အခန်း ၄၀
Viewers 7k

Chapter (40)

Unicode

အခန်း(၄၀) - တွင်းအရင်တူးပေးရမယ်

အကြမ်းပတမ်းနည်းကို အသုံးပြုပြီး ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို ဖိနှိပ်ရမှာကို ရှစ်ချင်းလျို့ အရမ်းပျင်းသည်။

ဒီပြဿနာကောင်တွေနဲ့ နေရတဲ့ အတွေ့အကြုံကို သူတို့ပဲ တွေ့ကြုံခံစားရတာ ဖြစ်သင့်ရဲ့လား။

ဘာပဲဖြစ်ဖြစ် ဆန်ကုန်မြေလေးအဖေနှင့် ဂြိုလ်ဆိုးမကို ထိုပြဿနာကောင်တွေနဲ့ အတူ ပျော်ရွှင်စွာ နေခိုင်းရမည်။

သူတို့ကို မနှစ်မြို့အောင် လုပ်သည့်လူတွေကို ပြန်ပြီး ခံစားရအောင် လုပ်ပေးရမည်။

ရှောင်သခင်မကြီးနှင့် တခြားလူတွေက နားထောင်လေလေ အကျိုးအကြောင်းသင့်ကြောင်း ပိုခံစားမိလာတော့သည်။

ဒီအယုတ်တမာမလေးက သူတို့ကို စိတ်ဝမ်းကွဲစေချင်တာ သိသော်လည်း ဒါက အမှန် ဖြစ်နေသေးသည်။

သူတို့နှစ်ယောက်က မြို့တော်မှာ ကောင်းကောင်း နေ၊ ကောင်းကောင်း စား၊ ကောင်းကောင်း ဝတ်နေတဲ့အချိန်မှာ သူတို့ကတော့ ခြေထောက်ရွှံ့ပေသည့် ရွံဖို့ကောင်းတဲ့ ဘဝမှာ နေထိုင်နေရသည်။

သူတို့ကို ဘယ်လို အကျိုးခံစားခွင့်ပေးထားတာလဲ။

ရှောင်သခင်မကြီးက ခဏလောက် တွေးပြီးနောက် မေးခဲ့သည်။ "သူ့ကို သားသမီးဝတ္တရား မကျေပွန်လို့ဆိုပြီး တရားစွဲဖို့ ဖြစ်နိုင်ခြေ ရှိပါ့မလား၊ သူက ဗိုလ်ချုပ်ကြီးလေ။"

တကယ်တော့ ထိုအကြောင်းကို အရင်က စဥ်းစားဖူးပေမယ့် သူတို့ မြို့တော်မှာ တရားသွားစွဲရင်တောင် ဘယ်သူမှ သူတို့တွေကို အဖတ်မလုပ်မှာစိုးပြီး သူက ဗိုလ်ချုပ်ကြီးဖြစ်တာကြောင့် အပြစ်ပေးခံရမှာကို စိုးရိမ်သည်။

ထိုသို့ဖြစ်ရင် မကောင်းပေ။

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "တကယ် အောင်မြင်လိမ့်မယ်၊ မြို့တော်က ကျင်းတုန်ရာဇဝတ်တရားသူကြီးက ဒီလို ကိစ္စတွေကို အထူးပြုတာ၊ အကြောင်းအရာနဲ့ တိုင်ကြားလိုက်ဖို့ပဲ လိုတယ်၊ အရာရှိတွေ အမှားလုပ်လားဆိုတာ စောင့်ကြည့်နေတဲ့ တော်ဝင်စိစစ်ရေးအဖွဲ့တွေ ရှိတယ်၊ ဗိုလ်ချုပ်ကြီးသာ သားသမီးဝတ္တရား မကျေပွန်တာ သိတာနဲ့ သူတို့က သူ့ကို စစ်ဆေးမေးမြန်းမှာပဲ၊ အဲဒီ တော်ဝင်စိစစ်ရေးအဖွဲ့က ဘုရင်ကြီးကို တင်ပြလိမ့်မယ်၊ မိသားစုတာဝန် မကျေပွန်တဲ့ စည်းမျဥ်းနဲ့ တရားစွဲလိုက်၊ သူက အစ်ကိုကြီးပဲလေ၊ ဒါဆိုရင် သူ့ကို တရားစွဲလို့ ရလိမ့်မယ်။"

ရာထူးမြင့်လေ မျက်လုံးဒေါက်ထောက်ကြည့်သူလူ ပိုများလေ ဖြစ်သည်။

သူတို့ရဲ့ ဆန်ကုန်မြေလေးအဖေက တခြားစစ်တပ်အရာရှိတွေကြားမှာ ထိပ်တန်းအဆင့်ဟု ယူဆလို့ ရတာကြောင့် စိစစ်ရေးအဖွဲ့တွေက သူ့ကို စောင့်ကြည့်နေမှာ သေချာသည်။

ရှောင်သခင်မကြီးက ရှစ်ချင်းလျို့ကို အံ့သြစွာ ကြည့်လိုက်သည်။ "နင်က ဘာလို့ အဲလောက် အများကြီး သိနေတာလဲ။"

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "သခင်မကြီး ကျွန်မ ပုံစံအမှန်ကို မသိဘူးလား။"

ရှောင်သခင်မကြီးက ကြက်သေ သေသွားခဲ့သည်။ "ဘာပုံစံအမှန်လဲ၊ နင်က ရှစ်မိသားစုရဲ့ သမီး မဟုတ်လား။"

ရှစ်ချင်းလျို့က ကြွားဝါပြောဆိုခဲ့သည်။ "ကျွန်မက ကောင်းကင်ဘုံ တက်လှမ်းသွားတဲ့ မသေမျိုး တာအိုဘုန်းတော်ကြီးရဲ့ တပည့်လေ၊ အရင်တုန်းကဆိုရင် မြို့တော်က လူတွေ အများကြီး သူ့ကို ရိုသေလေးစားကြတယ်၊ မသေမျိုး ကျင့်ကြံစဥ်ကြောင့်သာ မဟုတ်ရင် သူက နန်ရှီမြို့ကို လာမှာ မဟုတ်ဘူး၊ မြို့တော်ကို သွားရောက်တုန်းကဆိုရင် အရမ်း လေးစားခံခဲ့ရတာ၊ သူက အဆင့်မြင့်အရာရှိတွေနဲ့ မျိုးရိုးမြင့်က လူတွေ အများကြီးကို သိတာကြောင့် သူက ဒီကိစ္စတွေ သိတာ ပုံမှန်ပဲလေ၊ ကျွန်မကလည်း သူ့ဆီက ကြားခဲ့တာပါ။"

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ခဏလောက် တွေးလိုက်သည်။

ဟုတ်တယ်။ တာအိုဘုန်းတော်ကြီးက မသေမျိုး ဖြစ်သွားတာပဲ။

မြို့တော်မှာ သူ့အဆင့်အတန်းက မြင့်မားတာကြောင့် အများကြီး သိတာ သေချာသည်။

တခြားလူတွေထက် သူ ပိုသိတာ သဘာဝ ဖြစ်သည်။

ဒီမိန်းမယုတ်လေးက မသေမျိုးရဲ့ တပည့်ပဲကိုး။

သူက အများကြီး သိပြီး စကားပြောတတ်တာလည်း မဆန်းတော့ပါဘူး။

ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "ပြီးတော့ ကျွန်မယောက်ျားက အခြေခံစာသင်သားလေ၊ တော်ဝင်ခုံရုံးက အကြောင်းတချို့တွေ သူ့ဆီက ကြားဖူးတယ်။"

သူမက စကားပြောပြီးသည်နှင့် ရှောင်ဟန်ကျန့်ကို ဟုတ်တယ်နော် ဟူသော အကြည့်ဖြင့် ကြည့်ခဲ့သည်။ "နော် ယောက်ျား။"

ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို သူမ ရှင်းထုတ်ပစ်မည်ဆိုတာ ထိုနည်းဖြစ်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

သို့ပေမယ့်လည်း သူမက ချက်ကောင်းထိအောင် လုပ်နိုင်ခဲ့တာတော့ သူ ဝန်ခံသည်။

တကယ်တော့ သူလည်း ရှောင်သခင်မကြီးနှင့် တခြားလူတွေကို မြို့တော်ကိုသွားဖို့ အားပေးအားမြောက် လုပ်ချင်တာ ဖြစ်သည်။

ဒီနည်းလမ်းဖြင့် ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးကို ရွံရှာနိုင်သည်။

ဒုတိယအနေဖြင့် ဒီလူတွေက သူ့အတိတ်ဘဝကလို သူ့ပညာရေးလမ်းကြောင်းကို ဝင်ရှုပ်နိုင်မည် မဟုတ်ပေ။

သို့ပေမယ့် သူ့ဇနီးက ပိုပြီး နှုတ်ရေးကောင်းတာ သိသာသည်။

သူက ရှောင်မိသားစုဟောင်းက လူတွေရဲ့ အပြုအမူတွေကို သဘောမကျပေ။

သူက ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "ဟုတ်တယ်၊ သားဖြစ်သူက မိဘတွေကို တာဝန်ယူရမှာပဲ၊ ခင်ဗျားတို့ သူ့ကို သားသမီးဝတ္တရား မကျေပွန်မှုနဲ့ တရားစွဲရင် သူတို့နှာခေါင်းကုတ်ပြီး ဝန်ခံရမှာပဲ။"

ထို့နောက် သူက အဓိပ္ပာယ်ပါပါပြောခဲ့သည်။ "ကျွန်တော့်အတန်းဖော်ရဲ့ အမျိုးတစ်ယောက်ကလည်း စစ်တပ်ထဲကလေ၊ ဒါကြောင့် အဲမိန်းမက အရာရှိရဲ့ သမီး မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်၊ သူက ကျွန်တော့် အဖေဟောင်းရဲ့ တပည့်ရဲ့ သမီးလေ၊ အခုတော့ သူက မိဘမဲ့ဖြစ်သွားပြီး စောင့်ရှောက်ပေးဖို့ ညီလေးနဲ့ ညီမလေး ကျန်ခဲ့တယ်။"

ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးက ဆွေမျိုးခြင်း ဖောက်ပြန်သည့် ဆက်ဆံရေး ဖြစ်ကြောင်းကိုတော့ သူ မပြောပြခဲ့ပေ။

ဒီကိစ္စကို သူ့အတွက် သီးသန့် ချန်ထားချင်သည်။

ခင်ပွန်းဖြစ်သူနှင့် အတိုင်အဖောက်ညီဖို့ မခက်ခဲမှန်း ရှစ်ချင်းလျို့ သဘောပေါက်ခဲ့သည်။

သူက သူမရဲ့ ခြေလှမ်းတွေကို အမှီလိုက်နိုင်သည်။

သိပ်ကောင်းတာပဲ။

"အဲတာကြောင့် သူ့လို မိဘမဲ့က သခင်မကြီးရဲ့ ခေါင်းကို ကိုင်ပြီး ကြိုက်သလို လုပ်နေတာ၊ တော်တော် တရားလွန်တယ်၊ မြို့တော်ကို သွားပြီးတာနဲ့ သူ့ကို ကောင်းကောင်း ပြုစုခိုင်းပြီး လေးစားတတ်အောင် သင်ပေးလိုက်၊ မဟုတ်ရင် သူက ဝတ္တရားမကျေပွန်တာပဲ၊ လူမြင်ကွင်းမှာပဲ နာခံပြီး ကွယ်ရာမှာ မနာခံရင် ဗိုလ်ချုပ် စံအိမ်ရှေ့ကိုသွားပြီး ရှင်တို့ကို အထင်သေးတာ၊ ယောက္ခမကို မလေးမစားနဲ့ တာဝန်မကျေပွန်တာတွေကို အော်ဆဲခဲ့၊ ဗိုလ်ချုပ်စံအိမ်နားက အကုန်လုံးက မျိုးရိုးမြင့်တွေပဲ၊ ရှင် သူတို့ကို သွားဆဲတာနဲ့ လူတိုင်း သိသွားလိမ့်မယ်၊ သူက ရှင့်ကို တောင်းပန်ချော့မြူပြီး ပြန်ဖို့ ပြောမှာ သေချာတယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး အောင်မြင်မှုကို ရအောင် လုပ်ချေ။"

ထိုအမျိုးသမီးရဲ့ ပုံစံအမှန်က စွဲမက်ဖွယ် မကောင်းသလို သူမ နောက်ခံကလည်း မကြီးမြတ်ပေ။

ထို့ကြောင့် သူမက ရင်ထဲကနေ မြို့တော်က မျိုးရိုးမြင့် အမျိုးသမီးတွေရဲ့ အသိအမှတ်ပြုမှုကို အလွန်လိုချင်နေသည်။

သူမသာ ယောက္ခမကို တာဝန် မကျေပွန်သည့်လူဆိုတာ လူတွေသိသွားရင် သူများတွေက သူ့ကို အပြစ်တင်ကြလိမ့်မည်ဖြစ်သည်။

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူကလည်း သဘောတူကာ အားပေးခဲ့သည်။ “အမေ အဲ့တာ မှန်တယ်၊ အမေက သူ့ယောက္ခမပဲ၊ သူကသာ အမေ့ကို လေးလေးစားစားနဲ့ ပြုစုယုယရမှာ၊ ဘယ်ချွေးမက ယောက္ခမကို မပြုစုတဲ့လူရှိလို့လဲ၊ သူက မိဘမဲ့၊ သူကများ ဂရုစိုက်ခံနေရတယ်။"

ထွီး…

သူမက ဗိုလ်ချုပ်ကြီး တပည့်ရဲ့ သမီးဖြစ်ပြီး မိဘနှစ်ပါးလုံး သေဆုံးကာ မောင်နှမ နှစ်ယောက်နှင့် ကျန်ခဲ့သည့် မိဘမဲ့ ဖြစ်သည်။

သူမက အရာရှိရဲ့ သမီးလို့ ယူဆလို့ မရဘဲ သူမရဲ့ လိမ်လည်ခြင်းကိုတောင် ခံခဲ့ရသေးသည်။

ရှစ်ချင်းလျို့က ထပ်ပြောခဲ့သည်။ "မြို့တော်က မိသားစုကြီးက ချွေးမတွေတောင် ယောက္ခမအတွက် ဟင်းတွေ ပြင်ဆင်ပေးရတယ်လို့ ကျွန်မ ဆရာဆီက ကြားဖူးတယ်၊ မဟုတ်ရင် ဝတ္တရား မကျေပွန်တာပဲတဲ့။"

ဒီကိစ္စကို ရှောင်သခင်မကြီး အရင်က ကြားဖူးသည်။

မြို့တော်က ချမ်းသာတဲ့မိသားစုကြီးက ချွေးမတွေတောင် ယောက္ခမကို ဟင်းပွဲပြင်ဆင်ပေးရသည်။

မြို့တော်က လူတွေက တာဝန်ဝတ္တရားကိစ္စတွေကို ပိုအာရုံစိုက်ကြတာ ဖြစ်နိုင်သည်။

ဒါဆိုရင်တော့ ထိုတိရိစ္ဆာန်မကို သူမ ထိန်းချုပ်ဖို့ လွယ်သွားပြီဖြစ်သည်။

ဘာ အရာရှိသမီးလဲ။ သူက ဟန်လုပ်နေခဲ့တာပဲ။ သူက မိဘမဲ့ပဲ။

ဘာအခွင့်အရေးနဲ့ သူမ သားဖြစ်သူ ရှာထားသမျှကို စံစားနေတာလဲ။

အမေဖြစ်တဲ့သူကတော့ ရွာမှာ ဒုက္ခခံစားနေရတယ်။ လုံးဝ လက်မခံနိုင်ဘူး။

ဒုတိယသားဖြစ်တဲ့ အဲမျိုးမစစ်လေးကလည်း မကောင်းတာ။

ဒီလောက် အောင်မြင်နေတာတောင် မိဘနှစ်ပါးအပေါ် တာဝန်မကျေတဲ့အပြင် ညီအစ်ကိုတွေနဲ့ တူလေးတွေကိုလည်း ပစ်ထားသေးတယ်။

မြို့တော်မှာ ကောင်းကောင်းမွန်မွန် မနေထိုင်ရပါဘူးလို့တောင် လိမ်လည်ပြောဆိုခဲ့သေးတယ်။

သူမက ရှက်ရွံ့စွာ ပြောခဲ့သည်။ "ဒါပေမဲ့ ငါ့ရဲ့ ဒုတိယသားက ငါတို့ကို မြို့တော်ကို မလာခိုင်းဘူး။"

ဒုတိယသား ဘိုးဘေးကို ကန်တော့ပြီး ပြန်တော့မည့်အချိန်မှာ ရှောင်သခင်ကြီးနှင့် သူမက မြို့တော်ကို လိုက်ချင်ကြောင်း အကြိမ်များစွာ ပြောခဲ့ဖူးသည်။

သူတို့ရဲ့ ဒုတိယသားက လိမ်လည်ခဲ့ပြီး ရွာမှာ နေဖို့သာ ပြောခဲ့သည်။

သူ့ရဲ့ အစ်ကိုကြီးနှင့် ညီလေးနှင့်ပင် သူတို့ကို ခြိမ်းခြောက်ခဲ့သေးသည်။

အဲအချိန်တုန်းက ဒုတိယသားရဲ့ ဗိုလ်ချုပ်ကြီးရာထူးကို ကြောက်ရွံတာကြောင့် သူတို့ သည်းခံခဲ့သည်။

ရှစ်ချင်းလျို့က အကြံပေးခဲ့သည်။ "ဒါပေါ့ သူတို့ကို ပေးသိလို့ ဘယ်ရမလဲ၊ မဟုတ်ရင် တားဆီးဖို့ နည်းလမ်း ရှာလိမ့်မယ်။"

ရှောင်သခင်မကြီးရဲ့ အကျည်းတန်သည့် အမူအရာကိုတွေ့တော့ သူမ ဆက်ပြောခဲ့သည်။ "တကယ်လို့ သူက တာဝန်ကျေပွန်ချင်ရင်တောင် အဲမိန်းမက မလိုချင်ဘူး၊ သူသာ မြှောက်ပင့်ပေးနေရင် ရွာမှာပဲ နေနေရလိမ့်မယ်။"

မိဘတွေရဲ့ မျက်လုံးထဲမှာ သားဖြစ်သူက အလိမ္မာလေးဖြစ်နေတာကို သူမ သိတာကြောင့် အပြင်လူကို အပြစ်ပုံချလိုက်တာ ဖြစ်သည်။

မြို့တော်က ဗိုလ်ချုပ်စံအိမ်မှာ သူတို့တွေ ပြဿနာသွားရှာပါက ဆန်ကုန်မြေလေးအဖေလည်း စိတ်မချမ်းမသာဖြစ်ကာ နှစ်ဖက်ကြားမှာ ပင်ပန်းရမည် ဖြစ်သည်။

ထင်သည့်အတိုင်း ရှောင်သခင်မကြီးက သဘောတူညီမှုအပြည့်ဖြင့် ပြောခဲ့သည်။ "ငါ့ကို သွေးထိုးပေးတာ အဲတိရိစ္ဆာန်မပဲ၊ သူက တော်တော် အကျင့်ယုတ်တာပဲ။"

သူမ သားရဲ့ အမှားလို့ ဝန်မခံချင်ဘဲ ထိုအမျိုးသမီး၏ အမှားဟုသာ သူမ ပြောခဲ့သည်။

မြို့တော်ကို သွားပြီးတာနဲ့ အဲတိရိစ္ဆာန်မကို ဘယ်လို ရှင်းထုတ်မလဲဆိုတာ ကြည့်ကြတာပေါ့။

ရှောင်သခင်မကြီးရဲ့ ဒေါသကို အောင်မြင်စွာ နှိုးဆွပြီးပြီဖြစ်ကြောင်း ရှစ်ချင်းလျို့ သိသည်။

သူမက ဆက်ပြောခဲ့သည်။ "အဲမိန်းမရဲ့ ညီလေးနဲ့ ညီမလေးကို ဗိုလ်ချုပ်စံအိမ်က ပျိုးထောင်ပေးတယ်လို့ ကြားတယ်၊ ဒါ့အပြင် ဗိုလ်ချုပ်ကြီးရဲ့ ကျေးဇူးကြောင့် သူ့မောင်လေးက အလုပ်ကောင်း ရသွားတယ်လေ၊ ဒါကြောင့်ပဲ သူက ရှင်တို့ကို မြို့တော်ကို မလာစေချင်တာ၊ အကျိုးမှန်သမျှ သူ့မိသားစုကိုပဲ ရစေချင်တာလေ၊ သူက ယောက္ခမကိုလည်း အလုပ်အကျွေး မပြုချင်ဘူး၊ သူက ရှင်တို့ကို နည်းနည်းလောက် ကျွေးထားပြီး ရှင်တို့က ဒါကို ပျော်ရွှင်၊ ကျေနပ်နေတာ၊ ရှင်တို့ရဲ့ တုံးအမှုကို အခုဆို သူက မြို့တော်မှာ လှောင်ပြောင်ရယ်မောနေလောက်ပြီနော်။"

အရင်ဆုံးတော့ ရှောင်သခင်မကြီးနှင့် တခြားလူတွေ ခုန်ချဖို့ တွင်းတူးပေးရမှာဖြစ်ပြီး နောက်မှ ထိုအမျိုးသမီးက မျက်စိဆံပင်မွေးဆူးဖို့ကောင်းတယ်လို့ သူတို့ဘာသာ ထင်မြင်စေပြီး အပြစ်ရှာအောင် လုပ်ရမည် ဖြစ်သည်။