အပိုင်း ၁၀
Viewers 12k

စစ်ကျွင်းတောက်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရမှတ်က အလွန်ကောင်းခဲ့သည်။ ၇၄၆မှတ်ရသဖြင့် အမှတ်(၁) အလယ်တန်းကျောင်းစဆင်တည်ထောင်ချိန်မှစ၍ အမြင့်ဆုံးရမှတ် ဖြစ်ခဲ့သည်။ အားလုံး ချင်မင်းဆက်မြောက်ပိုင်းမှ တက္ကသိုလ်တစ်ခုကို ရွေးမည်ဟု ထင်ခဲ့သော်လည်း စစ်ကျွင်းတောက်က မည်သည်ကိုမျှ မရွေးခဲ့ပေ။ အိမ်နှင့် သိပ်မဝေးသည့် ပြည်နယ်အတွင်း အမြင့်ဆုံးတက္ကသိုလ်ဖြစ်သည့် Xတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်။
မိသားစုဝင်အားလုံး ထိတ်လန့်သွားခဲ့ရပြီးသူ၏မိဘများက မေးခဲ့ကြသည်။
" ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ရှိသေးတာပဲ ... ဘာလို့ ဒီထက်ပိုကောင်းတဲ့ တက္ကသိုလ်ကို မတက်တာလဲ ..."
စစ်ကျွင်းတောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
" မလိုအပ်လို့လေ ..."
" ဘာလို့မလိုအပ်တာလဲ ... ကျွင်းကျွင်း ဒီလိုအရေးကြီးကိစ္စကို မိသားစုနဲ့ ဆွေးနွေးသင့်တယ်လေ ..."
ဝမ်မင်ယီ အပေါ်ထပ်တွင် ထိုင်နေကာ အောက်ထပ်မှ လူသုံးယောက်ကို ဝရန်တာမှာ ကြည့်နေသည်။ စစ်ဖူနှင့် စစ်မူတို့၏ နောင်တရနေသော စကားများကို ကြားရသည့်အခါ သူတိတ်တဆိတ် ခေါင်းငုံ့လိုက်သည်။
သူ အကြောင်းရင်းကို သိနေသည်။ တစ်စုံတစ်ရာကြောင့် မဟုတ်ပါက သူ့ကြောင့်သာ ဖြစ်လိမ့်မည်။
စကားစမြည် ‌ပြောဖြစ်ချိန်က သူ စစ်ကျွင်းတောက်ကို မေးခဲ့ဖူးသည်။
" ကျွင်းတောက်ကောကော အနာဂတ်မှာ တက္ကသိုလ်တက်မှာလားဟင် ..."
" သွားဖြစ်လောက်ပါတယ် ..."
၎င်းက ထိုအချိန်၌ စစ်ကျွင်းတောက် ပြောခဲ့သည့်စကားပင်။
ဝမ်မင်ယီ ထိုအချိန်က ငယ်ရွယ်သေးသည်။ ‌သူ ခေါင်းခါ၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အားလုံးက ထွက်သွားနေကြတာပဲ ... ကျွန်တော့်ကို ဘယ်သူမှ မလိုချင်ကြဘူး ..."
ထိုသို့ ပြောလိမ့်မည်ဟု စစ်ကျွင်းတောက် မထင်ထားခဲ့ပေ။ သူက ခေါင်းကိုပွတ်သပ်၍ ပြောလိုက်သည်။
" ဘာလို့ အဓိပ္ပါယ်မရှိ‌တာတွေ ပြောနေတာလဲ ... ငါ မင်းကိုလိုချင်ပါတယ် ..."
" မာမားနဲ့ပါပါးလည်း အဲ့လို ပြောခဲ့ကြတာပဲ ... ဒါပေမဲ့ သူတို့ပြန်မလာတော့ဘူး ..."
စစ်ကျွင်းတောက်ကို လှပသည့် မျက်လုံးများဖြင့်ကြည့်ကာ ဝမ်းနည်းစွာ ပြောလိုက်သည်။
" ကောကော တက္ကသိုလ်ရောက်သွားရင် ကျွန်တော့ကို ဖြည်းဖြည်းချင်း မေ့သွားမှာပဲ ..."
စစ်ကျွင်းတောက် သူ၏ရှေ့မှ ကောင်ငယ်လေးကို ကြည့်လိုက်သည်။ သူ ခဏတာ တိတ်ဆိတ်သွားပြီး ဝမ်မင်ယီကို ပေါင်ပေါ်တင်ကာ နွေးထွေးသောလေသံဖြင့် ပြောလိုက်သည်။
" ဒါဆို ကော မသွားတော့ဘူး ..."
သူ ကောင်ကလေးကို ရင်ခွင်ထဲဖက်ထားပြီး ချော့မော့ပြောလိုက်သည်။
" မင်း ကြီးပြင်းလာတာကို စောင့်ကြည့်နေမယ် အမြဲတမ်းပေါ့ ..."
" တကယ်လား ..."
ဝမ်မင်ယီ ချက်ချင်းပျော်ရွှင်သွားသည်။
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်ပြီး...
" တကယ်ပေါ့ ကောကောမလိမ်ပါဘူး ..."
စစ်ကျွင်းတောက် သူ့ကို မလိမ်ခဲ့သော်လည်း ဝမ်မင်ယီ နားမလည်နိုင်ပေ။ ထိုကိစ္စက အချိန်အလွန်ကြာခဲ့ပြီဖြစ်သည်။ သူက စစ်ကျွင်းတောက်ကို ချင်မင်းဆက် မြောက်ပိုင်းသို့ သွားချင်သည်ဟု ပြောခဲ့ဖူးသည်။
စစ်ကျွင်းတောက် သူ၏မိဘများနှင့် စကားပြောပြီးသည့်ညတွင် ဝမ်မင်ယီက သူ့ထံသွား၍ မေးခဲ့သည်။
" ကျွန်တော့်ကြောင့် ချင်ပေကို မသွားတော့တာလား .."
စစ်ကျွင်းတောက် ခေါင်းခါပြီး တည်ငြိမ်စွာ ပြောလ်ုက်သည်။
" အဲ့ဒါ မလိုအပ်ဖူးလို့ ကိုယ်ထင်လို့ပါ ..."
ဝမ်မင်ယီ သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ စစ်ကျွင်းတောက်ကသူ့ကို လှေကားဆီ တွန်းပို့ပြီး အပြုံးဖြင့် ပြောလိုက်သည်။
" အရမ်းမတွေးနေပါနဲ့ ... အခု အိပ်ချိန်ရောက်နေပြီ အနားယူတော့ ..."
ထိုညက ဝမ်မင်ယီ အိပ်မပျော်ခဲ့ပေ။ သူ၏ မိဘများနှင့် စစ်ကျွင်းတောက်အကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ သူက စစ်ကျွင်းတောက်၏ ညီအရင်းမဟုတ်သော်လည်း သူ့အတွက် တာဝန်ယူစရာနှင့် ဖိအားတစ်ခု ဖြစ်လာစေသညဟု ခံစားလိုက်မိသည်။
သူနဲ့မဆိုင်တဲ့ လူတစ်ယောက်အတွက် ဘာလို့ ဖိအားတွေအဖြစ်ခံပြီး တာဝန်ယူပေးချင်နေရတာလဲ ...
ဤကဲ့သို့ စိတ်မသန့်မှုများကြောင့် အထက်တန်းဝင်ခွင့်စာမေးပွဲဖြေပြီးနောက် ပုန်ကန်တတ်သည့်ဆယ်ကျော်သက်အရွယ်ကောင်လေးအဖြစ် လုံးဝပြောင်းလဲသွားခဲ့သည်။ သူက စစ်ကျွင်းတောက်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်လိုပေ။ သူကို ကြင်နာပေးသောကြောင့်နှင့် သူ၏မိဘများအတွက်လည်း စစ်ကျွင်းတောက်ကို နာကြည်းခဲ့သည်။
စစ်မိသားစုထံမှ ထွက်လာပြီး ကျောင်းအနီးတွင် အိမ်ငှားနေခဲ့သည်။ စစ်ကျွင်းတောက်နှင့် စကားမပြောတော့ပဲ ကောကောဟုလည်း မခေါ်တော့ပေ။ သူတို့တွေ့တိုင်းလည်း ဘာစကားမျှ မပြောတော့ပေ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးနောက် သူ၏မြို့တွင် talent ရှိုးတစ်ခုအတွက်auditionခေါ်ဆိုနေသည်ကို တွေ့လိုက်ရသည်။
သူတွေးလိုက်သည်က အကယ်၍ ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ပြီး သူ့အဖေရှေ့မှာ ကြယ်ပွင့်တစ်ယောက်အဖြစ် ပေါ်လာရင် သူ့အဖေ ဘယ်လိုဖြစ်သွားမလဲ ... အံ့ဩသွားမှာလား ...
ဝမ်မင်ယီတွင် ဖျော်‌ဖြေရေးနယ်ပယ်ထဲဝင်ရောက်ရန် နည်းလမ်းပေါင်းတစ်ရာခန့်ရှိသည်။ ဤနည်းလမ်းကို ရွေးချယ်စရာ မလိုပေ။ သို့သော် အင်တာဗျူးတစ်ခုတွင် သူ့အဖေ ပြောခဲ့သည်ကို သတိရသွားသည်။ Talent showမှ idolများကို သဘောကျပုံ‌မပေါ်ပေ။ သူတို့က သီချင်းဆိုရန်နှင့် ကရန် သင့်တော်သော်လည်း သရုပ်ဆောင်ခြင်းနှင့် လိုက်ဖက်မှုမရှိကြောင်း ပြောခဲ့သည်။
ဝမ်မင်ယီက ပုန်ကန်တတ်သည့်ကာလကို ဖြတ်သန်းနေရသည့်အတွက် သူ့အဖေက သားဖြစ်သူကို သူမကြိုက်သည့်လူမျိုးဖြစ်လာပါက မည်သို့ဖြစ်သွားလိမ့်မည်ကို မတွေးပဲ မနေနိုင်ခဲ့ပေ။
ဤသို့စဉ်းစားကာ ရှိုးတွင် ပါဝင်ခဲ့ပြီး ပထမနေရာကို ရရှိခဲ့သည်။
စင်မြင့်ထက်တွင် ရပ်နေချိန်၌ ဝမ်မင်ယီ ဝန်မခံချင်သော်လည်း သူ၏စိတ်တွင်း၌ အချို့အရာများ မွေးဖွားလာသည်ကို ခံစားမိခဲ့သည်။ သူ့ကိုယ်သူ TVတွင် မြင်လိုက်ချိန်၌ ကင်မရာနှင့် လိုက်ဖက်သင့်တော်သည်ဟု သိလိုက်ရသည်။ ကင်မရာပေါ်မှ သူ၏သရုပ်ဆောင်ချက်များက အခြားပြိုင်ပွဲဝင်များထက် သာလွန်နေသည်။
နောက်ဆုံးမှာတော့ သူက ဝမ်ဝေ့နဲ့ ကျောက်ဝမ့်ယွီတို့ရဲ့ သားတစ်ယောက်ပဲလေ ...
ပြန်လည်မမွေးဖွားမီ အချိန်ကဆိုလျှင် စစ်ကျွင်းတောက်ကို ဖျော်ဖြေရေးနယ်ပယ်၌ အောင်မြင်ချင်သည်ဟုဖြေရန် တွန့်ဆုတ်လိမ့်မည်မဟုတ်ပေ။
သို့သော် ယခုအခါ သူ၏ဒုတိယမြောက် ပုန်ကန်လိုသည့်ကာလက မူရင်းဝတ္ထု၏ တွန်းအားပေးခြင်းကို ခံလိုက်ရသည်ဟု သူ သံသယဝင်လာသည်။ မဟုတ်ပါက သုံးနှစ်တိုင်တိုင် စစ်ကျွင်းတောက်နှင့် ကတောက်ကဆ ဖြစ်နေခဲ့မည် မဟုတ်ပေ။ ထိုသုံးနှစ်အတွင်း စစ်ကျွင်းတောက်နှင့် ဝေးကွာနေခဲ့ခြင်းကြောင့် ကောကောက ကျန်းဇီမော့နှင့် သိကျွမ်းခဲ့ရပြီး အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်သည့် ကျန်းဗီမော့နှင့် ဝမ်ပေါ်တို့အကြား ခံစားချက်ရေလှိုင်း‌တွင် မျောပါခဲ့ရသည်။
ဝမ်မင်ယီ သက်ပြင်းချလိုက်မိသည်။ မူရင်းဝတ္ထုကသူ့ကို နှစ်ပေါင်းများစွာ ပုန်ကန်နေအောင် တွန်းအားပေးခဲ့သော်လည်း ဖျော်ဖြေရေးနယ်ပယ်သို့ဝင်ရန် လက်မှတ်ရရှိသည်အထိ မြောက်များစွာ လုပ်ခဲ့ရသည်။ ယခုအချိန်မှ ၎င်းကို လက်မလွှတ်ချင်တော့ပေ။
သူ စစ်ကျွင်းတောက်ကိုကြည့်ကာ မေးလိုက်သည်။
" ကောကော ဘယ်လိုထင်လဲ ..."
အကယ်၍ ထိုစကားများကို လွန်ခဲ့သော သုံးလခန့်က ပြောခဲ့ပါက ဝမ်မင်ယီကို ငယ်ရွယ်သေးသည်ဟုပြောရန် စစ်ကျွင်းတောက် တုန့်ဆုတ်နေမည်မဟုတ်ပေ။ အကယ်၍ ဖျော်ဖြေရေးနယ်ပယ်ကို စိတ်ဝင်စားပါက ဘွဲ့ရပြီးသည့်နောက် ထိုအလုပ်ကိုလုပ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ စစ်မိသားစု၌ ငွေကြေးအင်အားရှိပြီး ဝမ်မိသားစုတွင် နောက်ခံအင်အားရှိသည့်အတွက် ဝမ်မင်ယီအလိုရှိပါက သူ တားမြစ်မည်ဟုတ်ပေ။
စစ်ကျွင်းတောက် သူ၏ရှေ့မှ လူငယ်လေးကို ကြည့်လိုက်သည်။ နောက်‌ဆုံးတွင် ဝမ်မင်ယီနှင့် သင့်မြတ်သွားပြီဖြစ်၍ မည်သည့်ကိစ္စကြောင့်မျှ ပြဿနာမတက်လိုပေ။ ဝမ်မင်ယီ ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်လိုပါက သူတားမြစ်မည်မဟုတ်ပေ။ သူက ၁၈နှစ်သာရှိသေး၍ အနည်းငယ် ငယ်ရွယ်သေးသော်လည်း မကြာမီ အရွယ်ရောက်လာမည်ဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်က မသန့်ရှင်းသော်လည်း သူ၏စောင့်ကြည့်မှုအောက်တွင် ဝမ်မင်ယီ မည်သည့်ကိစ္စမှ ဖြစ်လာမည်မဟုတ်ပေ။
" ကိုယ် မင်းရဲ့ အကြံဉာဏ်ကို လေးစားပါတယ် ... မင်း ဒီနယ်ပယ်မှာပဲ တိုးတက်အောင်လုပ်ချင်ရင် ကိုယ်မငြင်းပါဘူး ဒါပေမဲ့တစ်ခုတော့ရှိတယ်... Entertainment ကုမ္ပဏီကိုတော့ ကိုယ့်ကို ရွေးချယ်ခွင့်ပေး ... တကယ်တော့ မင်းက ငွေကြေး လိုအပ်မနေဘူးလေ ... မင်းရုပ်ရှင်ရိုက်ပြီး ငွေရှာဖို့ကို မမျှော်လင့်ထားဘူး .... အဲ့ဒါကြောင့် မင်းနဲ့စာချုပ်ချုပ်မယ့် ကုမ္ပဏီကို မင်းရှာပေးတဲ့ငွေထက် မင်းကိုပိုဂရုစိုက်တာပဲ ဖြစ်စေချင်တယ် ..."
ဝမ်မင်ယီ ခေါင်ငြိမ့်ပြလိုက်သည်။
"ကောင်းပါပြီ ..."
စစ်ကျွင်းတောက် စိတ်သက်သာရာ ရသွားသည်။
" ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီနော် ..."
" ဟုတ် ..."
ဝမ်မင်ယီ သူ့ကို ပြုံးပြလိုက်သည်။
ထို့နောက် ပျော်ရွှင်စွာ မနက်စာစားပြီး ကုမ္ပဏီသို့ တူတူထွက်လာကြသည်။
စစ်ကျွင်းတောက် သူ့ကို ကုမ္ပဏီသို့ လိုက်လာခိုင်းရသည့် အဓိကအကြောင်းအရင်းက သူ ညဘက်မှပြောင်းလဲခြင်း ဟုတ်မဟုတ် စစ်ဆေးရန်ဖြစ်သည်။ ထို့ကြောင့် ဝမ်မင်ယီကို သူ၏ရုံးခန်းထဲတွင်သာ နေရန် ပြောထားသည်။
ရုံးခန်းထဲ ရောက်ရောက်ချင်း စစ်ကျွင်းတောက် အလုပ်ရှုပ်နေသည်ကိုမြင်၍ သူမနှောင့်ယှက်တော့ပဲ ဖုန်းကိုသာထုတ်၍ ဂိမ်းဆော့နေလိုက်သည်။
ယန်ကျဲ ဖုန်းချလိုက်ပြီးနောက် wechatတွင် စာထပ်မပို့တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏အထက်တန်းကျောင်းမှ wechat groupများကိုကြည့်လိုက်ရာ အနီရောင်အစက်များ ‌တိုးလာနေသည်။ [ အမှတ် ( ၁ )‌အလယ်တန်းကျောင်းမှ အချောဆုံးကောင်လေးများမဟာမိတ် ] ဟူသည့် ထိပ်ဆုံးမှ wechat groupကို ဝမ်မင်ယီ ဝင်ကြည့်လိုက်ပြီး အတိတ်ကို သတိရသွားသည်။
ထိုgroupတွင် လူသုံးယောက်သာရှ်ိသည်။ သူ လုယွင်ဖေး လီယွမ်ချင်းတို့ဖြစ်သည်။ ထိုနှစ်ယောက်က သူ၏ အထက်တန်းကျောင်းမှ သူငယ်ချင်းများ ဖြစ်ကြသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် လုယွင်ဖေးက မြောက်ပိုင်းသို့သွားပြီး လီယွမ်ချင်းက တောင်ပိုင်းသို့သွားကာ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ ဝတ္ထုထဲတွင် သူ အလုပ်အကိုင်ကို အဖွဲ့တစ်ခုအနေဖြင့် စတင်ခဲ့ပြီး နောက်ဆုံးတွင် သူတို့နှစ်ယောက်နှင့် အဆက်အသွယ်ဖြတ်ခဲ့သည်ကို မှတ်မိနေသေးသည်။ လုယွင်ဖေးနှင့် လီယွမ်ချင်းတို့က နားမလည်နိုင်ဖြစ်ကာ " ဘာကြောင့်လဲ " ဟူသည့်မေးခွန်းကို အထပ်ထပ်အခါခါ မေးခဲ့သည်။
ထိုအချိန်က ပုန်ကန်ချင်စိတ်များနေသသည့် အရွယ်ဖြစ်၍ ခေါင်းမာစွာဖြင့် သူတို့ကို မရှင်းပြပဲ လျစ်လျူရှု့ခဲ့သည်။ အလွန်စိတ်ဆိုးသွားသည့် လုယွင်ဖေးက သူ့ကိုအချိန်အတော်ကြာသည်အထိ ဆူပူခဲ့သည်။ သူ သေဆုံးပြီးနောက်တွင် လုယွင်ဖေး လီယွမ်ချင်းတို့က သူ့ကို လာတွေ့ပြီး အုတ်ဂူပေါ်တွင် ပန်းများစွာထားခဲ့ကြသည်။
သူတို့နှစ်ယောက်က အဖြစ်မှန်ကို မသိကြပေ။ ကားမောင်းသူ အဖမ်းခံရသည်ကိုသာ သိခဲ့ကြပြီး ထိုလူ၏အမှားဟုသာ ထင်ခဲ့သည်။ စစ်ကျွင်းတောက်ကလည်း ဘာမှမပြောခဲ့ပေ။ လုယွင်ဖေးနှင့် သူ၏အတန်းဖော်များက ငယ်ရွယ်သည့်ကျောင်းသားများဖြစ်သည့်အတွက် အဖြစ်ဆိုးများကို စိတ်မပူပန်ပဲ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာရန်အတွက် သူ မရှင်းပြခဲ့ခြင်းဖြစ်သည်။
ဝမ်မင်ယီ ထိုစာပိုဒ်မှ သူငယ်ချင်းနှစ်ယောက်၏ပုံကို မြင်တွေ့ခဲ့ရသည်။ လုယွင်ဖေး လီယွမ်ချင်း၏ ပုံရိပ်မှာ စိတ်ထဲဗလာကျင်းနေပုံရပြီး ဝတ္ထုထဲ၌ပင် မရှိသင့်ဟု ထင်ရသည်။
ထို့ကြောင့်သူက လုယွင်ဖေးနှင့် လီယွမ်ချင်းအား စစ်ကျွင်းတောက်ကို အဆက်ဖြတ်သကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားလိုက်ပြီး ဖုန်းမကိုင်တော့ပေ။ အကယ်၍ wechatတွင်လည်း ပြန်မဖြေပါက တွေ့ဆုံစရာအကြောင်းလည်း ရှိနိုင်မည်မဟုတ်တော့ပေ။
ငါထင်တာတော့ ဒီကိစ္စက မူရင်းဝတ္ထုရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်မယ် ... လုမိသားစုနဲ့ လီမိသားစုက သာမန်မိသားစုတွေ မဟုတ်ကြဘူး ... အဓိက ဇာတ်လိုက်နှစ်ယောက်ဖြစ်တဲ့ ဝမ်ပေါ်နဲ့ ကျန်းဇီမော့တို့က အဓိကဇာတ်လိုက်ဆိုတဲ့အော်ရာနဲ့ သူ့ကောကောကို တိုက်ခိုက်ခဲ့ကြတာ ...
အကယ်၍ လုမိသားစုနှင့် လီမိသားစုလည်း သူတို့ကို တိုက်ခိုက်မိပါက ဖြိုခွင်းခံရမည်ဖြစ်သည်။
ထို့ကြောင့် အခက်တွေ့မှုများကို လျှော့ချရန် သူ၏ပတ်ဝန်းကျင်မှ လူများကို အဆက်ဖြတ်ရမည်ဖြစ်သည်။ သူ၏ ကောကောက ဗီလိန်ဖြစ်သည့်အတွက် အဆက်ဖြတ်မရပေ။ သူ၏မိဘများကလည်း ကျန်း‌ဇီမော့၏ မွေးစားမိဘများ ဖြစ်လာကြဦးမည်ဖြစ်၍ မရပေ။ ထို့အပြင် တခြားသူများကလည်း သူ၏သူငယ်ချင်းကောင်းများ မဟုတ်ကြပါ။
ရက်စက်တဲ့လူတစ်ယောက်က ဘယ်လို သူငယ်ချင်းမျိုး လိုချင်မှာလဲ ... ရက်စက်တဲ့လူက သူငယ်ချင်းရှိဖို့ ထိုက်တန်လို့လား... အဲ့ဒါကြောင့် လုယွင်ဖေးနဲ့ လီယွမ်ချင်းကို အဆက်အသွယ်ဖြတ်ပြီး ဝမ်ပေါ်နဲ့ ကျန်းဇီမော့တို့အကြောင်း ဘယ်တော့မှ မပြောပြခဲ့တာ ...
ထို့ကြောင့် ၎င်းတို့နှစ်ယောက်က ဝတ္ထုထဲတွင် အကြိမ်များစွာ ပေါ်မလာခြင်းဖြစ်သည်။ ထိုနှစ်ယောက် ပေါ်လာသည့်နေရာမှာ စာလုံးရေးတစ်ရာခန့်ပင် မရှိချေ။
ကြည့်ရတာ မူရင်းဝတ္ထုက သူ့ဘက်မှာ အားကောင်းတဲ့ အကူအညီတွေကို ထားပေးချင်ပုံမရဘူး ...