အခန်း ၃၃
Viewers 7k

Chapter (33)

Unicode

အခန်း(၃၃) - ဒီကိစ္စကိုမေ့လိုက်တော့

ရှစ်ချင်းလျို့က အခြေခံစာသင်သားရဲ့ဇနီးဖြစ်သလို မသေမျိုးဘုန်းတော်ကြီး၏ တပည့်ဖြစ်တာကြောင့် ရှောင်စစ်က ပြောပြခဲ့သည်။

မြို့ထဲက လူတွေအကုန်လုံးက ရာဇဝတ်တရားသူကြီးရဲ့နောက်ခံကို အနည်းငယ် သိကြသည်။

ရှစ်ချင်းလျို့က အလွန်အံ့သြသွားခဲ့သည်။ "သူ့အကြောင်းက အံ့သြစရာပါလား။"

သူမက စိတ်ရှုပ်ထွေးစွာ မေးခဲ့သည်။ "အဲလောက် နောက်ခံကောင်းနေတာကို ဘာလို့ ကျွန်မတို့ နန်ရှီမြို့မှာ ရာဇဝတ်တရားသူကြီး လာလုပ်ရတာလဲ။"

ရှောင်စစ်က ခေါင်းခါခဲ့သည်။ "ဒါတော့ ကျုပ်မသိဘူး၊ လူတိုင်းလည်း သံသယဝင်နေတာ၊ သူ့ဆန္ဒနဲ့သူ နန်ရှီမြို့ကို လျှောက်ခဲ့တာလို့ကြားတယ်။"

သူက မရေရာစွာ ပြောခဲ့သည်။ "ကျုပ်တို့နန်ရှီမြို့က ထူးချွန်ထင်ရှားတာ တစ်ခုခုရှိလို့များလား။"

ဒီကိစ္စကိုတော့ မေ့ထားလိုက်ပါတော့ ဟု ရှစ်ချင်းလျို့က မပီမသပြောခဲ့သည်။

ဒီမဖြစ်စလောက်နေရာမှာ ထူးချွန်တဲ့လူ မတွေ့ဖူးသလို ထူးချွန်ထင်ရှားတာလည်း သူမ မတွေ့ဖူးပေ။

ရှစ်ချင်းလျို့က ရှောင်စစ်၊ ရှောင်ဝူနှင့်အတူ ကျွမ်းကျင်စွာ စကားပြောခဲ့သည်။

သူမက မြို့အကြောင်း ပိုသိသွားခဲ့သည်။

ဥပမာအားဖြင့် ဝူမိသားစုက ရာဇဝတ်တရားသူကြီးဟောင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိတာကြောင့် ပိုင်မိသားစုက လမ်းဖယ်ပေးခဲ့ရသည်။

ဒါကြောင့်ပဲ ပိုင်မိသားစုက ဝူမိသားစုရဲ့ ဖိနှိပ်မှုကို ခံခဲ့ရသည်။

အခု ရာဇဝတ်တရားသူကြီး အသစ်ပြောင်းလာတော့ ပိုင်မိသားစုက အပျော်ဆုံး ဖြစ်ခဲ့သည်။

ပိုင်မိသားစုက မြို့ထဲမှာ သက်တော်စောင့်ငှားရမ်းခြင်းလုပ်ငန်း ပိုင်ဆိုင်ပြီး ဝူမိသားစုက မြို့ထဲမှာ ဘဏ်ပိုင်ဆိုင်သည်။

စီးပွားရေးနှစ်ခုက မပြိုင်ဆိုင်ရင် ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။

ဥပမာအားဖြင့် နန်ရှီမြို့က အကြီးဆုံး စားသောက်ဆိုင်၊ ပိုးချည်ဖဲထည်ရုံ၊ ပန်းထိုးစက်ရုံတွေအကုန် ထိုမိသားစု နှစ်ခု ဦးဆောင်တာဖြစ်သည်။

မိသားစုနှစ်ခုက စီးပွားရေးတူသည့်အပြင် မိသားစုနောက်ခံကလည်း အလွန်တူသည်။

ပိုင်မိသားစုက ယောက်ဖက မြို့တော်က အဆင့် ၄အရာရှိဖြစ်ပြီး ဝူမိသားစုရဲ့ ယောက်ဖက မြို့တော်က အဆင့်၄ ရာဇဝတ်တရားသူကြီးဖြစ်သည်။

သို့ပေမယ့် ပိုင်မိသားစုရဲ့ ဇနီးက ပိုကောင်းသည်။

ပိုင်မိသားစုရဲ့ အစ်မက ပထမဇနီးဖြစ်ပြီး ဝူမိသားစုရဲ့အစ်မက ရာဇဝတ်တရားသူကြီးရဲ့ မယားငယ် ဖြစ်သည်။

ရှစ်ချင်းလျို့က ပိုင်မိသားစုနှင့် မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။

သူမ ရန်သူရဲ့ ရန်သူက သူမ မိတ်ဆွေ ဖြစ်နိုင်သည်။

ရှစ်ချင်းလျို့က ရာဇဝတ်တရားသူကြီးအကြောင်း ပိုမေးခဲ့ပေမယ့် ရှောင်စစ်က မသိပေ။

ပိုင်မိသားစုက အကုန်သိရလောက်သည့် အဆင့်မျိုး မဟုတ်ပေ။

သူတို့ စကားပြောပြီး ပိုင်စံအိမ်ကို ရောက်ခဲ့သည်။

ပိုင်မိသားစု၏ စံအိမ်က အလွန်ကျယ်သည်။

ဂျပန်အကြီးအကဲတွေ ပိုင်ဆိုင်သည့် စံအိမ်နှင့် တူကာ ရှေးဟောင်းအငွေ့အသက် တချို့ ပျောက်ဆုံးနေသည်။

ရှောင်စစ်နှင့် ရှောင်ဝူက ပိုင်သခင်လေး၏ အစေခံဖြစ်တာကြောင့် လူတွေကို အကဲခတ်တတ်သည်။

ရှစ်ချင်းလျို့က ပိုင်စံအိမ်ကို တည်တည်ငြိမ်ငြိမ် ဝင်သွားတာတွေ့တော့ သူတို့တွေ အံ့သြခဲ့ရသည်။

ဟိုးတုန်းကဆိုရင် ပိုင်စံအိမ်ကိုလာသည့် လူတိုင်း ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရင်း စံအိမ်ရဲ့အဆောက်အဦးကို အံ့သြစွာ မှတ်ချက်ပြုကြသည်။

ဖြူဖတ်ဖတ်နှင့် ပိန်တာကလွဲရင် သခင်လေးရှောင်ရဲ့ဇနီးက သာမာန်လူနဲ့ မတူပေ။

တကယ်ပဲ မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်ပီသပါတယ်။

သူမဘေးက သခင်လေးရှောင်ရဲ့အမေက စိတ်လှုပ်ရှားနေကြောင်း အတပ်ပြောနိုင်သည်။

သူတို့တွေးနေတာတွေကို ရှစ်ချင်းလျို့ သိတာကြောင့် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။

သူတို့ရဲ့ စိတ်ကူးနိုင်စွမ်းကို သူမ တကယ်ကျေးဇူးတင်သည်။

ပိုင်သခင်လေးက အဓိက အဆောင်တော်မှာ နေထိုင်သည်။

တံခါးမကြီးကနေ ၁၅မိနစ်လောက် လမ်းလျှောက်ပြီးနောက် အဝင်ဝကို ရောက်ခဲ့သည်။

ရှောင်ဝူက တံခါးမှာရပ်ကာ ပြောခဲ့သည်။ "စာသင်သားရှောင်ရဲ့ ဇနီး ဒီမှာ ခဏစောင့်ပေးပါ၊ သခင်လေးကို အရင်ဆုံး သွားတင်ပြလိုက်ဦးမယ်။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပါပြီ"

ရှောင်စစ်က မထွက်သွားဘဲ အနောက်ကနေ သူတို့ကို အဖော်ပြုနေပေးခဲ့သည်။

သိပ်မကြာခင် ရှောင်ဝူက ရှစ်ချင်းလျို့နှင့် အမေရှောင်ကို ကြိုဆိုဟန် လုပ်ပြခဲ့သည်။ "သခင်လေးက ကြိုဆိုလိုက်ပါတယ်။"

ရှောင်ဝူက သူတို့ကို အထူးဆောက်လုပ်ထားသည့် ဖန်လုံအိမ်ကို ခေါ်သွားခဲ့သည်။

ပိုးဝတ်ရုံပြာဝတ်ထားသည့် လူငယ်လေးက ခါးကိုင်းကာ ခရမ်းရောင်ဂန္ဓမာပန်းတွေကို ကြည့်ခဲ့သည်။

တာ့လျန်မင်းဆက်က တည်ထောင်ထားတာ မကြာသေးပေ။

ဟိုးတုန်းက အရင်မင်းဆက်ကိုဖြုတ်ချဖို့ ကုန်သည်တွေက ငွေအင်အား အများကြီး ထောက်ပံ့ခဲ့သည်။

ထို့ကြောင့် လယ်သမား၊ အလုပ်သမား၊ ကုန်သည်တွေက သာမာန်ပြည်သူဖြစ်သော်လည်း ကုန်သည်တွေရဲ့ အဆင့်အတန်းက မနိမ့်ပေ။

ကုန်သည်တွေရဲ့ သားစဥ်မြေးဆက်က တော်ဝင်စာမေးပွဲဝင်ဖြေလို့ရပြီး အရာရှိဖြစ်ခွင့်ရှိသည်။

သူတို့အဝတ်အစားတွေကို ကန့်သတ်ထားတာမျိုး အများကြီး မရှိတာကြောင့် ပိုးထည်ဝတ်ရုံနှင့် ပန်းထိုးထားသည့် ဝတ်ရုံတွေကို ဝတ်နိုင်သည်။

ခြေသံကြားတော့ ထိုလူက ခါးမတ်ကာ လှည့်ကြည့်ခဲ့သည်။

ပိုင်သခင်လေးက ချောမောပြီး ပွင့်ပွင့်လင်းလင်းရှိသည်။

ဒီနေ့တော့ ရှေးခေတ်က အဆင်လေးနှစ်ယောက်တောင် တွေ့ရသည်အထိ သူမ ကံကောင်းနေသည်။

သို့ပေမယ့်လည်း သူမ ခင်ပွန်းက ပိုဆင်သည်ဟု ရှစ်ချင်းလျို့ ထင်သည်။

ပိုင်ရွှီက ရွာသူလိုဝတ်ထားပြီး ဟန်ပန်က ထူးခြားနေသည့် မိန်းကလေးကို ကြည့်လိုက်သည်။

သူက စကားစပြောခဲ့သည်။ "ပန်းတွေအကြောင်း သိလား။"

ရှစ်ချင်းလျို့အကြောင်း ရှောင်ဝူပြောပြထားလို့ သိပြီးသားဆိုပေမယ့် သူမက ပန်းတွေကို စိုက်ပျိုးပြုစုနိုင်သည့်အကြောင်း သူ သံသယဝင်မိသည်။

သူစိမ်းလူ ရောက်ရောက်ချင်းမှာပဲ ခရမ်းရောင်ဂန္ဓမာပန်းကို လက်လွတ်စပါယ် မထိခိုင်းမှာကို ရှစ်ချင်းလျို့ သိသည်။

"ဒါပေါ့" သူမက ဖန်လုံအိမ်ထဲက ပန်းတွေကို မျက်လုံးဝေ့ကြည့်လိုက်သည်။ "ဒီက ရှင့်ပန်းတွေ အကုန်လုံးရဲ့ အကြောင်းကိုပါ သိတယ်။"

ပိုင်ရွှီက မျက်ခုံးပင့်ခဲ့သည်။ "ဒါဆိုလည်း ပြောပါဦး။ ဒီမှာ ဘာပန်းအမျိုးအစားတွေရှိလဲ။"

ဒီမှာရှိသည့် ပန်းအများစုက နန်ရှီမြို့မှာတောင်မရှိဘဲ နန်ကွမ်းစီရင်စုက ပန်းတွေ ဖြစ်သည်။

သိပ်မကြာခင်က နိုင်ငံခြားသင်္ဘောနှင့် ပါလာသည့်ပန်းတွေကို သူ မြို့တော်က ဝယ်လာခဲ့သည်။

တစ်ပွင့်ရဖို့တောင် အများကြီး အားစိုက်ခဲ့ရသည်။

ဒီပန်းကို လူတွေအများကြီးမသိဘဲ နန်ရှီမြို့လေးမှာသာ ရှိသည်။

ရှောင်ဟန်ကျန့်ရဲ့ မိန်းမက လေကြီးတာပဲ။

ရှစ်ချင်းလျို့က အမေရှောင်ရဲ့လက်ကို ကိုင်ထားဆဲ ဖြစ်သည်။

သူမက လမ်းလျှောက်လာပြီး ဘယ်ကနေညာဆီ ညွှန်ပြ ရွတ်ဆိုခဲ့သည်။ "ပျိုနီပန်း၊ ကညွတ်ပင်၊ ကမဲလီးယားပန်း၊ သစ်ခွပန်း၊ ကြာပန်း.. "

သူမက ပတ်ပတ်လည် ညွှန်ပြပြောဆိုခဲ့ပြီး နောက်ဆုံးတော့ ပန်းနီနီလေးနား ရပ်တန့်လိုက်သည်။

"ဒါက ကျူးလစ်"

ရှစ်ချင်းလျို့ ပန်းတွေကို ညွှန်ပြပြီး နာမည်တွေရွတ်ပြသွားခဲ့တော့ ပိုင်ရွှီရဲ့ အမူအရာက ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။

ကျူးလစ်ရဲ့နာမည်ကိုကြားတော့ သူက ပိုထိတ်လန့်သွားခဲ့သည်။

သူက ဆက်မေးခဲ့သည်။ "မင်း ဘယ်လိုသိတာလဲ၊ ဒီပန်းရဲ့ မျိုးစိတ်ကိုသိလား။"

ကျူးလစ်တွေကို ထန်မင်းဆက်ကျမှ အိန္ဒိယကနေ တရုတ်ပြည်ထဲ ဝင်ခဲ့ကြောင်း ရှစ်ချင်းလျို့ သိသည်။

သမိုင်းထဲမှာ မရှိသေးသည့် မင်းဆက်ဖြစ်သော်လည်း ပန်းမျိုးစိတ်အမည်ကတော့ ပြောင်းမည် မဟုတ်ပေ။

သူမက ပြန်ဖြေခဲ့သည်။ "ဒါ အိန္ဒိယက ပန်းလေ။ တစ်ယောက်ယောက်က ယူပြန်လာတာ။"

သူမက ဇာတ်လမ်းထွင်ကာ ပြောခဲ့သည်။ "ကျွန်မ ဆရာဆီမှာ ပန်းတွေအပင်တွေ မျိုးစုံစိုက်နည်း ရေးသားထားတဲ့စာအုပ်ရှိတယ်၊ ဒါကို အဲမှာ ဖတ်မိခဲ့တယ်။”

ပိုင်ရွှီက စိတ်ဝင်စားသွားပြီး စိတ်လှုပ်ရှားစွာ မေးခဲ့သည်။ "အဲစာအုပ်ကို ကြည့်လို့ ရမလား။"

ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "အဲစာအုပ်က ဆရာနဲ့အတူ ကောင်းကင်ဘုံပါသွားတော့ ပြလို့ မရတော့ဘူး၊ ကျွန်မက ဖတ်ဖူးတော့ ကျူးလစ်ကို မှတ်မိနေတာ။"

ပိုင်ရွှီက ဆွံ့အ သွားခဲ့သည်။ အဲစာအုပ်ဖတ်ချင်ရင် သူ့ဆရာနောက်ပဲ လိုက်သေရမလိုဖြစ်နေပြီ။

တာအိုဘုန်းကြီးကျောင်း မီးလောင်သွားတာကိုသူသိပေမယ့် ကောင်းကင်ဘုံကို တက်လှမ်းသွားတယ်လို့တော့ သူ မယုံပေ။

သူက နောင်တရဟန်ဖြင့် ပြောခဲ့သည်။ "နှမြောစရာပဲ။"

သူက ခဏလောက်တွေးပြီး အကြံပြုခဲ့သည်။ "မင်းမှတ်မိတယ်ဆိုရင် စာအုပ်ထဲကအတိုင်း ပြန်စုရေးပေါ့။"

သူ အဲစာအုပ်ကို လိုချင်သည်။

ရှစ်ချင်းလျို့ အသက်ပင်အောင့်လိုက်မိသည်။ ငါလျှောက်ပြောနေတာကို နင်က တကယ်ယုံနေတာလား။

သူမက ဝတ်ကျေတန်းကျေ ပြန်ဖြေခဲ့သည်။ "ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။"

သူမက အမြန်ပဲ ခေါင်းစဥ်ပြောင်းခဲ့သည်။ "ခရမ်းရောင်ဂန္ဓမာပန်းကို ပြုစုဖို့ လူရှာနေတယ်လို့ ရှောင်ဝူဆီက ကြားခဲ့တယ်။"

ထင်သည့်အတိုင်း ပိုင်ရွှီ၏ အာရုံကို သူပြောင်းနိုင်ခဲ့သည်။ "အင်း ငါ့မိသားစုက ဥယျာဥ်မှူးနဲ့ မြို့က ဥယျာဥ်မှူးတွေ အကုန် ကြည့်ပေးပြီပြီဆိုပေမယ့် သူတို့က မရှင်နိုင်ဘူးပဲပြောနေတယ်။"

သူက လမ်းဖွင့်ပေးခဲ့သည်။ "မင်းက ပန်းအကြောင်းတွေသိမှတော့ ကြည့်ကြည့်မလား။"

ရှစ်ချင်းလျို့ လျှောက်သွားလိုက်တော့ မီးခိုးရောင်ဖြစ်နေသည့် အရွက်၊အကိုင်းတွေနှင့် စိုစွတ်နေသည့် မြေကြီးကို တွေ့ခဲ့သည်။

သူမက ပိုင်ရွှီကို မေးခဲ့သည်။ "အပင်က နေ့ဘက်ညှိုးပြီး ညကျတော့ ပြန်ကောင်းသွားတာလား၊ ဖွဖွလေးဖိလိုက်တာနဲ့ အကိုင်းတွေ ကျိုးလွယ်လား။"

ရှစ်ချင်းလျို့ ပန်းအကြောင်းသိတယ်ဆိုတာ ပိုင်ရွှီ ယုံသွားခဲ့သည်။ "ဟုတ်တယ်၊ အဲလိုဖြစ်နေတာ။"

သူက အမြန်မေးခဲ့သည်။ "အဲတာ ဘာရောဂါလဲ၊ ကုလို့ရလား။"