အခန်း ၃၇
Viewers 7k

Chapter (37)

Unicode

အခန်း(၃၇) - ဘာကိစ္စရှိလို့လဲ အဖွားဟောင်း

ရှောင်ဟန်ကျန့် သဘောတူလိုက်သည်နှင့် ရှစ်ချင်းလျို့က သူ့လက်မောင်းကို လွှတ်ပေးခဲ့သည်။

ရှောင်ဟန်ကျန့်က အကူအညီမဲ့သွားခဲ့သည်။ ဒီအမျိုးသမီးက သူ့ကို လိုသုံး လုပ်နေတာပဲ။

"မင်း အဲဒီ ခရမ်းရောင်ဂန္ဓမာပန်းကို ပြုစုကုသပေးနိုင်တာ သေချာရဲ့လား၊ အဲပန်းကို ကြည့်ရတာ မကြာခင် သေတော့မလိုဘဲ။"

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ကျွန်မ ပြုစုကုသပေးနိုင်တာကို ရှင်မယုံဘူးလား။"

ရှောင်ဟန်ကျန့်က ခေါင်းခါကာ ရှင်းပြခဲ့သည်။ "မဟုတ်ပါဘူး။ ပိုင်ရွှီရဲ့ လှည့်စားတာ ခံရမှာစိုးလို့ပါ။"

ပိုင်ရွှီက စီးပွားရေးသမားဖြစ်ပြီး သူ့ဇနီးလေးက သူ့ရဲ့ လှည့်စားတာ ခံရမှာကို စိုးရိမ်မိခြင်း ဖြစ်သည်။

ထိုစကားကြားတော့ ရှစ်ချင်းလျို့ရဲ့ အပြုံးတွေက ပိုတောက်ပလာခဲ့သည်။ "အဲလိုဆိုပေမယ့် သူ ကျွန်မကိုတော့ ဒီလိုလှည့်စားလို့ မရပါဘူး၊ စိတ်မပူပါနဲ့၊ ကျွန်မ အဲပန်းတွေကို ပြုစုကုသပေးနိုင်ပါတယ်။"

သူမ အရမ်းယုံကြည်ချက်ရှိနေတာကို တွေ့တော့ ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "အမ်း ဘာလုပ်ရမယ်ဆိုတာ သိရင်လည်း ပြီးတာပါပဲ၊ စရံငွေ အရင်လက်ခံခဲ့တာလား၊ မဟုတ်ရင်တော့ ဒီလောက် ပစ္စည်းအများကြီး ဝယ်ပြန်လာနိုင်မှာ မဟုတ်ဘူး။"

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "စရံငွေ ငွေဒင်္ဂါး ၅တုံး အရင်လက်ခံခဲ့တယ်။"

ထို့နောက် သူမက နှုတ်ခမ်းတွေ ကော့တက်အောင် ပြုံးပြီး ပြောခဲ့သည်။ "ဒါကလည်း ရှင့်နာမည် ပြောလိုက်လို့ ပေးတာပါ၊ မဟုတ်ရင် သူက ကျွန်မကို ယုံမှာ မဟုတ်ဘူး။"

ရှောင်ဟန်ကျန့်က ခပ်ဟဟရယ်ကာ ပြောခဲ့သည်။ "ကိုယ်တို့က လင်မယားတွေပဲလေ၊ ကိုယ့်ကို ယုံကြည်တာက မင်းကို ယုံကြည်တာနဲ့ အတူတူပဲပေါ့။"

ရှစ်ချင်းလျို့က ပြုံးကာ သူ့ရဲ့ ချောမောသည့် မျက်နှာကို ကြည့်ခဲ့သည်။

သူ့မျက်နှာက အလွန်ချောမောလှပတာကြောင့်မနေနိုင်စွာ ပါးကို လက်ညှိုးဖြင့် တို့ထိခဲ့သည်။

"ကျွန်မ ယောက်ျားက စကားပြော သိပ်တော်တာပဲ။"

သူ့ရဲ့ပါးကို ပွတ်သပ်နေသည့် လက်သေးသေးလေးကို ရှောင်ဟန်ကျန့်က ဆုပ်ကိုင်ခဲ့သည်။

နူးနူးညံ့ညံ့နှင့် နွေးထွေးသည့် လက်ကလေးကြောင့် ရှောင်ဟန်ကျန့်ရဲ့ နှလုံးသားလေး အနည်းငယ် နွေးထွေးသွားခဲ့သည်။ "ကိုယ် အမှန်တိုင်း ပြောတာပါ။"

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါဆိုရင်တော့ ရှင် အမှန်အတိုင်းပြောတာကို နားထောင်ရတာ ကျွန်မ ကြိုက်ပါတယ်။"

ရှောင်ဟန်ကျန့်၊ "..."

သူ့ဇနီးလေးပါးစပ်က ပါးစပ်ကြမ်းတမ်းရုံသာမက သူများကို ချိုချိုသာသာလည်း ချော့မြူတတ်သေးသည်။

သူတို့ရဲ့ နွေးထွေးသည့် လေထုနွေးနွေးလေးကို ဖျက်စီးလိုက်သည့် တံခါးခေါက်သံကို ကြားလိုက်ရသည်။

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က တစ်ပြိုင်နက်တည်း ပြောခဲ့သည်။ "ကိုယ့်/ရှင့် အဖွား ရောက်လာပြီ။"

စကားပြောပြီးသည်နှင့် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်တာ တစ်ပြိုင်တည်း ပြုံးခဲ့ကြသည်။

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မ တံခါးသွားဖွင့်လိုက်မယ်၊ ရှင် ဟိုမှာ ထိုင်စောင့်နေလိုက်ချေ။"

ရှောင်ဟန်ကျန့်က သူမ လက်ကို လွှတ်ပေးခဲ့သည်။ "ကောင်းပြီ။"

ရှစ်ချင်းလျို့က လမ်းလျှောက်သွားကာ တံခါး သွားဖွင့်ပေးခဲ့သည်။

ခပ်မာမာ မျက်နှာထားနှင့် အဖွားတစ်ယောက် တံခါးနား ရပ်နေတာကို တွေ့လိုက်ရလေသည်။

အစေခံလို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ယောက်က သူမ လက်ကို တွဲထားပေးသည်။

သူမ အနောက်မှာက အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူတို့ ရှိနေရုံသာမက ရှောင်ဟန်ကျန့်ထက် အသက်ကြီးပုံရသည့် လူငယ်လေး နှစ်ယောက်လည်း ပါသေးသည်။

ရှစ်ချင်းလျို့က သူတို့ကို မသိချင်ယောင်ဆောင်လိုက်သည်။ "ဘယ်သူတွေလဲ။"

ရှောင်သခင်မကြီးက အေးစက်စွာ နှာမှုတ်ခဲ့သည်။ "ငါက ရှောင်ဟန်ကျန့်ရဲ့ အဖွားပဲ၊ နင်က ဘယ်သူလို့ ထင်လို့လဲ။"

ထိုအခါ ရှစ်ချင်းလျို့က ရုတ်တရက် နားလည်သွားဟန် လုပ်ယူလိုက်သည်။ "ဒါဆို ဒါက အဖွားဟောင်းပေါ့၊ ဘာ ကူညီပေးရမလဲ။"

သူမရဲ့ ချွေးမ နှစ်ယောက်ဆီကနေ ရှစ်ချင်းလျို့ အကြောင်းကို သူမ အများကြီး ကြားဖူးပြီးပြီ ဖြစ်သည်။

သူမက မပျော်မရွှင် ပြောလာခဲ့သည်။ "နင် ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ၊ အဖွားက သူ့မြေး အိမ်လာလည်တာကို အိမ်ထဲ မဖိတ်ခေါ်တော့ဘူးလား။"

သူမက ရှစ်ချင်းလျို့ကို ရိုင်းစိုင်းလိုက်တာဟူသော အမူအရာဖြင့် ကြည့်ခဲ့သည်။

ရှစ်ချင်းလျို့က အံ့သြသွားခဲ့သည်။ "ကျွန်မတို့က မိသားစု ဆက်ဆံရေး ဖြတ်တောက်ပြီးပြီမလား၊ နင်က ကျွန်မရဲ့ အဖွားယောက္ခမဟောင်း မဟုတ်တော့ ဘယ်သူလဲ၊ ရှောင်သခင်မကြီး"

"နင်"၊ ရှောင်သခင်မကြီးက ဆွံ့အသွားခဲ့သည်။

သို့ပေမယ့် ဒါက အမှန်တရားမလို့ သူမ မငြင်းဆိုနိုင်ပေ။

သူမက အေးစက်စွာ ခနဲ့ခဲ့သည်။ "ငါတို့က မိသားစု ဆက်ဆံရေး ဖြတ်တောက်လိုက်တယ်ဆိုရင်တောင် ငါက ရှောင်ဟန်ကျန့်ရဲ့ အဖွားဆိုတဲ့အချက်ကတော့ မပြောင်းလဲသွားဘူး။"

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "သွေးသားက မပြောင်းလဲပေမယ့် အိမ်ထောင်စု နှစ်ခုကတော့ တရားရုံးမှာ ခွဲခဲ့ပြီးပြီလေ၊ အဲတော့ ရှင်က အဖွားယောက္ခမဟောင်းပါပဲ။"

ရှောင်သခင်မကြီး၊ "..."

ရှောင်ဟန်ကျန့် ရှာခဲ့တဲ့ ဒီမြေးချွေးမက တကယ် မနှစ်မြို့ဖို့ကောင်းလိုက်တာ။

သူမက မှုန်ကုပ်သော မျက်နှာထားဖြင့် ပြောခဲ့သည်။ "ငါ ကျန့်အာကို လာတွေ့တာ။"

ရှစ်ချင်းလျို့က သရဲကိုမြင်လိုက်ရသလို ကြည့်ခဲ့သည်။ "ရှင့်မြေးဟောင်းကို သတိရသေးတယ်လား။"

ရှောင်သခင်မကြီး၊ "..."

နင့်ရဲ့ ထေ့ငေါ့တဲ့စကားတွေကို ငါမကြားဘူးလို့ ထင်နေတာလား။

ရှစ်ချင်းလျို့ရဲ့ တုံ့ပြန်မှုက ရှောင်သခင်မကြီးကို မသက်မသာဖြစ်စေခဲ့သည်။

"အမျိုးသမီးခုန် ဘယ်မှာလဲ၊ ငါ့ကို လာတွေ့ဖို့ပြောလိုက်။"

အမျိုးသမီးခုန်နှင့် အပြန်အလှယ် ဆက်သွယ်ရတာကို သူမ သဘောကျသည်။

ရှစ်ချင်းလျို့က တံခါးဖွင့်ခဲ့သည်။ "အမေက ခြံနောက်မှာ အလုပ်များနေတယ် မအားဘူး၊ တစ်ခုခုလိုတာရှိရင် ကျွန်မကိုပြော၊ အခု ကျွန်မက ဒီမိသားစုကို တာဝန်ယူထားတာ။"

ရှောင်သခင်မကြီးရဲ့ မျက်နှာအမူအရာက ပိုအကျည်းတန်သွားခဲ့သည်။ "နင်က လေသိပ်ကျယ်တာပဲ။"

တံခါးဖွင့်လိုက်တာတွေ့တော့ သူမက ဘာမပြောညာမပြောဖြင့် ဝင်လာခဲ့သည်။

သို့ပေမယ့် သူမ ဘေးက အစေခံကိုတော့ ရှစ်လျင်းလျို့က တားခဲ့သည်။

ရှစ်ချင်းလျို့က ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "ကျွန်မတို့မိသားစုက အပြင်လူဖြစ်တဲ့ အစေခံကို မကြိုဆိုပါဘူး။"

ရှင်းဟုန်ရဲ့ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ရှောင်သခင်မကြီးကို မကျေမနပ် ကြည့်ခဲ့သည်။ "သခင်မကြီး ကျွန်မ... "

သူမရဲ့ စကား မဆုံးသေးခင်မှာပဲ ရှစ်ချင်းလျို့က ဖြတ်ပြောခဲ့သည်။ "အကူအညီခေါ်လည်း အလကားပဲ၊ ကျွန်မ မိသားစုက ရှင့်ကို မကြိုဆိုဘူး။"

ရှောင်သခင်မကြီးက မပျော်မရွှင် ပြောခဲ့သည်။ "သူက အခု ငါ့အစေခံပဲ။"

ရှစ်ချင်းလျို့က သူမကို မျက်နှာသာမပေးဘဲ ကြည့်ကာပြောခဲ့သည်။ "ရှင် သူ့ကို ခေါ်လာချင်ရင် မဝင်လာနဲ့။"

သူမက အမျိုးသားနှစ်ယောက်ကို ကြည့်ပြီး လက်သီးဆုပ်လိုက်သည်။

"ကျွန်မက အသက်ကြီးတဲ့လူတွေကို မရိုက်ပေမယ့်၊ ရွယ်တူတွေကိုတော့ ရိုက်တယ်နော်။"

အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်က ကိုယ်တိုင်ကြုံခဲ့ရဖူးကာ ရှစ်ချင်းလျို့ရဲ့ တိုက်ခိုက်စွမ်းရည်ကို ကိုယ်တိုင် ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။

အမျိုးသမီးဝမ်က ချက်ချင်း ပြောခဲ့သည်။ "အမေ ဒါဆိုလည်း ရှင်းဟုန်ကို တံခါးမှာပဲ စောင့်ခိုင်းလိုက်လေ၊ သူဝင်လာလည်း ဘာမှ မထူးပါဘူး။"

ဒီမိန်းမယုတ်က သူမသားကို တကယ် ရိုက်မယ်ဆိုတာ သူမ ယုံသည်။

အမျိုးသမီးဝူကလည်း ရှစ်ချင်းလျို့က သူမ၏ သားဖြစ်သူကို ထိမှာ စိုးရိမ်တာကြောင့် ဝင်ပြောခဲ့သည်။ "အမေ ကျန့်အာကို သွားတွေ့ရအောင်၊ မဟုတ်ရင် ပြန်သွားနေရဦးမယ်။"

ရှောင်သခင်မကြီးသာ ရှင်းဟုန်ကို ခေါ်ဝင်သွားပါက ရှစ်ချင်းလျို့ သူမကို ပေးဝင်မှာ မဟုတ်တာ သေချာသည်။

ရဲစွမ်းသတ္တိရှိတဲ့ ချွေးမနှစ်ယောက်က အခုတော့ သတ္တိကြောင်နေလိုက်တာ ရှက်ဖို့ကောင်းလိုက်တာ ဟု ရှောင်သခင်မကြီးက စိတ်ထဲက တွေးခဲ့သည်။

သူက ဘယ်သူ့ကို ဟန့်တားနေတာလဲဟု ရှင်းဟုန်က တွေးခဲ့သည်။

ရှစ်ချင်းလျို့ တစ်ခုခု လုပ်လိမ့်မည်ဟု ရှောင်သခင်မကြီးက မထင်ပေ။ သူမက ခဏလောက် တွေးကာ ရှင်းဟုန်ကို လှည့်ပြောခဲ့သည်။ "နင် အရင်ပြန်နှင့်တော့။"

ရှင်းဟုန် ဒီတစ်ခါတော့ နှာကစ်သွားခဲ့သည်။ "သခင်မကြီးကို ကျွန်မ ပြုစုပေးချင်တယ်။"

ရှစ်ချင်းလျို့က ဘေးကို ဓားဖြင့် ထိုးခဲ့သည်။ "ဘာကို ပြုစုတာလဲ၊ သခင်မကြီးအနားမှာနေပြီး သူလျှို လုပ်ချင်နေတာမလား။"

ထို့နောက် သူမက သခင်မကြီးကို ပြောခဲ့သည်။ "အဖွားဟောင်း သူ့သခင်က မြို့တော်က တစ်ယောက်လေ၊ သူက သခင်မကြီးစကားကို နားထောင်မှာ မဟုတ်ဘူး။"

ဒီမိန်းမယုတ်က စိတ်ဝမ်းကွဲအောင် လုပ်ချင်နေတာမှန်း ရှောင်သခင်မကြီး နားလည်သည်။

သို့ပေမယ့်လည်း ဒါက သူမကို မသက်မသာဖြစ်စေတာကြောင့် ရှင်းဟုန်ကို မည်းမှောင်သည့် မျက်နှာဖြင့် ကြည့်လိုက်သည်။ "ငါ့စကား နားမထောင်ရင် မြို့တော်က နင့်သခင်ဆီ ပြန်တော့။"

ငါ့ကို အရူးလို့ ထင်နေတာလား။

ဒီအစေခံမလေးက သူမကို ပြုစုစောင့်ရှောက်ပေမယ့် တကယ်တန်းတော့ မလေးစားပေ။

လူရှေ့သူရှေ့မှာ သူမ အမိန့်ကို မနာခံတာက သူမကို အရှက်ရစေသည်။

ထိုစကားက ရှင်းဟုန်ရဲ့ အမူအရာကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ သူမက ဒူးညွှတ်ကွေးကာ ပြောခဲ့သည်။ "ဟုတ်ကဲ့"

သူမ ပြန်ခိုင်းခံရတာကြောင့် ရှစ်ချင်းလျို့ကို အေးစက်စွာ ကြည့်ခဲ့ပေမယ့် သူမ အိမ်ကိုတော့ မပြန်ခဲ့ပေ။

ရှစ်ချင်းလျို့ကလည်း သူမကို အေးစက်စွာ ပြန်ကြည့်ခဲ့သည်။ "အစေခံက အစေခံလိုပြော၊ သခင်ဖြစ်သူက အဆင့်မြင့်သွားလို့ဆိုပြီး နင်ပါ ဘဝင်မြင့်လို့ရတယ်လို့ မထင်နဲ့။"

သူမ စကားပြောပြီးသည်နှင့် ရှင်းဟုန်ကို လျစ်လျူရှုလိုက်ပြီး ရှောင်သခင်မကြီးကို အချက်ပြခဲ့သည်။ "အဖွားဟောင်း ဝင်ပါ။"

ရှောင်သခင်မကြီးရှန်က နှာမှုတ်ပြပြီး အမျိုးသမီးဝူရဲ့ တွဲခေါ်ပေးမှုဖြင့် ခြံထဲဝင်ခဲ့သည်။

သူမကို တစ်ချက်ကြည့်ရုံဖြင့် ကျန်းမာကြောင်း ရှစ်ချင်းလျို့ ပြောနိုင်သည်။ သူမက အိမ်ထောင်ဦးစီးဖြစ်ချင်တာဖြစ်သည်။

အမျိုးသမီးဝမ်နှင့် ယောက်ျားလေးနှစ်ယောက်ကို ဝင်ခိုင်းပြီးနောက် ရှစ်ချင်းလျို့က တံခါးပိတ်လိုက်တော့ ရှင်းဟုန်က ဒေါသထွက်ကာ ကျန်ခဲ့သည်။

ရှောင်သခင်မကြီး ခြံထဲဝင်လိုက်တော့ ရှောင်ဟန်ကျန့်က ရှုပ်ထွေးသည့် မျက်လုံးတွေဖြင့် ခြံထဲမှာ တည်ငြိမ်စွာ ထိုင်နေတာကို တွေ့ခဲ့သည်။

လူငယ်လေးနှစ်ယောက်က ရှောင်ဟန်ကျန့်ကို တွေ့လိုက်တော့ လည်ပင်း အနည်းငယ် ပုဝင်သွားခဲ့သည်။ ရှောင်ဟန်ကျန့်ကို သူတို့ အနည်းငယ် ကြောက်သည်။

ရှောင်ဟန်ကျန့်က အေးတိအေးစက် အမူအရာဖြင့် ထရပ်လိုက်သည်။ "အဖွားဟောင်း ဘာကိစ္စရှိလို့လဲ။"

ထိုအရာကို ရှစ်ချင်းလျို့ဆီက သင်ယူခဲ့တာဖြစ်ပြီး သူနှင့် ကိုက်ညီသည်ဟု ထင်သည်။