အခန်း ၃၄
Viewers 7k

Chapter (34)

Unicode

အခန်း(၃၄) - အမေနှင့်ဇနီးဖြစ်သူရဲ့ရောင်းစားမှုကို ခံလိုက်ရခြင်း

"အပင်မှိုတက်တာ၊ အပူချိန်မြင့်မားတာ ဒါမှမဟုတ် စိုထိုင်းမှုကြောင့်ဖြစ်တဲ့ ရောဂါပါ။"

ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "မြို့တော်က ကျွန်မတို့ မြို့လောက် မစိုထိုင်းသလို အပူချိန်လည်း မများဘူး၊ ဒါကြောင့်ပဲ ရှင်ယူလာပြီး သိပ်မကြာခင်မှာ ဂန္ဓမာပန်းက ညှိုးသွားတာမလား၊ ကုသလို့ ရပေမယ့် ဒါကို ကျွန်မ အိမ်ပြန်ယူသွားဖို့ လိုတယ်။"

သူမ တကယ်ပဲ ကုသနည်း သိသည်။

မော်ဒန်ခေတ်က ပိုးသတ်ဆေးတွေ မရှိပေမယ့် သူမ နွေဦးစမ်းရေကို အစားထိုးလို့ရသည်။

အရင်တုန်းက သူမ အကြိမ်များစွာ ကြိုးစားခဲ့ဖူးပြီးပြီဖြစ်သည်။

အပင်သာ တကယ်မသေပါက အချိန်ခဏ ကြာပြီးပါက ပြန်လည်ပျောက်ကင်းသွားပြီး ကောင်းကောင်းမွန်မွန် ကြီးထွားမည်ဖြစ်သည်။

ပိုင်ရွှီက ခဏလောက်တွေးခဲ့သည်။ "ကုသဖို့အတွက် ငါ့အိမ်ကို နေ့တိုင်း လာလို့ မရဘူးလား။"

ရှစ်ချင်းလျို့၊ "..."

သူမတွင် အချိန်မရှိပေ။ ပိုင်ရွှီ ရှေ့မှာဆိုရင် အခြေခံကုသနည်းတွေသာ လုပ်ပေးနိုင်ပြီး နွေဦးစမ်းရေကို အသုံးပြုလို့ရမည် မဟုတ်ပေ။

"မရဘူး ပန်းတွေ ပြန်လည်အားဖြည့်စေမယ့် နည်းပညာကို အပြင်လူကို မမျှဝေရဘူးလို့ ဆရာက ပြောခဲ့တယ်။"

သူမက ဆက်ပြောခဲ့သည်။ "ဒါ့အပြင် ရှင့်ရဲ့ပန်းကို မနက်၊နေ့၊ည ပြုစုပေးရမှာ၊ ဒီကို နေ့တိုင်း မလာနိုင်ဘူး။"

ပိုင်ရွှီက ခဏလောက်တွေးပြီး ထပ်မေးခဲ့သည်။ "ဒါကို ယူပြန်သွားရင် ကုနိုင်မယ်ဆိုတာ သေချာလား။"

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ဒါပေါ့ သေချာတယ်၊ ဒါပေမဲ့ ကျွန်မကို မယုံရင်လည်း ထားလိုက်ပါတော့။"

အခုက သူများတွေ အထင်ကြီးအောင် လုပ်ရမည့်အချိန် ဖြစ်သည်။

ဒီနည်းဖြင့် သူမ ပိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။

လုပ်ငန်းကိစ္စတွေကို အလျင်လိုလို့ ကောင်းကျိုး မရှိပေ။

ထို့နောက် ပိုင်ရွှီကို ပြောခဲ့လေသည်။ "ယုံလား မယုံဘူးလား၊ မယုံရင် ကျွန်မကို ကုသခိုင်းဖို့ကိစ္စ မေ့လိုက်တော့။"

ပိုင်ရွှီက အသံတိတ်နေသည်။ ရှောင်ဟန်ကျန့်ရဲ့ မိန်းမက နည်းနည်း ဘဝင်မြင့်သားပဲ။

ရှစ်ချင်းလျို့ အတည်ပြောနေတာတွေ့တော့ ပိုင်ရွှီ အကူအညီမဲ့နေလေသည်။

သူက ခရမ်းရောင်ဂန္ဓမာပန်းကို ငွေအများကြီးသုံးကာ ဝယ်ခဲ့ရုံသာမက တကယ်လည်း သဘောကျသည်။

ဒါက မြို့ထဲက တမူထူးခြားသည့် ဂန္ဓမာပန်း ဖြစ်သည်။

မကြာခဏ တခြားစာသင်သားတွေကလည်း ထိုပန်းကို လာကြည့်တာကြောင့် တခြားစာသင်သားတွေနှင့်လည်း သဟဇာတ ဖြစ်ခဲ့ရသည်။

ဒါကြောင့် မေးခွန်းတချို့မေးတာလောက်တော့ ပြဿနာ မရှိဘူးမလား။

သူက မေးခဲ့သည်။ "မကုသရင် ပန်းက ဘာဖြစ်သွားမှာလဲ။"

ရှစ်ချင်းလျို့က အမှန်အတိုင်း ဖြေခဲ့သည်။ "အရွက်တွေ မည်းခြောက်ပြီး အမြစ်တွေလည်း ညှိုးရော်ပြီး မြန်မြန် သေသွားလိမ့်မယ်။"

သူမ စကားက မြို့ထဲက အကောင်းဆုံး ဥယျာဥ်မှူး ပိုင်ရွှယ်ကို ပြောခဲ့သည့်စကားနှင့် တူသည်။

သူက ပြောခဲ့သည်။ "ကောင်းပြီ။ ငါမင်းကိုယုံတယ်။"

အခု သူတတ်နိုင်တာ ဘာမှ မရှိပေ။

ရှစ်ချင်းလျို့ ဒီပန်းတွေကို ကုနိုင်သည်။ဟူသော စကားကိုသာ ယုံကြည်ရန် တတ်နိုင်တော့သည်။

မဟုတ်ပါက ဒီပန်းတွေ အသုံးဝင်တော့မည် မဟုတ်ပေ။

သူက ထပ်ပြောခဲ့သည်။ "ကုသပြီးရင် ပြန်ခေါ်လာခဲ့၊ ငါလည်း လာလာကြည့်မယ်။"

ရှစ်ချင်းလျို့ ဆွံ့အသွားခဲ့သည်။ သူက ပန်းကို ချစ်သူလိုမြင်နေတာပဲ။

သို့ပေမယ့် ပိုင်ရွှီက ပန်းတွေကို တကယ်သဘောကျတာ သူမ သိသည်။

သူ့ဝါသနာအပြင် ပန်းတွေစိုက်ပျိုရတာလည်းကြိုက်ကြောင်း သူမ ယူဆခဲ့သည်။

သူမ ခန့်မှန်းချက်က မှန်ကန်သည်။

ပိုင်ရွှီက ပန်းကို အသုံးချပြီး သူ မသွားနိုင်သည့် အသိုင်းအဝိုင်းထဲ ဝင်ချင်ခြင်း ဖြစ်သည်။

သူမက ပြန်ဖြေခဲ့သည်။ "ဒါပေါ့။ ရှင့်အဆင်ပြေရင် ပြီးတာပဲ။"

ပိုင်ရွှီက မေးခဲ့သည်။ "ပန်းပင်ကို ကုသပေးတဲ့အနေနဲ့ ဘာပြန်လိုချင်လဲ။"

ကုသစရိတ်ကို ရှစ်ချင်းလျို့ မသိပေ။ "ကုသလို့ ပျောက်ကင်းသွားရင် ပေးဖို့ ထိုက်တန်တယ်လို့ ထင်တဲ့စျေးကို ပေးပါ။"

ပိုင်ရွှီက ခဏလောက် တွေးခဲ့သည်။ ရွှေတုံး ၁၀၀၀ တန်တယ်လို့ ငါထင်ရင် ရွှေတုံး ၁၀၀၀ ပေးရမှာလား။

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "အို ဟုတ်သား၊ ပန်းကို ကုသပေးနိုင်ရုံတင်မကဘူး။ ရှင်ဝယ်ခါစထက် အရောင်က ပိုတောက်ပြီး ပိုသန့်ရှင်းအောင် လုပ်ပေးနိုင်တယ်။"

အပင်တွေကို နွေဦးစမ်းရေ အသုံးပြုပါက အလွန် အံ့သြဖွယ်ကောင်းသည်။

ထိုစကားကြားတော့ ပိုင်ရွှီက သိပ်တော့ မသေချာပေ။

ပျောက်ကင်းအောင် ကုသပေးရုံတင်မကဘဲ ပိုကောင်းအောင် လုပ်ပေးမယ်ဟုတ်လား။

တကယ်လား။ အဲလောက် အံ့ဖွယ်ကောင်းပါ့မလာ။

ရှစ်ချင်းလျို့ ကုသဖို့ လက်လွှဲပေးလိုက်ပေမယ့် သူ့မှာ သံသယများစွာရှိပေမယ့် သူ့မျက်နှာထက်မှာ မပြသခဲ့ပေ။

သူက ခဏလောက်တွေးပြီး ပြောခဲ့သည်။ "စျေးနှုန်းကို မင်း ဘာဖြစ်လို့ မပြောတာလဲ၊ အရင်က ပန်းပင် ကုသပေးဖို့ လူမခေါ်ဖူးတော့ စျေးတော့ ငါမပြောတတ်ဘူး၊ မင်းဘက်က စျေးပြောရင် ငါတို့ ညှိလို့ရတာပဲ၊ မဟုတ်ရင် ငါလည်း နာကျင်မှုကို သည်းခံပြီး ပန်းပင်ခြောက်သေသွားအောင် ထားရမှာပဲ။"

ရှစ်ချင်းလျို့က ခဏလောက်တွေးကာ ပြောခဲ့သည်။ "အမှန်အတိုင်းပြော ရှင်ဒီပန်းကို ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ။"

ဒါမှ ထိုပန်းကို ကုသသည့်စရိတ်ကို သူမ မှန်းဆလို့ရမည်။

ရှောင်ဝူပြောခဲ့သလို ငွေရာချီပေးရမည်ဟု မထင်ပေ။

ပိုင်ရွှီ၊ "..."

ရှောင်ဟန်ကျန့်ရဲ့ မိန်းမက နည်းနည်း ကိုင်တွယ်ရခက်သားပဲ။

သူက အကူအညီမဲ့စွာ ပြောခဲ့သည်။ "ငွေတုံး ၁၆၀"

ဒါ အမှန် ဖြစ်သည်။ ငွေရာချီပေးရတယ်ဆိုတာ သူ့အစေခံ သူများကို ကြွားလုံးထုတ်ထားခြင်း ဖြစ်သည်။

သို့ပေမယ့် ပန်းကို ပြုစုပျိုးထောင်ပြီးပါက ငွေရာချီဖြင့် ရောင်းချလို့ ရသည်။

ရှောင်ဟန်ကျန့်ရဲ့ ဇနီး သူ့ကို ထပ်ပြီး မေးခွန်းတွေ မေးမနေအောင် စျေးနှုန်း အမှန်အတိုင်း ပြောပြခဲ့သည်။

ဒီလူကလည်း မရိုးသားဘူးဆိုတာ ရှစ်ချင်းလျို့ သိခဲ့သည်။ "ဒီပန်းကို ကုပေးမယ်၊ ဝယ်လာတုန်းကထက် ပိုလှအောင်လည်း လုပ်ပေးမယ်လို့ အာမခံတယ်၊ ငွေတုံး၂၀ ပေးမလား။"

ပိုင်ရွှီက ခရမ်းရောင်ဂန္ဓမာပန်းကို ကုသဖို့ အလျင်လိုနေတာကြောင့် သူမက စျေးအများကြီး မတောင်းခဲ့ပေ။

ပထမက သူမက အဲလိုလူစားမျိုး မဟုတ်ပေ။

ဒုတိယက သူမ ပိုင်ရွှီနှင့် မိတ်ဆွေ ဖြစ်ချင်သည်။

အနာဂတ်မှာ တချို့ကိစ္စတွေ သူ ကူညီပေးနိုင်မည်ဟု သူမ ထင်သည်။

စျေးနှုန်းက ပိုင်ရွှီ လက်ခံနိုင်သည့် ပမာဏ ဖြစ်သည်။

တကယ်တော့ ရှစ်ချင်းလျို့ကို စျေးနှုန်း တိုးပေးဖို့ သူပြင်ဆင်ပြီးသားဖြစ်သည်။

ရှစ်ချင်းလျို့သာ ငွေတုံး ၅၀ထက်ပိုတောင်းပါက သူ ကုခိုင်းမည် မဟုတ်တော့ပေ။

ထိုအစား မြို့တော်သာ သွားပြီး အသစ်သွားဝယ်လိုက်မည်။

သို့ပေမယ့် ရှစ်ချင်းလျို့ တကယ်ကုသပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။

"ရတယ်" ပိုင်ရွှီက ခေါင်းငြိမ့်ကာ နောက်တစ်မျိုးပြောခဲ့သည်။ "မင်းမကုပေးနိုင်ရင်ကော"

ရှစ်ချင်းလျို့က လက်ခါယမ်းပြခဲ့သည်။ "အဲလိုဖြစ်လာမှာ မဟုတ်ဘူး။"

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ ဘယ်လိုလုပ် အဲလောက်တောင် ယုံကြည်ချက် မြင့်မားနေရတာလဲ။

ရှင်းရှင်းလင်းလင်း လုပ်ထားတာ ပိုကောင်းမည်ဟု သူ ထင်သည်။ "တကယ်လို့ ဖြစ်ခဲ့ရင်ကော"

သူက စီးပွားရေးသမား ဖြစ်သည်။

ကုလို့ပျောက်ပါက ငွေကုန်ခံနိုင်ပေမယ့် မပျောက်ကင်းပါက သူတစ်ယောက်တည်းတော့ မခံနိုင်ပေ။

ဘာပဲဖြစ်ဖြစ် သူမက အရင်ဆုံး သူ့ဆီလာပြီး ကုသဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်သည်။

သူ့ဆိုလိုရင်းကို ရှစ်ချင်းလျို့က တစ်ချက်တည်းဖြင့် သဘောပေါက်ခဲ့သည်။

"မကုသနိုင်ရင် ရှင့်ပေးဝယ်ခဲ့ရတဲ့ငွေအတိုင်း လျော်ကြေးပြန်ပေးမယ်။"

သူမက ဆက်ပြောခဲ့သည်။ "ကျွန်မယောက်ျား ရှောင်ဟန်ကျန့်ကို ရှင်သိတယ်မလား၊ သူ့ဂုဏ်သိက္ခာကိုရင်းပြီး အာမခံတယ်၊ ကျွန်မ မကုပေးနိုင်ဘူး၊ ကျွန်မက ငွေတုံး ၁၆၀ မလျော်ပေးနိုင်ဘူးဆိုရင် ကျွန်မ ယောက်ျားက လျော်လိမ့်မယ်။"

သူမက သူမ ခင်ပွန်းကို ဖိအားပေးနေတာနှင့်တူသည်။

သူမက ပြောပြီးသည်။နှင့် အမေရှောင်ဘက်ကိုလှည့်ကာ ပြောခဲ့သည်။ "ဟုတ်တယ်မလား အမေ"

အမေရှောင်က ရှစ်ချင်းလျို့ကို ယုံကြည်ပြီး ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း သားက အာမခံလိမ့်မယ်။"

ပိုင်ရွှီ၊ "..."

အမေနှင့်မိန်းမရဲ့ ရောင်းစားခြင်းကို ခံလိုက်ရသည့် ရှောင်ဟန်ကျန့်ကို သူ သနားသွားခဲ့သည်။

"ကောင်းပြီ အခြေခံစာသင်သားရှောင်နဲ့ မရင်းနှီးပေမယ့် သူ့ကို ယုံပါတယ်၊ ဒါပေမဲ့ သက်သေအဖြစ် စာချုပ် ရေးထားသင့်တယ်မလား။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကိစ္စမရှိဘူး။"

ဒီလူက တကယ်ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့လူပဲ။

သူက အလွန်ဉာဏ်ကောင်းတာ သိသာပြီး အရှုံးရှိမှာ မဟုတ်ပေ။

သူမ ခေါင်းငြိမ့်ပြလိုက်တော့ ပိုင်ရွှီက ရှောင်စစ်ကို မင်၊ မင်တုံးနှင့် စာရွက် ယူလာခိုင်းခဲ့သည်။

ထို့နောက် သူက စာတစ်စောင်ရေးကာ ရှစ်ချင်းလျို့ကြားအောင် ဖတ်ပြခဲ့သည်။

"မေးစရာမရှိရင် ဒီမှာ လက်ဗွေနှိပ်လိုက်၊ ငါ့ကိုမယုံရင်လည်း လက်ဗွေမနှိပ်ခင် ဒီစာကို အပြင်က တခြားလူတွေကို ဖတ်ခိုင်းလို့ ရတယ်။"

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "ကျွန်မက စာမဖတ်တတ်တဲ့ပုံပေါက်နေလို့လား။"

သူမက စကားပြောပြီးသည်။နှင့် စုတ်တံယူကာ သူမနာမည်ကို ရေးထိုးလိုက်သည်။

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

သူမက ဖြူဖတ်ဖတ် ပိန်ခြောက်နေတာကလွဲရင် ရွာသူနှင့် မတူပေ။

ပြီးတော့ ကျေးလက်ဒေသက အမျိုးသမီးတွေမှာ စာဖတ်နိုင်သူ သိပ်မရှိပေ။

သို့ပေမယ့် ရှစ်ချင်းလျို့က သူ့နာမည်ကို လှလှပပ ရေးထိုးထားတာ တွေ့လိုက်တော့ သူ့စကားတွေကို ပြန်ရုတ်သိမ်းခဲ့သည်။

သူမှားခဲ့ပြီ။ ရှောင်ဟန်ကျန့်ရဲ့မိန်းမက နည်းနည်းထူးခြားတာပဲ။