အခန်း ၃၈
Viewers 7k

Chapter (38)

Unicode

အပိုင်း(၃၈) - သူမလည်း တူညီတာကို လုပ်မည်

ရှောင်သခင်မကြီးက ရှောင်ဟန်ကျန့် သူမကို ထိုသို့ခေါ်သံကြားတော့ မျက်မှောင်ကြုတ်ခဲ့သည်။

"နင် ဘယ်လို မိန်းမကို ယူထားတာလဲ၊ သူက နင့်ကို လမ်းမှားအောင်လုပ်နေတာပဲ။"

သူမ မြေးက ထိုမိန်းမယုတ်ဆီက သင်ယူခဲ့တာပဲ ဖြစ်မည်။

ရှောင်ဟန်ကျန့်ရဲ့ အမူအရာက အနည်းငယ် ဖြူဖျော့သွားခဲ့သည်။ "ကျွန်တော့် မိန်းမက သိပ်တော်တာ၊ သူ့ကို စိတ်ပူစရာ မလိုဘူး။"

သူက ဆက်ပြောခဲ့သည်။ "လာရင်းကိစ္စကိုပဲ ပြောပါ။"

ရှောင်သခင်မကြီးက လမ်းလျှောက်သွားကာ ဝင်ထိုင်ခဲ့သည်။ "နင်သတိပြန်ရပြီလို့ကြားလို့ လာကြည့်တာ။"

ရှောင်ဟန်ကျန့်က ဘာမှမပြောဘဲ ဆက်ပြောမည့်စကားကိုသာ စောင့်နေခဲ့သည်။

ရှောင်သခင်မကြီးက တစ်ခြံလုံးကို မျက်လုံးဝေ့ကြည့်ခဲ့သည်။ "တို့ဟူးတွေက လဲလှယ်ပြီးသွားပြီလား။"

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း"

ရှောင်သခင်မကြီးက ရှောင်ဟန်ကျန့်ရဲ့ အေးတိအေးစက် အမူအရာကိုတွေ့တော့ မပျော်မရွှင် ဖြစ်သွားခဲ့သည်။

သို့ပေမယ့် သူမ လာရောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို တွေးလိုက်တော့ ဝုန်းဒိုင်းကြဲချင်စိတ်ကို ပြန်ထိန်းခဲ့သည်။

"မြင်းရထားလုံးကြီးတစ်စီးက မင်းဆီကို ပစ္စည်းတွေ အများကြီး ပို့ပေးခဲ့တယ်လို့ကြားတယ်။"

ရှောင်ဟန်ကျန့်က မျက်ခုံးပင့်ခဲ့သည်။ "အဲတာက ဟုတ်ဟုတ် မဟုတ်ဟုတ်ပါ။ အဖွားဟောင်းနဲ့ ဘာဆိုင်လို့လဲ၊ ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့က မိသားစု ဆက်ဆံရေး ဖြတ်တောက်ပြီးပါပြီ၊ ကျွန်တော်တို့ မိသားစု ဘယ်လိုနေနေ အဖွားဟောင်းတို့နဲ့ မဆိုင်ဘူးမလား။"

သူက ခဏလောက် ရပ်ပြီးမှ ဆက်ပြောခဲ့သည်။ "အရင်တုန်းက ကျွန်တော် သတိလစ်နေတုန်း အမေ အဖွားဟောင်းဆီ အကူအညီ သွားတောင်းခဲ့တုန်းက အဲ့စကားကို အဖွားဟောင်း ကိုယ်တိုင်ပဲ ပြောခဲ့တာလေ။"

ရှောင်အိမ်တော်ဟောင်းမှာ သူ ပညာသင်ကြားနိုင်ခဲ့တာ အဖိုးဖြစ်သူက အဓိက ထောက်ပံ့ပေးခဲ့ပြီး စာအုပ်တွေ ကူးရေးကာ သူ ငွေရှာခဲ့တာတွေကို တခြားလူတွေက မကြည်ဖြူပေ။

သူ ငယ်ငယ်ကတည်းက အပြစ်တင်ခံရပြီး မိသားစုရဲ့ အမြတ်ထုတ်တာ ခံခဲ့ရသည်။

သူတို့ ထိုသို့လုပ်လေလေ သူ့ကံကြမ္မာကို ပိုပြောင်းလဲချင်ပြီး သူ့အမေနှင့် မောင်နှမတွေကို ပိုကာကွယ်ပေးချင်ခဲ့သည်။

သူ စာသင်သား ဖြစ်သွားခဲ့တော့ ရှောင်မိသားစုဟောင်းက လူတွေ သူ့အပေါ်ထားသည့် စိတ်တွေ အများကြီး ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့် သူ အိမ်မှာ ရှိသည့် အချိန်ဆိုရင် အမေနှင့် မောင်နှမတွေရဲ့ အကျိုးအတွက် တိုက်ခိုက်ပေးနိုင်ခဲ့သည်။

သူ အခြေခံစာသင်သား ဖြစ်သွားတော့ ထိုလူတွေရဲ့ စိတ်က ပိုပြောင်းသွားကာ သူ့ကိုတောင် စတင်ချီးကျူးလာခဲ့သည်။

သူတို့က ရှောင်မိသားစုရဲ့ အိမ်မြေကို အခွန်ကင်းလွှတ်ခွင့်ထဲပါချင်ပြီး သူ့အမျိုးအနေဖြင့် အပြင်သွားသည့်အခါမှာ မျက်နှာပန်းလှချင်တာ ဖြစ်သည်။

ဒီလူတွေ ဘယ်လိုအကျင့်စရိုက်ရှိလဲဆိုတာ သူ သိတာကြောင့် သူတို့ရဲ့ လှည့်ကွက်ထဲ မကျရောက်ခဲ့ပေ။

သေချာပေါက်ကို သူ့ရဲ့ ဆန်ကုန်မြေလေးအဖေ ဗိုလ်ချုပ်ကြီးဖြစ်ကာ အိမ်ပြန်လာတော့ သူတို့တွေက သူ့အဖေကို ပိုအလေးပေးဆက်ဆံခဲ့ကြသည်။

ဆန်ကုန်မြေလေးအဖေက ဟိုအမျိုးသမီးကို ချစ်မြတ်နိုးတာသိတော့ သူတို့က နည်းလမ်းအစုံသုံးကာ ဟိုအမျိုးသမီး စိတ်ကျေနပ်အောင် လုပ်ပေးခဲ့ကြသည်။

ဆန်ကုန်မြေလေးအဖေက သူတို့ရဲ့ဆွေမျိုးတော်စပ်မှုကို ဖြတ်တောက်ဖို့ သူ့ကို ခြိမ်းခြောက်ခဲ့တုန်းကလည်း ထိုလူတွေက ဆန်ကုန်မြေလေးအဖေကို ထောက်ခံခဲ့သည်။

ထို့နောက်ပဲ နောက်ဆုံးတော့ သူက အမေနှင့် မောင်နှမတွေကိုခေါ်ပြီး သီးခြား ခွဲနေခဲ့ခြင်း ဖြစ်သည်။

သူတို့က အထက်ဖားအောက်ဖိ လူစားတွေ ဖြစ်တာကြောင့်လည်း သူ့ဆန္ဒအတိုင်း ခွဲနေနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှောင်သခင်မကြီးရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။ "နင် အဲလောက်တောင် ရိုင်းသွားလား၊ အဆင်လေးပြေလာတော့ အဖိုးအဖွားကိုတောင် အဖတ်မလုပ်တော့ဘူး။"

သူမက အဓိပ္ပာယ်ပါပါ ထပ်ပြောခဲ့သည်။ "နင်က အခြေခံစာသင်သားဆိုတာ မမေ့နဲ့၊ နင် တော်ဝင်စာမေးပွဲတွေကို ဆက်ဖြေရဦးမှာပါ။"

ရှောင်ဟန်ကျန့်က သူ့မျက်လုံးတွေကို မှေးကျဥ်းခဲ့သည်။ "ဒီတော့ အဖွားက ဒါကို အသုံးချပြီး ကျွန်တော့်ကို ခြိမ်းခြောက်ချင်တာလား။"

ရှောင်သခင်မကြီးက ပြောခဲ့သည်။ "ဒါ ခြိမ်းခြောက်တာ မဟုတ်ဘူး၊ အမှန်တရားကို ပြောပြနေတာ။"

ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက အေးစက်သွားပြီး ရန်လိုရိပ်တွေ ပါနေသည်။ "ဒါဆိုလည်း ကျွန်တော်က ကျေးဇူးမသိတတ်တဲ့ကောင်ပါလို့ တရားသွားစွဲလိုက်လေ၊ တော်ဝင်စာမေးပွဲကို ဆက်ဖြေလို့ ရမရဆိုတာ ကြည့်ကြတာပေါ့။"

အရင်ဘဝ သူနိုးလာတုန်းက သူ့ရဲ့အမေ၊ ညီလေးနှင့် ညီမလေးတွေအကုန် သေသွားခဲ့ပြီ ဖြစ်သည်။

သူ လက်စားချေချင်ခဲ့ပြီး အဲတုန်းက သူဆက်သွားလို့ရမည့် တစ်ခုတည်းသော လမ်းက တော်ဝင်စာမေးပွဲ ဝင်ဖြေခွင့်ရဖို့ ဖြစ်သည်။

သို့ပေမယ့် သူ့အဖွားက ရှင်းဟုန်ရဲ့ သွေးထိုးမှုတွေကိုသာ နားထောင်ခဲ့သည်။

နန်ရှီမြို့က ကောလိပ်မှာ ဝင်ခွင့်ရတော့မည့်အချိန်မှာပဲ သူမက ထိုနေရာကို သွားကာ သူက ကျေးဇူးမသိတတ်တဲ့လူပါဆိုပြီး အုတ်အုတ်ကျက်ကျက်ဖြစ်အောင် လုပ်ခဲ့သည်။

သူကပဲ အမေ၊ ညီလေးနှင့် ညီမလေးကို သေအောင် လုပ်ခဲ့သည့်လူဟုလည်း သူမ ပြောခဲ့သေးသည်။

ထိုကျောင်းဆရာက သူ့အပေါ်ကို မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သည်။

သူက မိသားစုနှင့် ဆွေမျိုးဖြတ်ခဲ့သည့်တိုင်အောင် သူ့ကို ကျောင်းဝင်ခွင့်ရအောင် လက်ခံပေးခဲ့သည်။

သို့ပေမယ့်လည်း အဖွားက ရှင်းဟုန်ရဲ့ သွေးထိုးမှုကို ထပ်ခံရမည်ဟု မထင်ခဲ့ပေ။

သူမက အမျိုးသမီးဝမ်နှင့် တခြားလူတွေကိုလည်း နေ့တိုင်း ကျောင်းကိုခေါ်လာပြီး ပြဿနာရှာခဲ့သည်။

ထိုအချိန်မှာပဲ နန်ရှီမြို့ကနေ မိသားစုနှင့်အလည်လာပြီး ရက်အနည်းငယ်လောက်နေမည့် အဆင့် ၁ အရာရှိနှင့် သူတို့ ဆုံခဲ့သည်။

ကျောင်းအပေါ်ထားသည့် ထိုပုဂ္ဂိုလ်ရဲ့ အမြင်မကောင်းတာမျိုး မရှိအောင်လို့ ကျောင်းက လူတွေက အဖွားအိုနှင့် တခြားလူတွေ နေ့တိုင်း လာနှောင့်ယှက်နေတာကို စိတ်အနှောင့်အယှက် ဖြစ်လာတာကြောင့် ကျောင်းက စီနီယာဆရာက သူ့ကို ကျောင်းထွက်ဖို့ ပြောခဲ့ကြသည်။

ထိုလူတွေက သူတော်ဝင်စာမေးပွဲ လမ်းကြောင်းပေါ်မရောက်အောင် အားကြိုးမာန်တက် ဖျက်စီးပစ်ခဲ့သည်။

ဆူးခလုတ်အပြည့်ရှိသည့် တခြားလမ်းကို သူ လျှောက်ခဲ့ရသည်။

ရာထူးအမြင့်ကြီး မရောက်ခင်မှာ ဒဏ်ရာများစွာ ရှိခဲ့ရသည်။

သူ သတိလစ်နေတုန်းက သောက်ခဲ့ရသည်း ဆေးရဲ့ ဆိုးကျိုးကြောင့် ကိုယ်ခန္ဓာအခြေအနေက ပိုဆိုးလာခဲ့သည်။

ကံကောင်းချင်တော့ ဆန်ကုန်မြေလေးအဖေ၊ ထိုမိန်းမနှင့် ရှောင်အိမ်ဟောင်းက ထိုလူတွေက သူနှင့် အတူ သေသွားခဲ့သည်။

အခု အဖွားဖြစ်သူက တော်ဝင်စာမေးပွဲနှင့် ထပ်ခြိမ်းခြောက်လာတော့ အတိတ်ကို ပြန်တွေးမိပြီး ရန်လိုစိတ်တွေက တဖြည်းဖြည်း တိုးလာခဲ့သည်။

ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က သူ့လက်ကို ကိုင်ခဲ့သည်။

သူ လှည့်ကြည့်လိုက်တော့ စိုးရိမ်ပြီး နှစ်သိမ့်မှုပေးသည့် အကြည့်ဖြင့် ကြည့်နေသည့် သူ့ဇနီးလေးကို တွေ့လိုက်လေသည်။

သူ့မျက်လုံးထဲက အေးစက်မှုတွေ ပျောက်ကွယ်သွားပြီး လက်မှ နွေးထွေးမှုလေးက နှလုံးသားထဲထိ နွေးထွေးသွားစေခဲ့သည်။

ထိုအဖွားကြီးရဲ့ စကားကိုကြားတော့ ရှစ်ချင်းလျို့ အန်တောင်အန်ထုတ်ချင်နေသည်။

သူမ ပြန်ပြောမည့်အချိန်မှာပဲ သူမရဲ့ ခင်ပွန်းက နိုးလာခါစကလို ရန်လိုမှုတွေထင်ဟပ်နေပြီး အမူအရာက ပိုပြီး အေးစက်လာတာကို တွေ့ခဲ့သည်။

ထို့ကြောင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ထိုပြဿနာကောင်တွေကြောင့် ဒေါသမထွက်ဖို့ သတိပေးခဲ့သည်။

ရှောင်သခင်မကြီးက တကယ်လွန်သွားပြီ။

သူ့ကို မိသားစုဆက်ဆံရေး ဖြတ်တောက်ဖို့ အားပေးခဲ့တဲ့အပြင် အကျိုးအမြတ်ရဖို့ တော်ဝင်စာမေးပွဲနဲ့ပါ ခြိမ်းခြောက်နေလိုက်သေးတယ်။

တော်ဝင်စာမေးပွဲက ရှောင်ဟန်ကျန့်အတွက်ပဲ အရေးကြီးတာ မဟုတ်ဘဲ ရှစ်ချင်းလျို့ အတွက်ပါ အရေးကြီးသည်။

သူမက ရှောင်ဟန်ကျန့်ရဲ့ ရွှေပေါင်ကြီးကို ဖက်တွယ်ဖို့ စောင့်နေတာလေ။

ဒါ့အပြင် သူမ ခင်ပွန်းက သူမ အပိုင် ဖြစ်သည်။

သူမအပြင် တခြား ဘယ်သူမှ သူ့ကို အနိုင်ကျင့်ခွင့် မရှိပေ။

ထို့ကြောင့် သူမက ရှောင်ဟန်ကျန့် လက်ကို ဆက်ကိုင်ထားပြီး ရှောင်သခင်မကြီးကို ကြည့်ခဲ့သည်။ "ဒီစကားတွေက အပြင်လူ ရှင်းဟုန် လှုံ့ဆော်ပေးခဲ့တဲ့ စကားတွေမလား။"

သူမသာ သက်ကြီးရွယ်အို မဟုတ်ပါက ရိုက်နှက်ပစ်လိုက်ပြီဖြစ်သည်။

ထိုမိန်းမက သူတို့ကို ရှောင်သခင်မကြီးနှင့် တခြားလူတွေ ရွံ့ရှာသွားအောင် ရှောင်းဟုန်နှင့် သွေးထိုးချင်မှတော့ သူမကလည်း တူညီမှုကို ပြန်လုပ်ရမည်။

ရှောင်သခင်မကြီးက အေးစက်သည့် မျက်နှာထားဖြင့် ပြောခဲ့သည်။ "ဟုတ်တယ်ဆိုတော့ကော ဘာဖြစ်လဲ၊ ကျန့်အာကို တော်ဝင်စာမေးပွဲ ထပ်ဖြေစေချင်ရင် တို့ဟူးဆိုင်ကို ဦးလေးကြီးနဲ့ တတိယဦးလေးကို လွှဲပေးလိုက်၊ ပြီးရင် နင်ဒီနေ့ မြို့ကနေ ယူလာတဲ့ ပစ္စည်းတွေ အကုန်ပေး။"

ဒီအကျိုးအမြတ်တွေ ယူဖို့အတွက် သူမ ဒီနေ့ လာခဲ့ရခြင်း ဖြစ်သည်။

ရှစ်ချင်းလျို့က ရုတ်တရက်ကြီး အော်ရယ်ခဲ့သည်။ "သခင်မကြီး ကျွန်မက ရှင့်ကို တော်တော် ဉာဏ်ကောင်းတယ် ထင်ခဲ့တာ၊ ဒီလောက်အရေးကြီးတဲ့ အခြေအနေမှာ ရှင်က ဘာလို့ ဒီလောက် တုံးအနေတာလဲ။"

ရှောင်သခင်မကြီးက မျက်မှောင်ကြုတ်ခဲ့သည်။ "နင် ဘာကို ဆိုလိုတာလဲ။"

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မတို့က ဆွေမျိုးဖြတ်တောက်ပြီးသားပါ၊ ဘုရင်ကြီးရဲ့ ရှေ့မှာ ဆိုရင်တောင် ကျွန်မ ယောက်ျားက ရှင်တို့ကို အလုပ်အကျွေးပြုစုဖို့ တာဝန်ယူစရာ အကြောင်း မရှိဘူး၊ ဒါကြောင့် ရှင့်ရဲ့ ခြိမ်းခြောက်မှုကို ကျွန်မတို့ မကြောက်ဘူး၊ ကျွန်မ ယောက်ျားပြောသလိုပဲ တရားစွဲချင်ရင် သွားစွဲလိုက်လေ၊ ရာဇဝတ်တရားသူကြီးက ရှင့်ကို အဖတ်လုပ်မလားဆိုတာ ကြည့်ရသေးတာပေါ့၊ ဒီနေ့ပဲ ကျွန်မ ကျွန်မယောက်ျားရဲ့ အဖျားကို ကုသပေးတဲ့ သမားတော်ရှစ်ကို ကျွန်မ အချုပ်ထဲ ပို့ခဲ့တာ၊ ရှင်တို့လည်း အဲမှာ ခဏလောက် နေချင်ရင် ကျွန်မ ကူညီပေးနိုင်ပါတယ်။"

ရှောင်သခင်မကြီးက အသံတိတ်သွားခဲ့သည်။ အဲ့နေရာမှာ သရဲပဲ ခဏလောက် နေချင်လိမ့်မယ်။

"ဘာပဲဖြစ်ဖြစ် ငါက နင့်အဖွားပဲ" သူမက ခုခံပြောဆိုခဲ့သည်။

ဒါက ရှင်းဟုန် သူမကို သင်ပေးခဲ့တာ ဖြစ်သည်။

သူတို့တွေ ဆွေမျိုးဖြတ်တောက်ခဲ့ရင်တောင် သူမက ရှောင်ဟန်ကျန့်ရဲ့ အဖွားဆိုသည့်အချက်က မပြောင်းလဲပေ။

ရှစ်ချင်းလျို့က ရယ်ခဲ့လေသည်။ "ရှင်က အဖွားဆိုရင်တောင် အဖွားဟောင်းပဲ၊ ဒါကြောင့် ရှင့်ဘာသာရှင် ရွာသူကြီးဆီသွားသွား ရာဇဝတ်တရားသူကြီးဆီသွားသွား အဖတ်လုပ်ခံရမှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အခု ကျွန်မတို့က မိသားစု နှစ်ခု ဖြစ်နေပြီ၊ မိသားစု နှစ်ခု ခွဲလိုက်တာက အလကား မဟုတ်ဘူး၊ မဟုတ်ရင် မျိုးနွယ်စုနဲ့ ဥပဒေရဲ့ ရည်ရွယ်ချက်က ဘာဖြစ်ရမှာလဲ။"

ရှစ်ချင်းလျို့က ခေါင်းစဥ်ပြောင်းခဲ့သည်။ "ကျွန်မ ရှင့်ကို အရူးလို့ပြောတာက အဲ့အဓိပ္ပာယ် မဟုတ်ဘူး။"

ရှောင်သခင်မကြီးက ခေါင်းကိုက်စွာ ပြောခဲ့သည်။ "ဒါဆို ဘာအဓိပ္ပာယ်လဲ၊ ရှင်းရှင်းပြော။"

ဒီမိန်းမယုတ်ကြောင့် သူတောင် ရှုပ်ထွေးလုနီးပါး ဖြစ်နေပြီ။