Unicode
အခန်း(၃၆) - သူရှိနေတဲ့ခံစားချက်
ရှောင်ဟန်ကျန့်က ပြုံးကာ မတ်တပ်ရပ်ခဲ့သည်။
"ပြန်လာတော့ ကောင်းတာပေါ့။"
သူက စကားပြောပြီးသည်။နှင့် အစေခံအဝတ်အစားဝတ်ထားသည့် အမျိုးသား နှစ်ယောက်ကို တွေ့ခဲ့သည်။
တစ်ယောက်က ခရမ်းရောင်ဂန္ဓမာပန်းအိုး တစ်အိုးသယ်ထားပြီး နောက်တစ်ယောက်က တခြားပစ္စည်းတွေ အများကြီး သယ်ထားသည်။
ရှစ်ချင်းလျို့က မိတ်ဆက်ပေးခဲ့သည်။ "ဒါ ပိုင်စံအိမ်က သခင်လေးပိုင်ရွှယ်ရဲ့ အစေခံတွေလေ၊ သူ့သခင်လေးကို ကူညီပြီး အိမ်ကို ပန်းပင်လိုက်ပို့ပေးတာ။"
ရှောင်ဟန်ကျန့်က မရေမရာ မေးခဲ့သည်။ "ကျုပ်တို့အိမ်ကို ပန်းပင်လိုက်ပို့ပေးတာလား။"
ရှစ်ချင်းလျို့က ရှင်းပြခဲ့သည်။ "ပိုင်သခင်လေးရဲ့ ပန်းတွေက နာမကျန်းဖြစ်နေတာလေ၊ ကျွန်မက ကုသနည်းသိတယ်။"
ရှောင်ဟန်ကျန့်က အရမ်းအံ့သြသွားခဲ့သည်။ "ခင်ဗျားက ပန်းပင်ပြုစုကုသနည်း သိတယ်ပေါ့။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ပန်းတွေကို ပြုစုကုသပေးရုံတင်မကဘူး လှလှပပ သေသေသပ်သပ်ဖြစ်အောင်လည်း လုပ်ပေးတတ်တယ်။"
ရှောင်ဟန်ကျန့် စကားပြောမည့်အချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့စကားကိုကြားသည့် ရှောင်ဝူက မျက်လုံးပြူးကျယ်သွားကာ မေးခဲ့သည်။ "သခင်လေးရှောင်ရဲ့ဇနီးက ပန်းတွေကို ပြုစုကုသပေးတတ်တာနဲ့ ပိုလှပအောင် လုပ်ပေးတတ်တာကို တကယ် မသိဘူးလား။"
သွားပြီ။ သူတို့ သခင်လေး အရူးလုပ်ခံလိုက်ရတာလား။
ရှောင်ဟန်ကျန့်က ခပ်ဖွဖွပြုံးခဲ့သည်။ "ကျွန်တော်တို့က လက်ထပ်ထားတာ မကြာသေးတော့ မသိသေးဘူး။"
သူက ဆက်ပြောခဲ့သည်။ "သူ ခင်ဗျားသခင်လေးရဲ့ ပန်းတွေကို သေချာပေါက် ပြုစုကုသပေးနိုင်မယ်ဆိုတာတော့ ယုံတယ်။"
သူ့ဇနီးနှင့် အချိန်အကြာကြီး မနေဖူးသော်လည်း သူမရဲ့ စိတ်ထားကို အကြမ်းဖျင်း သိသည်။
သူမက မသေချာသည့်အလုပ်ကို မလုပ်ပေ။
ရှောင်ဝူက ရှောင်ဟန်ကျန့်ကို ဂရုဏာသက်စွာ ကြည့်ခဲ့သည်။ "ရှောင်သခင်လေးရဲ့ ဇနီးက ကျွန်တော်တို့ သခင်လေးနဲ့ စာချုပ် ချုပ်ခဲ့တယ်။"
ရှောင်ဟန်ကျန့်က သူမကို ကြည့်ခဲ့သည်။ "ဘယ်လိုစာချုပ်လဲ။"
ဒီသနားဂရုဏာသက်နေတဲ့အကြည့်က ဘာအဓိပ္ပာယ်လဲ။
ရှောင်ဝူက ပြောခဲ့သည်။ "ရှောင်သခင်လေးရဲ့ စာသင်သားဂုဏ်သိက္ခာကို အာမခံပြီး ကျွန်တော်တို့ သခင်လေးရဲ့ပန်းကို ကုသပေးမယ်လို့ အာမခံခဲ့တာပါ၊ ပန်းပင်ကိုသာ မကုသနိုင်ရင် သူ့အစား ရှောင်သခင်လေးက ကျွန်တော်တို့ သခင်လေးကို ငွေတုံး ၁၆၀ အလျော်ပေးရမှာပါ။"
ရှောင်ဝူက အနည်းငယ် ချောင်းဟန့်ခဲ့သည်။ "ရှောင်သခင်လေး အာမခံပေးလိမ့်မယ်လို့ ရှောင်သခင်လေးရဲ့ အမေကလည်း ပြောပါတယ်။"
ရှောင်ဟန်ကျန့်၊ "..."
ဒါဆို သူက အမေနဲ့ ဇနီးရဲ့ ရောင်းစားတာကို ခံလိုက်ရတာလား။
သူ့ဇနီးလေး အရမ်းကို တောက်တောက်ပပ ပြုံးနေတာလည်း မဆန်းတော့ပေ။ သူ ဒီမှာရှိနေတယ်ဆိုတဲ့ ခံစားချက်နဲ့ပဲ။
သူက အမေနှင့် ဇနီးကို လှည့်ကြည့်လိုက်သည်။
သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည့်နှစ်ယောက်ကြောင့် ရုတ်တရက်ကြီး ပြုံးရယ်မိသွားခဲ့သည်။
သူက ရှောင်ဝူကို ပြောခဲ့သည်။ "ကျွန်တော့်မိန်းမက ကျွန်တော့်ကိုယ်စား ဆုံးဖြတ်ခွင့်ရှိပါတယ်၊ ကျွန်တော် အာမခံတဲ့အကြောင်း ခင်ဗျားရဲ့ သခင်လေးကို ပြန်ပြောလိုက်ပါ။"
အခြေခံစာသင်သားရှောင်က သူ့ရဲ့ ပြဿနာရှာသည့်ဇနီးကို အလိုလိုက်မှန်း ရှောင်ဝူ သိသွားခဲ့သည်။
"ကောင်းပါပြီ။ သခင်လေးရှောင်ကြောင့်သာ သခင်လေးရှောင်ရဲ့ဇနီးက ပန်းပင်ကို ပြုစုကုသပေးနိုင်မယ်လို့ ကျွန်တော်တို့ သခင်လေးက ယုံလိုက်တာပါ။"
ရှောင်ဟန်ကျန့်က ပြုံးကာပြောခဲ့သည်။ "သူ့ရဲ့ယုံကြည်မှုအတွက် ကျွန်တော်က ကျေးဇူးတင်ပါတယ်။"
ပိုင်ရွှီကို သူ သိသည်။
သူက ပညာရေးမှာ အသင့်အတင့်ရှိပြီး အခြေခံစာသင်သားဖြစ်ပြီးတော့ တော်ဝင်စာမေးပွဲကို ဆက်မဖြေတော့ပေ။
သို့ပေမယ့် သူက စီးပွားရေးစိတ်ဓာတ် အလွန်ရှိပြီး အရည်အချင်းရှိသည်။
အနာဂတ်ကျရင် မြို့တော်မှာ စီးပွားရေး တိုးချဲ့နိုင်သည်။
သူတို့က ကျောင်းမတူတာကြောင့် အပြန်အလှန် အဆက်အသွယ်တော့ သိပ်မရှိပေ။
သို့ပေမယ့် ပိုင်ရွှီက ပွင့်လင်းသည့်လူဟု သူကြားဖူးသည်။
သူက ရည်မွန်သည့်လူ ဖြစ်နိုင်သည်။
ရှောင်ဝူက ပြုံးခဲ့သည်။ "သခင်လေးရှောင်က အရမ်းကြင်နာတတ်တာပဲ။"
သူက ရှစ်ချင်းလျို့ကို လှည့်မေးခဲ့သည်။ "ဒီပန်းကို ဘယ်နားထားမှာလဲ။"
ရှစ်ချင်းလျို့က ခပ်တည်တည်သာ ပြန်ဖြေခဲ့သည်။ "ကြိုက်တဲ့နေရာမှာ ထားခဲ့လိုက်၊ နောက်မှ ကျွန်မ ကြည့်လုပ်လိုက်မယ်။"
ရှောင်ဝူက ဆွံ့အသွားခဲ့သည်။
သူမ လေးလေးနက်နက် ရှိမနေတာ မယုံကြည်ရဘူးလို့ ဘာလို့ ခံစားနေရပါလိမ့်။
သူက မလုံမလဲပြုံးခဲ့သည်။ "မင်းဘယ်လို ပြုစုကုသလဲဆိုတာ ကြည့်လို့ရမလား။"
သူက ပိုင်စံအိမ်က ဥယျာဥ်မှူး မဟုတ်သော်လည်း သခင်လေးရဲ့ ဖန်လုံအိမ်ကို ဂရုစိုက်ရတာကြောင့် အနည်းငယ်တော့ သိသည်။
သူ စိုးရိမ်နေတာကို ရှစ်ချင်းလျို့ သိသည်။ "ကိစ္စမရှိဘူး။ အခုပဲ လုပ်ကြတာပေါ့။"
ရှောင်ဝူ ပိုင်စံအိမ်က ယူလာသည့် ပစ္စည်းတွေကို သူမ ထုတ်လိုက်သည်။
ရှောင်စစ်နှင့် ရှောင်ဝူရှေ့မှာပဲ ပုပ်ဆွေးနေသောအမြစ်နှင့် ခရမ်းရောင်ဂန္ဓမာပန်းရဲ့ အရွက်တွေကို ဖယ်ထုတ်ခဲ့သည်။
သူမ လှုပ်ရှားမှုတွေက သေသပ်ပြီး နာမကျန်းဖြစ်နေသည့် ခရမ်းရောင်ဂန္ဓမာပန်းကို ပြုစုကုသရာမှာ တည်ငြိမ်ပြီး အရမ်းအာရုံစိုက်ထားသည်။
ထိုအရာက သံသယဝင်နေသည့် ရှောင်စစ်နှင့်ရှောင်ဝူကို သူမအပေါ် အနည်းငယ် ယုံကြည်လာစေခဲ့သည်။
အလုပ်ကို အာရုံစိုက်နေသည့် ရှစ်ချင်းလျို့ကို ရှောင်ဟန်ကျန့်ကြည့်ပြီး သူ့မျက်နှာထက်မှာ အပြုံးလေး ပေါ်လာခဲ့သည်။
သူ့ဇနီးလေးက သူ့ကို အမြဲဆန်းသစ်တဲ့ ခံစားချက်တွေပေးပြီး ပိုရှာဖွေစေသည်။
ရှစ်ချင်းလျို့က သေသေချာချာ ဂရုတစိုက်နှင့် တစ်နာရီလောက် ကြည့်ရှုပြုလုပ်ပေးပြီးမှ ရပ်ခဲ့သည်။
"ပြဿနာတော့ ဖြေရှင်းပြီးပြီ၊ နောက်ရက်အနည်းငယ်လောက် မနက်၊ နေ့၊ ည ပြုစုစောင့်ရှောက်ပေးလိုက်မယ်။"
သူမက ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ ဒါက တာအိုဘုန်းတော်ကြီးကျောင်းက လျှို့ဝှက်ချက်ဆိုတော့ ရှင်တို့ကို ပြလို့ မရဘူး။"
သူ့ဇနီးလေးက တာအိုဘုန်းတော်ကြီးဆီ ထပ်လွှဲချလိုက်မှန်း ရှောင်ဟန်ကျန့် သိလိုက်သည်။
သူ့ခမျာ ရယ်ရမလား ငိုရမလား မသိတော့ပေ။
သို့ပေမယ့် သူ့ဇနီးလေးက အလွန်ဉာဏ်ကောင်းတာကိုတော့ သူဝန်ခံရမည်။
အရာအားလုံး တာအိုဘုန်းတော်ကြီးဆီ ပုံချလိုက်တော့ မှားလား၊ မှန်လားဆိုတာ ဘယ်သူမှ မသိတော့ပေ။
ရှောင်ဝူက ပြုံးကာ ပြောခဲ့သည်။ "လျှို့ဝှက်ချက်ဆိုရင် ငါတို့ မကြည့်တော့ပါဘူး၊ ငါတို့ပြန်နှင့်ပြီ၊ နောက်ရက်အနည်းငယ်ကျရင် ငါတို့သခင်လေး လာကြည့်လိမ့်မယ်။"
ရှောင်စစ်က ရှစ်ချင်းလျို့ ဝယ်လာသမျှကို ခြံထဲ ရွှေ့ပေးပြီးပြီဖြစ်သည်။
ရှစ်ချင်းလျို့က လက်ဝေ့ယမ်းပြခဲ့သည်။ "နှစ်ယောက်လုံး ဂရုစိုက်ပြန်ပါ။"
သူတို့နှစ်ယောက်က ခေါင်းငြိမ့်ပြခဲ့သည်။ "သွားပြီ။"
သူတို့နှစ်ယောက်ထွက်သွားတော့ ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို မျက်ခုံးပင့်ကြည့်ကာ ခပ်ဟဟ ရယ်ခဲ့သည်။ "ကျုပ်ကိုရောင်းစားရတာ သိပ်ပျော်နေလား။"
ရှစ်ချင်းလျို့က သူ့ကို စိုက်ကြည့်ခဲ့သည်။ "ကျွန်မက ရှင့်ကို ယုံတယ်လေ။"
သူမက မှီတွယ်ပြီး ရှောင်ဟန်ကျန့်ရဲ့ အင်္ကျီလက်ကို ဆွဲခဲ့သည်။
အနည်းငယ် ကလူဟန်မြူဟန်ဖြင့် ပြောခဲ့သည်။ "ဟန်ဟန်လေးက အကောင်းဆုံးဆိုတာ ကျွန်မ သိသားပဲ။"
ရှောင်စစ်နှင့်ရှောင်ဝူရှေ့မှာ သူက ကောင်းကောင်း ပူးပေါင်းပေးခဲ့တာကြောင့် ချီးကျူးထိုက်သည်။
ရှောင်ဟန်ကျန့်၊ "..."
အခုတော့ သူက ဟန်ဟန်လေး ဖြစ်သွားရှာပြီ။
ဒီအမျိုးသမီးက သူ့ကို တကယ်ပဲ ပြောစရာစကားမဲ့အောင် လုပ်နိုင်တယ်။
သူက စိတ်မတိုသည့်အပြင် ရင်ထဲက ပျော်ရွှင်မှုကိုတောင် ခံစားမိနေသည်။
သူက ပြုံးကာ မေးခဲ့သည်။ "ဒီတစ်ခါ ယောက်ျားလို့ မခေါ်တော့ဘူးလား။"
သူတို့နှစ်ယောက် နီးနီးကပ်ကပ် စကားပြောနေတာတွေ့တောင် အမေရှောင်က ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်ကို ခေါ်ပြီး ဝယ်လာသည့် ပစ္စည်းတွေသိမ်းခိုင်းကာ ဘဲပေါက်တွေ ကြက်ပေါက်တွေကို ခြံနောက်ကို သွင်းခိုင်းခဲ့သည်။
သူတို့နှစ်ယောက်ကိုတော့ သီးသန့်အချိန်လေး ပေးရမည်။
သူတို့သုံးယောက်ထွက်သွားမှ ရှစ်ချင်းလျို့ ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းကို ကိုင်ခဲ့သည်။
သူ့လက်မောင်းကို ခါယမ်းကာ စကားခေါင်းစဥ် ပြောင်းခဲ့သည်။ "ယောက်ျား ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာလေး ရှိတယ်။"
အစမ်းလက်ထပ်ထားကတည်းက ရှစ်ချင်းလျို့က သူတို့က ဒီဆက်ဆံရေးကို အတည် ထည့်တွက်ထားသည်။
သူတို့ ကလူတာ မြူတာက ပုံမှန်ဖြစ်သလို သူမ ခင်ပွန်းကို ချော့မြူတာလည်း ပုံမှန်သာဖြစ်သည်။
အမျိုးသမီးတစ်ယောက်ရဲ့ လက်ကိုင်ခြင်းခံရတာ ဒါ ရှောင်ဟန်ကျန့်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
အစတုန်းကတော့ သူ့ကိုယ်ခန္ဓာ တောင့်တင်းသွားခဲ့သည်။
သို့ပေမယ့် ရွံရှာတဲ့စိတ်တော့ မဖြစ်ပေ။ သူက ပိုပြုံးလိုက်ပြီး သူ့ဇနီးကို ငုံ့ကြည့်ကာ မေးခဲ့သည်။
"ဘာများလဲ။"
သူမ စိမ်းကားတာဖြစ်ဖြစ် သူ့ကိုအသုံးချချင်တာပဲဖြစ်ဖြစ် သူက သူမရဲ့ ခင်ပွန်းဖြစ်သည်။
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မ စာရွက်လုပ်ချင်တယ်။ ကူညီပေးပါဦး။"
ရှောင်ဟန်ကျန့်က ထပ်အံ့သြသွားခဲ့သည်။ "စာရွက်လည်း လုပ်တတ်တယ်လား။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း"
သူမက ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ လုပ်ငန်းစဥ်တွေက နည်းနည်းရှုပ်တယ်၊ ကျွန်မ တစ်ယောက်တည်းလုပ်လို့မရဘူး။"
ရှောင်ဟန်ကျန့်က ခေါင်းငုံ့ကာ မေးခဲ့သည်။ "ရုတ်တရက်ကြီး ဘယ်လိုလုပ် စာအုပ်လုပ်ဖို့ တွေးမိခဲ့တာလဲ။"
ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ရှင့်အတွက် စာရွက်တွေ သွားဝယ်ပေးခဲ့တယ်လေ၊ စျေးကြီးပြီး အရည်အသွေးကလည်း မကောင်းဘူး၊ စာရွက်ကို ကိုယ်တိုင်လုပ်ရင်တော့ အကုန်အကျ သက်သာသလို အရည်အသွေးလည်း ကောင်းတာပေါ့၊ ရှင့်ကို ပိုက်ဆံအများကြီး သက်သာစေလိမ့်မယ်။"
ထို့နောက် သူမက ထပ်ပြောခဲ့သည်။ "ပြီးတော့ အိမ်သာတက်တဲ့တုတ်တံလည်း မသုံးချင်တော့ဘူး၊ အိမ်သာသုံးစက္ကူ လုပ်ချင်တယ်။"
ရှောင်ဟန်ကျန့်က သူ့နဖူးသာ ရိုက်လိုက်ချင်တော့သည်။
နောက်ဆုံးစာသားက အဓိက ကို။
သူက ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "ကောင်းပြီ။ ကိုယ် မင်းနဲ့ အတူတူလုပ်မယ်။"
သူ့ဇနီးလေး လုပ်ချင်တာ မှန်သမျှကို အလိုလိုက်ဖို့သာ သူ တတ်နိုင်သည်။
ရှစ်ချင်လျို့က သူ့လက်မောင်းကိုဖက်ကာ ထပ်ခါယမ်းခဲ့သည်။ "ရှင်က အကောင်းဆုံး ယောက်ျားဆိုတာ သိသားပဲ။"
သူမ ခင်ပွန်းလေးက မဆိုးပေ။
လူမျိုးကြီးဝါဒကို လက်ကိုင်ထားခြင်း မရှိပေ။
အဓိကအချက်က သူမရဲ့ ခြေလှမ်းကို အမှီလိုက်နိုင်သည်။
ဒါက သူမ အကျေနပ်ဆုံးကိစ္စ ဖြစ်သည်။
သူမက ပြောခဲ့သည်။ "ရှင့်ကိုယ်ခန္ဓာအကုန်ပြန်ကောင်းခါနီးရင် စလုပ်ကြတာပေါ့။"
"ကောင်းပြီ။ မနက်ဖြန် စလုပ်သင့်တယ်။"
ရှစ်ချင်းလျို့ သူ့လက်မောင်းကို ကိုင်ထားတာကို သူ မခုခံခဲ့ပေ။
အရင်ဘဝတုန်းက အမျိုးသမီးတွေနှင့် အသားချင်းထိတွေ့ရတာမျိုး သူ မကြိုက်ပေ။
သူနိုးလာတော့ ဇနီးရှိနေရုံသာမက သူ့ရဲ့ လက်ခံနိုင်စွမ်းပါ အရမ်းတိုးတက်ပြောင်းလဲသွားမည်ဟု မထင်မိခဲ့ပေ။