အကြောင်းသိအောင်ပညာပြခြင်း
ကုန်းကုန်းငယ်လေးရဲ့မျက်နှာမှာ စိုးရွံ့မှုလေးတွေရှိနေပြီး
ကြည့်ရတာတော့ သူအခုလေးတင် လုပ်လိုက်တဲ့ တောင်းဆိုမှုက ဘယ်လောက်တောင် ရဲတင်းလွန်းလဲဆိုတာ
သူ့ကိုယ်သူလည်းသိပုံပဲ။
သိရဲ့သားနဲ့တောင် တောင်းဆိုဖို့ဆုံးဖြတ်ခဲ့သေးတယ်။
ဒါကပဲ ဧကရာဇ်ကိုသိချင်စိတ်တွေပိုတိုးလာစေသည်။
လင်းရှောင်က ဒီတစ်ချိန်လုံး ဧကရာဇ်ရဲ့ အမူအယာကို ခိုးကြည့်နေခဲ့တာဖြစ်ပြီး ဧကရာဇ်ရဲ့မျက်နှာပေါ်မှာ သိချင်စိတ်တွေဖြစ်နေတာကိုတွေ့တော့ သူ့မှာအခွင့်အရေးလေးရှိသေးတယ်လို့ ခံစားလိုက်ရတယ်။
ဒါကြောင့်မို့ သူ့ဘက်ကစပြီး နည်းနည်းလေးထပ်ရှင်းပြဖို့ ကြိုးစားလိုက်သည်။
"အရှင်, ဒီနန်းတော်ထဲမှာ ကုန်းကုန်းပေါင်းတစ်ထောင်လောက်ရှိပါတယ်။
ဒီငါးယောက်ကိုသတ်ပြီးရင် ကျန်တဲ့သူတွေကရော အပြစ်ကင်းမကင်းထပ်မသိနိုင်တော့ပါဘူး။
ဒီငယ်သားက အလားတူအပြစ်ကျူးလွန်သူတွေ နန်းတွင်းမှာပိုများလာမှာ စိုးရွံ့မိပါတယ်"
ဧကရာဇ်၏အကြည့်ကခန့်မှန်းရခက်လှသည်။
သို့သော် လင်းရှောင်ရပ်တန့်လိုက်လျှင် သူကမျက်ခုံးကိုပင့်လျက်
"ဆက်ပြော"
လောလောဆည်လင်းရှောင်မှာ ရွေးချယ်စရာမရှိတော့ သူစတဲ့ဇာတ်လမ်း သူပဲသိမ်းရတော့မည်။
"ဒီငယ်သားစိုးရွံ့မိတာက ဒီငါးယောက်ကိုရှင်းပြီးရင်လည်း သခင်လေးလန်ဝေ့က နောက်ထပ်လူတွေကို ထပ်အစားထိုးဦးမှာကိုပါ အရှင်"
ဧကရာဇ်ကမျက်လုံးကိုအသာမှေးကျဉ်းရင်း သူ့ရှေ့မှ ပြောရဲဆိုရဲသော ကုန်းကုန်းလေးကို ကြည့်နေမိသည်။
နှစ်ယောက်ကြားမှာ အကွာအဝေးလေးခြားနေတာတောင်
လင်းရှောင် ဧကရာဇ်ထံမှအေးစက်သောအရှိန်အဝါကို အလိုလိုခံစားမိနေသည်။ ထိုအေးစက်မှုက သူ့အားတုန်လှုပ်စေသည်။
သို့သော် သူကအံကိုကြိတ်၍ပင်
"အရှင် သခင်လေးလန်ဝေ့ကဒီလို စိတ်ရှိတိုင်းပြုမူနိုင်တာ နန်းတွင်းကကုန်းကုန်းတွေကြောင့်လည်းပါပါတယ်"
လင်းရှောင်ခေါင်းကိုအသာမော့ကာ ဧကရာဇ်အားခိုးကြည့်လိုက်ပြန်သည်။
သို့သော်လည်း ဧကရာဇ်၏အမူအယာမှာ ခါတိုင်းကဲ့သို့ ခန့်မှန်းရခက်နေဆဲပင်။ သူ၏ပါတ်၀န်းကျင်တွင် အအေးဓာတ်များထုတ်လွှတ်လျက် ထိုအေးစက်မှုတွေကြားထဲလင်းရှောင်ဘာကိုမှ အဖြေမထုတ်နိုင်အောင် ကာဆီးထားသည်။
"နန်းတွင်းထဲက လက်အောက်ငယ်သားတွေက သိမ်းသွင်းခံရဖို့လွယ်ကူလွန်းနေပါတယ်အရှင်၊
အကျိုးအမြတ်လေးရတာနဲ့ပါသွားမယ့်သူတွေချည်းပါပဲ။
နန်းတွင်းထဲက မရေတွက်နိုင်တဲ့ကုန်းကုန်းဟာ
လာဘ်ယူပြီး ဒီလိုအပြစ်တွေကျူးလွန်နေကြတာ ကြာပါပြီ။
ဒီငါးယောက်က ဒီငယ်သားလက်ရှိဖမ်းမိတဲ့သူတွေပဲ ရှိသေးတာပါ။ နောက်ထပ်ဒီငယ်သားမမိသေးတဲ့ အပြစ်ကျူးလွန်နေတဲ့ သူတွေဒုနဲ့ဒေးပါ အရှင် "
ဧကရာဇ်ကမူအခုချိန်အထိ အမူအယာမပြောင်းပဲ လင်းရှောင်ကိုသာ စိုက်ကြည့်၍နားထောင်နေလေသည်။
ဒါကိုမြင်တော့ လင်းရှောင်မှာဘာကိုမှမတွေးနိုင်တော့အောင် ခေါင်းတွေပင်နောက်လာမိတော့သည်။
သို့သော်သူ့မှာရွေးချယ်စရာမရှိ။ ဆက်၍သာပြောရပေတော့မည်။
"အရှင်မှန်ပါတယ်။ ဒီနိမ့်ကျတဲ့အမှုထမ်းငါးယောက်က အရှင့်နောက်ကွယ်မှာဖောက်ပြားစိတ်နဲ့ လာဘ်လာဘကိုမက်မောမိမှုကြောင့် ကွပ်မြက်ခံရသင့်ပါတယ်။ ဒါပေမယ့် အရှင်သာ သူတို့ကိုဒီတစ်ကြိမ်အခွင့်အရေးထပ်ပေးလိုက်ရင် နောက်ပိုင်းအသုံး၀င်လာမှာပါ အရှင်"
"သူတို့က အရှင့်အတွက် မောင်းမဆောင်ထဲက တခြားမသမာသူတွေအကြောင်း သတင်းပေးပို့နိုင်ပါတယ်။ဒီလိုနည်းနဲ့ အရှင့်နောက်ကွယ်မှာ ဖောက်ပြားပြီးမဟုတ်တာလုပ်ရဲသူမှန်သမျှ မဖုံးနိုင်ပဲပေါ်လာမှာပါအရှင်။ "
လင်းရှောင်အသက်တစ်ရှိုက်အတွင်း စကားများစွာကို တပြိုင်တည်းလျှောက်တင်လိုက်ပြီးနောက် အံကိုကြိတ်ထားလိုက်မိသည်။
ဧကရာဇ်သည် လက်နှစ်ဖက်အားအသာယှက်ရင်းပင် လင်းရှောင်ယခုထိတိုင်ဖြေရန် ထိမ်ချန်ထားသောတစ်စုံတစ်ခုကိုမေးလာခဲ့သည်။
"အဲဒီကုန်းကုန်းငါးယောက်ကရော အခုဘယ်မှာလဲ..."
လင်းရှောင်လည်းခေါင်းထဲဗလာဖြစ်သွားကာ ရုတ်တရက်မူးဝေသွားသလိုပင်ခံစားလိုက်ရလေသည်။သူသည် သူ့သဘောနှင့်သူဆုံးဖြတ်ပြီး ထိုငါးယောက်ကိုလွှတ်ပေးလိုက်ပြီးပြီမဟုတ်ပါလော။
ဧကရာဇ်ကမူ လင်းရှောင်၏ဤကဲ့သို့အမူအယာကိုမြင်လိုက်သည်နှင့်သဘောပေါက်နှင့်ပြီးဖြစ်သည်။
ဧကရာဇ်ကလှောင်ပြုံးတစ်ခုကိုပြုလိုက်သည်။
ကြည့်ရတာ သူဒီကုန်းကုန်းလေးကို အရမ်းအလိုလိုက်မိသွားတယ်ထင်ပါ့။ သူ့စိတ်တွေလွတ်ကုန်တဲ့အထိလေ။
လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။
သူသည်ဤတစ်ကြိမ်တွင်တော့ အရှင့်ရဲ့ခွင့်လွှတ်မှုကိုရဖို့သိပ်မလွယ်တော့မှန်းသိသော်လည်း နောက်ဆုံးအကွက်လေးကိုထုတ်သုံးဖို့တွန့်ဆုတ်မနေတော့ချေ။
"ဒီနိမ့်ကျတဲ့ငယ်သားအပေါ် အရှင့်ရဲ့ကျေးဇူးကြွေးတွေကကြီးမားလှပါတယ်။ ဒီငယ်သားက အရှင့်စွန့်ကျဲတဲ့အထိန်းတော်ရာထူးကိုလက်ခံရပြီဆိုမှတော့ အရှင့်ရဲ့အေးအတူပူအမျှအရေးကိစ္စတွေကို အတူသယ်ပိုးဖို့အဆင်သင့်ပါအရှင်"
ဧကရာဇ်၏ရေခဲတမျှအေးစက်နေသောအကြည့်တို့က လင်းရှောင်အပေါ်တည်တံ့နေဆဲပင်။
"ဆိုတော့ မင်းကဒါတွေအကုန်လုံးကို ကိုယ်တော့်အတွက် လုပ်ခဲ့တာပေါ့..."
လင်းရှောင်လည်းရုတ်တရက်တုန်တက်သွားကာ
သူသည် ဧကရာဇ်ကြားရတာအမုန်းဆုံးစကားကိုမှ ပြောမိသွားကြောင်းနားလည်လိုက်တော့သည်။
သူ့သော်သူခေါင်းကိုသာပို၍ငုံ့လိုက်မိတာ အမှားတစ်စုံတစ်ခုထပ်လုပ်မိမည်စိုး၍ ဘာမှထပ်မပြောရဲတော့ချေ။
ဧကရာဇ်က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ
"မင်းက အထိန်းတော်တစ်ယောက်ဘယ်လိုလုပ်ရမလဲဆိုတာအမှန်တကယ်သင်ယူပြီးပြီပဲ။ သခင်ဖြစ်သူနောက်ကွယ်မှာ လာဘ်ဘယ်လိုရှာရမလဲဆိုတာပါ သိနေပြီ။ ကိုယ်တော်သိပ် စိတ်သက်သာရာရမိတယ်"
ဧကရာဇ်၏ လင်းရှောင်အပေါ်အကြည့်တို့မှာ အနွေးဓါတ်တို့မဲ့စွာပင်
"ဒီတစ်ကြိမ်တော့ စုံစမ်းစစ်ဆေးရေးကို မင်းအစွမ်းနဲ့ပဲဆောင်ရွက်စေတော့။ နန်းတော်ထဲမသမာမှုလုပ်ရဲသူမှန်သမျှကိုတွေ့အောင်ရှာ။ အဲဒီငါးယောက်ကိုလည်း မင်းရဲ့လက်ထဲပဲထည့်ပေးလိုက်မယ်"
လင်းရှောင်တောင့်တင်းသွားမိသည်။
အရှင်ဘာကိုဆိုလိုတာလဲ...
ဧကရာဇ်မှာ သူ့ကိုစိတ်ဆိုးနေတာသေချာရဲ့သားနဲ့ သူ့အစီအစဉ်ကိုလည်းသဘောတူခဲ့သေးသည်။
ဒါဘာအဓိပ္ပါယ်လဲ...
သို့သော် နောက်စက္ကန့်အနည်းငယ်မှာပဲ ဧကရာဇ်သည် လင်းရှောင်၏မေးခွန်းများကို အဖြေပေးသွားခဲ့သည်။
ဧကရာဇ်သည်ထရပ်လိုက်ပြီး လင်းရှောင်ရှေ့သို့လျှောက်လာကာ နွေးထွေးမှုမရှိသောအမူအယာဖြင့်
"မင်းကဒီစုံစမ်းစစ်ဆေးမှုကို အားသွန်ခွန်စိုက်လုပ်ရတော့မှာဆိုတော့ စုံစမ်းမှုမပြီးမချင်း ကိုယ်တော့်ကို ခစားဖို့မလိုဘူး"
လင်းရှောင်ခေါင်းထဲဗလာဖြစ်သွားကာ ခေါင်းကိုကြမ်းပြင်နှင့်ထိသည်အထိငုံ့လိုက်မိသည်။
ဧကရာဇ်ကသူ့ကိုတကယ်စိတ်ဆိုးနေတာပဲ။
ဒါက သူ့ကိုအပြစ်ပေးတဲ့နည်းလေလား။
အရှင့်ကိုမခစားနိုင်တဲ့ အထိန်းတော်တစ်ယောက်...
သူတစ်ယောက်ပဲရှိလိမ့်မယ်။ လင်းရှောင်အလွန်တောင့်တင်းစွာပြုံးပြီး အမိန့်ကိုနာခံရုံသာတတ်နိုင်လေသည်။
ဧကရာဇ်ကသူ၏တောင်းဆိုမှုကိုသဘောတူခဲ့သည်။
သို့သော်အပြင်ပန်းတွင်တော့ ဤသည်မှာ ဆုလာဒ်တစ်ခုလိုထင်ရသော်လည်း အသွားထက်သောဓါးတစ်ချောင်းဖြစ်ကြောင်း သူသာသိသည်။
လင်းရှောင်သက်ပြင်းကိုချလိုက်၊ သူ၏နှဖူးမှချွေးအေးတို့ကိုပွတ်သုတ်လိုက်သည်။ ဧကရာဇ်က ဧကရာဇ်ပါပဲ။ ဘယ်လိုလုပ်ပြီး အမှုထမ်းတစ်ယောက်က ဆန္ဒအတိုင်းဆုံးဖြတ်ပြီးမှ သူ့ကိုလျှောက်တင်တာကိုလက်ခံနိုင်ပါ့မလဲ။ လင်းရှောင်သူ့ခေါင်းကိုသူထုလိုက်မိသည်။ သူ့ကိုယ်သူ ယုံကြည်မှုအစမ်းလွန်ကဲသွားတာပဲ။
သူတဖြည်းဖြည်းနဲ့ ရယူထားရတဲ့ အရှင့်ရဲ့အမြင်ကောင်းလေးတွေ ဒီလိုပဲပျက်စီးသွားရပြီ။
ဒါပေမယ့်လည်း အရမ်းအဆိုးကြီးတော့မဟုတ်ပါဘူးလေ။ သူ့ရဲ့ရိုးသားမှုက အမှတ်တချို့တော့ရဦးမှာပါ။ ဧကရာဇ်ကအခုသူ့ကိုလျစ်လျူရှုလိုက်တယ်ဆိုရင်တောင် သူ့ကိုရာထူးကတိုက်ရိုက်ဖယ်ပစ်တာမျိုး မလုပ်ခဲ့ဘူးလေ။ အကယ်၍သူသာဖုံးကွယ်ထားဖို့ရွေးချယ်ခဲ့ရင် အထိန်းတော်ရှုလိုအဆုံးသတ်သွားလောက်တယ်။
ဒါ့အပြင်ကို အရှင်ကသူ့ကိုဒီကိစ္စမှာသဘောတူတဲ့အတွက် သူ့အမြင်ကိုအရှင်လည်းလက်ခံတယ်ဆိုတဲ့သဘောပဲလေ။ အဓိပ္ပါယ်ကတော့ အရှင်သည်လည်း နန်းတွင်းမှ သူလျှိုများကို ဖမ်းဆီးဖို့ဆန္ဒရှိနေတာပင်။
ဒါကြောင့် အရှင်ကလောလောဆည် လင်းရှောင်ကိုစိတ်ဆိုးနေတယ်ဆိုရင်တောင် လင်းရှောင်မျက်နှာကိုမမြင်ချင်ဘူးဆိုရင်တောင် ဒီကိစ္စတွေကိုဖြေရှင်းပြီးတာနဲ့ အရင်လိုအခြေအနေကိုပြန်သွားဖို့ဆိုတာ လုံး၀မဖြစ်နိုင်တာတော့မဟုတ်ပေ။
လင်းရှောင်တွင်အကြံရှိပြီးသားပင်။
သူသည် သူ့ကိုယ်သူ ဧကရာဇ်၏ရှေ့တွင်အလောတကြီးရှင်းပြဖို့အလျင်မလိုပါချေ။ အရှင်က ရှောင်လိဇီခစားကိုတာကြိုက်ရင်လည်း ခစားပါစေပေါ့။
ဤနည်းနှင့်သူက ရှောင်လိဇီသဘောထားကိုလည်း တီးခေါက်ကြည့်နိုင်သည်။
မိုရွှီနှင့်လန်ဝေ့၏စာပို့သမားများကိုဖမ်းမိပြီးကတည်းက ထိုနှစ်ဦးမှာအဆက်အသွယ်ပြတ်သွားတော့သည်။
ဒီကိစ္စကြောင့် မိုရွှီကသူ့ဆီအပူလာကပ်ဦးမည်ထင်ခဲ့သော်လည်း မမျှော်လင့်ထားသည်က သည်တစ်ကြိမ်တွင်အရင်ဆက်သွယ်လာသူမှာ လန်ဝေ့ဖြစ်နေခဲ့ခြင်းပင်။
လင်းရှောင်က သူ့ဆီသီးသန့်ပို့လိုက်သောစာကိုကောက်ယူလိုက်ပြီး လှောင်ရယ်လိုက်မိသည်။
ဖယောင်းတိုင်ဆီသို့သွားကာ စာကိုပြာအတိဖြစ်အောင် လောင်ကျွမ်းပစ်ပြီးနောက် ထိုင်ခုံတွင်ပြန်၍ထိုင်လိုက်သည်။
နားမလည်တဲ့ ချီလင်က ခေါင်းလေးငုံ့လျက် လင်းရှောင်ကိုမေးလာခဲ့သည်။
"အထိန်းတော်ကြီး သူ့ကိုသွားမတွေ့ဘူးလား..."
လင်းရှောင်ကမူ ချီလင်အားမနှစ်မြို့စွာတစ်ချက်မျှကြည့်လိုက်ပြီး လျစ်လျူရှုလိုက်သည်။ သူပြန်ဖြေချင်စိတ်ပင်ရှိမနေခဲ့ပေ။
ချီလင်ကမူမသိနားမလည်ပဲ ဆက်ပြောလာပြန်သည်။
"ဒါဆို အထိန်းတော်ကြီး ဒီငယ်သားသွားပြီး သူ့ကိုငြင်းဆန်လိုက်မယ်နော်"
ပြောပြီး သူကအရိုအသေပေးက ထွက်သွားရန်ပြင်လိုက်သည်။
"နေဦး!" လင်းရှောင်အော်လိုက်တော့ ချီလင်ကပြန်လှည့်ကြည့်လာသည်။
လင်းရှောင် သူ့ထံလျှောက်သွားလျက် နှစ်ကြိမ်ခန့်ပါတ်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကိုဆန့်လျက် ချီလင်၏ခါးတစ်ဝိုက်ကိုစမ်းကြည့်လိုက်သည်။ ချီလင်ကယားတတ်သည်ထင်၏ နှစ်ကြိမ်လောက်ရှောင်လိုက်သေးသည်။ သို့သော်လင်းရှောင်လက်မှမလွတ်ပေ။
နှစ်ကြိမ်မျှစမ်းကြည့်ရုံနှင့် လင်းရှောင်သည် ချီလင်၏ကိုယ်မှ အခဲနှစ်ခုကိုစမ်းမိခဲ့သည်။ လင်းရှောင်ချီလင်အားတည့်တည့်ကြည့်လိုက်လျှင် အပြစ်ရှိသလိုအကြည့်ချင်းမဆုံရဲပဲရှောင်သွားခဲ့သည်။ လင်းရှောင်လည်းလှောင်ပြုံးဖြင့်ပင် ချီလင်၏ခါးမှ အခဲတုံးနှစ်ခုကိုထုတ်ယူလိုက်တော့သည်။
၄င်းမှာအတော်လေးလံသော ငွေးတုံးနှစ်တုံးဖြစ်သည်။
လင်းရှောင်သည် ငွေနှစ်တုံးအား သူ့လက်ထဲတွင်ချိန်ကြည့်ပြီး လှောင်ရယ်လိုက်သည်။ ချီလင်မှာမူ ပျော့ခွေလျက်လင်းရှောင်ရှေ့၌ဒူးထောက်ချလိုက်တော့သည်။
လင်းရှောင်သည် သူ့အားကြည့်လျက်
"လန်ဝေ့က မင်းကိုစာပို့ခိုင်းဖို့ဒီလောက်ပဲပေးတယ်ပေါ့..."
ချီလင်မှာမူအကြောက်လွန်လျက် ခွင့်လွှတ်မှုကိုတောင်းခံလာသည်။
"အထိန်းတော်ကြီး ဒီငယ်သားမှားပါတယ်။ ဒီငယ်သားနောက်တစ်ကြိမ်မလုပ်ဝံ့တော့ပါဘူး။ တစ်ကြိမ်ပဲခွင့်လွှတ်ပေးပါ အထိန်းတော်ကြီး ။ ဒီငယ်သားက အထိန်းတော်ကြီးကိုပို့တဲ့စာဆိုလို့မငြင်းခဲ့မိတာပါ။ ဒါပေမယ့် မောင်းမဆောင်က မိုရွှီရဲ့စာတွေကိုတော့မပို့ပေးဖူးပါဘူး။ အထိန်းတော်ကြီးခွင့်လွှတ်ပေးတော်မူပါ"
လင်းရှောင် သူ့အားကန်ထုတ်လိုက်ကာ
"မင်းက မောင်းမ မိုရဲ့စာတွေကိုတောင် ပို့ပေးချင်သေးတယ်ပေါ့..."
အပြင်မှ ကုန်းကုန်းငယ်နှစ်ယောက်၀င်လာသော် လင်းရှောင်က ငွေတုံးနှစ်တုံးအားပစ်ပေးလျက်ဆိုလိုက်သည်။
"မငိးတို့နှစ်ယောက် သူ့ပါးစပ်ကိုနာနာရိုက်၊
ကောင်းကောင်းလုပ်နိုင်ရင် ဒီငွေနှစ်တုံးက မင်းတို့အပိုင်ပဲ"
အချိန်အတော်ကြာသည်အထိ အခန်းတွင်း၌ ရိုက်နှက်သံနှင့် ချီလင်၏အော်သံတို့ဖြင့်ညံနေခဲ့သည်။
လင်းရှောင်ကနားညီးလာတာကြောင့် ထိုနှစ်ဦးအား ချီလင်ကိုနေပူထဲခေါ်ထုတ်သွားပြီးသာဆက်ရိုက်စေသည်။ သတိမေ့သည်အထိရိုက်ရန်ပြောပြီး ငွေနှစ်တုံးကိုပေးလိုက်တော့သည်။
ချီလင်ကလောဘကြီးလွန်းသည်။ ပြီးခဲ့တဲ့တစ်ခေါက်က လင်းရှောင်ကချိန်းခြောက်သတိပေးခဲ့ပြီးနောက် အချိန်အနည်းငယ်လောက်တော့ မဆင်မခြင်မလုပ်ရဲလောက်တော့ဘူးဟုထင်ခဲ့မိသည်။ သူမထင်ခဲ့မိတာက အပြစ်ကောင်းကောင်းမပေးမိလို့ လင်းရှောင်ကို အထင်သေးပြီး နောက်ထပ်လှုပ်ရှားရဲတာကိုပဲ။ ဒီမျိုးမစစ်ကတော့။ သစ္စာမဖောက်ရဲပါဘူးလို့ပြောပြီး လန်ဝေ့ဆီက ငွေတုံးလက်ခံရဲသေးတယ်။
ကြည့်ရတာ သူကတစ်ခါသုံးပဲရပုံပဲ။ သည်လိုဆိုမှတော့ နောက်လေးယောက်အတွက်လည်း မှတ်လောက်သားလောက်ဖြစ်အောင် လင်းရှောင်ကောင်းကောင်းပညာပေးပြမှာဖြစ်သည်။
"အထိန်းတော်ကြီး" ကြည်လင်တောက်ပသောအသံတစ်ခုက တံခါးအပြင်မှထွက်လာခဲ့သည်။
လင်းရှောင်းလှမ်းကြည့်လိုက်လျှင် လတ်တလောအရှင့်ထံခစားနေသော ရှောင်လိဇီဖြစ်မှန်းသိလိုက်ရ၏။
သူကအရှင့်ဘေးမှာရှိနေရမယ့်အစား ဒီကိုဘာလာလုပ်တာလဲ?
လင်းရှောင်မျက်တောင်တစ်ချက်ခတ်၍ အသိပြန်သွင်းလိုက်ကာ သူ၏လည်ချောင်းကိုရှင်းလိုက်သည်။