်ရော၊ နက်ကတိုင်ရော အင်္ကျီရော..."


“…”


ကောင်းလိုက်တာ suit playလုပ်ချင်နေဝာာပေါ့... သူက တဖြည်းဖြည်းနဲ့ အရှက်မဲ့လာတာပဲ...


စုန့်ရန်က တစ်ဖက်လူကို အရှက်မဲ့သည်ဟု စိတ်ထဲမှ ကြိမ်းမောင်းနေသော်လည်း သူ့မျက်နှာထက်တွင် နီရဲလာပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။


" ကောင်း... ကောင်းပါပြီ..."


ရလဒ်အနေဖြင့် လူကြီးမင်းဟယ်က သူ့လက်ဖျားကို စုန့်ရန်၏ လည်ပင်းပေါ်တွင် ပြေးလွှားနေပြီး ကော်လံကြယ်သီးကိုဖြုတ်လိုက်ကာ စုန့်ရန်၏ညှပ်ရိုးတွင် အမှတ်အသားတစ်ခုပေးလိုက်သည်။ ထို့နောက်တွင်မှ နက်ကတိုင်ပြန်စည်းပေးလိုက်ပြီး ကော်လံကြယ်သီး ပြန်တပ်ပေးလိုက်ကာ ထိကပါးရိကပါးလုပ်ခြင်းကို ဖုံးကွယ်ထားလိုက်သည်။  


မြစ်ကမ်းပါးပေါ်ရှိ အနှစ်တစ်ရာ သမိုင်းကြောင်းရှိသော အဆောက်အအုံတစ်ခုတွင် တည်ရှိသည့် ကောင်းမွန်စွာ တည်ထောင်ထားသော ပြင်သစ်စားသောက်ဆိုင်တွင် ညစာကို ကြိုတင်မှာကြားထားခဲ့သည်။ ၎င်းတွင် သစ်သားဖြင့်ပြုလုပ်ထားသည့် လေးလံသော လှည့်တံခါးဟောင်းတစ်ခုနှင့် အနည်းငယ်ကျဉ်းမြောင်းသော အခန်းတစ်ခုရှိသည်။ မျက်နှာချင်းဆိုင်မြစ်ကမ်းပါးပေါ်မှ အသစ်တည်ဆောက်ထားသော အဆောက်အဦးကဲ့သို့ မကျယ်ဝန်းသော်လည်း ထူးခြားသည့် အနှစ်သာရတစ်မျိုး ရှိနေသည်။ 


ဓာတ်လှေကားက ၁၂လွှာအထိ တည့်တည့်တက်သွားသည်။ အတွင်းသို့ ဝင်သွားသောအခါတွင် မီးလုံးငယ်များဖြင့် မှိတ်တုတ်မှိတ်တုတ်အလှဆင်ကာ ဝိုင်များကို ပြသထားသည့် လမ်းကြောင်းတစ်ခု၊ သန့်ရှင်းသပ်ရပ်သော အဖွင့်ပုံစံမီးဖိုချောင်တစ်ခုနှင့် အနောက်တွင် ထမင်းစားခန်းဧရိယာရှိသည်။ နေရာက အလွန်မကျယ်ဝန်းပဲ စားပွဲဆယ်လုံးစာခန့်သာရှိသည်။ 


ဟယ်ကျစ်ယွမ် ဘိုကင်လုပ်ထားသောနေရာက ပြတင်းပေါက်ဘေးတွင်ရှိပြီး မြစ်၏ အရောင်အသွေးစုံလင်လှသော မြင်ကွင်းကို ကြည့်ရှု့နိုင်ပေသည်။ စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက်သုံးစုံ၊ မီနူးသုံးခုနှင့်အတူ လှပသောအနီရောင်နှင်းဆီတစ်ပွင့်ကို ကြွေပန်းအိုးအသေးလေးတစ်လုံးနှင့် ထည့်ထားသည်။ 


သူတို့သုံးယောက်က အစာအစာများကို အချိန်ဆယ်မိနစ်ခန့် မှာကြားပြီးသည့်နောက်တွင် စားပွဲထိုးလေးက သူတို့၏ မီနူးများကိုပြန်ယူသွားပြီး စွပ်ပြုတ်၊ ပေါင်မုန့်ပူပူနှင့် ထောပတ်လေးများကို လာချပေးသည်။ ပုပုက သူကိုယ်တိုင်စားနေသည်။ သူ စားနေစဉ်တွင် မြစ်ထဲမှ အပျော်စီးသင်္ဘောများ၊ မျက်နှာချင်းဆိုင် မြစ်ကမ်းပါးပေါ်မှ အဆောက်အဦးများနှင့် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့် ဝန်ထမ်းများကိုကြည့်နေသည်။ 


" တကယ်တော့ ကျွန်တော်... ကျွန်တော်တို့တွေသိလာတာ တော်တော်ကြာပြီနော်... ဒီနှစ် ဧပြီ ၃ရက်နေ့ဆိုရင် တစ်နှစ်အတိပြည့်ပြီ..."


ဟယ်ကျစ်ယွမ်က လွမ်းဆွေးသွားဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


" အချိန်တွေကုန်သွားတာ အရမ်းမြန်တာပဲ... မနှစ်က ဒီလိုအချိန်မှာဆို ကိုယ်မင်းကို မသိသေးဘူးပဲ..."


" ခင်ဗျား ကျွန်တော့်ကို မသိပေမယ့် ကျွန်တော်ကတော့ ခင်ဗျားကို သိပြီးပြီလေ..."


စုန့်ရန်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ 


ဟယ်ကျစ်ယွမ်က စားပွဲပေါ်မှစုန့်ရန်၏လက်ကို သူ့လက်ဖြင့် အုပ်ကိုင်လိုက်သည်။ 


" ကိုယ် မင်းကို အကြာကြီးစောင့်ရအောင် လုပ်ခဲ့မိတာပဲ..."


စုန့်ရန် ခေါင်းခါလိုက်သည်။


" အဆင်ပြေပါတယ်... ကံကြမ္မာက ဒီလိုမြန်တာပဲ စောတာပဲဖြစ်ဖြစ် နောက်ကျတာပဲဖြစ်ဖြစ် ရောက်ကိုရောက်လာမှာပဲ... အရင်ဆုံးမရောက်လာရင်တောင် ဧပြီ ၃ရက်နေ့ဆို ရောက်လာမှာပါပဲ..."


" ဟုတ်သားပဲ... ရောက်ကိုရောက်လာမှာပါ..."


" ဒါပေမဲ့ တစ်ခါတစ်လေကျရင် အကယ်၍ ဆိုတဲ့ မေးခွန်းမျိုးကို တွေးနေမိတယ်... ဒီလိုလေ ကျွန်တော်က ခင်ဗျားနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေပေမယ့် ခင်ဗျားကို ရက်၄၀ကျော် ရှာတာတောင်မှ မတွေ့ခဲ့ဘူး... ကျွန်တော်တို့ရဲ့ ဆက်နွယ်မှုက နည်းနည်းတော့ လိုနေသေးတယ် မထင်ဘူးလား... တကယ်လို့ ခင်ဗျားတို့ရဲ့ ကလေးထိန်းက ပုပုကို ဂရုမစိုက်ပဲ ပစ်မသွားဘူးဆိုရင် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ခုထိ မသိသေးပဲ ကျွန်တော်လည်း တခြားတစ်နေရာကို ပြောင်းရင်ပြောင်းသွားမှာ..."


ဟယ်ကျစ်ယွမ်က မျက်ခုံးတွန့်ချိုးလိုက်ပြီး စုန့်ရန်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ 


" စုန့်ရန် အဲ့လိုဖြစ်လာစရာအကြောင်းမရှိပါဘူး..."


" ဟုတ်တယ် ဟုတ်တယ် အဲ့လိုမဖြစ်ပါဘူး..."


သူတို့ပြောစကားကို နားထောင်နေသည့်ပုပုက လှစ်ခနဲဝင်ပြောလိုက်သည်။


" သားက ပုံပြင်စာအုပ်တွေငှားဖို့ တံခါးလာခေါက်ရင် ကိုကြီးလည်း ပါပါးနဲ့ သိသွားမှာပဲ..."


" အင်း အဲ့လိုကတော့ ဖြစ်နိုင်ချေ‌ရှိတယ်..."


စုန့်ရန်က ပြုံးပြလိုက်သည်။


" ကဲပါ ဒီကိစ္စကို မပြောပဲထားလိုက်တော့... တခြားပျော်စရာကောင်းတာလေးတွေ ပြောကြမယ်လေ..."


သူတို့ စကားပြောနေပြီး မကြာမီအချိန်တွင် အဓိကဟင်းပွဲများရောက်လာသည်။ တစ်ယောက်နှင့်တစ်ယောက် ဟင်းပွဲများလဲစားနေကြသည်။ အားလုံးကို မြည်းကြည့်ချင်နေသည့်ပုပုက ပင်လယ်စာများကို အနည်းငယ်စားပြီးနောက် အသီးအရွက်များကို အနည်းငယ်ကိုက်လိုက်ပြီး အားလုံးက တူတူဆက်ဆံကြောင်း ပြသလိုက်သည်။ မကြာမီအချိန်တွင် သူ့ဗိုက်လုံးလုံးလေးက ဖောင်းကားလာသည်။ 


စားနေလျက်မှ ခဏနားနေကြစဉ်တွင် စုန့်ရန်က မေးထောက်၍ ပတ်ဝန်းကျင်ကို ကြည့်နေပြီး စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကို တွေ့ရှိသွားသည်။


" တခြားလူတွေရဲ့ စားပွဲပေါ်မှ ‌ဖယောင်းပန်းတွေနဲ့ အလှဆင်ထားတာနော် ကျွန်တော်တို့ စားပွဲကျတော့ နှင်းဆီပန်းတွေပါလား..."


စုန့်ရန်က ပျော်ရွှင်စွာဖြင့် နှင်းဆီပန်းကိုကိုင်ပြီး အနားကပ်ကြည့်လိုက်သည်။ ပွင့်ဖတ်များက အရောင်တောက်ပပြီး လန်းဆန်းနေ၍ ယခုမှ ပန်းခင်းထဲက ခူးလာသည်နှင့် တူနေသည်။


" ကျစ်ယွမ် ကျွန်တော်တို့ ကံကောင်းတယ်လို့ မထင်ဘူးလား... ကျွန်တော်တို့စားပွဲပေါ်က ပန်းက တခြားပန်းတွေထက် ပိုလှတယ်လေ..."


" အဲ့လိုလား... ကိုယ် ကြည့်ပါရစေဦး..."


ဟယ်ကျစ်ယွမ်က လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ 


စုန့်ရန်က သူ့လက်ထဲမှ ပန်းပွင့်ကို ကိုင်ထားပြီး "ဒါက ပန်းအစစ်နော်" ဟု စနောက်ပြောတော့မည့်အချိန်တွင် တစ်ဖက်မှလူက သူ့ထိုင်ခုံကို နောက်ပြန်ဆွဲလိုက်ပြီး လက်ထဲတွင် နှင်းဆီပန်းကိုကိုင်ပြီး ထရပ်လိုက်သည်။


သူ... သူ ဘာလုပ်နေတာလဲ...


စုန့်ရန်၏ မျက်နှာထက်မှအပြုံးက အေးခဲတောင့်တင်းသွားပြီး သူ့ပုံစံက စိတ်ရှုပ်သွားပုံရသည်။ 


သူ မျက်လုံးအပြူးသားဖြင့် ကြည့်နေစဉ် ဟယ်ကျစ်ယွမ်က သူရှိရာသို့လျှောက်လာပြီး လက်တစ်ဖက်ထဲတွင် နှင်းဆီပန်းကိုကိုင်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။ တစ်ခဏတွင်းချင်းတွင် စားသောက်ဆိုင်အတွင်းမှ ဧည့်သည်များ၊ ဝန်ထမ်းများနှင့် စားဖိုမှူးများ၏ မျက်လုံးများက သူတို့အပေါ် ရောက်ရှိသွားသည်။ 


စုန့်ရန်က ‌မိန်းမောနေရာမှ ကြောက်လန့်သွားသည်။ သူ့ခြေလက်မှ ကြွက်သားများ တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။


" ဟယ်ကျစ်ယွမ်... ဘာ ဘာတွေလုပ်နေတာလဲ... ထလေ မြန်မြန်ထလိုက်..."


သူ တိတ်ဆိတ်စွာဖြင့် ပြောလိုက်ပြီး ခေါင်းရှုပ်သွားပေသည်။ ဟယ်ကျစ်ယွမ်က မတ်တပ်ရပ်မည့်ပုံမပေါ်၍ ပုပုဘက်ကိုလှည့်ပြီး အကူအညီတောင်းလိုက်သည်။


" ကလေးလေး သားအဖေကို မြန်မြန် မတ်တပ်ရပ်ခိုင်းလိုက်ဦး..."


" ဟုတ်..."


ပုပုက ခုံပေါ်မှခုန်ဆင်းသွားပြီး ဟယ်ကျစ်ယွမ်၏အနားကို ရောက်သွားသော်လည်း သူ့ကို ထခိုင်းရမည့်အစား သူ့ဘောင်းဘီ အိတ်ကပ်ထဲမှ ထင်းရှူးသီးပုံစံအရာတစ်ခုကို ထုတ်လိုက်သည်။


" ပါပါး ဒီမှာ..."


ဤသားအဖနှစ်ယောက်က အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး လှပသည့် ပူးပေါင်းမှုတစ်မျိုးကို ပြသသွားသည်။


ဟယ်ကျစ်ယွမ်က ထင်းရှူးသီးလေးကိုယူလိုက်ပြီး နှင်းဆီပန်းလေးနှင့်အတူ ကိုင်ထားလိုက်သည်။


" စုန့်ရန်... ပုပုကိုယ့်ကိုပြောတယ် ရှဉ့်ကလေးရဲ့အိမ်မက်က မင်းသူ့ကို ပထမဆုံးပြောပြခဲ့ဖူးတဲ့ ပုံပြင်တဲ့... ပုံပြင်ထဲမှ ရှဉ့်လေးက ကမ္ဘာ့အကြီးဆုံးထင်းရှူးသီးကို မရပ်မနားရှာနေခဲ့တယ်ဆို... နောက်ဆုံးမှာတော့ မီးခိုးရောင်ရှဉ့်လေးက သူ့ထင်းရှူးသီးကို ရှဉ့်အကျားလေးကို ပေးလိုက်တယ်မလား..."


ဟယ်ကျစ်ယွမ်က ခေါင်းအနည်းငယ်စောင်းထားပြီး သူ့မျက်ဝန်းထဲတွင် ‌ချစ်ခြင်းမေတ္တာနှင့် မြတ်နိုးမှုများဖြင့် ပြည့်နေသည်။


" ချစ်ရတဲ့ ရှဉ့်လေးရေ... မစ္စတာ မီးခိုးရောင်ရှဉ့်လေးက သူ့ရဲ့ ထင်းရှူးသီးကို မင်းအတွက် မွေးနေ့လက်ဆောင်ပေးပါတယ်... မင်းကရော သူ့ကို လက်ခံပေးပြီးတော့ လက်ထပ်နိုင်မလား..."


စုန့်ရန်က ထင်းရှူးသီးလေးကို တွေဝေ‌မိန်းမောစွာဖြင့် စိုက်ကြည့်နေလိုက်ပြီး သူ့နှုတ်ခမ်းများ တုန်ယင်လာကာ မျက်လုံးများလည်း စိုစွတ်လာသည်။


သူ လက်မခံပဲ နေနိုင်မယ်တဲ့လား...


ဒါက တကယ့် တကယ်ကို ကမ္ဘာ့အကြီးဆုံး ထင်းရှူးသီးပဲ...


စားသောက်ဆိုင်၏အတွင်းပိုင်းတွင် သာမန်အချိန်နှင့်မတူပဲ တိတ်ဆိတ်နေပြီး မည်သူမှ အသံမထွက်ရဲကြပေ။ ဟယ်ကျစ်ယွမ်နှင့်အတူ သူတို့အားလုံး အဖြေကိုစောင့်‌ဆိုင်းနေကြစဉ်၌ လေပြည်လေညှင်းလေးက အားလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။


" ကျွန်... ကျွန်တော်..."


စုန့်ရန် ခေါင်းငြိမ့်ပြလိုက်သည်။ 


" မစ္စတာမီးခိုးရောင်ရှဉ့်လေးကို ကျွန်တော် လက်ထပ်နိုင်ပါတယ်..."


" ယေးးး..."


ပုပုက စတင်အော်ဟစ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် သုံးပေခန့်အထိ ခုန်ပေါက်လိုက်သည်။ မြေကြီးပေါ် ပြန်ရောက်လာသည့်အခါ အားလုံးနှင့်အတူ တကွ လက်ခုပ်တီးနေသည်မှာ သူ၏ လက်ပိစိလေးများပင် နာကြင်လာသည်အထိဖြစ်သည်။ 


ဟယ်ကျစ်ယွမ်က စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးနေလိုက်သည်။ ထို့နောက် နှင်းဆီပန်း၏ရိုးတံကို ပါးစပ်တွင် ကိုက်ထားလိုက်ပြီး လက်ထဲမှ ထင်းရှူးသီးကြီးကို ဖွင့်လိုက်သည်။ 


အတွင်းတွင် လက်စွပ်တစ်ကွင်းရှိပေသည်။ 


နှင်းဆီပန်းကို ဘေးနားတွင် ချထားလိုက်ပြီးသည့်နောက် လက်စွပ်ကိုထုတ်လိုက်ကာ နူးညံ့ငြင်သာသောအသံဖြင့် မေးလိုက်သည်။


" ကိုယ် ဝတ်ပေးမယ်နော် ရတယ်မလား...*


စုန့်ရန် စကားတစ်ခွန်းမှမပြောနိုင်ပေ။


သူ ခေါင်းငြိမ့်ပြလိုက်ပြီး ငွေလက်စွပ်ဘေးကို သူ့လက်ချောင်းပေါ် တဖြည်းဖြည်းစွပ်လိုက်သည်ကိုသာ ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် သူ မျက်ရည်များကို မထိန်းနိုင်တော့ပေ။ မျက်ရည်စများက မိုးစက်မိုးပေါက်များသဖွယ် မျက်နှာပေါ်မှ လှိမ့်ဆင်းလာသည်။


 


အသက် ၂၄နှစ်ပြည့်သော ည‌တွင် အချိန်ကြာမြင့်စွာ လှည့်လည်သွားလာနေခဲ့သော မစ္စတာရှဉ့်ကျားလေးက နူးညံ့ငြင်သာသော မစ္စတာမီးခိုးရောင်ရှဉ့်လေးကို လက်ထပ်ရန် သဘောတူခဲ့ပေသည်။ သူ့အပေါ် အမြတ်နိုးပေးနိုင်ဆုံးလက်တွဲဖော်၊ ချစ်စရာကောင်းသော ကလေးလေး၊ အနွေးထွေးဆုံးအိမ်တစ်အိမ်နှင့် ကမ္ဘာပေါ်တွင် အကြီးဆုံးထင်းရှူးသီးကြီးကို သာမက တစ်သက်တာ စားမကုန်နိုင်သည့်ထင်းရှူးသီးကိုလည်း ရရှိခဲ့ပေသည်။


Xxxxxxxxx