အခန်း ၃၂
Viewers 7k

Chapter (32)

Unicode

အခန်း(၃၂) - ကောင်းကင်ဘုံက ဆင်းသက်လာတာ နည်းနည်းမြန်သားပဲ

ရှောင်စစ် အစေခံက ထိုစကားကြားတော့ သိချင်စွာ မေးခဲ့သည်။ "မင်းရဲ့သခင်လေး မြို့တော်က ဝယ်လာတဲ့ ခရမ်းရောင်ဂန္ဓမာပန်းလား။"

သူက အခုမှ ခရီးတိုလေးက ပြန်လာရတာကြောင့် သေချာမသိပေ။

ရှောင်ဝူက ခါးသက်စွာ ပြုံးခဲ့သည်။ "အင်း အဲဒီ ခရမ်းရောင်ဂန္ဓမာပန်းလေ၊ အဲတာကို သခင်လေးက ငွေတုံးရာချီ ပေးဝယ်ခဲ့တာတဲ့ကွာ၊ အရောင်က ခရမ်းရောင် မရှိတော့သလို ခြောက်သွေ့နေတာ၊ သခင်လေးက အရမ်းတွေ ရင်နာနေတယ်လေ။"

ရှောင်စစ်က မနေနိုင်စွာ မေးလေသည်။ "ဒါဆို ဘာလို့ ရောင်းတဲ့လူကို မရှာတာလဲ။"

ရှောင်ဝူက အကူအညီမဲ့စွာ ပြောခဲ့သည်။ "ပန်းက ခြောက်သွေ့နေပြီ၊ နန်ရှီမြို့ကနေ မြို့တော်ကို ရေကြောင်းနဲ့သွားမယ်ဆိုရင်တောင် လဝက်လောက်တော့ ကြာမှာပဲ၊ ဒီထက်ကြာရင် မြို့တော်မရောက်ခင် ပန်းသေသွားမှာပဲ၊ ငါရှာတွေ့တဲ့ ဥယျာဥ်မှုးတွေကိုတော့ ခေါ်ပြခဲ့တာပါပဲ၊ သူတို့လည်း မကူနိုင်ဘဲ သခင်လေးကို စိတ်ပြင်ဆင်ထားဖို့ပဲ ပြောနေတယ်။"

ရှောင်စစ်က မေးခဲ့သည်။ "ဒါဆို ငါတို့ ဘယ်လိုလုပ်ရမလဲ၊ ဒီမြို့ထဲက ဥယျာဥ်မှူးတွေတောင် ပန်းကို မကယ်နိုင်မှတော့ ဘယ်သူ့ကို သွားရှာကြမလဲ။"

ရှောင်ဝူက သက်ပြင်းချကာ ပြောခဲ့သည်။ "ဒါကြောင့် ငါအခက်တွေ့နေတာပေါ့ကွာ၊ ပန်းကို ကယ်ပေးမယ့် ဥယျာဥ်မှူးကို မရှာနိုင်ရင် ငါ့ကို ၂လစာ လျှော့မယ်လို့ သခင်လေးက ပြောနေတယ်။"

ရှောင်စစ်က ခေါင်းခါခဲ့သည်။ "ဥယျာဥ်မှုးသာ ကောင်းကင်ဘုံကနေ မဆင်းသက်လာရင် မင်းလစာလျှော့ခံရဖို့သာ ပြင်ထားတော့"

သူကို ထပ်နှစ်သိမ့်ခဲ့သည်။ "မင်းက မင်းသခင်ရဲ့အိမ်မှာ သခင်လေးရဲ့ပန်းကို ဂရုစိုက်တဲ့လူပဲလေ၊ ပြဿနာရှိလာရင် လစာလျှော့တာ မျှတပါတယ်၊ တချို့မျိုးရိုးမြင့်အိမ်တွေဆိုရင် ပန်းပွင့်တံက အစေခံရဲ့ အသက်ထက် တန်ဖိုးရှိနေတယ်လို့တောင် ကြားဖူးတယ်၊ တကယ်လို့ မင်းသာ တစ်ခုခု အမှားလုပ်မိရင်တော့ သေအောင် အရိုက်ခံရမှာပဲ။"

ရှောင်ဝူက သက်ပြင်းထပ်ချခဲ့သည်။ "ဥယျာဥ်မှူး ကောင်းကင်က ပြုတ်ကျလာတာကို မျှော်လင့်ဖို့ပဲ ကျန်တော့တယ်"

ရုတ်တရက်ကြီး သူတို့ဘေးကနေ နှစ်လိုဖွယ်ကောင်းသည့် အသံ ထွက်လာခဲ့သည်။

"ကျွန်မ ပန်းပြုစုစိုက်ပျိုးတဲ့နေရာမှာ တော်ပါတယ်။"

နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ သိပ်မဝေးသည့်နေရာမှာ အမျိုးသမီးတစ်ယောက်ရဲ့လက်ကို ကိုင်ထားသည့် မိန်းကလေးကို တွေ့လိုက်လေသည်။

ကောင်းကင်ဘုံက ဆင်းသက်လာတာ နည်းနည်းမြန်သားပဲ။

ရှောင်ဝူက ရှစ်ချင်းလျို့ကို မယုံသင်္ကာကြည့်ကာ မေးခဲ့သည်။ "မင်းက ပန်းတွေကို ပြုစုစောင့်ရှောင်တဲ့နေရာမှာ တကယ်တော်တာလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့"

"ခရမ်းရောင်ဂန္ဓမာပန်းတွေအကြောင်း သိလား" ရှောင်ဝူက ထပ်မေးခဲ့သည်။

ဒါက မကြာခင်ကမှ မြို့တော်မှာ ရေပန်းစားလာခဲ့သည့် ဂန္ဓမာပန်း ဖြစ်သည်။

အရင်တုန်းက ခရမ်ရောင်ပန်းတွေ မရှိခဲ့ပေ။

သူတို့သခင်လေးက စျေးကြီးကြီးဖြင့် ပေးဝယ်ခဲ့ပြီး မြို့ထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။။

သူမ ပုံစံအရ သူမက ရွာကလာမှန်း သိသာသည်။

ခရမ်းရောင်ဂန္ဓမာပန်းတွေအကြောင်းကို သိပါ့မလား။

သူတို့ရဲ့ သံသယကို ရှစ်ချင်းလျို့ သိသည်။ "ကျွန်မ ဆရာက ဘုန်းတော်ကြီးဝူချန်ပါ၊ သူ့ဆီကနေ ပန်းပြုစုပျိုးထောင်နည်းနဲ့ စိုက်ပျိုးနည်း သင်ခဲ့တာ၊ ခရမ်းရောင်ဂန္ဓမာပန်းကို ပြုစုဖို့ မပြောနဲ့၊ စိုက်တောင်စိုက်ပေးတတ်တယ်။"

အတုအယောင်နည်းစနစ်ဖြင့် ခရမ်းရောင်ဂန္ဓမာပန်းကို စိုက်ပျိုးဖို့ မခက်ပေ။

သူမက ပန်းအမျိုးအစားများစွာကို စိုက်ပျိုးခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကူးခြင်း တို့၌ ကျွမ်းကျင်သည်။

ပန်းတွေ အရမ်းစွဲလမ်းတတ်သည့် အဖိုးကြောင့် ထိုအရာတွေက သူမ တာဝန် ဖြစ်ခဲ့သည်။

အရင်တုန်းက သူမ ဘွဲ့ရပြီးပါက အဖိုးရဲ့ ပန်းပင်တွေကို ဂရုစိုက်ပေးမည့်အကြောင်း ကတိပေးမှ စိုက်ပျိုးရေး တက္ကသိုလ်ကို အောင်အောင်မြင်မြင် သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးလောကထဲ ဝင်ခိုင်းစေချင်နေသည့် မိဘတွေဆီကနေ အဖိုးဖြစ်သူက ကာကွယ်ပေးခဲ့သည်။

ရှောင်စစ်နှင့် ရှောင်ဝူက အံ့သြနေခဲ့သည်။ နောက်နေတာများလား။

ရှစ်ချင်းလျို့က သူတို့နှစ်ယောက်ကို ကြည့်ကာ ပြောခဲ့သည်။ "ကျွန်မ ကုသပေးနိုင်လား မကုသပေးနိုင်ဘူးလားဆိုတာ အဲကိုရောက်မှ သိမှာမလား၊ ကျွန်မအပြင် တခြားဥယျာဥ်မှူးကို ရတွေ့လို့လား။"

ရှောင်ဝူက ထိုအရာကို တွေးပြီးနောက် သဘောတူခဲ့သည်။ ဘယ်သူ့ကိုမှ မခေါ်နိုင်ဘဲ ပြန်သွားတာထက်စာရင်တော့ တော်သေးတာပေါ့။

"ကောင်းပြီ။ လိုက်ပြီး ကြိုးစားကြည့်ပါဦး။"

သူက သတိပေးသလို ပြောခဲ့သည်။"ဒါပေမဲ့ လိမ်ဖို့တော့ မကြိုးစားနဲ့၊ ငါတို့က ပိုင်စံအိမ်မှာနေတာ၊ ငါ့သခင်လေးက အခြေခံစာသင်သားဖြစ်ရုံတင်မကဘဲ သူ့ဦးလေးက မြို့တော်က အရာရှိပဲ။"

ရှစ်ချင်းလျို့က စိတ်ပျက်စွာ ရယ်ခဲ့သည်။ "ကျွန်မယောက်ျားကလည်း အခြေခံ စာသင်သားပါနော်၊ သူ့ဂုဏ်သိက္ခာအတွက် ကျွန်မ မလိမ်နိုင်ပါဘူး ဟုတ်တယ်မလား။"

ရှောင်စစ်က အံ့သြသွားခဲ့သည်။ "မင်းယောက်ျားကလည်း အခြေခံစာသင်သားလား၊ နာမည်က ဘယ်လိုခေါ်တုန်း။"

နန်ရှီမြို့မှာ အခြေခံစာသင်သားတွေ သိပ်မရှိတာကြောင့် သူ လူတွေကို သိသည်။

ရှစ်ချင်းလျို့က မကွယ်ဝှက်ထားခဲ့ပေ။ "ရှောင်ဟန်ကျန့်"

ရှောင်စစ်က အလွန်အံ့သြသွားခဲ့သည်။ "အာ မင်းက သခင်လေးရှောင်နဲ့ ချုံရှီပွဲလုပ်ခဲ့တဲ့သူလား။"

အခုတော့ သူမက ထပ်မေးခဲ့သည်။ "ကျွန်မယောက်ျားကို သိလား။"

ရှောင်စစ်က ပြုံးကာ ပြောခဲ့သည်။ "ဒါပေါ့ သိတာပေါ့၊ သခင်လေးရှောင်က မြို့ထဲမှာ နာမည်ကြီးပဲကို၊ အရင်တုန်းက မြို့၊ မြို့တော်၊ ခုံရုံးစာမေးပွဲတွေကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တာလေ။"

အခုကတော့ ရှစ်ချင်းလျို့ အံ့သြရသည့်အချိန် ဖြစ်သည်။ သူမ ယောက်ျားက တကယ် အံ့သြဖို့ ကောင်းတာပဲ။

သူမက ပြုံးကာ ပြောခဲ့သည်။ "ဒါဆို အခြေခံစာသင်သားရဲ့ ဇနီးဖြစ်တဲ့ ကျွန်မက ရှင့်ကို လိမ်ပါ့မလား။"

ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ ဇနီးမလို့ သူမအပေါ်ရှိနေသည့် ရှောင်စစ်နှင့် ရှောင်ဝူရဲ့ သံသယက အနည်းငယ် လျော့ကျသွားခဲ့သည်။

သူတို့က လမ်းတစ်လျှောက် စကားပြောလာခဲ့ကြသည်။

ရှစ်ချင်းလျို့က မေးခဲ့သည်။ "ရှင်တို့ပိုင်မိသားစုက မြို့ထဲမှာ အရမ်း အာဏာကြီးတယ်မလား။"

စောနက သူတို့ရဲ့ စကားအရ ပိုင်မိသားစုက မြို့ထဲမှာ ထိပ်ဆုံးအဆင့် ဖြစ်သည်။

ရှန်းယွမ်က မြို့ထဲတစ်ခါမှမရောက်ဖူးသဖြင့် ထိုကိစ္စတွေကို မသိပေ။

ရှောင်စစ်က ဂုဏ်ယူစွာ ပြောခဲ့သည်။ "ငါတို့ပိုင်မိသားစုက မြို့ထဲမှာ အဆင့်အတန်း နံပါတ်၁ပဲ၊ သခင်မကြီးရဲ့ အစ်မက မြို့တော်က အဆင့် ၄ အရာရှိလေ။"

ရှစ်ချင်းလျို့ ရင်တုန်သွားခဲ့သည်။ "ရှင်တို့ ပိုင်မိသားစုက ဝူမိသားစုထက် အာဏာကြီးလား။"

ရှောင်စစ်က ကသိကအောက်ဖြစ်စွာ ပြောခဲ့သည်။ "အာဏာကြီးတယ်လို့တော့ ဆိုမရဘူး၊ ငါတို့ပိုင်မိသားစုက ဝူမိသားစုနဲ့တော့ ယှဥ်လို့ရပါတယ်။"

သူက ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ ငါတို့ ပိုင်မိသားစုက ဝူမိသားစုထက် အကျင့်စရိုက် ပိုကောင်းတယ်။"

ရှစ်ချင်းလျို့က အဓိက အချက်ကို ဖမ်းမိလိုက်သည်။ "ရှင့်လေသံအရ ဝူမိသားစုနဲ့ ပိုင်မိသားစုရဲ့ ဆက်ဆံရေးက မကောင်းဘူးမလား။"

ရှောင်စစ်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါတင်ဘယ်ကမလဲ သူတို့က ပြိုင်ဘက်တွေလေ။"

သူတို့ တမြို့လုံး ဒီကိစ္စကို သိတာကြောင့် သူက ပွင့်ပွင့်လင်းလင်း ပြောပြခြ င်းဖြစ်သည်။

သူက မယုံသင်္ကာ မေးခဲ့သည်။ "ဒီအကြောင်းကို မင်းမသိဘူးလား"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ကျွန်မက ဆရာဖြစ်တဲ့ တာအိုဘုန်းတော်ကြီး တောင်ပေါ်မှာ ကျင့်ကြံအားထုတ်နေရတော့ ဒီမှာဖြစ်သမျှကို သိပ်မသိဘူး။"

ရှောင်ဝူက မေးခဲ့သည်။ "ရှန့်ရှီးရွာက တာအိုဘုန်းကြီးကျောင်းကို ပြောတာလား၊ မင်းရဲ့ဆရာက တကယ်ပဲ ကောင်းကင်ဘုံကို တက်သွားတာလား။"

သိပ်မကြာခင်က ရှန့်ရှီးရွာက တာအိုဘုန်းတော်ကြီးတစ်ပါး ကောင်းကင်ဘုံကို တက်သွားသည်ဟူသော သတင်းကို သူတို့ ကြားသိခဲ့ရသည်။

ထိုဖြစ်စဥ်ကို လူအများအပြား မျက်မြင်တွေ့ခဲ့သည်။

ရှစ်ချင်းလျို့က အပြစ်မကင်းစိတ်တွေရှိမနေဘဲ ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ကျွန်မ ဆရာက ကောင်းကင်ဘုံကိုတက်လှမ်းသွားတယ်။ ဒါကြောင့် ကျွန်မက ရှောင်ဟန်ကျန့်နဲ့ လက်ထပ်ခဲ့တာလေ။"

အရင်ဘဝက အခံကြောင့် သူမရဲ့စိတ်က ဟိတ်ဟန်များသည်။

အကယ်၍ သူမရဲ့ ပိန်လှီကာ ဖြူဖတ်ဖြူရော် ပုံစံကြောင့်သာ မဟုတ်ပါက အလွန်ရှိန်ရလောက်မည့် အသွင်မျိုး ဖြစ်သည်။

ရှောင်စစ်နှင့် ရှောင်ဝူလည်း ဒါကိုခံစားမိတာကြောင့် ရှစ်ချင်းလျို့ကို အနည်းငယ် ယုံကြည်သလို ကြည့်ခဲ့သည်။ "မင်းက မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်ဆိုမှတော့ ပန်းတွေကို ပျိုးထောင်ပေးတတ်တာ မဆန်းတော့ပါဘူး။"

ရှစ်ချင်းလျို့က သက်ပြင်းချခဲ့သည်။

ရှေးခေတ်တုန်းက လူတွေက အယူသီးသည်။

လူအများစုက ဘုန်းတော်ကြီးက ကောင်းကင်ဘုံကို တက်လှမ်းသွားတာဟု ယုံကြည်ခဲ့သည်။

အကယ်၍ မယုံရင်တောင် ရိုသေနေကြဦးမှာဖြစ်သည်။

ရှစ်ချင်းလျို့က ယုံကြည်ချက်ရှိစွာ ပြုံးခဲ့သည်။ "မှန်တယ်၊ ကျွန်မ ဆရာက အများကြီး သိတယ်၊ ပန်းပင်တွေကို ထိန်းသိမ်းဖို့ဆိုတာ ကိစ္စအသေးလေးပါ။"

ထို့နောက် သူမက ခေါင်းစဥ်ပြောင်းကာ မေးခဲ့သည်။ "ဒါနဲ့ ကျွန်မတို့မြို့ကို ရာဇဝတ်တရားသူကြီး အသစ်ရောက်တာလား။"

ရှောင်ဝူက ပြန်ဖြေခဲ့သည်။ "အင်း လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ အသစ်ရောက်တာ၊ ရာဇဝတ်တရားသူကြီးဟောင်းက စောစော နှုတ်ထွက်သွားခဲ့တာ၊ ရာဇဝတ်တရားသူကြီးအသစ်က မြို့တော်က လာတာလေ။"

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "ရာဇဝတ်တရားသူကြီးရဲ့ နောက်ခံက သာမာန်မဟုတ်ဘူးဆို"

ပိုင်မိသားစုက မြို့ထဲက ထိပ်တန်းမိသားစုတွေထဲကတစ်ခုဆိုတော့ ရာဇဝတ်တရားသူကြီး အသစ်နှင့် ပတ်သက်ပြီး ကောင်းကောင်း သိလိမ့်မည်။

ရှောင်စစ်ရဲ့ပုံစံနှင့် စကားတွေအရ သူက သခင်လေးဘေးမှာ အမြဲနေရသည့် အစေခံ ဖြစ်နိုင်သည်။

ထင်သည့်အတိုင်း ရှောင်စစ်က သိသည်။ “ရိုးရိုးနောက်ခံ မဟုတ်ဘူး၊ သူ့မှာ သိပ်ကြီးတဲ့ နောက်ခံရှိတာလေ။"

ရှစ်ချင်းလျို့က သိချင်စွာ မေးခဲ့သည်။ "ဘာနောက်ခံလဲ။"

ရှောင်စစ်က မကွယ်ဝှက်ထားပေမယ့် လေသံကို တိုးခဲ့သည်။ "သူက မိဖုရားကြီးရဲ့ တူတော်လေ၊ ဟုန်စံအိမ်ရဲ့ ဆက်ခံသူ၊ အဆင့်အတန်း အရမ်းမြင့်တယ်မလား။"