ကံကောင်းခြင်းကတံခါးလာခေါက်ခြင်း
ရှောင်လိဇီသည် အသာအယာအခန်းအတွင်းသို့၀င်လာခဲ့သည်။
လင်းရှောင်က ရှောင်လိဇီအားကြည့်လိုက်ကာ
"အရှင့်ကိုမခစားပဲ ဘာကြောင့်ပြန်လာတာလဲ?"
ရှောင်လိဇီကမူအလွန် တလေးတစားတုန့်ပြန်လာသည်။
"အရှင့်က ငယ်သားတို့ကိုသူ့ကိုခစားဖို့မလိုအပ်ဘူးဆိုလို့ ငယ်သားလည်းပြန်လာခဲ့ပါတယ်"
ပြောရင်းနဲ့ရှောင်လိဇီကလင်းရှောင်ကိုလည်းအသာလေးခိုးကြည့်ပြီးမှအကြည့်လွှဲလိုက်သည်။
သူကအနည်းငယွစဉ်းစားပြီးဆက်ပြောလာသည်။
"အထိန်းတော်ကြီး အရှင်က အထိန်းတော်ကြီးကိုထွက်သွားခိုင်းပြီးကတည်းက စာကြည့်ဆောင်မှာပဲ အချိန်ဖြုန်းပြီး ညနေကျမှစောစောပြန်နားပါတယ်"
လင်းရှောင်လည်းအံ့အားသင့်လျက် ရှောင်လိဇီအားဂရုတစိုက်ကြည့်လိုက်ကာ
"ငါ့ကိုဒါတွေဘာကြောင့်လာပြောနေတာလဲ?"
ရှောင်လိဇီလည်းခေါင်းကိုအသာငုံ့လျက် အပြုံးဖြင့်ပြန်ဖြေသည်။
"ဒီငယ်သားက အရှင့်အမှုထမ်းဆိုပေမယ့် အထိန်းတော်ကြီးရဲ့ ငယ်သားဆိုလည်းဟုတ်ပါတယ်"
ဒါကအလွန်ဥာဏ်များတဲ့အဖြေဖြစ်တာကြောင့် လင်းရှောင်မျက်ခုံးကိုအသာပင့်လိုက်မိသည်။
သူသည် သူ့ရှေ့မှ ခါးကိုကိုင်းလျက် အလွန်ရိုကျိုးစွာရပ်နေသော ရှောင်လိဇီအား အကဲခတ်လိုက်မိသည်။
ဒီရှောင်လိဇီက သူ့ကိုကလန်ကဆန်မလုပ်ချင်ပဲလအမှန်တကယ်သူ့ထံခစားချင်ကြောင်း လင်းရှောင်နားလည်လိုက်သည်။ သူအလွန်စိတ်၀င်စားမိခြင်းကိုမထိန်းနိုင်။
"အရှင်က မင်းကိုဂရုစိုက်ပြီး ၊ ယုံကြည်တာပဲ။
ငါကအခုတလော အရှင့်ဆီကလျစ်လျူရှုခံထားရတာ။ အခုအချိန်ကမင်းအတွက် အရှင့်ဆီမှာနေရာတစ်နေရာရဖို့ကြိုးစားဖို့အသင့်တော်ဆုံးအချိန်မဟုတ်ဘူးလား? မင်းသာကောင်းကောင်းလုပ်နိုင်ရင် ငါအထိန်းတော်ရဲ့နေရာကိုတောင်ရရင်ရဦးမယ်၊
ဘာလို့ငါ့ရဲ့အမှုထမ်းဖြစ်ချင်ရတာလဲ?"
ရှောင်လိဇီကမူ သူ၏ခါးကိုပို၍ကိုင်းလိုက်ပြီး စိတ်ရင်းကိုပြသလာသည်။
"အထိန်းတော်ကြီးက ကိုယ့်ကိုယ်ကိုအရမ်းမနှိမ့်ချသင့်ပါဘူး။ အထိန်းတော်ကြီးက အမြဲတမ်းအရှင့်ရဲအထိန်းတော်ကြီးပါပဲ။ ဘယ်သူကမှဒီနေရာကိုမယူနိုင်ပါဘူး။ ကျွန်တော်မျိုးရှောင်လိဇီ ကောင်းကောင်းကြီးနားလည်ပါတယ်"
လင်းရှောင်ရယ်လိုက်သည်။ သူ၏လက်နှစ်ဘက်အားလည်း ခုံနောက်မှီပေါ်သို့ သက်တောင့်သက်တာ ဖြန့်တင်လိုက်၏။
ရှောင်လိဇီကခေါင်းကိုငုံ့ထားဆဲဖြစ်ပြီး
လင်းရှောင်ကခြေထောက်ကိုဆန့်လျက်
" ဒီလိုဆိုမှတော့ဒီကိုလာပြီး ငါအထိန်းတော်ရဲ့ခြေထောက်ကိုနှိပ်နယ်ပေးပါဦး"
ရှောင်လိဇီ၏အမူအယာမှနည်းနည်းမျှပြောင်းလဲမှုမရှိပေ။ လင်းရှောင်ရှေ့တွင် ရိုသေစွာဒူးထောက်လိုက်ပြီး လက်ချောင်းများဖြင့် ကောင်းမွန်စွာနှိပ်နယ်ပေးလာခဲ့သည်။
လင်းရှောင်သည် ရှောင်လိဇီအားအနီးကပ်လအသေးစိတ်အကဲခတ်သော်ငြား မည်သည့်မသင်္ကာဖွယ်တစ်စုံတစ်ခုမှရှာမတွေ့ပါချေ။
သူကတိတ်တဆိတ်ပင်မျက်လုံးများကိုမှိတ်လိုက်မိသည်။
ဒီရှောင်လိဇီကမရိုးရှင်းဘူး။
အင်းလေ နန်းတော်ထဲမှာရိုးရှင်းတဲ့သူ ဘယ်သူများရှိလို့လဲ။
လင်းရှောင်လည်းအနည်းငယ်မျှတွေးတောပြီးနောက် ခြေထောက်ကိုရုတ်လိုက်သည်။
"ကောင်းပြီ မင်းသွားနိုင်ပြီ၊ ငါနားတော့မယ်"
ရှောင်လိဇီလည်းသူ့အားအရိုအသေပေးပြီး ဆုတ်ခွာသွားလေသည်။
လင်းရှောင်ကောင်းကင်ကိုကြည့်လိုက်သည်။
ညအချိန်ကူးနေခဲ့ပြီဖြစ်ပြီး သူညနေစာတောင်မစားရသေးချေ။ သို့သော် စားချင်စိတ်လည်းရှိမနေတာမို့
အနားမှအစေခံမောင်းမများနှင့်ကုန်းကုန်းတို့ကို ပြန်ခိုင်းလိုက်ပြီး ရေမိုးချိုးလျက်စောစောနားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့မရွေ့လျားသေးခင်မှာပင် ဓါးတစ်လက်ကသူ့နံဘေးမှထွက်ပေါ်လာပြီး လင်းရှောင်သည်သူ၏လည်ပင်းမှ အေးစက်စက်အတွေ့ကိုခံစားလိုက်ရသည်။
လင်းရှောင်လည်းတုံ့ခနဲရပ်သွားက တဖက်သို့လှည့်ကြည့်လိုက်ရသည်။သို့သော်သူကားဓါးကိုင်ထားသော ရေပြာရောင်၀တ်ရုံလက်နားကိုသာမြင်ရသည်။
သူသိသလောက်ကတော့ အပြာရောင်၀တ်ရတာကြိုက်ပြီး သူ့ကိုလည်းမုန်းတီးနေသူကား တစ်ယောက်သာရှိသည်။ လင်းရှောင်လည်းနှုတ်ခမ်းကိုတင်းတင်းစေ့လျက် ခေါ်လိုက်မိသည်။
"မင်းက ဒီသခင်လေးကိုသိသေးသားပဲ"
ယောကျာ်းတစ်ဦးကအရိပ်ကွယ်မှထွက်လာခဲ့သည်။
ထိုလူကအပြာနုရောင်ကို၀တ်ဆင်ထားပြီး အပေါ်မှ ရုပ်ဖျက်ရန်၀တ်ရုံဖြင့်ဖုန်းကွယ်ထားသည်။ သူ၏ဆံပင်တစ်၀က်က ပုခုံးပေါ်ဖြာကျနေပြီး
သူ၏မျက်လူံးတို့က လင်းရှောင်အားဖောက်ထွင်းမတက်စိုက်ကြည့်နေခဲ့သည်။
ဤသည်မှာအမတ်ကြီး၏သားဖြစ်သူ လန်ဝေ့ပင်ဖြစ်သည်။
လင်းရှောင်ကအကြည့်လွှဲလိုက်ပြီး ဤသခင်ငယ်လေး၏ ဘ၀င်မြင့်၊ ခေါင်းမာပြီး၊ တဇွတ်ထိုးနိုင်သော အကျင့်ကိုတွေးမိသည်။ ညနေစောင်းကိုချိန်းသည့်နေရာသိူ့ရောက်မလာသည့်အပြင်၊ အကြောင်းပြန်ဖို့၊ ခိုတစ်ကောင်တောင်ရောက်မလာသည့်အတွက် ဤဘ၀င်မြင့်သော သခင်လေးက သည်အတိုင်းမနေနိုင်တော့ပဲ အခွင့်အရေးရှာကာ နန်းတွင်းထဲခိုး၀င်လာခဲ့ခြင်းဖြစ်လိမ့်မည်။
လင်းရှောင်လည်းတွေးတောရင်း ဓါးကိုအသာအယာရှောင်လိုက်ကာ အပြုံးဖြင့်ဆိုသည်။
"ချိန်းထားတဲ့နေရာကိုရောက်မလာရင် ဒီကိုကျိန်းသေပေါက်ရောက်လာလိမ့်မယ်လို့တော့ထင်မိသား။ ထင်တဲ့အတိုင်းရောက်လာတာပဲနော်"
လန်ဝေ့ကမျက်မှောင်ကျုံ့လျက် ဒေါသတကြီးပင် လင်းရှောင် ရှောင်လိုက်သောဓါးကို သူ၏လည်ပင်းတွင်ပြန်ထောက်လိုက်သည်။
"မင်းဘာကြောင့် ဒီသခင်လေးကိုလာမတွေ့တာလဲ"
လင်းရှောင်ရင်ထဲမှသာမျက်လုံးကိုလှိမ့်လိုက်မိသည်။
ဒီလန်ဝေ့ကတရား၀င်ရာထူးတသ်ခုမရှိပေမယ့် အမတ်ကြီးရဲသားဖြစ်နေတုန်းပဲလေ။ အကယ်၍ မိုရွှီနဲ့ပြောမပြနိုင်တဲ့ပါတ်သတ်မှုမျိုးမရှိခဲ့ရင် အခုချိန်ရုံးတော်ကလူတောင်ဖြစ်ရင်ဖြစ်နေမှာ။ ဒီလိုလူမျိုးနဲ့ လက်ရှိအထိန်းတော်လင်းရှောင်ကပါတ်သတ်ရမယ်?
အရှင်ကသူ့ကိုစိတ်ဆိုးတောင်မပြေသေးဘူး။
လင်းရှောင်ရူးနေမှပဲလုပ်ရဲလိမ့်မယ်။
လန်ဝေ့ကလည်းငတုံးလိုပဲ အခြေအနေကိုနားမလည်ချေ။ သူကမိုရွှီကြောင့်နှင့် မင်းကြီးကိုအပြစ်ပြုမိပြီးဖြစ်သည်။ ဒါကိုတောင်သင်ခန်းစာမယူနိုင်ပဲ နန်းတော်ထဲတောင်ဖောက်၀င်လာရဲသေးသည်။
လင်းရှောင်သည် လန်ဝေ့၏တုံးအမှုကိုရင်ထဲမှပင်ရွံ့ရှာမိသည်။ သို့သော်သူ၏အမူအယာမှာပုံမှန်သာ
"မင်းကအမတ်ကြီးရဲ့သား၊ ငါကအရှင့်ရဲ့အထိန်းတော်၊ နန်းတွင်းမှာ ရုံးတော်ကလူတွေနဲ့မပါတ်သတ်ခိုက်းတဲ့စည်းမျဉ်းရှိတယ်။ အရှင်သာသိရင် ငါမပြောနဲ့ မင်းတောင်အပြစ်ကလွတ်မယ်ထင်နေလား?"
လန်ဝေ့ရဲ့တင်းမာမှုကအနည်းငယ်လျော့သွားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လျက်ပင်။
"ဒီသခင်လေးရွေးထားတဲ့နေရာက အရမ်းချောင်ကျတာ ဘယ်သူသိမှာလဲ?"
"နန်းတော်ထဲမှာ လူတွေအများကြီးပဲ၊ ငါတခြားဘာကိုမှမကြောက်ဘူး။ မတော်တဆကိုပဲကြောက်တာ"
လင်းရှောင်က သူ့ကိုထောက်ထားသော ဓါးအား ဂရုတစိုက်တွန်းထုတ်ရင်းပြန်ဖြေလိုက်သည်။
လန်ဝေ့ကတိတ်ဆိတ်သွားသည်။ ထို့နောက်လင်းရှောင်၏အကြောင်းပြချက်ကိုလက်ခံလျက် ဓါးကိုပြန်ချလိုက်သည်။ ချက်ချင်းပင် လင်းရှောင်လည်းနောက်သို့နှစ်လှမ်းခန့်ဆုတ်လိုက်ပြီး လန်ဝေ့ကလင်းရှောင်၏သူရဲဘောကြောင်မှုအားလှောင်ပြောင်သလိုကြည့်လာခဲ့သည်။ လင်းရှောင်ပြုံးလိုက်သည်။
သူလန်ဝေ့၏အမူအယာအားမည်သို့မျှမခံစားရချေ။ အဆုံးမှာတော့ လူဆိုတာ သေရမှကြောက်တာပုံမှန်ပဲမဟုတ်လား။
လန်ဝေ့ကလင်းရှောင်အားအတော်ကြာစိုက်ကြည့်နေကာ၊ တဖက်လူမှမိမိအားလှောင်ပြုံးဖြင့်ကြည့်နေသည်ကိုမြင်ရလျှင် မကျေမနပ်နှင့်ပြောလာခဲ့သည်။
"မင်းကပဲ နန်းတွင်းထဲကသူလျှိတွေကိုရှင်းထုတ်ပစ်နေတာမဟုတ်ဘူးလား?"
လင်းရှောင်ကမူမတုန်လှုပ်ချေ။ ကြည့်ရတာ လန်ဝေ့ရဲ့သူလျှိုငါးယောက်ကို သူရှင်းပစ်ခဲ့မှန်း သိပြီးဖြစ်လိမ့်မည်။ သူကခေါင်းထဲတွင်စဉ်းစားထားပြီးသောအဖြေကိုပြောရင်းပြုံးလိုက်မိသည်။
"ငါကအခုအရှင့်ရဲ့အမှုထမ်းပါ။ အရှင့်ငါ့ကိုလုပ်ခိုင်းတဲ့ ဘာကိုမဆိုငါလုပ်ရမှာပဲ၊ သူကငါ့ကိုသူလျှိုတွေကိုဖော်ထုတ်စေချင်တယ်ဆို ငါဖော်ထုတ်ရမှာပဲ"
လန်ဝေ့၏အမူအယာမှာမဲမှောင်လျက်ပင်
"ငါ့ကိုအရှင့်နာမည်သုံးပြီး ဖိအားလာမပေးနဲ့
မင်းနန်းတော်ထဲဘာကြောင့်၀င်လာလဲမေ့သွားပြီလား?"
လင်းရှောင်လည်းဒီစကားကိုကြားတော့ ရင်ထဲအသဲထဲကပင်ချဉ်သွားကာ လှောင်ရယ်မိတော့သည်။
"ငါဘာလို့နန်းတွင်းကို၀င်လာတာလဲ? မင်းဘာလို့မပြောကြည့်တာလဲ?"
လန်ဝေ့ကလည်းသူ့အားတဖန်ပြန်သရော်လာခဲ့သည်။
"ဘာလို့လဲဆိုတော့ မင်းကမိုရွှီရဲ့အစေခံလေ။
သူကမင်းကိုသူနဲ့အတူနန်းတွင်းထဲကိုခေါ်လာပေးတယ်။ မင်းအတွက်နေရာတစ်ခုလည်းပေးခဲ့သေးတယ်။ သူကမင်းအပေါ်အများကြီးဂရုစိုက်ပေးခဲ့တာ။ အခုမင်းအထိန်းတော်တစ်ယောက်ဖြစ်လာပြီဆိုရင်လည်း သူ့ကိုပိုပြီးဂရုစိူက်ပြီး ကူညီပေးရမှာမဟုတ်ဘူးလား?"
ဤသခင်ငယ်လေးမှာတော့ မိုရွှီထံမှ ဦးနှောဏ်ဆေးခံထားရပုံပေါ်သည်။ သူ့ကြိုးစားမှုနဲ့သူရခဲ့တာတွေကိုလည်း မိုရွှီကပေးခဲ့တာဆိုပဲ။
ဒီလန်ဝေ့ကဒီထက်ပိုတုံးနိုင်သေးလား?
မိုရွှီကရော ဒီထက်ပိုအရှက်မဲ့နိုင်သေးရဲ့လား?
လင်းရှောင်မှာ လွန်စွာစိတ်တိုမိသော်လည်း စိတ်ထဲမှာသာထားကာ ဘာမှမတုံ့ပြန်တော့ပေ။ ဒီလန်ဝေ့ဒီလောက်ဦးနှောက်ဆေးခံထားရပုံနဲ့ဆို မိုရွှီက အသုံးမလိုတဲ့အခါပစ်ထုတ်လိုက်တဲ့နေ့ရှိလာမှာပဲ။
ဒီနှစ်ယောက်လုံးက ဒီတိုင်းနယ်ရုပ်သာသာပင်။
သူတို့ဘာသာ အချင်းချင်းပြန်ကိုက်ကြမယ့်အချိန်ကို လင်းရှောင်းအေးအေးဆေးဆေးစောင့်နေရန်သာလိုသည်။
အခုနေ လန်ဝေ့ကိုရှင်းလင်းသွားအောင်လုပ်ပေးလိုက်လျှင် သူလန်ဝေ့ကိုကူညီရာတောင်ကျသွားလိမ့်မည်။ သူအဲလောက်သဘောကောင်းလိမ့်မည်ထင်ပါသည်လား?
ထို့ကြောင့် လင်းရှောင်တိတ်တိတ်သာနေလိုက်သည်။
သို့သော် လန်ဝေ့ကမူသူ့ကိုလွှတ်ပေးချင်ပုံမပေါ်
"မင်း ဒီသခင်လေးကိုနားထောင်နေရဲ့လား?"
လင်းရှောင်မျက်လုံးသာလှိမ့်လိုက်မိသည်။
ဤလန်ဝေ့မှာမိုရွှီနဲ့တွေ့တွေ့ချင်းမှာပဲ မိုရွှီဆီမှာအသုံးချခံဖြစ်ရဖို့အပြေးလေးရောက်လာခဲ့သည်။
ဘယ်လောက်တောင်လဲဆို သူသဘောကျတဲ့မိန်းကလေးကို သူကိုယ်တိုင်ဘုရင့်ကိုယ်လုပ်တော်ဖြစ်အောင် ကူညီပေးနေရတာပဲကြည့်တော့
တကယ့်ကို..
လင်းရှောင်ဆက်တောင်တွေးချင်စိတ်မရှိတော့ပေ။
သူလည်းအတိတ်တုန်းက လန်ဝေ့နှင့်မထူးမခြားနားပင်မဟုတ်ပါလား?
အတော်ကြာပြီးနော် သူပြန်ဖြေလိုက်သည်။
လန်ဝေ့ကဓါးကိုတဖန်ပြန်ထုတ်လာခဲ့သည်။
လင်းရှောင်သည်အလွနန်နီးကပ်နေသော ဓါးဖျားကို ကြည့်လျက်ပင်
" အရှင်က ငါ့ကိုအတော်ကြာကြာသူ့ကိုမခစားဖို့ပြောထားတယ်၊ ငါဘယ်လိုကူညီနိုင်မှာလဲ?"
"ဘာ?" လန်ဝေ့ကမျက်မှောင့်ကျုံ့မိပြီးမှ သူကကျေနပ်သည့်အမူအယာဖြင့်
"ဒါဆို မင်းကအပစ်ခံလိုက်ရပြီပေါ့?"
လင်းရှောင်က မျက်ခုံးကိုပင့်လျက် အပြုံးဖြင့်ဆိုလိုက်သည်။
"အဲလိုပြောလို့လည်းရပါတယ်"
"ငါကြားတာတော့ မင်းကနန်းတွင်းထဲကသူလျှိုတွေကိုဖမ်းဖို့တာ၀န်ပေးခံရတယ်ဆို။ ဒါကြောင့် မင်းအရှင့်ကိုမခစားနိုင်တာမလား? "
လန်ဝေ့က လင်းရှောင်၏စကားကိုတောင်မစောင့်တော့ပဲ သူ့ဘာသူခန့်မှန်းလိုက်သည်။
လင်းရှောင်ကအံ့အားသင့်လျက် စက္ကန့်အနည်းငယ်ကြာမတုန့်ပြန်မိချေ။ လန်ဝေ့ကအနည်းငယ်တွေးတောပြီးနောက် ဓါးကိုပြန်ရုတ်လိုက်သည်။ ထို့နောက်အံကိုကြိတ်လျက်ပင်
"မနက်ဖြန် ဒီသခင်လေးက နာမည်စာရင်းတစ်ခုလုံးမင်းကိုပို့ပေးမယ်။ ဒီကိစ္စကိုဖြေရှင်းပြီးတာနဲ့ မင်းအရှင့်ဆီကမျက်နှာသာပိုရလာမှာပဲ။ အဲဒီအချိန်ကျရင်မင်း ရွှီရွှီကို ပိုပြီးကောင်းမွန်တဲ့တက်လမ်းရအောင် ကူညီပေးရမယ်"
"ဒါပေမယ့် မင်းဒါကိုမြဲမြဲမှတ်ထားပါ။ မဟုတ်ရင်တော့ ဒီသခင်လေးရဲ့ဓါးက နောက်တစ်ကြိမ်ကျရင် ညှာတာနေမှာမဟုတ်ဘူး"
လန်ဝေ့ကအေးစက်စွာဆိုပြီးနောက် ပြတင်းပေါက်မှ တဆင့်ထွက်ခွာသွားတော့သည်။